မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့မျှော်လင့်ရာများ အဘယ်ကြောင့် အကျိုးသင့်အကြောင်းသင့်ဖြစ်သင့်သနည်း

ကျွန်ုပ်တို့မျှော်လင့်ရာများ အဘယ်ကြောင့် အကျိုးသင့်အကြောင်းသင့်ဖြစ်သင့်သနည်း

ကျွန်ုပ်​တို့​မျှော်လင့်​ရာ​များ အဘယ်ကြောင့် အကျိုးသင့်အကြောင်းသင့်​ဖြစ်​သင့်​သနည်း

မျှော်လင့်ချက်များ​ပြည့်စုံ​လာပြီး ရည်မှန်းချက်​များ​ပြည့်ဝ​အောင်မြင်​လာ​ပါ​က စိတ်​ကျေနပ်​ရောင့်ရဲမှု​ရှိစေသည်။ သို့သော် ကျွန်ုပ်​တို့၏ ရည်မှန်းချက်​နှင့် မျှော်လင့်ချက်​အများအပြား​သည် ကျွန်ုပ်​တို့၏​ဆန္ဒ​အတိုင်း ဖြစ်​မလာ​ကြောင်းကို ဝန်ခံ​ရ​ပေမည်။ ဘဝတွင် စိတ်ပျက်ဖွယ်​ရာ​များ ထပ်ခါတလဲ​ပြန်​ဖြစ်ပျက်​ခြင်း​က မိမိကိုယ်ကို​နှင့် အခြား​သူများကို​ပင် အမျက်​ဒေါသ​ထွက်​လာ​စေနိုင်​သည်။ ပညာရှိ​တစ်ဦး​က– “မျှော်လင့်​သော​အရာ​သည် ဖင့်နွှဲ​လျှင်၊ စိတ်နှလုံး​ကို​ပူပန်​စေ​တတ်၏” ဟု​လျောက်ပတ်​စွာ​ဖော်ပြ​ခဲ့​သည်။—သု. ၁၃:၁၂

စိတ်ပျက်​စေနိုင်​သည့် အကြောင်း​အချို့​ကား အဘယ်နည်း။ ကျွန်ုပ်​တို့​မျှော်လင့်​ရာ​များသည် အကျိုးသင့်အကြောင်းသင့်​ရှိစေရန် မည်သို့​လုပ်ဆောင်​နိုင်​သနည်း။ ထို့​ပြင် ယင်း​သို့​ပြုခြင်း​သည် ကျွန်ုပ်​တို့​အကျိုးအတွက် အဘယ်ကြောင့်​ဖြစ်သနည်း။

မျှော်လင့်​ရာ​များနှင့် စိတ်ပျက်ဖွယ်​ရာ​များ

ယခု​ခေတ် လျင်မြန်​လှ​သည့်​ဘဝ​ပုံစံ​ကြောင့် အ​လျ​ဉ်​မီ​ရန် ပို​၍​ကြိုးစား​လေ နောက်ကျ​ကျန်ရစ်​လေ ဖြစ်​ပုံ​ရှိသည်။ ကျွန်ုပ်​တို့၏​အချိန်​နှင့်​ခွန်အား​ကို မရပ်မနား​စိုက်ထုတ်​ပေး​နေရ​ပြီး ရည်ရွယ်​ထား​သည့်​အတိုင်း မဖြစ်​လာ​သည့်​အခါ ကိုယ့်​ကိုယ်ကို​အပြစ်တင်​တတ်ကြ​ပေ​သည်။ အခြား​သူများကို ကျွန်ုပ်​တို့ စိတ်ပျက်​စေပြီ​ဟု စ၍​ပင် ခံစား​လာနိုင်​ပေ​သည်။ သားသမီး​ပြုစု​ပျိုးထောင်​ခြင်း​၏ ဖိစီးမှုကို​သိရှိ​သူ ဇနီး​လည်း​ဖြစ်၊ မိခင်လည်း​ဖြစ်သည့် စင်​သီ​ယာ​က “ကလေး​တွေ​ကို ကျွန်မ​ဆုံးမ​ပုံ​ဟာ တစ်သမတ်တည်း​မရှိတာ​ရ​ယ် သူတို့ကို ကောင်းကောင်း​မ​လေ့ကျင့်ပေး​ဘူးလို့​ခံစားရ​တာ​တွေ​က မခံမရပ်​နိုင်​စ​ရာ​ဖြစ်စေ​တယ်” ဟု​ပြော​သည်။ ဆယ်ကျော်သက်​အရွယ် စတက်ဖနီ​က သူ၏​ပညာရေး​နှင့်​ပတ်သက်​၍ ဤသို့​ဆို​သည်– “ကျွန်မ​လုပ်ချင်တာတွေ​ကို​လုပ်ဖို့ အချိန်​မလုံလောက်​ဘူး၊ အဲဒါ​က ကျွန်မ​ကို စိတ်​တို​စေတယ်။”

