မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှားနဲ့ အမှန်– စိတ်ချရတဲ့ လမ်းညွှန် ကျမ်းစာ

အမှားနဲ့ အမှန်– စိတ်ချရတဲ့ လမ်းညွှန် ကျမ်းစာ

ကိုယ့်အထင် ဒါမှမဟုတ် တခြားသူတွေရဲ့ အမြင်ကိုပဲ အခြေခံပြီး ရွေးချယ်ဆုံးဖြတ်ရင် အကျိုးရှိမရှိ မသေချာဘူး။ ဘာကြောင့်လဲဆိုတာ ကျမ်းစာမှာ ဖော်ပြထားတယ်။ ဒါ့အပြင် အမှားအမှန် ခွဲခြားသိဖို့ စိတ်ချရတဲ့ လမ်းညွှန်လည်း ပေးထားတယ်။ ပျော်ရွှင်ကျေနပ်စရာ ဘဝ ပိုင်ဆိုင်ရစေမယ့် လမ်းညွှန်ပါ။

ကျွန်တော်တို့ သိပ်လိုအပ်တဲ့ လမ်းညွှန်

လူတွေဟာ ကိုယ့်ခြေလှမ်းကို လမ်းညွှန်နိုင်စွမ်း မရှိဘူး၊ လမ်းညွှန်ချက် ရဖို့ ယေဟောဝါ a ဘုရားကို အားကိုးရမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယေရမိ ၁၀:၂၃) ဒါကြောင့်လည်း ကျမ်းစာမှာ အမှားအမှန်နဲ့ပတ်သက်ပြီး လမ်းညွှန်ချက်တွေ ဘုရား ပေးထားတာ။ လူတွေကို ဘုရား သိပ်ချစ်တယ်။ အရေးကြီး ဘဝဆုံးဖြတ်ချက်တွေကို အလွဲလွဲအမှားမှား ချမိပြီး ဆိုးကျိုးတွေ ခံစားရတဲ့အဖြစ်မျိုး မကြုံစေချင်ဘူး။ ပူလောင်မနေစေချင်ဘူး။ (တရားဟောရာ ၅:၂၉။ ၁ ယောဟန် ၄:၈) ဒါ့အပြင် ဘုရားဟာ ဖန်ဆင်းရှင် ဖြစ်တာမို့ ဉာဏ်ပညာ၊ အသိပညာ ပြည့်ဝတယ်။ ဒါကြောင့် အမှားအမှန်နဲ့ပတ်သက်ပြီး အကောင်းဆုံး လမ်းညွှန်ပေးနိုင်တယ်။ (ဆာလံ ၁၀၀:၃။ ၁၀၄:၂၄) ဒါပေမဲ့ မိမိစံနှုန်းတွေကို လူတွေ လိုက်နာဖို့ အတင်း ဖိအားမပေးဘူး။

ပထမ လူသားမောင်နှံ အာဒံနဲ့ ဧဝ စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစားရဖို့ လိုအပ်သမျှကို ယေဟောဝါဘုရား ပြင်ဆင်ပေးတယ်။ (ကမ္ဘာဦး ၁:၂၈၊ ၂၉။ ၂:၈၊ ၁၅) ရိုးရှင်းတဲ့ လမ်းညွှန်ချက်တွေလည်း ပေးတယ်။ ဒါပေမဲ့ လိုက်နာ၊ မလိုက်နာ ကိုယ်တိုင် ရွေးချယ်စေတယ်။ (ကမ္ဘာဦး ၂:၉၊ ၁၆၊ ၁၇) ဝမ်းနည်းစရာက ဘုရားစံနှုန်းတွေအတိုင်း မဟုတ်ဘဲ ကိုယ့်စံနှုန်းတွေအတိုင်း နေဖို့ အာဒံနဲ့ ဧဝ ရွေးချယ်ခဲ့ကြတယ်။ (ကမ္ဘာဦး ၃:၆) ဘာရလဒ် ရသလဲ။ ကိုယ့်စံနှုန်းတွေအတိုင်း နေလို့ လူတွေ ပျော်ကြသလား။ မပျော်ကြပါဘူး။ ဘုရားစံနှုန်းတွေကို လျစ်လျူရှုတာက တည်မြဲတဲ့ ငြိမ်သက်မှု၊ ပျော်ရွှင်မှု မရစေကြောင်း သမိုင်းက သက်သေထူတယ်။—ဒေသနာ ၈:၉

