မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အားပေးမှုဖြစ်စေတဲ့ မေတ္တာကို ဆက်ပြနေပါ

အားပေးမှုဖြစ်စေတဲ့ မေတ္တာကို ဆက်ပြနေပါ

‘မေတ္တာ​ဟာ အားပေးမှု ဖြစ်စေတယ်။’—၁ ကော. ၈:၁

သီချင်း– ၁၀၉၊ ၁၂၁

၁။ ယေရှု​ မသေဆုံးခင် နောက်ဆုံး​ညမှာ အရေး​ကြီးတဲ့ ဘယ်​အကြောင်း​ကို ဆွေးနွေးခဲ့​သလဲ။

ယေရှု​ မသေဆုံးခင် နောက်ဆုံး​ညမှာ မေတ္တာ​အကြောင်း​ အကြိမ် ၃၀ နီးပါး ပြောခဲ့တယ်။ အထူးသဖြင့် “အချင်းချင်း ချစ်” ဖို့ တပည့်​တွေကို တိုက်တွန်း​တယ်။ (ယော. ၁၅:၁၂၊ ၁၇) အချင်းချင်းချစ်​တဲ့ မေတ္တာ​က နောက်လိုက်စစ်တွေ​ဖြစ်ကြောင်း သိသာ​ထင်ရှား​စေ​ပါလိမ့်မယ်။ (ယော. ၁၃:၃၄၊ ၃၅) အဲဒီ​မေတ္တာ​ဟာ ခံစား​ချက်​သက်​သက် မဟုတ်​ဘဲ ကိုယ်ကျိုးစွန့်​မေတ္တာ ဖြစ်တယ်။ “မိတ်ဆွေ​တွေ​အတွက်​ အသက်စွန့်​တာ​ထက် ပို​မွန်မြတ်တဲ့ မေတ္တာ​ဆိုတာ မရှိ​ဘူး။ ကျွန်တော့်​ပညတ်ကို လိုက်နာမယ်​ဆိုရင် ခင်ဗျား​တို့ဟာ ကျွန်တော့်​မိတ်ဆွေ​တွေ​ပဲ” လို့ ယေရှု​ ပြောတယ်။—ယော. ၁၅:၁၃၊ ၁၄

၂။ (က) ဘုရား​လူမျိုးအလယ်​မှာ ဘာ​တွေ့ရသလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘယ်မေးခွန်းတွေကို ဆွေးနွေး​ကြမလဲ။

ဘုရား​သခင့် ကျေးကျွန်တွေရဲ့ စစ်မှန်တဲ့ ကိုယ်ကျိုးစွန့်​မေတ္တာနဲ့ စည်းလုံးမှုက ဘုရား​လူမျိုး​ဖြစ်ကြောင်း ခွဲခြား​ဖော်ပြတယ်။ (၁ ယော. ၃:၁၀၊ ၁၁) ဘယ်​လူမျိုး၊ ဘာသာ​စကား​၊ နောက်ခံ​ပဲ​ဖြစ်ဖြစ် ယေဟော​ဝါရဲ့ လူမျိုးအလယ်​မှာ ခရစ်တော်​လို မေတ္တာ​မျိုး ရှိနေတာ ကျေးဇူးတင်စရာ​ပါပဲ။ ‘အထူးသဖြင့် ဒီနေ့ခေတ်မှာ မေတ္တာ​ရှိဖို့ ဘာကြောင့် လိုသလဲ။ ယေဟော​ဝါနဲ့ ယေရှု​က မေတ္တာနဲ့ ဘယ်လို အားပေး​သလဲ။ ခရစ်တော်​လို​ပဲ “အားပေးမှု​ဖြစ်စေ” တဲ့​မေတ္တာ ဘယ်လို ပြနိုင်သလဲ’ လို့ သင် တွေးမိ​နိုင်တယ်။—၁ ကော. ၈:၁