အကျိုးသင့်အကြောင်းသင့်​မရှိဘဲ အလွန့်အလွန်​မျှော်လင့်ခြင်းသည် လွယ်လွယ်​ဖြင့် ပြီးပြည့်စုံ​လင်​မှု​ဝါဒ​သို့​ပြောင်း​သွား​နိုင်​ပြီး ယင်းက အလွန်​စိတ်ပျက်ဖွယ်​ဖြစ်​နိုင်​သည်။ လူငယ်​အိမ်ထောင်သည်​တစ်ဦး​ဖြစ်သူ ဘင်​က “ကျွန်တော့်​ရဲ့​အပြုအမူတွေ၊ အတွေးအခေါ်​တွေ ဒါမှ​မဟုတ် ခံစားချက်​တွေ​ကို ပြန်​ဆန်းစစ်​ကြည့်​တဲ့​အခါ အဲဒီထက်​ပို​ကောင်း​စေနိုင်​တယ်​ဆိုတာ​ကို ကျွန်တော်​အမြဲ​မြင်တယ်။ ပြီးပြည့်စုံ​လင်​နိုင်​ဖို့ ကျွန်တော်​အမြဲတမ်း​ရှာကြံ​တဲ့​အတွက် စိတ်​တို​စ​ရာ၊ အလိုမကျ​စ​ရာ​နဲ့ စိတ်ပျက်​စ​ရာ​ပဲ​ဖြစ်စေ​တယ်” ဟု​ဝန်ခံ​သည်။ ခရစ်ယာန်​ဇနီးသည်​ဖြစ်သူ​ဂေးလ်​က– “ပြီးပြည့်စုံ​လင်​မှု​ဝါဒီ​များ​ရဲ့ အတွေးအခေါ်​က မအောင်မြင်​မှု​ကို ခွင့်​မပြုဘူး။ ကျွန်မ​တို့​ဟာ အလွန်​ကောင်း​တဲ့​မိခင်​တွေ၊ အလွန်​ကောင်း​တဲ့​မိန်းမ​တွေ ဖြစ်ချင်​ကြတယ်။ ကျွန်မ​တို့​ပျော်​နိုင်​ဖို့ လုပ်သမျှ​အကျိုးရှိ​ရမယ်၊ ဒါ​ကြောင့် အလဟဿ​ဖြစ်​တဲ့​အလုပ်ဟာ ကျွန်မ​တို့ကို​စိတ်​အနှောင့်အယှက်​ဖြစ်စေ​တယ်။”

