မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခွင့်အာဏာကို လေးစားမှု—အဘယ်ကြောင့်လိုအပ်သနည်း

အခွင့်အာဏာကို လေးစားမှု—အဘယ်ကြောင့်လိုအပ်သနည်း

အခွင့်အာဏာကို လေးစားမှု—အဘယ်ကြောင့်​လိုအပ်​သနည်း

မည်သူသည် မိမိတို့၏​ပိုင်ဆိုင်ရာ​များ​ကို ခိုးယူ​သူ သို့​မဟုတ် မိသားစု​များ​ကို ခြိမ်းခြောက်​သော​ရာဇဝတ်သား​များ​ကို ဖမ်းဆီး​ရန် ရဲသား​များ​၌ အခွင့်အာဏာ​ရှိ​ခြင်း​အတွက် ကျေးဇူး​မတင်​ဘဲ​နေ​မည်​နည်း။ ပြည်သူပြည်သား​တို့ကို စောင့်ရှောက်​ကာကွယ်​ရန် ရာဇဝတ်သား​များ​ကို အပြစ်ဒဏ်​ပေးဖို့ တရားရုံး​များ​၌ အခွင့်အာဏာ​ရှိသည့်​အတွက် ကျွန်ုပ်​တို့​ကျေးဇူး​တင်​ကြသည်​မဟုတ်လော။

အစိုးရ​အာဏာပိုင်​က အခွန်​စည်း​ကြပ်​ကောက်ခံခြင်း​ဖြင့် ရရှိသော​ငွေ​ကို​အသုံးပြု၍ လမ်းများ​ပြုပြင်​ထိန်းသိမ်းရေး၊ ကျန်းမာ​သန့်ရှင်းရေး၊ ပညာရေး​စ​သည့် အခြား​လူထု​အထောက်အကူ​ပြု ဝန်ဆောင်မှု​များ​ကို သတိရ​ကြ​ပေမည်။ လျောက်ပတ်​စွာ​ခန့်အပ်​ထားသော အခွင့်အာဏာကို မဖြစ်​မနေ​လေးစား​ရမည်​ဖြစ်​ကြောင်း အသိအမှတ်ပြု​ရာ​တွင် စစ်မှန်သော​ခရစ်ယာန်​များသည် ဦးဆုံး​ဖြစ်၏။ သို့သော် ထိုသို့​သော​လေးစားမှု​မှာ မည်သည့်​အတိုင်းအတာ​အထိ ဖြစ်​ရမည်​နည်း။ ဘဝ​အသက်တာ​၏ မည်သည့်​နယ်ပယ်​များ​၌ အခွင့်အာဏာကို​လေးစားရန် လိုအပ်​သနည်း။

ရပ်ကွက်တွင် အခွင့်အာဏာ

သမ္မာကျမ်းစာ​က ယုံကြည်သူ​ဖြစ်စေ၊ မယုံကြည်​သူ​ဖြစ်စေ ပြည်သူပြည်သား​၏​အကျိုးကို​ဆောင်ရွက်​ပေး​လျက်​ရှိသော နိုင်​ငံ့​အခွင့်အာဏာကို လူအားလုံး​လေးစား​ရမည်ဟု မှာကြား​သည်။ ခရစ်ယာန်​တမန်​တော်​ပေါလု​က ရောမမြို့​ရှိ သူ၏​ယုံကြည်သူချင်း​တို့​ထံ ဤ​အကြောင်းကို​ရေးသားခဲ့​ရာ ရောမ ၁၃:၁-၇ တွင်​မှတ်တမ်း​တင်ထားသော သူ၏​စကား​ကို သုံးသပ်ကြည့်​ခြင်း​က အကူအညီ​ဖြစ်စေ​မည်။

