မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏”

ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏”

ပညာသတိ​ရှိသောသူ​မူ​ကား မိမိ​သွားရာလမ်းကို စေ့စေ့​ကြည့်ရှု​တတ်၏”

ပညာသတိ​ရှိသူ​တစ်ဦး​သည် လုပ်တတ်​ကိုင်​တတ်​ပြီး ဉာဏ်​ထက်​သည်၊ ကောင်းစွာ​အကဲဖြတ်​တတ်​၍ အကင်းပါး​သည်၊ ချင့်ချိန်​နိုင်စွမ်း​ရှိ၍ ပိုင်းခြား​သိမြင်​တတ်​ကာ ပညာ​ကြွယ်​၏။ သူသည် မရိုးမသား​ပြုသူ​မဟုတ်၊ ကြိုးကိုင်​ခြယ်လှယ်​သူလည်း​မဟုတ်ပေ။ ‘ပညာသတိ​ရှိသောသူ​သည် အသိပညာနှင့်​ပြုမူ​တတ်၏’ ဟု နယပုံပြင် ၁၃:၁၆ [သမ္မာ] က ဆို​သည်။ မှန်​၏၊ ပညာသတိ​ရှိ​မှု​သည် နှစ်သက်ဖွယ်​ကောင်းသော ထူးခြားချက်​တစ်ရပ်​ဖြစ်​ပေ​သည်။

ကျွန်ုပ်​တို့၏​နေ့စဉ်​ဘဝ​အသက်တာတွင် ပညာသတိ​ရှိကြောင်း မည်သို့​တင်ပြ​နိုင်​ကြ​သနည်း။ ကျွန်ုပ်​တို့၏​ရွေးချယ်မှု​များ၊ သူတစ်ပါး​နှင့် ကျွန်ုပ်​တို့​ဆက်ဆံပုံ၊ အခြေအနေ​အမျိုးမျိုး​အပေါ် ကျွန်ုပ်​တို့​တုံ့ပြန်​ပုံ​တို့​က ဤ​အရည်အသွေးကို မည်သို့​ထင်ရှားစေ​သနည်း။ ပညာသတိ​ရှိသူ​သည် အဘယ်​အကျိုးများ​ခံစားရ​သနည်း။ အဘယ်​ဘေးဆိုးများ​ကို သူတို့​ရှောင်ကြဉ်​ကြ​သနည်း။ နယပုံပြင် ၁၄:၁၂-၂၅ တွင်​ဖတ်​ရသည့်​အတိုင်း ရှေး​ဣသရေလ​ရှင်ဘုရင် ရှောလမုန်က အဆိုပါ​မေးခွန်းများကို လက်တွေ့ကျကျ​အဖြေပေး​ခဲ့​သည်။ *

သင်၏​လမ်းစဉ်​ကို ပညာရှိရှိ​ရွေးချယ်​ပါ

ပညာရှိရှိ​ရွေးချယ်​ပြုမူ​ပြီး ဘဝတွင်​အောင်မြင်မှု​ရှိ​ရန် အမှား​နှင့်​အမှန်​ကို ခွဲခြား​သိမြင်နိုင်စွမ်း​ရှိဖို့ အမှန်ပင်​လိုအပ်​လှ​၏။ သို့ရာတွင် သမ္မာကျမ်းစာ​က “လူ​ထင်​သည်​အတိုင်း မှန်သော​လက္ခဏာ​ရှိသော်လည်း အဆုံး​၌ သေခြင်း​သို့​ပို့​သော လမ်း​တစ်မျိုး​ရှိ၏” ဟု သတိပေး​သည်။ (သု. ၁၄:၁၂) သို့​ဖြစ်၍ တကယ်​ပင်​မှန်ကန်​နေသည့်​အရာ​ကို မှန်ကန်​ပုံ​ပေါက်​သည့်​အရာ​နှင့် ခွဲခြား​တတ်​ရမည်။ “သေခြင်း​သို့​ပို့​သော လမ်း” ဟူ​သည့် အသုံးအနှုန်း​က လှည့်စား​တတ်သော​လမ်းများ​စွာ​ရှိကြောင်း ဖော်ပြ​သည်။ ကျွန်ုပ်​တို့​သတိပြု​သင့်​၍ ရှောင်ကြဉ်​သင့်​သည့် ကဏ္ဍ​တချို့​ကို သုံးသပ်ကြည့်​ပါ။