အခု​အချိန်​မှာ မေတ္တာ​ရှိဖို့ ဘာကြောင့် လိုအပ်

၃။ “နောက်ဆုံး​ကာလ” က လူတွေ​အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။

ဒီ “နောက်ဆုံး​ကာလ” မှာ ဘဝဟာ “ဒုက္ခတွေ၊ ဝမ်းနည်းစရာ​တွေ​နဲ့​ပဲ ပြည့်နေ” တဲ့​အတွက်​ လူတွေ စိတ်သောက​အမျိုးမျိုး ခံစား​နေရတယ်။ (ဆာ. ၉၀:၁၀။ ၂ တိ. ၃:၁-၅) နှစ်​တိုင်း လူပေါင်း ၈၀၀,၀၀၀ ကျော် ကိုယ့်ကိုယ်ကိုယ် သတ်​သေ​ကြတယ်။ စက္ကန့် ၄၀ မှာ တစ်ယောက်​နှုန်း​ပါပဲ။ ခရစ်ယာန်​တချို့​တောင် ဖိစီး​မှုတွေ​ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်​သေကြ​တာ ဝမ်းနည်းစရာ​ပဲ။

၄။ ကျမ်းစာ​ခေတ်​တုန်း​က ဘယ်သူတွေ သေဆုံး​ချင်​ခဲ့ကြသလဲ။

ကျမ်းစာ​ခေတ်​တုန်း​က ဘုရား​သခင့် သစ္စာရှိ​ကျေးကျွန်​တချို့​လည်း စိတ်ဖိစီးမှု​ကြောင့် သေဆုံး​ချင်​ခဲ့ကြတယ်။ ဥပမာ၊ ယောဘ​က “အသက်ရှင်​ရတာကို ရွံမုန်း​လှ​ပြီ။ ဆက်​အသက် မ​ရှင်​ချင်​တော့​ဘူး” လို့ ညည်း​တယ်။ (ယောဘ ၇:၁၆။ ၁၄:၁၃) ယောန​က စိတ်ဓာတ်ကျ​တဲ့​အတွက်​ “ယေဟော​ဝါ​ဘုရား​၊ အခု ကျွန်တော့်​အသက်ကို နုတ်ယူ​လိုက်ပါ​တော့။ အသက်ရှင်နေ​ရတာထက် သေသွား​တာ​ကမှ ပို​ကောင်း​ဦး​မယ်” လို့ ပြောတယ်။ (ယောန ၄:၃) တစ်ကြိမ်​မှာ သစ္စာရှိ​ပရောဖက် ဧလိယ​က​လည်း “ယေဟော​ဝါ​ဘုရား​၊ ကျွန်တော့်​အသက်ကို ရုပ်သိမ်း​လိုက်ပါ​တော့။ ကျွန်တော်​ အသက်မရှင်​ချင်​တော့​လို့​ပါ” လို့ ပြောတယ်။ (၁ ဘု. ၁၉:၄) ယေဟော​ဝါ​က သူတို့ကို တန်ဖိုးထား​ပြီး ဆက်​အသက်ရှင်​စေချင်တယ်။ သူတို့ရဲ့​ခံစား​ချက်ကို အပြစ်​တင်​မယ့်​အစား သေချင်စိတ်​ကို အနိုင်ယူဖို့ ကူညီ​ပေးတယ်။ သစ္စာရှိ​ရှိ ဆက်​အမှု​ဆောင်​နိုင်ဖို့ မေတ္တာနဲ့ အားပေး​တယ်။