ပေါလု​သည် ရောမ​နိုင်ငံသား​ဖြစ်​ပြီး ထို​အချိန်​က ရောမ​သည် ကမ္ဘာ့​အာဏာစက်​ဖြစ်​ခဲ့​၏။ စီ.အီး. ၅၆ ခုနှစ်​ခန့်​တွင်​ရေးသားခဲ့​သော ပေါလု​၏​စာ​က ခရစ်ယာန်​များ​ကို စံပြ​နိုင်ငံသား​များ​ဖြစ်​ကြ​ရန် အကြံပေး​သည်။ သူ​ဤသို့​ရေးသားခဲ့​သည်– “အစိုး​ရသော​မင်း​အာဏာစက်​၏​အုပ်စိုးခြင်း​ကို လူတိုင်း​ဝန်ခံ​စေ။ အကြောင်း​မူ​ကား၊ ဘုရားသခင်​၏​အခွင့်​မ​ရှိလျှင်၊ မင်း​အာဏာစက်​မရှိ။ အာဏာစက်​ရှိသမျှသည် ဘုရားသခင်​ခန့်​ထား​တော်​မူ​ရာ​ဖြစ်​သတည်း။”

ဤ​တွင် ပေါလု​က ဘုရားသခင်​သာ​ခွင့်​မပြုလျှင် အဘယ်​လူသား​အာဏာပိုင်​မျှ ရှိ​လိမ့်​မည်​မဟုတ်​ကြောင်း ရှင်းပြသည်။ ဤ​သဘော​မျိုး​ဖြင့် အထက်​အာဏာပိုင်​တို့သည် ဘုရားသခင့်​ရည်ရွယ်တော်မူချက်​၏​ဘောင်​အတွင်း သူ့​နေရာ​သူ​ရှိ၏။ ထို​ကြောင့် “မင်း​အာဏာကို​ဆန်​သော​သူသည် ဘုရားသခင်​စီရင်တော်မူ​ရာ​ကို ဆန်​သော​သူ​ဖြစ်” ကြောင်း​ထင်ရှား​သည်။

ကောင်းမှု​ပြုသော နိုင်ငံသား​များသည် အထက်​အာဏာပိုင်​တို့၏​ချီးမွမ်း​ခြင်း​ကို ခံရ​ကြ​စဉ် အမှား​ပြုသူ​တို့ကို ဤ​အာဏာပိုင်​တို့​က အပြစ်ပေး​ပိုင်ခွင့်​ရှိသည်။ အစိုးရ​များသည် “ဘုရားသခင်​၏​အစေခံ” ဖြစ်​ခြင်း​ကြောင့် မကောင်းမှု​ပြုသူ​တို့ကို “ရာဇ​ဝတ်​ပေး​ပိုင်​သော​သူ” အဖြစ် ပြုလုပ်​ပိုင်ခွင့်​ရရှိ​ထား​ရာ အာဏာပိုင်​ကို ကြောက်​ရန်​အကြောင်း​အမြောက်အမြား​ရှိသည်။

ပေါလု​က မိမိ၏​ကျိုးကြောင်း​ဆင်ခြင်မှု​ကို ဤသို့​အဆုံးသတ်​သည်– “ထို​ကြောင့်၊ ရာဇ​ဝတ်​ကို​ကြောက်​သောကြောင့်​သာ မင်း​အာဏာစက်​၏​အုပ်စိုးခြင်း​ကို ဝန်ခံ​ရမည်​မဟုတ်။ ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို​ထောက်၍ ဝန်ခံ​ရမည်။ ထို​အကြောင်းကြောင့် အခွန်​အ​တုတ်​ကို​ပေး​ကြလော့။ မင်းတို့​သည် ဘုရားသခင်​၏​အမှုစောင့်​ဖြစ်၍၊ အမှုတော်ကို​အမြဲ​ထမ်း​ကြ​၏။”