လောကတွင် ချမ်းသာ​ကြွယ်ဝသူ​နှင့် ထင်ပေါ်​ကျော်ကြား​သူတို့ကို လေးစား​ခံထိုက်​သူများ​အဖြစ် ရှုမြင်​တတ်ကြ​၏။ ၎င်းတို့၏​လူမှုရေး​အောင်မြင်မှု​နှင့် ငွေ​ရေး​ကြေး​ရေး အောင်မြင်မှု​တို့​က သူတို့၏​လုပ်ဆောင်ပုံ လုပ်ဆောင်​နည်း​များ​ကို မှန်ကန်​ပုံ​ထွက်​စေ​ပေမည်။ သို့သော် ချမ်းသာ​ကြွယ်ဝ​ဖို့၊ ထင်ပေါ်​ကျော်ကြား​ဖို့ လူအများ​အသုံးပြု​နေကြ​သည့် နည်းလမ်းများ​ကား အသို့နည်း။ သူတို့၏​နည်းလမ်းများ​သည် အမြဲ​ဖြောင့်မတ်​ပြီး ကိုယ်ကျင့်တရား​နှင့်​ညီ​ပါသလော။ ၎င်း​အပြင် ဘာသာရေး​ခံယူ​ချက်​များ​အပေါ် ထူးခြား​လောက်​အောင် စိတ်​ထက်သန်မှု​ပြ​သူတချို့​လည်း ရှိကြပါ​သေး​သည်။ သို့သော် ၎င်းတို့၏​စိတ်ရင်းမှန်မှု​က ၎င်းတို့၏​ခံယူ​ချက် မှန်ကန်​သည်​ဟု အမှန်တကယ်​ပင် သက်သေထူ​ပါသလော။—ရောမ ၁၀:၂၊ ၃

ထို့​အပြင် မိမိကိုယ်ကို​လှည့်စားမှု​ကြောင့် အခြေအနေ​တစ်ခု​သည် သ​မာသ​မတ်​ကျ​ပုံ​ပေါ်​ပေမည်။ မှန်ကန်​သည်​ဟု ကျွန်ုပ်​တို့​ယူမှတ်​သည့်​အရာ​ပေါ်​မူတည်၍ ဆုံးဖြတ်ချက်​များ​ချ​ကြသော်လည်း အမှန်တကယ်​တွင်​မူ စဉ်းလဲ​သည့်​နှလုံး​အပေါ် မှီခို​အားထား​နေကြ​ခြင်း​ဖြစ်သည်။ (ယေရမိ ၁၇:၉) အသိအမြင်​မ​ကြွယ်​သည့်​အပြင် သွန်သင်လေ့​ကျင့်​မှုမရှိ​သည့်​သိစိတ်​က မှားယွင်းသော​လမ်းစဉ်​ကို မှန်သည်​ဟု ထင်မှတ်​စေနိုင်​၏။ သို့​ဖြစ်​လျှင် တော်မှန်​သည့်​လမ်းစဉ်​ကို​ရွေးချယ်​ဖို့ အဘယ်အရာက ကူညီပေး​မည်​နည်း။

ကျွန်ုပ်​တို့သည် “ကောင်း​မကောင်း​ကို ပိုင်းခြား​သိနိုင်” ဖို့ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ နက်နဲ​သော​အမှန်တရား​များ​ကို ဝီရိယ​ရှိ​ရှိ လေ့လာခြင်း​သည် မရှိမဖြစ်​လိုအပ်​၏။ သည့်​အပြင် ကျမ်းစာ​မူများ​ကို​ကျင့်သုံး​ရာ​တွင် အဆိုပါ​အစွမ်း​ကို “အသုံးပြု​တတ်” ရန် လေ့ကျင့်ပေး​ရမည်​ဖြစ်သည်။ (ဟေဗြဲ ၅:၁၄သမ္မာ) ‘အသက်ရှင်ခြင်း​သို့​ရောက်​သည့် ကျဉ်းမြောင်းသော​လမ်း’ မှ သွေဖည်​သွား​စေနိုင်​သည့် မှန်ကန်​ပုံ​ရှိသော​လမ်းစဉ်​ကို ကျွန်ုပ်​တို့​မလိုက်​မိဖို့ ဂရုပြု​ရမည်။—မဿဲ ၇:၁၃၊ ၁၄

“ဝမ်းနည်း​သော​စိတ်သဘော​ရှိ” ချိန်​ဝယ်

စိတ်​ငြိမ်သက်မှု​မ​ရှိလျှင် ကျွန်ုပ်​တို့​ပျော်ရွှင်​နိုင်​ပါ​မည်​လော။ ရယ်မော​ခြင်း​နှင့် ပျော်ရွှင်​မြူးထူး​ခြင်း​တို့သည် အမြစ်စွဲ​နေသည့်​နာကျင်မှုကို လျော့ပါး​သွား​စေပါ​သလော။ အရက်သောက်​ခြင်း၊ မူးယစ်​ဆေးဝါး​အလွဲသုံးခြင်း၊ တွေ့​က​ရာ​လူ​နှင့် မေထုန်​မှီဝဲခြင်း​တို့​ဖြင့် စိတ်ဓာတ်ကျ​ဆင်း​မှု​ကို ဖြေဖျောက်​ကြည့်​ခြင်း​က ပညာသတိ​ရှိရာ​ရောက်​ပါသလော။ အဖြေ​မှာ ပညာသတိ​ရှိရာ​မ​ရောက်​ပါ။ ပညာရှိ​ရှင်ဘုရင်​က “လူသည် ရ​ယ်​စဉ်​အခါ​ပင် ဝမ်းနည်း​သော​စိတ်သဘော​ရှိ၏” ဟု ဆို​သည်။—သု. ၁၄:၁၃က