ထို့​ပြင် စိတ်ဓာတ်ကျ​စေသော အခြား​အကြောင်း​တစ်ခု​မှာ ကျန်းမာ​ရေး​ချို့တဲ့မှု​နှင့် အသက်အရွယ်​ကြီးရင့်​မှု​ဖြစ်သည်။ လျော့နည်းလာ​သော​လှုပ်ရှားမှု​နှင့် ခွန်အား​တို့​က ကျွန်ုပ်​တို့၏​ကန့်သတ်ချက်​များ​ကို​ဖော်ပြ​ပြီး စိတ်ဓာတ်ကျ​မှု​ကို ပို​၍​တိုးပွား​စေ​သည်။ “ကျွန်မ,မ​ဖျား​ခင်​က အလွယ်တကူ​လုပ်နေကျ​အလုပ်တွေကို မလုပ်ဆောင်​နိုင်​တော့​တဲ့​အတွက် ကိုယ့်​ကိုယ်ကို ဒေါသ​ထွက်​မိတယ်” ဟု​အဲလစ်ဇဘက်​က​ဝန်ခံ​သည်။

အထက်ပါ​တို့သည် စိတ်ဓာတ်ကျ​ခြင်း​ကို အစပျိုး​နိုင်​သည့်​အရာအချို့​ဖြစ်သည်။ ၎င်း​ခံစားချက်​များ​ကို မထိန်းချုပ်​လျှင် အခြား​သူများ​သည် ကျွန်ုပ်​တို့ကို​တန်ဖိုး​မထား​ဟူ၍ပင် ထင်​စေနိုင်​သည်။ ထို​ကြောင့် စိတ်ဓာတ်ကျ​ခြင်း​ကို​ဖြေရှင်းရန်​နှင့် အကျိုးသင့်အကြောင်းသင့်​မျှော်လင့်​တတ်​ရန် အပြုသဘော​ပါ​သည့် အဘယ်နည်း​လမ်းများ​ကို ကျွန်ုပ်​တို့​လိုက်လျှောက်​နိုင်​ကြ​မည်​နည်း။

အကျိုးသင့်အကြောင်းသင့်​ရှိသော မျှော်လင့်ချက်များ ပြုစု​ပျိုးထောင်​ရန် နည်းလမ်းများ

ပထမ​ဦးစွာ ယေဟောဝါ​သည် အကျိုးသင့်အကြောင်းသင့်​ရှိပြီး နားလည်မှု​ရှိကြောင်း​သတိရပါ။ “ငါ​တို့ ကိုယ်ခန္ဓာ​ကို​သိတော်မူ၏။ ငါ​တို့သည် မြေမှုန့်​ဖြစ်​ကြောင်းကို အောက်မေ့​တော်​မူ​၏” ဟု ဆာလံ ၁၀၃:၁၄ က​သတိပေး​သည်။ ယေဟောဝါ​သည် ကျွန်ုပ်​တို့​စွမ်းဆောင်​နိုင်​မှုများ​နှင့် ကန့်သတ်ချက်​များ​ကို​သိရှိ​ထား​ရာ ကျွန်ုပ်​တို့​တတ်နိုင်​သော​အရာ​ကို​သာ ကိုယ်တော်​မျှော်လင့်​တော်​မူ​သည်။ ကျွန်ုပ်​တို့​ထံ​မှ ကိုယ်တော်​တောင်းဆို​တော်​မူ​ရာ​တစ်ခု​မှာ ‘[ကျွန်ုပ်​တို့] ဘုရားသခင်​နှင့်အတူ စိတ်​နှိမ့်ချစွာ​သွားလာခြင်း’ ဖြစ်သည်။—မိက္ခာ ၆:၈သမ္မာ။