အခွန်​များ​ကို စီမံခန့်ခွဲ​ခြင်း​တာဝန်​မှာ အခွန်​ပေး​သူနှင့်​မဆိုင် အထက်​အာဏာပိုင်​တို့​အပေါ်​၌​သာ​မူတည်​သည်။ ရိုး​ဖြောင့်သော​နိုင်ငံသား​တစ်ဦး​အနေ​ဖြင့် ခရစ်ယာန်​တစ်ဦး​သည် ကြည်လင်​သည့် ကိုယ်ကို​ကိုယ်​သိသောစိတ်​ကို ထိန်းသိမ်း​ထား​၏။ အထက်​အာဏာပိုင်​များ​ကို လက်အောက်ခံခြင်း​နှင့် ပေး​သင့်​ပေး​ထိုက်​သော​အခွန်​များ​ကို ပေးခြင်း​အားဖြင့် သူသည် မိမိ​နေထိုင်ရာ​ရပ်ကွက်​၏​စံနှုန်း​ကို ထောက်ခံ​နေ​ရုံ​မ​က ဘုရားသခင့်​တောင်းဆိုချက်​များနှင့်​အညီ အသက်ရှင်နေ​ထိုင်​ကြ​ကြောင်းကို​လည်း သူသိ​ထား​သည်။

မိသားစု​နှင့်​အခွင့်အာဏာ

မိသားစု​အခွင့်အာဏာ​နှင့်​ပတ်သက်​၍​ကော အသို့နည်း။ ကလေးငယ်​တစ်ဦး​သည် သူ၏​ဘဝ​အစ​ရက်​ပိုင်း​များ​တွင် ငိုယို​၍​ဖြစ်စေ၊ စူးစူး​ဝါး​ဝါး​ပင်​အော်ဟစ်​၍​ဖြစ်စေ ဂရုစိုက်​မှု​ကို တောင်းဆို​လေ့​ရှိသည်။ သို့သော် ပညာ​ရှိသော​မိဘ​တစ်ဦး​သည် ကလေးငယ်​၏​အမှန်တကယ်​လိုအပ်ရာ​များ​ကို ပိုင်းခြား​သိရှိပြီး ဒေါသ​အမျက်ထွက်​ပြ​ခြင်း​ကို လိုက်လျော​လိမ့်​မည်​မဟုတ်​ချေ။ ကလေး​အချို့​မှာ သူတို့​အသက်ကြီး​လာ​သည်​နှင့်​အမျှ အလိုလိုက်​ခံရ​၍ ကိုယ့်​စံနှုန်း​ကိုယ်​ချမှတ်​ခွင့်​ရ​ကြသည်။ ထို​အခါ အတွေ့အကြုံ​မရှိသည့်​အတွက် သူတို့သည် ရာဇဝတ်မှု​ကျူးလွန်​ခြင်း၊ သို့​မဟုတ် အမှားအယွင်း​တစ်ခုခု​ပြုခြင်း​တွင် ပါဝင်​ပတ်သက်​လာ​ရာ ဒေသခံ​အာဏာပိုင်​အများ ကောင်းစွာ​သိရှိ​ထား​သကဲ့သို့ မိသားစု​နှင့်အတူ ရပ်ကွက်​တစ်ခုလုံး​ကို အကြီးအကျယ်​အနှောင့်အယှက်​ဖြစ်စေ​ကြသည်။

ကျွန်ုပ်​တို့​ရထိုက်​သောက​လေး​များ​ကို​ရေးသားသူ ရိုစလင်း မိုင်​လ်​က “အချိန်နှောင်း​မှ​သာ ကလေး​များ​ကို မိဘများ​ဆုံးမ​ပဲ့ပြင်​ကြ​၏” ဟု​ဆို​သည်။ “စတင်​သင့်​သော​အချိန်​မှာ ကလေးငယ်​တစ်ဦး မွေး​စ​ကတည်းက​ဖြစ်သည်။” အစ​ကတည်းက မိဘများသည် သနား​ကြင်နာ၊ အခွင့်အာဏာ​ရှိသော​လေသံ​ဖြင့် စကားပြော​ဆို​မည်၊ တစ်သမတ်တည်း​ပြုမူ​လုပ်ကိုင်​မည်​ဆိုလျှင် များ​မကြာမီ သူတို့၏​ကလေး​များသည် ထို​အခွင့်အာဏာကို​လည်းကောင်း၊ ၎င်း​မှ​ရရှိ​သည့် မေတ္တာပါ​ပဲ့ပြင်​မှု​ကိုလည်း​ကောင်း လက်ခံ​တတ်လာ​လိမ့်​မည်။