ရယ်မော​ခြင်း​က နာကျင်မှုကို ဖုံးကွယ်​ထား​နိုင်​သော်လည်း မဖယ်ရှား​ပေး​နိုင်​ချေ။ “ခပ်သိမ်း​သော​အမှုအရာ​တို့သည် မိမိတို့​အချိန်​ရှိ၏” ဟု​သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ မှန်ပါသည်၊ “ငိုရ​သော​အချိန်​နှင့် ရ​ယ်​ရသော​အချိန်​လည်း​ရှိ၏။ ညည်းတွား​ရသော​အချိန်​နှင့် ကခုန်​ရသော​အချိန်​လည်း​ရှိ၏။” (ဒေ. ၃:၁၊ ၄) ကျွန်ုပ်​တို့သည် ဆက်၍​စိတ်ဓာတ်ကျ​နေ​မည်​ဆိုလျှင် လိုအပ်​ပါ​က “ကျွမ်းကျင်​သော​လမ်းညွှန်မှု” ကို​ရှာဖွေ​ကာ ယင်းကို အနိုင်ယူ​ကျော်လွှား​ရမည်။ (သု. ၂၄:၆က​ဘ) * ရယ်မော​ခြင်း​နှင့် ပျော်ရွှင်​မြူးထူး​ခြင်း​တို့သည် အတော်အတန်​အကျိုးရှိ​သော်လည်း နှိုင်း​စာ​ကြည့်​လျှင် အရေးမပါ​လှ​ချေ။ မ​လျောက်ပတ်​သည့် အပျော်အပါး​နှင့် လွန်ကျူး​စွာ​ဖျော်ဖြေ​ခြင်း​ကို​သတိပေး​လို​၍ ရှောလမုန်​ဤသို့​ဆို​သည်– “ရယ်မော​ရွှင်လန်းခြင်း​အဆုံး​၌​လည်း ညှိုးငယ်​ခြင်း​ရှိ​တတ်၏။”သု. ၁၄:၁၃ခ

မ​သူ​တော်​နှင့် သူတော်ကောင်း—မည်သို့​ရောင့်ရဲ​ကြ

“မ​သူ​တော်​သည် မိမိ​အကျင့်ဓလေ့​နှင့်​လည်းကောင်း၊ သူတော်ကောင်းသည် မိမိ​အပြု​အမူ​နှင့်​လည်းကောင်း ရောင့်ရဲ​ရ၏” ဟု ဣသရေလ​ရှင်ဘုရင်​က ဆက်ဆို​လေ​သည်။ (သု. ၁၄:၁၄သမ္မာ) မ​သူ​တော်​နှင့် သူတော်ကောင်း​တို့သည် မိမိတို့၏​အပြုအမူအားဖြင့် မည်သို့​ရောင့်ရဲ​ကြ​သနည်း။

မ​သူ​တော်​သည် ဘုရားသခင်​ထံ​စာရင်း​ရှင်း​ရမည်ကို ဂရုမစိုက်​ချေ။ ထို့​ကြောင့် ယုံကြည်ခြင်း​မရှိသူ​အတွက် ယေဟောဝါ​အမြင်​၌ မှန်ရာကို​ပြုလုပ်ခြင်း​သည် အရေး​မကြီး​ချေ။ (၁ ပေတရု ၄:၃-၅) ထို​လူစားမျိုး​သည် စည်းစိမ်ဥစ္စာ​ကို​အဓိက​ထား​သည့် မိမိ​ဘဝ​ပုံစံ​၏ အကျိုးဆက်များ​နှင့်​ကျေနပ်​နေတတ်​သည်။ (ဆာလံ ၁၄၄:၁၁-၁၅က) အခြား​တစ်ဖက်​တွင် သူတော်ကောင်းသည် ဝိညာဉ်​ရေး​အကျိုး​စီးပွား​ကို စိတ်ဝင်စား​၏။ သူ​ပြု​လေ​သမျှ​သည် ဘုရားသခင့်​ဖြောင့်မတ်​သော​စံနှုန်း​များနှင့်​ညီ​သည်။ ထို​လူစားမျိုး​သည် သူ၏​ဘုရားသခင် အကြီးမြတ်ဆုံး​အရှင် ယေဟောဝါ​၏​အမှုတော်​ဆောင်ခြင်း​မှ နှိုင်းယှဉ်​၍​မရ​သော​ရွှင်လန်းမှု​ကြောင့် ကျေနပ်​ရောင့်ရဲ​နေသည်။—ဆာလံ ၁၄၄:၁၅ခ