ယေဟောဝါ​သည် မိမိ​ထံ​ဆုတောင်းခြင်း​ဖြင့် မှီခို​အားထား​ရန်​လည်း တိုက်တွန်း​သည်။ (ရောမ ၁၂:၁၂; ၁ သက်သာလောနိတ် ၅:၁၇) သို့သော် ယင်းက​ကျွန်ုပ်​တို့ကို မည်သို့​ကူညီ​နိုင်​သနည်း။ ဆုတောင်းခြင်း​က ကျွန်ုပ်​တို့၏​အတွေးအခေါ်ကို တည်ငြိမ်​စေ​၍ ဟန်ချက်ညီ​စေ​သည်။ စိတ်အား​ထက်သန်​စွာ​ဆုတောင်းခြင်း​သည် အကူအညီ​လိုအပ်​နေကြောင်း အသိအမှတ်​ပြုခြင်း​ဖြစ်၍ ယင်းသည် ကျိုးနွံ​ခြင်း​နှင့် နှိမ့်ချ​ခြင်း​၏​အမှတ်လက္ခဏာ​ဖြစ်သည်။ ယေဟောဝါ​သည် ချစ်ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း​နှင့် ချုပ်တည်း​ခြင်း​ပါဝင်သော ဝိညာဉ်​အသီးများ​သီး​စေသည့် သန့်ရှင်းသော​ဝိညာဉ်​တော်​ပေးခြင်း​ဖြင့် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို ဖြေကြား​ရန် စိတ်အား​ထက်သန်​တော်​မူ​သည်။ (လုကာ ၁၁:၁၃; ဂလာတိ ၅:၂၂၊ ၂၃) ဆုတောင်းခြင်း​သည် စိုးရိမ်​ပူပန်မှု​နှင့် စိတ်ပျက်​အားလျော့​မှု​ကိုလည်း လျော့နည်းစေ​ပါ​သည်။ ဆုတောင်းခြင်း​အားဖြင့် “တခြား​ဘယ်​နေရာ​ကမှ​မရ​နိုင်​တဲ့ နှစ်သိမ့်မှု​ကို​ရတယ်” ဟု အဲလစ်ဇဘက်​က​ပြောပြ​သည်။ ကယ်​ဗင်း​က​လည်း သဘောတူ​စွာ​နှင့် “ပြဿနာ​ကို​ဖြေရှင်း​နိုင်​ဖို့ ငြိမ်သက်​တဲ့​နှလုံး​နဲ့ ကြည်လင်​တဲ့​စိတ်​အတွက် ကျွန်တော်​ဆုတောင်း​တယ်။ ကျွန်တော့်​ကို ယေဟောဝါ​ဘယ်တော့မှ​စွန့်ပစ်​မထားဘူး” ဟု​ပြော​သည်။ တမန်​တော်​ပေါလု​သည် ဆုတောင်းခြင်း​၏ တန်ဖိုး​ကို​သိခဲ့​သည်။ ယင်းကြောင့် သူက​ဤသို့​အကြံပြု​သည်– “သင်တို့​တောင်းပန်​လို​သော​အရာများ​တို့ကို ဘုရားသခင်​အား​ကြားလျှောက်​ကြလော့။ ထို​သို့ပြုလျှင် အဘယ်သူမျှ​ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏​ငြိမ်သက်ခြင်း​သည် ယေရှု​ခရစ်​အားဖြင့် သင်တို့၏​စိတ်နှလုံး​တို့ကို စောင်မ​လိမ့်​မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) မှန်ပါသည်၊ ယေဟောဝါ​နှင့်​ဆက်သွယ်ခြင်း​သည် မိမိ​ကိုယ်တိုင်​နှင့် အခြားသူများ​ထံ​မှ အကျိုးသင့်အကြောင်းသင့်​ရှိ​ရှိ မျှော်လင့်​တတ်​ရန်​ကူညီပေး​ရာ​၌ အမှန်ပင်​များစွာ​တာသွား​သည်။