သမ္မာကျမ်းစာ​၌ မိသားစု​အခွင့်အာဏာ​နှင့်​ပတ်သက်​၍ သိသင့်သိအပ်​ရာ​အကြောင်း အမြောက်အမြား​ပါရှိ​၏။ နယပုံပြင်​ကျမ်း​တွင် ပညာရှိ​ရှောလမုန်က သားသမီး​များ​ရှေ့၌ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​မိဘများ​၏ စည်းလုံးမှု​အကြောင်း ဤသို့​အာရုံစိုက်​စေ​သည်– “ငါ့​သား၊ အဘ​၏​နည်း​ဥပဒေသကို​နားထောင်​လော့။ အမိ​၏​တရားကို​လည်း မ​ပယ်​နှင့်။” (သု. ၁:၈) မိဘတို့​သည် သားသမီး​များ​ရှေ့၌ ထိုသို့​ကျိုးကြောင်း​ညီသော​စည်းလုံးစွာ​ရပ်တည်မှု​ကို အမြဲ​တင်ပြ​သည့်​အခါ သူတို့​နေရ​မည့်​အနေအထား​ကို ကလေး​များ​သိ​ကြ​၏။ သူတို့သည် မိမိတို့​လို​ရာ​ရဖို့ မိဘ​တစ်ဦး​နှင့်​တစ်ဦး​ကို ဆန့်ကျင်​စေ​ကာ ကြိုး​ဆွဲ​ဖို့​ကြိုးစား​ပေမည်၊ သို့သော် မိဘ​၏​စည်းလုံး​သော​အခွင့်အာဏာ​သည် လူငယ်များ​အတွက် အကာအကွယ်​ဖြစ်၏။

ခင်ပွန်း​ဖြစ်သူ​သည် မိမိ၏​ကလေး​များ​အတွက်သာ​မ​က ဇနီးသည်​၏​ဝိညာဉ်​ရေး​အတွက် တာဝန်​ရှိကြောင်း သမ္မာကျမ်းစာ​က ရှင်းပြ​ထား​သည်။ ယင်းကို ဦးစီးမှု​အဖြစ် ဖော်ပြ​၏။ ဤ​ဦးစီးမှု​ကို မည်သို့​လက်တွေ့ အသုံးချ​ရမည်​နည်း။ ပေါလု​က ယေရှုသည် အသင်းတော်ကို​ဦးစီး​သကဲ့သို့ ယောက်ျား​သည် ဇနီးသည်​ကို ဦးစီး​ရမည်ဟု ညွှန်ပြ​ထား​သည်။ ထို့နောက်​တွင် ပေါလု​က ဤသို့​ဆက်​ပြော​သည်– “အချင်း​ယောက်ျား​တို့၊ ခရစ်တော်​သည် အသင်းတော်ကို​ချစ်တော်မူ​သကဲ့သို့၊ သင်တို့လည်း ကိုယ်​ခင်ပွန်း​ကို​ချစ်​ကြလော့။” (ဧဖက် ၅:၂၅) ယောက်ျား​တစ်ဦး​သည် ယေရှု၏​ပုံသက်သေ​ကို​အတုယူ​လိုက်လျှောက်​၍ မေတ္တာပါပါ ဦးစီး​မည်​ဆိုလျှင် ဇနီးသည်​၏ “အလွန်​ရိုသေ” မှု​ကို​ရရှိ​လိမ့်​မည်။ (ဧဖက် ၅:၃၃က​ဘ) ယင်း​သို့​သော အိမ်ထောင်စု​တွင်ရှိသော​ကလေး​တို့သည် ဘုရားသခင်​ပေး​အခွင့်အာဏာ​၏​တန်ဖိုး​ကို သိမြင်ပြီး ၎င်းကို လက်ခံရန် တိုက်တွန်း​လှုံ့ဆော်​ခံရ​မည်။—ဧဖက် ၆:၁-၃