“ပြော​သမျှ​ကို” မ “ယုံ” နှင့်

အတွေ့အကြုံ​မရှိသူ​၏​အမူအကျင့်​နှင့် ပညာသတိ​ရှိသူတို့​၏​အမူအကျင့်ကို ရှောလမုန် ဤသို့​နှိုင်းယှဉ်​ပြ​သည်– ‘အတွေ့အကြုံ​မရှိသော​သူသည် သူတစ်ပါး​ပြော​သမျှ​ကို ယုံတတ်​၏။ ပညာသတိ​ရှိသောသူ​မူ​ကား မိမိ​သွားရာလမ်းကို စေ့စေ့​ကြည့်ရှု​တတ်၏။’ (သု. ၁၄:၁၅) ပညာသတိ​ရှိသူ​သည် ယုံ​လွယ်​သူ​မဟုတ်​ချေ။ သူ​ကြား​သမျှ​ကို​ယုံ​မည့်​အစား သို့​မဟုတ် မိမိ​အတွက် သူတစ်ပါးကို​စဉ်းစား​ဆုံးဖြတ်​စေ​မည့်​အစား မိမိ​သွားရာလမ်းကို ပညာရှိရှိ ဆင်ခြင်​တတ်၏။ ရနိုင်​သမျှ​အချက်အလက်​တို့ကို ရှာဖွေ​စုဆောင်း​ကာ အသိပညာ​ရှိ​ရှိ ပြုမူ​၏။

ဥပမာ၊ “ဘုရားသခင်​ရှိသလော” ဟူ​သည့်​အမေး​ကို သုံးသပ်ပါ​လေ။ အတွေ့အကြုံ​မရှိသူ​သည် ရေပန်းစား​ရာ၊ အထင်ကရ​ပုဂ္ဂိုလ်​များ ခံယူ​ထား​ရာ​ကို လက်ခံ​တတ်၏။ ပညာသတိ​ရှိသူ​မှာ​မူ အချက်အလက်​များ​ကို အချိန်​ယူ​ဆန်းစစ်​ကြည့်​တတ်၏။ သူသည် ရောမ ၁:၂၀ နှင့် ဟေဗြဲ ၃:၄ အစ​ရှိသည့်​ကျမ်းချက်​များ​ကို အလေးအနက်​သုံးသပ်​သည်။ ဝိညာဉ်​ရေးရာ​များ​တွင် ပညာသတိ​ရှိသူ​သည် ဘာသာရေး​ခေါင်းဆောင်​များ​၏​စကား​ကို ချက်ချင်း​လက်ငင်း လက်မခံ​ပေ။ ‘မှုတ်သွင်းခံ​စကား​တို့သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သည်၊ မစပ်ဆိုင်​သည်ကို’ သူ ‘စိစစ်’ ကြည့်​တတ်၏။—၁ ယောဟန် ၄:၁

“ပြော​သမျှ​ကို” မ “ယုံ” နှင့်​ဟူသော အကြံပေး​ချက်​ကို ဂရုပြု​ခြင်း​သည် တကယ်​ကို​ပညာရှိ​လိုက်​လေ​ခြင်း! ခရစ်ယာန်​အသင်းတော်တွင် အခြား​သူများကို ဆုံးမ​ရန်​တာဝန်​ရထား​သူတို့သည် ဤ​ကိစ္စ​ကို အထူးသဖြင့် နှလုံး​သွင်းထား​ရမည်။ သွန်သင်​ဆုံးမ​ပေး​သူသည် ဖြစ်ပျက်​သမျှ​ကို လုံး​စေ့​ပတ်​စေ့​သိထားရ​မည်။ သူ၏​ဆုံးမ​စကား​သည် မ​ခြေမြစ် သို့​မဟုတ် တစ်ဖက်သတ်​မဖြစ်စေ​ရန် ဂရုတစိုက်​နားထောင်ပြီး အ​ဘက်​ဘက်​မှ အချက်အလက်​များ​ကို စုဆောင်း​ရမည်။—သု. ၁၈:၁၃; ၂၉:၂၀

“စဉ်းစား​တွေးခေါ်​နိုင်စွမ်း​ရှိသူ​သည် အမုန်း​ခံရ​တတ်”

ပညာရှိ​နှင့် လူ​မိုက်​တို့၏ ကွာခြား​ချက်​နောက်တစ်ခု​ကို ဣသရေလ​ရှင်ဘုရင် ဤသို့​ဖော်ပြ​သည်– “ပညာရှိ​သော​သူသည် ကြောက်​၍ မကောင်းမှုကို​ရှောင်​တတ်၏။ မိုက်​သော​သူ​မူ​ကား မာနကြီး​၍ ရဲရင့်​တတ်၏။ အမျက်ထွက်​လျင်​သော​သူသည် မိုက်​စွာ​သော​အမှုကိုပြု​တတ်၏။ စဉ်းစား​တွေးခေါ်​နိုင်စွမ်း​ရှိသူ​သည် အမုန်း​ခံရ​တတ်၏။”သု. ၁၄:၁၆၊ ၁၇က​ဘ။