သို့သော် ရံဖန်ရံခါ စိတ်ချ​ယုံကြည်​နိုင်​ဖွယ်​စကား​များ​ကို ချက်ချင်း​ကြားနာ​လို​ကြသည်။ အချိန်တန်​၍​ပြော​သော​စကား​သည် လျောက်ပတ်​ပေ​၏။ ယုံကြည်​စိတ်ချ​ရပြီး ရင့်ကျက်သည့်​မိတ်ဆွေ​တစ်ဦး​နှင့် အတွင်းရေး​နှီးနှော​ခြင်း​သည် စိတ်ဓာတ်ကျ သို့​မဟုတ် စိုးရိမ်​နေ​စေသည့်​အရာ​ကို အမြင်​သစ်​ဖြင့်​ရှုမြင်​ရန် အကူအညီ​ပေး​သည်။ (သု. ၁၅:၂၃; ၁၇:၁၇; ၂၇:၉) စိတ်ပျက်​စ​ရာ​များ​ကို ရင်ဆိုင်​နေကြ​ရသော​လူငယ်များသည် မိဘ​၏​အကြံပေး​ချက်​ကို ရယူခြင်း​က ဟန်ချက်ညီ​မှု​ရှိစေ​ကြောင်း သိလာ​ကြသည်။ ကန်​ဒီ​က ဤသို့​ကျေးဇူး​တင်​စွာ​အသိ​မှတ်​ပြု​ခဲ့​သည်– “ကျွန်မ​မိဘတွေရဲ့ မေတ္တာပါ​တဲ့​ညွှန်ကြားမှု​က ကျွန်မ​ကို ပို​အကျိုးသင့်အကြောင်းသင့်​ရှိစေပြီး ဟန်ချက်ညီ​စေ​ခဲ့​တဲ့​အတွက် ကျွန်မ​ကို ပေါင်းသင်း​လို့​ကောင်း​တဲ့​သူ​တစ်ယောက် ဖြစ်လာ​စေတယ်။” မှန်ပါသည်၊ နယပုံပြင် ၁:၈၊ ၉ ပါ​သတိပေး​ချက်​သည် အခန့်သင့်​ဆုံး​ဖြစ်သည်– “ငါ့​သား၊ အဘ​၏​နည်း​ဥပဒေသကို နားထောင်​လော့။ အမိ​၏​တရားကို​လည်း မ​ပယ်​နှင့်။ ထို​နည်း​ဥပဒေသ​တရား​တို့သည် သင်၏​ခေါင်း​၌ တင့်တယ်​သော​ဦးရစ်၊ သင်၏​လည်ပင်း​၌ ပတ်ရစ်​သော​လည်ဆွဲ​ဖြစ်​ကြလိမ့်မည်။”

ပြီးပြည့်စုံ​လင်​မှု​ဝါဒီ​အတွေးအခေါ်​၏ အကျိုးဆက်ကို ဤ​ဆိုရိုး​စကား​က ဆီလျော်​စွာ​အကျဉ်းချုပ်​တင်ပြ​သည်– “မိမိ​သတ်မှတ်​ထား​ချက်​နှင့်​အညီ တစ်ထပ်တည်း​ကျ​ရန် မျှော်လင့်ခြင်းသည် စိတ်ပျက်​စ​ရာ​ကို လက်​ယပ်​ခေါ်​ခြင်း​သာ​ဖြစ်​မည်။” ယင်းကို​ရှောင်ကြဉ်​ရန် အတွေးအခေါ်ကို​ပြုပြင်​ဖို့​လို​သည်။ စိတ်​နှိမ့်ချ​ခြင်း​နှင့် ကျိုးနွံ​ခြင်း—ကျွန်ုပ်​တို့၏​ကန့်သတ်ချက်​များ​ကို အရှိအတိုင်း​ရှုမြင်​တတ်​ခြင်း—က ကျွန်ုပ်​တို့​တွင် ဟန်ချက်ညီ​ပြီး အကျိုးသင့်အကြောင်းသင့်​ရှိသည့် မျှော်လင့်ချက်ကို အမှန်ပင်​ပျိုးထောင်​ပေး​မည်။ ထို့​ကြောင့် “[ကိုယ့်​ကိုယ်ကို] ထင်​သင့်​သည်​အတိုင်း​ထက်​လွန်​၍​မထင်” ရန်​ရောမ ၁၂:၃ က လျောက်ပတ်​စွာ​သတိပေး​ထား​သည်။ ထပ်ဆင့်၍ ဖိလိပ္ပိ ၂:၃ တွင်​လည်း နှိမ့်ချသော​စိတ်​ရှိ​ရန်​နှင့် သူတစ်ပါး​သည် ကိုယ့်ထက်​သာ၍​ကောင်းမြတ်​သည်​ဟု​ယူမှတ်​ရန် အားပေးထား​သည်။