မိမိ၏​ကြင်ဖော်​ကို သေခြင်း​၌​ဆုံးရှုံး​ခဲ့​ရသူ​တို့​အပါအဝင် ကြင်ဖော်​မဲ့​မိဘများသည် ဤ​ကိစ္စ​ကို မည်သို့​ကိုင်တွယ်​ဖြေရှင်း​နိုင်​မည်​နည်း။ ဖခင်​ဖြစ်စေ၊ မိခင်​ဖြစ်စေ သူတို့သည် ယေဟောဝါ​ဘုရားသခင်​နှင့် ယေရှု​ခရစ်​၏ အခွင့်အာဏာကို တိုက်ရိုက်​ရည်ညွှန်း​သုံးနိုင်​ကြသည်။ ယေရှုသည် မိမိ၏​ခမည်းတော်​နှင့် မှုတ်သွင်းခံကျမ်း​စာစောင်​များ​၏ အခွင့်အာဏာဖြင့် အမြဲတစေ​မိန့်တော်မူ​ခဲ့​သည်။—မဿဲ ၄:၁-၁၀; ၇:၂၉; ယောဟန် ၅:၁၉၊ ၃၀; ၈:၂၈

ကလေး​များ ကြုံတွေ့​ကြ​ရသော အခက်အခဲ​များနှင့်​ပတ်သက်​သည့် တန်ဖိုး​ရှိသည့် အခြေခံ​မူ​မြောက်မြားစွာ​ကို သမ္မာကျမ်းစာ​က ဖော်ပြ​ပေး​သည်။ ဤ​မူများ​ကို ရှာ​ယူ၍ လက်တွေ့​ကျင့်သုံး​ခြင်း​အားဖြင့် မိဘ​သည် သားသမီး​များ​ကို မေတ္တာပါ​၍​အကူအညီ​ဖြစ်စေ​သော ဆုံးမ​စကား​ပေး​ပေ​လိမ့်​မည်။ (ကမ္ဘာဦး ၆:၂၂; သု. ၁၃:၂၀; မဿဲ ၆:၃၃; ၁ ကောရိန္သု ၁၅:၃၃; ဖိလိပ္ပိ ၄:၈၊ ၉) ကျမ်းစာ​၏ အခွင့်အာဏာကို​လေးစားခြင်း​နှင့်​ဆိုင်သော အကျိုးကျေးဇူးများ​ကို မိမိတို့၏​ကလေး​များ တန်ဖိုး​ထား​လေးမြတ်​တတ်​ရန် လေ့ကျင့်ပေး​ရာ​၌ အကူအညီ​ဖြစ်စေ​ဖို့ အထူး​ရည်ရွယ်​၍​ထုတ်ဝေ​ထားသော ကျမ်းစာ​အခြေခံ စာအုပ်​များ​ကိုလည်း မိဘများ​အသုံးပြုနိုင်​ကြသည်။ *

ခရစ်ယာန်​အသင်းတော်​နှင့် အခွင့်အာဏာ

“ဤ​သူသည် ငါ​နှစ်သက်​မြတ်နိုးရာ၊ ငါ​၏​ချစ်​သား​ပေ​တည်း။ သူ၏​စကား​ကို​နားထောင်​ကြလော့။” (မဿဲ ၁၇:၅) ယေဟောဝါ​ဘုရားသခင်​ကိုယ်တော်တိုင် မိန့်တော်မူသော ဤ​စကား​များသည် ယေရှု​အား ဘုရားသခင့်​အခွင့်အာဏာ​နှင့်​အညီ မိန့်တော်မူ​သူ​တစ်ဦး​အဖြစ် အတည်ပြု​ထောက်ခံ​ပေး​ခဲ့​၏။ ယေရှု​မိန့်တော်မူ​ခဲ့​ရာ​များ​ကို ခရစ်ဝင်​ကျမ်း​လေးစောင်​တွင် မှတ်တမ်းတင်​ထားခဲ့​ပြီး ၎င်းကို ကျွန်ုပ်​တို့​အလွယ်တကူ ရည်ညွှန်း​ကိုးကား​နိုင်​ကြသည်။