ပညာရှိ​သည် မှားယွင်းသော​လမ်းစဉ်​နောက်လိုက်​မိ​၍ ဆိုးကျိုး​များ​ရမည်ကို စိုးရိမ်​တတ်၏။ ထို့​ကြောင့် သူသည် သတိ​ရှိပြီး မကောင်းမှုကို​ရှောင်ရှား​စေ​မည့် အဘယ်​ဆုံးမ​စကား​ကို​မဆို တန်ဖိုး​ထား​တတ်၏။ လူ​မိုက်​မူ​ကား ထိုသို့​မစိုးရိမ်​တတ်​ချေ။ ကိုယ့်​ကိုယ်ကို​ယုံကြည်​စိတ်ချ​လွန်း​၍ သူတစ်ပါး​၏​ဆုံးမ​စကား​ကို မာန​တစ်​ခွဲ​သား​ဖြင့် မသိကျိုးကျွန်​ပြု​တတ်​သည်။ စိတ်​တို​လွယ်​သူ​ဖြစ်​ရာ မိုက်မဲ​စွာ ပြုမူ​တတ်၏။ သို့သော် စဉ်းစား​တွေးခေါ်​နိုင်စွမ်း​ရှိသူ​သည် အများ​မုန်းတီး​စ​ရာ မည်သို့​ဖြစ်သွား​တတ်​သနည်း။

“စဉ်းစား​တွေးခေါ်​နိုင်စွမ်း” ဟူ၍ ပြန်ဆို​ထား​သည့် မူရင်း​ဘာသာ​စကား​အသုံးအနှုန်း​တွင် အဓိပ္ပာယ်​နှစ်မျိုး​ရှိ၏။ အပြု​သဘောဖြင့်​ဆိုလျှင် ယင်းသည် ပိုင်းခြား​သိမြင်မှု သို့​မဟုတ် တတ်သိ​လိမ္မာ​မှု​ဟူ၍ သဘော​သက်ရောက်​နိုင်​သည်။ (သု. ၁:၄; ၂:၁၁; ၃:၂၁) အပျက်​သဘောဖြင့်​ဆိုလျှင် အဆိုပါ​စကားစု​သည် အကြံအစည်​ဆိုး သို့​မဟုတ် မလို​တ​မာ​အတွေး​ကို ရည်ညွှန်း​နိုင်၏။—ဆာလံ ၃၇:၇; သု. ၁၂:၂; ၂၄:၈

“စဉ်းစား​တွေးခေါ်​နိုင်စွမ်း​ရှိသူ” ဟူသော အသုံးအနှုန်း​သည် အငြိုး​ထား​သည့်​အကြံသမား​တစ်ဦး​ကို ရည်ညွှန်း​သည်​ဆိုလျှင် ထို​လူစားမျိုး အဘယ်ကြောင့်​မုန်းတီး​ခံရ​သည်ကို သိမြင်ဖို့​မ​ခက်​ချေ။ သို့ရာတွင် ပိုင်းခြား​သိမြင်မှု​ရှိသူ​တစ်ဦး​ကို အဆိုပါ​အရည်အချင်း​မရှိသူ​တို့​က မုန်းတီး​နိုင်​ပေ​သည်။ ဥပမာ၊ ဉာဏ်ရည်​ဉာဏ်စွမ်း​ကို​အသုံးချပြီး ‘ဤ​လောက​နှင့်​မဆက်ဆံ’ ရန် ရွေးချယ်​ကြ​သူတို့သည် လောက​၏​မုန်းတီးခြင်း​ကို​ခံရ​ကြ​၏။ (ယောဟန် ၁၅:၁၉) စဉ်းစား​တွေးခေါ်​နိုင်စွမ်း​ရှိကြ​၍ မ​လျောက်ပတ်​သည့် အပြု​အမူ​တို့ကို​ရှောင်ကြဉ်​လို​သဖြင့် အကျိုး​မပေး​သည့် ရွယ်တူချင်း​ဖိအား​ကို ကြံ့ကြံ့ခံ​တွန်းလှန်​ကြသော ခရစ်ယာန်​လူငယ်များသည် ပြက်ရယ်ပြု​ခံ​ကြ​ရ၏။ အဖြစ်မှန်​မှာ စစ်မှန်သော​ဘုရားသခင်​ကို ဝတ်ပြု​ကိုးကွယ်​သူတို့သည် စာတန့်​လက်အောက်​ရှိ ဤ​လောက​၏​မုန်းတီးခြင်း​ကို ခံရ​ကြ​ခြင်း​ဖြစ်သည်။—၁ ယောဟန် ၅:၁၉

‘လူဆိုး​တို့သည် . . . ဦးချ​ရ​လိမ့်​မည်’

ပညာသတိ​ရှိသူ​သည် အတွေ့အကြုံ​နည်း​သူတို့နှင့် အခြား​နည်း​တစ်နည်း​ဖြင့်​လည်း ကွာခြား​ပါ​သေး​သည်။ ‘အတွေ့အကြုံ​နည်းသော​သူသည် မိုက်​ခြင်း​ကို​အမွေခံ​တတ်၏။ ပညာသတိ​ရှိသောသူ​မူ​ကား သိပ္ပံ​သရဖူ​ကို​ဆောင်း​တတ်၏။’ (သု. ၁၄:၁၈) ပိုင်းခြား​သိမြင်မှု​မရှိသော အတွေ့အကြုံ​နည်း​သူတို့သည် မိုက်မဲ​သော​အရာ​ကို ရွေးချယ်​ပြုမူ​ကြ​လေ​သည်။ ယင်းက ၎င်းတို့၏​ဘဝ​လမ်းစဉ်​ဖြစ်လာ​၏။ အခြား​တစ်ဖက်​တွင်​မူ ပညာသတိ​ရှိသူ​သည် သရဖူ​ကို ရှင်ဘုရင်​တစ်ပါး​ဆောင်း​သကဲ့သို့ အသိပညာကို​ဆောင်း​၏။