၅။ အထူးသဖြင့် အခု​အချိန်​မှာ ညီအစ်ကို/မ​တွေ ဘာကြောင့် မေတ္တာ လို​နေသလဲ။

ညီအစ်ကို/မ​တွေဟာ လက်လျှော့​လိုက်တဲ့​အထိ မဖြစ်​ရင်တောင် ဖိစီးမှု​များတဲ့ အခြေအနေတွေကြောင့် မေတ္တာပါပါ အားပေးဖို့ လို​နေတယ်။ တချို့​က နှိပ်စက်​ညှဉ်းပန်းမှု၊ ကဲ့ရဲ့​လှောင်ပြောင်မှု ကြုံနေ​ရတယ်။ တချို့​က အလုပ်မှာ ပြစ်တင်​ဝေဖန်ခံ​နေရတယ်။ အချိန်​ပို ဆင်း​ရလို့၊ အချိန်​မီ​ပြီး​ရမယ့် အလုပ်တွေ များ​လွန်း​လို့ ပင်ပန်း​နွမ်း​နယ်​နေကြတယ်။ တချို့​က အိမ်ထောင်ရေး ပြဿနာ၊ မယုံကြည်သူ အိမ်ထောင်ဖက်​ရဲ့ ဆန့်ကျင်​မှု​ကြောင့် စိတ်ပန်းလူပန်း ဖြစ်နေကြတယ်။ သူတို့ ရှေ့​ဆက်​နိုင်ဖို့ ဘယ်သူ ကူညီ​ပေး​မလဲ။

ယေဟော​ဝါ​က မေတ္တာနဲ့ အားပေး

၆။ ယေဟော​ဝါ​က ကျေးကျွန်တွေကို မေတ္တာနဲ့ ဘယ်လို​အားပေး​ သလဲ။

ယေဟော​ဝါ​က မိမိ​ကျေးကျွန်တွေကို အမြဲ​ချစ်​မယ်လို့ ကတိပေး​ပြီး အားပေးတယ်။ “မင်းဟာ ငါ့​အတွက်​ တန်ဖိုး​ရှိတယ်။ ဒါကြောင့်​ မင်းကို ဂုဏ်တင်​ခဲ့​တယ်၊ ချစ်ခဲ့တယ်။ . . . မကြောက်​နဲ့။ မင်းနဲ့​အတူ​ ငါ​ရှိတယ်” ဆိုတဲ့ ယေဟော​ဝါရဲ့ စကား​က သစ္စာရှိ အစ္စရေးတွေကို အတော်​အားရှိစေ​မှာ​ပဲ။ (ဟေရှာ. ၄၃:၄၊ ၅) ယေဟော​ဝါရဲ့ ကျေးကျွန်​တစ်ယောက်​အနေနဲ့ သင်လည်း ဘုရား​မေတ္တာကို စိတ်ချ​နိုင်တယ်။ * ‘တန်ခိုးကြီးတဲ့​အရှင်​က မင်းကို ကယ်တင်​လိမ့်မယ်။ မင်း​ကြောင့် အကြီးအကျယ် အားရ​ရွှင်လန်း​လိမ့်မယ်’ လို့ ကျမ်းစာမှာ ကတိ​ပေးတယ်။—ဇေ. ၃:၁၆၊ ၁၇

၇။ ယေဟော​ဝါရဲ့ မေတ္တာ​ဟာ မိခင်​မေတ္တာနဲ့ ဘယ်လို ဆင်တူ​သလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

မိမိ​လူတွေ ဘယ်လို စမ်းသပ်မှု​ပဲ ကြုံနေ​ပါစေ အားပေး​နှစ်သိမ့်​မယ်လို့ ယေဟော​ဝါ ကတိ​ပေးတယ်– ‘မင်းတို့ ချီပိုက်​ခံရလိမ့်မယ်။ ဒူး​ပေါ်မှာ ခုန်​ဆွ​နေလိမ့်မယ်။​ မိခင်​က သားကို နှစ်သိမ့်​ပေး​သလို ငါကလည်း မင်း​တို့ကို နှစ်သိမ့်​ပေးမယ်။’ (ဟေရှာ. ၆၆:၁၂၊ ၁၃) ကလေး​ကို မိခင် ချီပိုက်​ပြီး ဒူး​ပေါ် ချော့မြှူ​တဲ့ မြင်ကွင်း​ဟာ စိတ်​ကြည်နူးစရာ​ပါပဲ။ ဒီနည်းနဲ့ စစ်မှန်တဲ့ ဝတ်ပြု​သူ​တွေ​အပေါ် ဘုရား​သခင်​ရဲ့ အကြင်နာ​မေတ္တာ​ကြီးမား​ပုံကို ပုံဖော်​ထားတယ်။ သင်ဟာ ယေဟော​ဝါ​အတွက်​ တန်ဖိုး​ရှိတယ်ဆိုတာ စိတ်ချပါ။—ယေ. ၃၁:၃