ကောင်းကင်​သို့ ယေရှု​မတက်ကြွမီ​တွင် ယေရှု​က မိမိ၏​တပည့်တော်​များ​ကို ဤသို့​ဆို​သည်– “ကောင်းကင်ဘုံ​၌​လည်းကောင်း၊ မြေကြီးပေါ်​၌​လည်းကောင်း စီရင်ပိုင်​သော​အခွင့်တန်ခိုး​ရှိသမျှ​တို့ကို ငါ​ခံရ​ပြီ။” (မဿဲ ၂၈:၁၈) အသင်းတော်​၏​ဦးခေါင်း​အနေ​ဖြင့် ယေရှုသည် မြေကြီးပေါ်​ရှိ မိမိ၏​ခြေရာ​ကို​လိုက်လျှောက်​သည့် ဘိသိက်ခံ​များ​ကို​စောင့်ကြပ်​ရုံ​မ​က စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့​၌ သန့်ရှင်းသော​ဝိညာဉ်​တော် သွန်းလောင်း​ပေး​ပြီး​ကတည်းက သူတို့ကို “သစ္စာ​နှင့်​သတိပညာ​ရှိသော​ကျွန်၊” အမှန်တရား​၏​ဆက်သွယ်ရေး​လမ်းကြောင်း​အဖြစ်​လည်း ကိုယ်တော်​အသုံးပြု​တော်​မူ​လျက်​ရှိသည်။ (မဿဲ ၂၄:၄၅-၄၇; တမန်​တော် ၂:၁-၃၆) ခရစ်ယာန်​အသင်းတော်ကို ခိုင်မြဲ​စေရန် အဘယ်အရာ​များ​ကို ကိုယ်တော်​ပြီးမြောက်​စေ​ခဲ့ပြီ​နည်း။ “မြင့်သော​အရပ်သို့​တက်ကြွ​တော်​မူ​၍ . . . လူ့​အသွင်​ဆုလာဘ်များ​ကို ပေးသနား​တော်​မူ​သည်။” (ဧဖက် ၄:၈က​ဘ) “လူ့​အသွင်​ဆုလာဘ်များ” မှာ သန့်ရှင်းသော​ဝိညာဉ်တော်ဖြင့် ခန့်အပ်​ခံရ​သော ခရစ်ယာန်​အကြီးအကဲ​များ​ဖြစ်​ပြီး ယုံကြည်သူချင်း​တို့၏ ဝိညာဉ်​ရေးရာ​ကို ဂရုစိုက်​ပေး​ရန် အခွင့်အာဏာ​ပေးအပ်​ခြင်း​ခံရ​သည်။—တမန်​တော် ၂၀:၂၈