‘လူဆိုး​တို့သည် သူတော်ကောင်း​ရှေ့၌​လည်းကောင်း၊ မတရားသော​သူတို့သည် ဖြောင့်မတ်​သော​သူ၏ အိမ်​တံခါးဝ​၌​လည်းကောင်း ဦးချ​ရ​လိမ့်​မည်’ ဟု ပညာရှိ​ရှင်ဘုရင်​က​ဆို​၏။ (သု. ၁၄:၁၉) တစ်နည်း​အားဖြင့် အဆုံးစွန်​တွင် သူတော်ကောင်း​တို့သည် လူဆိုး​တို့​အပေါ် အောင်ပွဲခံ​ရ​လိမ့်​မည်။ ယနေ့ ဘုရားသခင့်​လူမျိုး၏​အရေအတွက် တိုးများ​လာ​မှု​နှင့် သူတို့​ခံစား​နေကြ​ရသည့် သာလွန်​မြင့်မြတ်​သည့်​ဘဝ​လမ်းစဉ်​တို့ကို သုံးသပ်ကြည့်​ပါ။ ယေဟောဝါ​၏​ကျေးကျွန်​များ​အပေါ် သွန်းလောင်း​လျက်​ရှိသည့် အဆိုပါ​ကောင်းချီး​များ​ကို တွေ့ မြင်ရ​ခြင်း​က အတိုက်အခံပြု​သူတချို့​အား မြေကြီးပေါ်​ရှိ ဝိညာဉ်​တော်​ဖွား အကြွင်းအကျန် ကိုယ်စား​ပြု​သည့် ယေဟောဝါ​၏ ပုံဆောင်​ကောင်းကင်​မိန်းမ​ရှေ့ “ဦးချ” စေပါ​လိမ့်​မည်။ နောက်ဆုံး အာမဂေဒုန်​တွင် ဘုရားသခင့်​မြေကြီးဆိုင်ရာ​အဖွဲ့အစည်း​သည် ကောင်းကင်​ဆိုင်ရာ​အဖွဲ့အစည်း​ကို အမှန်ပင်​ကိုယ်စား​ပြု​ကြောင်း အဆိုပါ​အတိုက်အခံပြု​သူတို့ မဖြစ်​မနေ အသိအမှတ်ပြု​ကြ​ရ​လိမ့်​မည်။—ဟေရှာယ ၆၀:၁၊ ၁၄; ဂလာတိ ၆:၁၆; ဗျာ. ၁၆:၁၄၊ ၁၆

‘ဆင်းရဲသော​သူကို သနားခြင်း’

လူ့​သဘောသဘာဝ​နှင့်​စပ်လျဉ်း၍ ရှောလမုန် ဤသို့​ဆို​၏– “ဆင်းရဲသော​သူသည် မိမိ​အိမ်နီးချင်း​မုန်း​ခြင်း​ကို​ပင် ခံရ​မည်။ ငွေ​ရ​တတ်သော​သူ၌​မူ​ကား များစွာသော​အဆွေ​ခင်ပွန်း​ရှိ​လိမ့်​မည်။” (သု. ၁၄:၂၀) မစုံလင်သူ​လူသားများ​နှင့်​ပတ်သက်​၍ ယင်းသည် မှန်​လိုက်​လေ​ခြင်း! လူသည် ကိုယ်ကျိုးရှာ​တတ်သော​ကြောင့် ဆင်းရဲသား​တို့​ထက် ချမ်းသာသူ​တို့ကို မျက်နှာ​လိုက်​တတ်ကြ​၏။ ငွေ​ရ​တတ်သော​သူ​တွင် မိတ်ဆွေ​များစွာ​ရှိသော်လည်း သူတို့သည် သူ၏​ဥစ္စာ​ဓန​ကဲ့သို့​ပင် ခေတ္တ​ယာယီ​မျှ​ဖြစ်​ကြ​၏။ သို့​ဖြစ်၍ ငွေ​ကြောင့်​မိတ်ဖွဲ့ခြင်း၊ မြှောက်​လုံး​ပင့်​လုံး​ဖြင့် မိတ်ဖွဲ့ခြင်း​ကို ကျွန်ုပ်​တို့ ရှောင်ကြဉ်​သင့်​သည်မဟုတ်​ပေ​လော။