အစောပိုင်းက​ဖော်ပြ​ခဲ့​သည့် အဲလစ်ဇဘက်​သည် နေထိုင်​မကောင်းခြင်း​ကြောင့် မိမိ​ကိုယ်​မိမိ​စိတ်မရှည်​နိုင်​ဖြစ်​ခဲ့​သည်။ သူသည် ကိစ္စရပ်​များ​အပေါ် ယေဟောဝါ​၏​ရှုမြင်ပုံကို​သိ​ရန်​နှင့် ကျွန်ုပ်​တို့၏​လုပ်ဆောင်မှုကို ကိုယ်တော်​မမေ့​ကြောင်း သိရှိခြင်း​မှ စိတ်သက်သာ​မှု​ရ​ရန် အချိန်​လိုအပ်​ခဲ့​သည်။ ကော​လင်း​သည် အင်အား​ဆုတ်ယုတ်​စေသော​ရောဂါ​ကြောင့် မ​လှုပ်ရှား​နိုင်​ဖြစ်​ခဲ့​သည်။ ကျန်းမာ​ရေး​ကောင်း​စဉ်​က သူ​လုပ်ဆောင်ခဲ့​သော အမှုတော်​ဆောင်ခြင်း​နှင့် နှိုင်းယှဉ်​ကြည့်​လျှင် မိမိ၏​ဆောင်ရွက်မှု​သည် တန်ဖိုး​မရှိသလောက်​ဖြစ်သည်ဟု အစပိုင်း​က သူ​ခံစား​ခဲ့​ရသည်။ သို့သော် ၂ ကောရိန္သု ၈:၁၂ ကဲ့သို့​သော​ကျမ်းချက်​များ​ကို ဆင်ခြင်​သုံးသပ်ခြင်း​အားဖြင့် ယင်း​ခံစားချက်​များ​ကို သူ​ဖျောက်ဖျက်​နိုင်​ခဲ့​သည်။ ၎င်း​အခန်းငယ်​က ဤသို့​ဆို​သည်– “အကြောင်း​မူ​ကား၊ စေတနာ​စိတ်​သည် အသင့်​ရှိလျှင်၊ မတတ်နိုင်​သော​အမှုကို​မ​ထောက်​ဘဲ၊ တတ်နိုင်​သော​အမှုကို​ထောက်၍ နှစ်သက်​တော်​မူ​ဖွယ်​ဖြစ်၏။” “အရင်​လောက် ကျွန်တော်​မပေးနိုင်​တော့​ပေမဲ့လည်း အခုထိ​ပေး​နိုင်​ပြီး အဲဒါကို ယေဟောဝါ​လက်ခံ​တာ​ပဲ” ဟု ကော​လင်း​က​ဆို​သည်။ “သင်တို့၏​အလုပ်​မှ​စ၍ နာမတော်​ကို​ထောက်၍​ပြ​သော သင်တို့၏​မေတ္တာကို မေ့လျော့​သည်​တိုင်အောင် ဘုရားသခင်​သည် ဖြောင့်မတ်ခြင်း ကင်း​တော်​မူ​သည်မဟုတ်” ဟု​ဟေဗြဲ ၆:၁၀ [က​ဘ] တွင် ကျွန်ုပ်​တို့ကို​သတိပေး​ထား​သည်။