ထို​အကြောင်းကြောင့် ပေါလု​က ဤသို့​ဆုံးမ​သည်– “ဘုရားသခင်​၏​နှုတ် [မြွက်​စကား] တရားတော်​ကို သင်တို့အား​ဟောပြော​၍၊ သင်တို့ကို​အုပ်​သော​သူတို့ကို အောက်မေ့​ကြလော့။ သူတို့သည် အဘယ်​သို့​ကျင့်ကြံ​ပြုမူ​၍[သေဆုံး]သည်ကို စေ့စေ့​ဆင်ခြင်​လျက်၊ သူတို့၏​ယုံကြည်ခြင်းကို မီအောင်လိုက်​ကြလော့။” ဤ​သစ္စာရှိ​သူတို့သည် ယေရှု၏​ခြေရာ​ကို အနီးကပ်​လိုက်လျှောက်​ကြ​ခြင်း​ကြောင့် သူတို့၏​ယုံကြည်ခြင်းကို အတုယူ​ခြင်း​က အမှန်ပင်​ပညာရှိ​လမ်းစဉ်​ဖြစ်သည်။ ထို့နောက် ထပ်ဆင့်၍​ပေါလု​က ဤသို့​ဆို​သည်– “သင်တို့ကို​အုပ်​သော သူတို့၏​စကား​ကို​နားထောင်​၍ နှိမ့်ချလျက်​နေကြ​လော့၊ [“သင်တို့​အပေါ် သူတို့၏​အခွင့်အာဏာကို မပြတ်​အသိအမှတ်ပြု​လော့၊” အကျယ်​ဖွင့်ဆို​သည့်​သမ္မာကျမ်း] သူတို့သည် ကိုယ်တိုင်​စစ်ကြော​ခြင်း​ကို ခံရ​သော​သူ​ကဲ့သို့၊ သင်တို့​စိတ်​ဝိညာဉ်​၏​အကျိုး​အလို​ငှာ စောင့်နေ​ကြ​၏။ သင်တို့​အကျိုးကို မဖြစ်စေ​တတ်သော ဝမ်းနည်းခြင်း​မရှိ၊ ဝမ်းမြောက်ခြင်း​ရှိ၍၊ သူတို့သည် စစ်ကြော​ခြင်း​ကို​ခံရ​မည်​အကြောင်း သတိပြု​လျက်​နေကြ​လော့။”—ဟေဗြဲ ၁၃:၇၊ ၁၇

ထို​ညွှန်ကြားချက်​ကို လျစ်လျူရှု​သောအခါ အဘယ်အရာ​ဖြစ်သွား​သနည်း။ အစောပိုင်း​ခရစ်ယာန်​အသင်းတော်​မှ အဖွဲ့ဝင်​အချို့​သည် ထိုသို့​ပြု​ခဲ့​ကြ​ရာ အယူဖောက်ပြန်သူ​များ​ဖြစ်လာ​ကြ​၏။ ဟု​မေ​နဲ​နှင့်​ဖိလက်​တို့​မှာ အချို့​၏​ယုံကြည်ခြင်းကို မှောက်လှန်​ခဲ့​ကာ အချည်းနှီး​စကား​ဖြင့် “တရား​မဲ့” စေ​ခဲ့​ကြသည်။ သူတို့​အတိအလင်း​ပြောဆို​သော​စကား​များ​မှ တစ်ခု​မှာ သေလွန်သူ​တို့သည် ဝိညာဉ်​ရေး​အရ သို့​မဟုတ် ပုံဆောင်​သဘောဖြင့် ထမြောက်​နှင့်​ကြပြီ​ဖြစ်​ရာ ဘုရားသခင့်​နိုင်ငံတော်​အောက် အနာဂတ်​တွင် ထပ်မံ​ထမြောက်​စ​ရာ လုံးဝ​မလို​ဟူ၍​ဖြစ်သည်။—၂ တိမောသေ ၂:၁၆-၁၈

ခန့်အပ်​ခံ​အခွင့်အာဏာ​သည် ကယ်တင်​ရန်​ရောက်ရှိ​လာ​ခဲ့​သည်။ ခရစ်ယာန်​အကြီးအကဲ​များသည် ခရစ်တော်​၏​ကိုယ်စားလှယ်တော်​များ​အဖြစ် သမ္မာကျမ်းစာ​၏​အခွင့်အာဏာကို အသုံးပြုခဲ့​ကြ​ခြင်း​ကြောင့် ထိုသို့​သော အငြင်းပွားမှုများ မှား​ကြောင်းကို ချေပ​နိုင်​ခဲ့​ကြသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ‘အမှန်တရား​၏​အ​မှီ​တံ​ကဲ​နှင့် တည်ရာ’ အဖြစ်​ဖော်ပြ​ခံရ​သော ခရစ်ယာန်​အသင်းတော်သည်​လည်း ယနေ့ အလားတူ​ပင်​ဖြစ်သည်။ (၁ တိမောသေ ၃:၁၅) ကျွန်ုပ်​တို့အတွက် သမ္မာကျမ်းစာ စာမျက်နှာ​များ​အတွင်း ထိန်းသိမ်း​ထား​ပေး​သော ယုံကြည်​စိတ်ချ​ရသည့် “စင်ကြယ်သော​တရား​စကား​အချုပ်အခြာ​ကို” မှားယွင်းသော​သွန်သင်ချက်​များ​က ဘယ်​သောအခါ​မျှ လုယူ​ဖျက်ဆီး​ခွင့်​ရမည်​မဟုတ်ပါ။—၂ တိမောသေ ၁:၁၃၊ ၁၄