၈၊ ၉။ ယေရှု​ရဲ့ မေတ္တာ​က ဘယ်လို ခွန်အားပေး​နိုင်သလဲ။

ဘုရား​သခင့်​မေတ္တာကို သိရ​တဲ့ နောက်​အကြောင်း​ရင်း ရှိတယ်– “ဘုရား​သခင်​က လူ့​လောက​ကို အလွန်​ချစ်တယ်။ ဒါကြောင့်​ မိမိ​ရဲ့​သားကို ယုံကြည်​သက်ဝင်​သူ​တိုင်း ဖျက်ဆီး​မခံရ​ဘဲ ထာဝရ​အသက်​ရနိုင်ဖို့ အဲဒီ​တစ်ဦးတည်းသော သားကို​တောင် ပေးအပ်ခဲ့တယ်။” (ယော. ၃:၁၆) ယေရှု​လည်း အသက်ပေး​တဲ့​အထိ ကျွန်တော်​တို့ကို ချစ်တယ်။ အလွန်​အားရှိစရာ​ပါပဲ။ “ဒုက္ခရောက်​ခြင်း၊ စိတ်​ဆင်းရဲခြင်း” က​တောင် ‘ခရစ်တော်ရဲ့ မေတ္တာကို မခံစား​ရ​အောင် မတားဆီး​နိုင်’ ဘူးလို့ ကျမ်းစာမှာ ကတိပြု​ထားတယ်။—ရော. ၈:၃၅၊ ၃၈၊ ၃၉

စိတ်ပန်းလူပန်း​ဖြစ်ပြီး ဘုရား​ရေးရာ​ဘက် ချုံးချုံးကျ​စေတဲ့ စမ်းသပ်မှုတွေနဲ့ လုံးပန်း​နေရ​ချိန်မှာ ခရစ်တော်ရဲ့ မေတ္တာ​က ခံနိုင်ရည်ရှိဖို့ ခွန်အား​ပေးတယ်။ (၂ ကောရိန္သု ၅:၁၄၊ ၁၅ ကိုဖတ်ပါ။) ယေရှု​ရဲ့ မေတ္တာ​က သဘာဝဘေး၊ နှိပ်စက်​ညှဉ်းပန်းမှု၊ စိတ်ဓာတ်ကျ​မှု၊ စိုးရိမ်​ပူပန်မှု​စတဲ့ ပြဿနာတွေ ရင်ဆိုင်​ရချိန်မှာ​တောင် အရှုံးမပေး​ဖို့ ခွန်အား​ပေးတယ်။

ကျွန်တော်​တို့ရဲ့ မေတ္တာကို ညီအစ်ကို​တွေ လိုအပ်

ယေရှု​ရဲ့ ပုံသက်သေကို လေ့လာခြင်းက သင့်ကို လှုံ့ဆော်ပေးနိုင် (အပိုဒ် ၁၀၊ ၁၁ ကို​ကြည့်ပါ)