ထိုသို့​ဆိုလျှင် ကျွန်ုပ်​တို့၏ မျှော်လင့်ချက်များ​သည် အကျိုးသင့်အကြောင်းသင့်​ရှိမရှိ မည်သို့​ပိုင်းဖြတ်​နိုင်​မည်​နည်း။ မိမိကိုယ်ကို ဤသို့​မေးမြန်းပါ၊ ‘ငါ့​မျှော်လင့်​ရာတွေ​ဟာ ဘုရားသခင့်​မျှော်လင့်​ရာတွေ​နဲ့ ကိုက်ညီ​ရဲ့​လား။’ ဂလာတိ ၆:၄ က​ဤသို့​ဆို​သည်– “လူတိုင်း ကိုယ်​ပြုသော​အမှုကို​စစ်ကြော​စေ။ သို့ပြုလျှင် သူတစ်ပါး​၌​မဆို​ဘဲ ကိုယ်​၌​သာ ဝါကြွား​ဝမ်းမြောက်စရာ​အကြောင်း​ရှိ​လိမ့်​မည်။” ယေရှု​က “ငါ့​ထမ်းပိုး​သည် ထမ်း​လွယ်​၏။ ငါ့​ဝန်​လည်း ပေါ့​၏” ဟု​ဆို​ခဲ့​ကြောင်း​သတိရပါ။ မှန်ပါသည်၊ ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့​မှာ ထမ်း​စ​ရာ​ထမ်းပိုး​ရှိသော်လည်း ၎င်း​သည် “ထမ်း​လွယ်” ပြီး “ပေါ့” သည်၊ ၎င်းကို ကောင်းမွန်​စွာ​ထမ်းရွက်​တတ်​လျှင် လန်းဆန်းမှု​ရစေ​မည်​ဟု ယေရှု​ကတိပြု​ခဲ့​သည်။—မဿဲ ၁၁:၂၈-၃၀

အကျိုးသင့်အကြောင်းသင့်​မျှော်လင့်ချက်များ​က ဆုကျေးဇူး​များ​ရစေ

အကျိုးသင့်အကြောင်းသင့်​မျှော်လင့်ခြင်း​ကို ကျွန်ုပ်​တို့​ကြိုးစား​ပြုစု​ပျိုးထောင်​ကြ​စဉ် ဘုရားသခင့်​စကားတော်​မှ​ဆုံးမချက်​ကို နားထောင်​ပြီး လိုက်လျှောက်ခြင်း​မှ ယခု​နှင့် ထာဝရ​ဆုကျေးဇူး​များ ရရှိစေ​သည်။ တစ်ခု​မှာ ကျွန်ုပ်​တို့၏​ကာယရေး​ကို အထူး​အကျိုးပြု​သည်။ ယေဟောဝါ​၏​သတိပေး​ချက်​များ​မှ အကျိုး​ခံစား​ခဲ့​ရသူ ဂျယ်​နီ​ဖာ​က– “ကျွန်မ​မှာ​အသက်တာ​အတွက် ခွန်အား​နဲ့​စိတ်အား​ထက်သန်မှု ပို​ရှိလာပြီ” ဟု​ဝန်ခံ​သည်။ ကျွန်ုပ်​တို့၏​မျက်စိ​နှင့်​နှလုံး​တို့​ဖြင့် ယေဟောဝါ​၏​မိန့်တော်မူချက်​များ​ကို အာရုံ​စူးစိုက်​ရန် နယပုံပြင် ၄:၂၁၊ ၂၂ က​သင့်လျော်​စွာ ဤသို့​တိုက်တွန်း​ထား​သည်– “အကြောင်း​မူ​ကား ထို​တရား​စကား​ကို​တွေ့ရ​သော​သူတို့သည် အသက်ရှင်ခြင်း၊ တစ်ကိုယ်လုံး​ကျန်းမာ​ခြင်း​အကြောင်းကို တွေ့ရ​ပြီ။”