ဤ​လောက​၌ အခွင့်အာဏာ​အပေါ်​လေးစားမှု​မှာ လျင်မြန်​စွာ​ပျောက်ကွယ်​သွား​နေစဉ် ခရစ်ယာန်​များ​အနေ​ဖြင့် ကျွန်ုပ်​တို့သည် ရပ်ကွက်​အတွင်း၊ မိသားစု​အတွင်း၊ ခရစ်ယာန်​အသင်းတော်​အတွင်းရှိ လျောက်ပတ်​သည့်​အခွင့်အာဏာ​များသည် ကျွန်ုပ်​တို့​အကျိုးအတွက်​တည်ရှိ​နေကြောင်း​ကို အသိအမှတ်ပြု​ကြသည်။ အခွင့်အာဏာကို​လေးစားခြင်း​သည် ကျွန်ုပ်​တို့၏ ကာယရေး၊ စိတ်ဓာတ်​ရေး​နှင့် ဝိညာဉ်​ရေး​ကျန်းမာ​ဖို့​အတွက် မရှိမဖြစ်​လိုအပ်​ပါ​သည်။ ယင်း​ကဲ့သို့ ဘုရားသခင်​ပေး​အခွင့်အာဏာကို လက်ခံ​၍​လေးစားခြင်း​ဖြင့် ကျွန်ုပ်​တို့၏​ထာဝရ​ကောင်းကျိုး​အတွက် အကြီးမြတ်ဆုံး​သော​အခွင့်အာဏာ​ပိုင်​များ​ဖြစ်သည့် ယေဟောဝါ​ဘုရားသခင်​နှင့် ယေရှု​ခရစ်​တို့၏​ကာကွယ်​မှု​ကို ခံရ​ကြ​မည်။—ဆာလံ ၁၁၉:၁၆၅; ဟေဗြဲ ၁၂:၉

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 17 မြန်မာ​နိုင်ငံ၊ ကင်းမျှော်စင်​သမ္မာကျမ်းစာ​နှင့်​ဝေစာ​အသင်း​မှ​ထုတ်ဝေ​သော လူငယ်များ​အမေး—တာသွား​သည့်​အဖြေ​နှင့် မိသားစု​ပျော်ရွှင်မှု​၏​လျှို့ဝှက်ချက် စာအုပ်​နှစ်အုပ်စလုံး​ရှု။

[စာမျက်နှာ ၅ ပါ အကျဉ်း​ဖော်ပြချက်]

သမ္မာကျမ်းစာ​၌ မိသားစု​အခွင့်အာဏာ​နှင့်​ပတ်သက်​၍ သိသင့်သိအပ်​ရာ မြောက်မြားစွာ​ပါရှိ

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ကြင်ဖော်​မဲ့​မိဘများသည် ယေဟောဝါ​ဘုရားသခင်​နှင့် ယေရှု​ခရစ်​၏ အခွင့်အာဏာကို တိုက်ရိုက်​ရည်ညွှန်း​သုံးနိုင်​ကြ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ခရစ်ယာန်​များ​အနေ​ဖြင့် မိသားစု​အတွင်း၊ ခရစ်ယာန်​အသင်းတော်​အတွင်း၊ ရပ်ကွက်​များ​အတွင်းရှိ​သော လျောက်ပတ်​သည့် အခွင့်အာဏာ​များ​မှာ သူတို့၏​အကျိုးအတွက်​တည်ရှိ​နေကြောင်း​ကို အသိအမှတ်ပြု​ကြ

[Picture Credit Line on page 4]

Photo by Josh Mathes, Collection of the Supreme Court of the United States