၁၀၊ ၁၁။ စိတ်ဓာတ်ကျ​နေ​သူတွေကို အားပေးဖို့ ဘယ်သူတွေ​မှာ တာဝန်​ရှိသလဲ။ ရှင်းပြပါ။

၁၀ ယေဟော​ဝါ မေတ္တာနဲ့ အားပေးတဲ့ နည်းတစ်နည်း​ကတော့ ခရစ်ယာန်​အသင်း​တော်​အားဖြင့်​ပါပဲ။ ညီအစ်ကို/မ​တွေကို ချစ်ခြင်း၊ ဘုရား​ရေးရာ​ပိုင်း​သာမက စိတ်ပိုင်း​ကို​ပါ အားပေးခြင်း​အားဖြင့် ဘုရား​မေတ္တာကို တုပ​နိုင်တယ်။ (၁ ယော. ၄:၁၉-၂၁) “အခုလိုပဲ အချင်းချင်း ဆက်ပြီး နှစ်သိမ့်​အားပေးနေ​ကြပါ” လို့ ခရစ်ယာန်တွေကို တမန်တော်​ပေါလု​ တိုက်တွန်း​တယ်။ (၁ သက်. ၅:၁၁) အကြီးအကဲ​တွေ​သာ မဟုတ်​ဘဲ ညီအစ်ကို/မ​အားလုံး အချင်းချင်း နှစ်သိမ့်​အားပေးခြင်း​အားဖြင့် ယေဟော​ဝါနဲ့ ယေရှု​ကို တုပ​နိုင်တယ်။ရောမ ၁၅:၁၊ ၂ ကိုဖတ်ပါ။

၁၁ အသင်း​တော်မှာ စိတ်ပိုင်း မကျန်းမာ​သူတချို့​ ဆေးကု​ဖို့ လိုအပ်​နိုင်တယ်။ (လု. ၅:၃၁) အကြီးအကဲ​တွေ​နဲ့ တခြား​သူတွေဟာ ကျွမ်းကျင်တဲ့ စိတ်ရောဂါ​ကု ဆရာဝန်တွေ မဟုတ်​ကြဘူး။ ဒါပေမဲ့​ “စိတ်ဓာတ်ကျ​နေ​သူတွေကို ကြင်ကြင်နာနာ ပြောဖို့၊ အားနည်း​သူတွေကို ထောက်မ​ဖို့၊ လူတိုင်းကို စိတ်ရှည်​ဖို့” လိုတယ်။ (၁ သက်. ၅:၁၄) ခရစ်ယာန်​အားလုံးဟာ စိတ်ဓာတ်ကျ​နေ​သူတွေကို စာနာ​မှု​ပြ​ခြင်း၊ စိတ်ရှည်ခြင်း၊​ ကြင်ကြင်​နာနာ ပြော​ခြင်းအားဖြင့် အားပေးဖို့ လိုတယ်။ သင်ဟာ နှစ်သိမ့်​အားပေး​တတ်​သူလား။ အားပေး​တဲ့​အခါ​ ပို​ထိရောက်​ဖို့ ဘာ​လုပ်နိုင်သလဲ။

၁၂။ အသင်း​တော်ရဲ့ မေတ္တာပြ​မှု​ကြောင့် အားရှိသွား​သူ​တစ်ဦး​အကြောင်း​ ပြောပြပါ။

၁၂ စိတ်ဝေဒနာ ခံစား​နေရ​သူတွေကို မေတ္တာနဲ့ ဘယ်လို အားပေး​နိုင်သလဲ။ ဥရောပ​မှာ​ရှိတဲ့ ညီအစ်မ​တစ်ယောက်က “ကိုယ့်ကိုယ်ကိုယ် သတ်​သေ​ဖို့ တစ်ခါတလေ တွေးမိတယ်။ ဒါပေမဲ့​ အထောက်အမ​ကောင်း​တွေ ရထားတယ်။ အသင်း​တော်က ညီအစ်ကို/မ​တွေ အမြဲ​အားပေးပြီး မေတ္တာပြ​ကြတယ်။ ကျွန်မ​မှာ စိတ်ကျ​ရောဂါ ရှိတာကို လူ​နည်းနည်း​ပဲ သိပေမဲ့ အသင်း​တော်​တစ်ခုလုံး​က ဂရုစိုက်​ကြတယ်။ မောင်နှံ​တစ်စုံ​ဆိုရင် မိဘတွေ​လို​ပဲ။ ကျွန်မ​အတွက်​ တစ်ရက်​ကို ၂၄ နာရီ​ အသင့်ရှိနေ​ကြတယ်” လို့​ပြောတယ်။ လူတိုင်း တစ်​ပုံစံ​တည်း ထောက်မ​နိုင်မှာ​တော့ မဟုတ်​ဘူး။ ဒါပေမဲ့​ စိတ်ရင်းမှန်နဲ့ ကူညီ​ပေးတာ​က စိတ်ဝေဒနာ ခံစား​နေရ​သူတွေ​အတွက်​ အများကြီး အထောက်အကူ ဖြစ်စေ​ပါတယ်။ *