ကျွန်တော်တို့ နောက်ခံ ဘယ်လိုပဲ ရှိပါစေ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်အောင် ကူညီပေးမယ့် လမ်းညွှန်ချက်တွေ ကျမ်းစာမှာ ပါတယ်။ (၂ တိမောသေ ၃:၁၆၊ ၁၇။ “ လူတိုင်းအတွက် စာအုပ်” လေးထောင့်ကွက်ကို ကြည့်ပါ။) ကျမ်းစာမှာ ဘယ်လို လမ်းညွှန်ထားသလဲ သုံးသပ်ကြည့်ပါ။

ကျမ်းစာကို “ဘုရားသခင်ရဲ့ တရားစကား” လို့ ဘာကြောင့် တပ်အပ်ပြောနိုင်ကြောင်း ထပ်လေ့လာကြည့်ပါ။—၁ သက်သာလောနိတ် ၂:၁၃သမ္မာကျမ်းစာရဲ့ အာဘော်ရှင်က ဘယ်သူလဲ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။

ဘုရားလမ်းညွှန်ချက်တွေကို ကျမ်းစာမှာ ဖော်ပြထားပုံ

လူတွေကို ဘုရား ဆက်ဆံပုံအကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ ဘယ်အရာတွေကို မှန်တယ်၊ မှားတယ်၊ အကျိုးရှိတယ်၊ အန္တရာယ်ရှိတယ်လို့ ဘုရား သဘောထားကြောင်း ကျမ်းစာဖော်ပြချက်တွေက သဘောပေါက်စေတယ်။ (ဆာလံ ၁၉:၇၊ ၁၁) ကျမ်းစာကနေ သင်ယူရရှိတဲ့ သင်ခန်းစာတွေဟာ ခေတ်ကာလမရွေး အကျိုးပြုတယ်။ နေ့စဉ်အသက်တာမှာ အမှားအမှန်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ကူညီပေးတယ်။

ဥပမာ၊ “ဉာဏ်ပညာရှိသူနဲ့ ပေါင်းဖော်ရင် ဉာဏ်ပညာ ရှိလာမယ်။ လူမိုက်နဲ့ ပေါင်းဖော်ရင်တော့ ဒုက္ခလှလှ တွေ့လိမ့်မယ်” လို့ ပညာအလိမ္မာ ၁၃:၂၀ မှာ ဆိုထားတယ်။ ဒီကျမ်းစာအဆိုဟာ ရှေးအချိန်မှာ မှန်ကန်ခဲ့သလို ဒီနေ့အချိန်မှာလည်း မှန်ကန်တယ်။ ဒီလိုမျိုး လက်တွေ့ကျပြီး တန်ဖိုးရှိတဲ့ သင်ခန်းစာတွေ ကျမ်းစာမှာ အပြည့်ပဲ။—“ ခေတ်ကာလမရွေး အကျိုးပြုတဲ့ ကျမ်းစာလမ်းညွှန်ချက်” လေးထောင့်ကွက်ကို ကြည့်ပါ။

‘ကျမ်းစာလမ်းညွှန်ချက်တွေဟာ ကိုယ့်အတွက် အကျိုးရှိမယ်ဆိုတာ ဘယ်လို စိတ်ချနိုင်မလဲ’ လို့ စဉ်းစားမိမယ်။ နောက်ဆောင်းပါးမှာ ဖြစ်ရပ်မှန်တချို့ သုံးသပ်သွားပါမယ်။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်ပါတယ်။—ဆာလံ ၈၃:၁၈