ကျွန်ုပ်​တို့​ကိုယ်ကို ရိုးရိုးသားသား ဆန်းစစ်​ကြည့်​လိုက်​ရာ ကျွန်ုပ်​တို့သည် ငွေ​ရ​တတ်​သူကို မျက်နှာ​လို​မျက်နှာ​ရ​ပြု​ကာ ဆင်းရဲသား​တို့ကို​မူ အထင်သေး​တတ်​ကြောင်း တွေ့​ရှိလျှင်​ကော။ သမ္မာကျမ်းစာ​တွင် ယင်း​သို့​မျက်နှာ​လိုက်ခြင်း​ကို ပြစ်တင်​ရှုတ်ချ​ထား​ကြောင်း အသိအမှတ်ပြု​ရမည်။ ကျမ်းစာ​က ဤသို့​ဆို​၏– ‘မိမိ​အိမ်နီးချင်း​ကို မထီမဲ့မြင်​ပြုသောသူ​သည် အပြစ်ရှိ​၏။ ဆင်းရဲသော​သူကို သနားသော​သူ​မူ​ကား ပျော်ရွှင်​၏။’သု. ၁၄:၂၁

ခက်ခဲ​သော​အခြေအနေ​တွင်​ရှိသူတို့​ကို ကျွန်ုပ်​တို့​ထောက်ထား​စာနာ​သင့်​သည်။ (ယာကုပ် ၁:၂၇) မည်သို့​ပြုလုပ်​နိုင်​သနည်း။ ‘လောက​စည်းစိမ်ဥစ္စာ’ ထောက်ပံ့​ပေးခြင်း​အားဖြင့်​ဖြစ်သည်၊ ယင်း​တွင် ငွေ၊ အစားအစာ၊ နေစရာ၊ ဝတ်စရာ​နှင့် ပုဂ္ဂိုလ်ရေး​စိတ်ဝင်စားမှု​တို့ ပါဝင်​နိုင်​ပါ​သည်။ (၁ ယောဟန် ၃:၁၇) ‘ခံယူ​ခြင်း​အရာ​ထက် ပေးကမ်း​ခြင်း​အရာ​သည် သာ၍​ပျော်ရွှင်မှု​ရှိ’ ရာ အခက်အခဲ​ရှိသူတို့​ကို သနားသော​သူသည် ပျော်ရွှင်​ပါ​လိမ့်​မည်။—တမန်​တော် ၂၀:၃၅သမ္မာ။

သူတို့၏​အခြေအနေ အဘယ်​သို့​ရှိ​သနည်း

“လူသည် မျိုးစေ့ကြဲ​သည်​အတိုင်း အသီးအနှံ​ကို​ရိတ်​ရ​လိမ့်​မည်” ဟူသော​မူ​သည် ပညာသတိ​ရှိသူ​ရော မိုက်မဲ​သူနှင့်​ပါ သက်ဆိုင်​ပေ​သည်။ (ဂလာတိ ၆:၇) ပညာသတိ​ရှိသူ​သည် ကောင်းမွန်​ရာ​ကို​ပြု​တတ်၏၊ မိုက်မဲ​သော​သူ​မူ​ကား အဆိုးကို​ကြံစည်​တတ်​သည်။ “မကောင်းသော​အကြံ​ကို​ကြံ​တတ်သော​သူတို့သည် မှားယွင်း​ကြလိမ့်မည်” ဟု ပညာရှိ​ရှင်ဘုရင်​ဆို​သည်။ မှန်​ပေ​၏; သူတို့ အမှန်ပင် “မှားယွင်း” ကြ​၏။ သို့သော် ‘ကျေးဇူးပြု​မည်​ဟု ကြံ​တတ်သော​သူတို့မူကား ချစ်ခင်​ကြင်နာ​မှု​နှင့် စစ်မှန်​မှု​အကျိုးကို ခံရ​ကြလိမ့်မည်။’ (သု. ၁၄:၂၂) ကောင်းမှု​ပြုသူ​တို့သည် အခြား​သူတို့၏ စေတနာ​ထားမှု​အပြင် ဘုရားသခင်​၏​ချစ်ခင်​ကြင်နာ​မှု​ကို​ပါ ခံစား​ကြ​ရသည်။

အောင်မြင်မှု​နှင့် ကြိုးစား​လုပ်ဆောင်မှု၊ ရှုံးနိမ့်​မှု​နှင့် အလုပ်​မလုပ်ဘဲ စကား​သာ​များနေ​မှု​တို့ အသီးသီး​ဒွန်တွဲ​နေကြောင်း​ကို ရှောလမုန် ဤသို့​ဖော်ပြ​သည်– “ကြိုး​စား၍​လုပ်​လေ​ရာ​ရာ​၌ အကျိုး​စီးပွား​ရှိ၏။ စကား​သက်​သက်​မျှ​သာ​မူ​ကား နွမ်းပါး​ခြင်း​အကြောင်း​ဖြစ်၏။” (သု. ၁၄:၂၃သမ္မာ) ဤ​မူ​သည် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး ကြိုးပမ်းမှု​များနှင့်​လည်း အမှန်ပင်​သက်ဆိုင်​ပါ​သည်။ ခရစ်ယာန်​ဓမ္မ​အမှု​တွင် ကျွန်ုပ်​တို့​ကြိုးစား​ပါဝင်​သည့်​အခါ ကျမ်းစာ​အမှန်တရား​၏ ကယ်တင်ခြင်း​သတင်းကို လူများစွာ​အား ကြားသိ​စေခြင်း​၏ အကျိုးကျေးဇူးများ ခံစား​ကြ​ရသည်။ ကျွန်ုပ်​တို့​ရရှိနိုင်​မည့် မည်သည့်​သီအိုကရက်တစ်​တာဝန်​ကို​မဆို တည်ကြည်​စွာ ထမ်းဆောင်​မည်​ဆိုလျှင် ရွှင်လန်း​ဝမ်းမြောက်​ပြီး အားရ​ကျေနပ်​ကြ​ပါ​လိမ့်​မည်။