အခြား​အကျိုးကျေးဇူး​မှာ စိတ်ဓာတ်​ရေးရာ​နှင့် စိတ်ပိုင်း​ဆိုင်ရာ ကောင်းကျိုး​ဖြစ်သည်။ “ကျွန်မ​စိတ်နှလုံး​နဲ့ ဘုရားသခင့်​စကားတော်​ကို အာရုံစိုက်​တဲ့​အခါ ပို​ပျော်ရွှင်​တဲ့​သူ​တစ်ယောက် အမြဲ​ဖြစ်လာ​တာ​ကို သတိထား​မိတယ်” ဟု ထ​ရီ​ဇာ​က​ပြောပြ​သည်။ မှန်ပါသည်၊ ဘဝတွင် စိတ်ပျက်​စ​ရာ​များ တွေ့ကြုံ​ရ​ဆဲ​ပင်။ သို့​တိုင် ၎င်းတို့ကို ပို​၍​လွယ်ကူ​စွာ ခံရပ်​နိုင်​ပေ​လိမ့်​မည်။ “ဘုရားသခင်​၌ ချဉ်းကပ်​ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်​တော်​မူ​လိမ့်​မည်” ဟု ယာကုပ် ၄:၈ က​တိုက်တွန်း​ထား​သည်။ ကျွန်ုပ်​တို့သည် ဘဝ​စိန်ခေါ်ချက်​များနှင့်​ရင်ဆိုင်​ရသောအခါ ခိုင်ခံ့​စေပြီး ငြိမ်သက်ခြင်း​ကောင်းချီး​မင်္ဂလာ​ကို​ပေး​မည်​ဟု​လည်း ယေဟောဝါ​ကတိပြု​ထား​သည်။—ဆာလံ ၂၉:၁၁

အကျိုးသင့်အကြောင်းသင့်​မျှော်လင့်ချက်များ​ရှိ​ထားခြင်း​က ဝိညာဉ်​ရေး​တည်ငြိမ်မှု​ကို ရှိနေ​စေ​သည်။ ၎င်း​သည်လည်း ကောင်းချီး​တစ်ရပ်​ဖြစ်သည်။ ကျွန်ုပ်​တို့သည် ဘဝတွင် သာ၍​အရေးကြီးသော​အရာများ​အပေါ် ရှင်းလင်း​သော​အမြင် ထား​ရှိ​နိုင်​သည်။ (ဖိလိပ္ပိ ၁:၁၀က​ဘ) ထို​အခါ ကျွန်ုပ်​တို့၏​ပန်းတိုင်​များသည် လက်တွေ့ကျ​ပြီး ယုတ္တိ​ရှိသည့်​အတွက် ရွှင်လန်းမှု​နှင့်​ရောင့်ရဲမှု​ကို သာ၍​ရရှိစေ​သည်။ ယေဟောဝါ​သည် အကောင်းဆုံး​ကို ဖြစ်စေ​မည်​ဟု​သိထားကြ​ရာ ကိုယ်တော်​ထံ မိမိကိုယ်ကို​အပ်နှံ​ရန် ပို​၍​လိုလိုလားလား​ရှိကြ​မည်​ဖြစ်သည်။ “ထို​ကြောင့်၊ ကာလ​အချိန်တန်လျှင်၊ ဘုရားသခင်​သည် သင်တို့ကို​ချီးမြှောက်​တော်​မူ​မည်​အကြောင်း၊ တန်ခိုး​ကြီးသော​လက်တော်​အောက်​၌ ကိုယ်ကို​ကိုယ်​နှိမ့်ချ​ကြလော့” ဟု ပေတရု​ဆို​သည်။ (၁ ပေတရု ၅:၆) ယေဟောဝါ​၏ ဂုဏ်တင်​ခြင်း​ကို​ခံရ​သည်ထက် အခြား​သာလွန်​သော​ဆုကျေးဇူး ရှိ​နိုင်​ပါ​ဦး​မည်​လော။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

အကျိုးသင့်အကြောင်းသင့်​မျှော်လင့်ချက်များ​ကို ပြုစု​ပျိုးထောင်​ခြင်း​သည် စိတ်ပျက်​စ​ရာ​များနှင့် စိတ်ဓာတ်ကျ​မှု​ကို​ဖြေရှင်းရန် ကူညီပေး​နိုင်