တခြား​သူတွေကို မေတ္တာနဲ့ အားပေးနိုင်​ပုံ

၁၃။ တခြား​သူတွေကို အားပေးနိုင်​ဖို့ ဘာလုပ်ရမလဲ။

၁၃ ကောင်းစွာ နားထောင်​ပေးပါ။ (ယာ. ၁:၁၉) စာနာ​မှု​ရှိ​ရှိ နားထောင်ပေး​ခြင်း​ဟာ မေတ္တာပြ​ခြင်း​ဖြစ်တယ်။ စိတ်ဓာတ်ကျ​နေ​သူရဲ့ ခံစား​ချက်ကို နားလည်​နိုင်ဖို့ လိမ္မာ​ပါးနပ်​စွာ မေးခွန်း​မေး​နိုင်တယ်။ ဒါမှ သူ့ကို ကိုယ်ချင်းစာ​ပြီး အားပေး​နိုင်မယ်။ သင့်​မျက်နှာ​အမူအရာ​မှာ စိတ်ရင်းမှန်နဲ့ စိုးရိမ်​ကြောင်း ပေါ်လွင်​နေ​သင့်တယ်။ စိတ်ရှည်ပါ။ ကြားဖြတ်​မပြောပါနဲ့။ စိတ်ရှည်​စွာ နားထောင်ပေး​ခြင်းက ခံစား​ချက်ကို ပို​နားလည်စေ​နိုင်တယ်။ စိတ်ဓာတ်ကျ​နေ​သူက သင့်ကို ယုံကြည်​စိတ်ချ​လာပြီး သင့်​အားပေး​စကား​ကို နားထောင်ချင် လာပါလိမ့်မယ်။ မေတ္တာပါပါ တကယ်​ဂရုစိုက်​ကြောင်း ပြ​ခြင်းက သူ့ကို နှစ်သိမ့်​ပေးနိုင်ပါတယ်။

၁၄။ ဝေဖန်​တဲ့ သဘောထားကို ဘာကြောင့် ရှောင်​ရမလဲ။

၁၄ ဝေဖန်​တဲ့​သဘောထားကို ရှောင်ပါ။ စိတ်ဓာတ်ကျ​နေ​သူတွေကို ဝေဖန်တာ​က ဝေဒနာ​ကို ပိုဆိုး​စေနိုင်တယ်။ မေတ္တာနဲ့ အားပေးဖို့ ကြိုးစားတာ​ကို အချည်းနှီး​ဖြစ်သွား​စေနိုင်တယ်။ “မစဉ်းစား​ဘဲ​ပြောတဲ့ စကား​ဟာ ဓားနဲ့​ထိုးသလိုပဲ။ ဉာဏ်ပညာ​ရှိသူရဲ့ စကား​ကတော့ ဒဏ်ရာကို​တောင် ပျောက်ကင်းစေတယ်။” (ပညာ. ၁၂:၁၈) စိတ်ဓာတ်ကျ​နေ​သူကို စကား​နာ “ထိုး” ဖို့ မရည်ရွယ်​ပေ​မဲ့ အမှတ်တမဲ့ “ထိုး” မိ​တဲ့အခါ​ အတော် နာကျင်စေ​နိုင်တယ်။ မေတ္တာနဲ့ အားပေးနိုင်​ဖို့ သူ့​နေရာမှာ အတတ်နိုင်ဆုံး ဝင်​ခံစား​ပေး​ပြီး စာနာ​ပေးဖို့ လိုတယ်။—မ. ၇:၁၂