“ပညာရှိ​သော​သူတို့၏ စည်းစိမ်ဥစ္စာ​သည် သူတို့​ဦးရစ်​သရဖူ​ဖြစ်၏။ မိုက်​သော​သူတို့၏​မိုက်​ခြင်း​မူ​ကား အ​မိုက်​သက်​သက်​ဖြစ်၏” ဟု နယပုံပြင် ၁၄:၂၄ က​ဆို​သည်။ ပညာရှိ​သူတို့​ရရှိရန်​ကြိုးစား​သည့် ဉာဏ်ပညာ​ကား စည်းစိမ်ဥစ္စာ​ဖြစ်​ပြီး ယင်းက သူတို့၏ ဦးရစ်​သရဖူ​ဖြစ်​ခြင်း​ကို ဆိုလို​ပေမည်။ အခြား​တစ်ဖက်​တွင် မိုက်မဲ​သော​သူသည် မိုက်မဲမှု​ကို​သာ ရရှိ​၏။ ကိုးကား​ဖော်ပြချက်​တစ်ခု​အရ ဤ​နယပုံပြင်​ကျမ်း​က “စည်းစိမ်​ချမ်းသာ​ကို ပညာရှိ​စွာ​အသုံးပြုသူ​တို့အတွက် ယင်းသည် အဆင်တန်ဆာ​ဖြစ်၏။ . . . လူ​မိုက်​တို့​မှာ​မူ မိုက်မဲမှု​ကို​သာ ပိုင်ဆိုင်​ထား​ကြသည်” ဟု​လည်း ဆိုလို​နိုင်​ကြောင်း အကြံပြု​ထား​သည်။ မည်သို့​ပင်​ဖြစ်ပါစေ ပညာရှိ​သူသည် လူ​မိုက်​ထက် အခြေ​ပို​လှ​၏။

“မှန်သော​သက်သေ​သည် သူ့​အသက်ကို​ကယ်တင်​တတ်၏။ မမှန်​သော​သက်သေ​မူ​ကား မုသာ​ကို​သုံး​တတ်၏” ဟု ဣသရေလ​ရှင်ဘုရင်​က​ဆို​သည်။ (သု. ၁၄:၂၅) ယင်းသည် တရားရေး​ကိစ္စ​တွင် အလွန်​မှန်ကန်​၏၊ ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှု​နှင့်​လည်း မည်သို့​သက်ဆိုင်​ကြောင်း သုံးသပ်ကြည့်​ပါ။ ကျွန်ုပ်​တို့၏ ဘုရားသခင့်​နိုင်ငံတော်​သတင်း​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​သည် ကျမ်းစာ​အမှန်တရားကို သက်သေခံခြင်း​နှင့်​ပတ်သက်​နေသည်။ ထို​သက်သေခံခြင်း​သည် နှလုံး​ရိုး​ဖြောင့်​သူတို့ကို မှားယွင်းသော​ဘာသာ​တရား​မှ လွတ်မြောက်​စေပြီး အသက်ကယ်​တင်​ပေး​သည်။ မိမိကိုယ်ကို​နှင့် မိမိ​သွန်သင်ခြင်း​ကို အမြဲ​ဂရုစိုက်​နေခြင်း​အားဖြင့် မိမိကိုယ်ကို​နှင့် မိမိတို့​စကား နားထောင်သူ​တို့အား ကယ်တင်ခြင်း​ရစေ၏။ (၁ တိမောသေ ၄:၁၆) ကျွန်ုပ်​တို့ ဤသို့​ဆက်လက်​လုပ်ဆောင်​စဉ် ဘဝ​ကဏ္ဍအသီးသီး​တွင် ပညာသတိ​ရှိကြပါ​စို့။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 11 ၁၉၈၇၊ အောက်တိုဘာ ၂၂ နိုးလော့! [လိပ်]၊ စာမျက်နှာ ၁၁-၁၆ ကို​ရှု။

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့သည် အမှား​နှင့်​အမှန် နှစ်ရပ်စလုံးကို ပိုင်းခြား​သိမြင်​နိုင်​ဖို့ သာ၍​နက်နဲ​သော​အမှန်တရားကို ဝီရိယ​ရှိ​ရှိ​လေ့လာ​ဖို့ မရှိမဖြစ်​လိုအပ်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

စည်းစိမ်ဥစ္စာ​ကို​အဓိက​ထား​သည့် ဘဝ​ပုံစံ​သည် အမှန်ပင် ကျေနပ်​အားရ​စေပါ​သလော