၁၅။ တခြား​သူတွေကို မေတ္တာနဲ့ အားပေးဖို့ ဘယ်​ကိရိယာ​ကို သုံးနိုင်​သလဲ။

၁၅ ကျမ်းစာနဲ့ နှစ်သိမ့်​ပေးပါ။ (ရောမ ၁၅:၄၊ ၅ ကိုဖတ်ပါ။) ကျမ်းစာဟာ “ခံနိုင်ရည်နဲ့ နှစ်သိမ့်မှု ပေးသနားတဲ့ ဘုရား​သခင်​” ဆီက ဖြစ်လို့ နှစ်သိမ့်မှု ပေးနိုင်တယ်။ ကျမ်းစာ​လေ့လာမှု လမ်းညွှန် လို​မျိုး လေ့လာမှု​အထောက်အကူ​များစွာလည်း ရှိတယ်။ အဲဒါ​တွေက ပြဿနာ​အမျိုးမျိုးကို ရင်ဆိုင်​ဖြေရှင်းဖို့ အားပေးမှု​ဖြစ်စေတဲ့ ကျမ်းချက်တွေ၊ စာပေ​တွေကို ရှာတွေ့​စေနိုင်တယ်။

၁၆။ စိတ်ဓာတ်ကျ​နေ​သူကို အားပေးတဲ့​အခါ​ ဘယ်အရည်အသွေးတွေ လိုသလဲ။

၁၆ ကရုဏာ​ရှိပါ၊ ကြင်နာ​ပါ။ ယေဟော​ဝါဟာ “ကရုဏာ​ကြီးတဲ့​အဖ၊ နှစ်သိမ့်ခြင်း​အမျိုးမျိုး​ရဲ့ အရှင်” ဖြစ်ပြီး ကျေးကျွန်တွေကို “ကရုဏာ” ပြတယ်။ (၂ ကောရိန္သု ၁:၃-၆ ကိုဖတ်ပါ။ လု. ၁:၇၈။ ရော. ၁၅:၁၃) ဒီ​ကဏ္ဍ​မှာ ပေါလု​ ပုံသက်သေ​ကောင်း ပြခဲ့​တယ်။ “နို့တိုက်​မိခင်​က ရင်သွေး​ကို တ​ယု​တ​ယ ပြုစု​သလို ကျွန်တော်​တို့လည်း ခင်ဗျား​တို့ကို တ​ယု​တ​ယ ဆက်ဆံ​ခဲ့​တယ်။ ခင်ဗျား​တို့ကို ချစ်ခင်​မြတ်နိုး​လွန်း​လို့ ဘုရား​သခင်​ရဲ့ သတင်းကောင်းကို ဝေမျှ​ဖို့​သာမက အသက်ကို​ပေးဖို့​တောင် အသင့်​ပါပဲ။ ခင်ဗျား​တို့ဟာ ကျွန်တော်​တို့ ချစ်မြတ်နိုး​ရသူတွေ ဖြစ်​လာလို့​ပါ” ဆိုပြီး သူ​ရေး​တယ်။ (၁ သက်. ၂:၇၊ ၈) ကျွန်တော်​တို့​က ဘုရား​လို ကရုဏာ​ပြမယ်​ဆိုရင် စိတ်ဓာတ်ကျ​နေ​သူရဲ့ ဆုတောင်း​ချက်ကို အဖြေ​ရစေ​နိုင်တယ်။

၁၇။ ညီအစ်ကို/မ​တွေကို မျှမျှတတ ရှုမြင်ခြင်း​က အားပေးဖို့ ဘယ်လို ကူညီ​ပေး​သလဲ။

၁၇ ညီအစ်ကို​တွေ​ဆီက  ပြည့်ဝ​စုံလင်မှု​ကို မမျှော်လင့်ပါနဲ့။ ညီအစ်ကို/မ​တွေကို မျှမျှတတ ရှုမြင်​ပါ။ ခြောက်ပြစ်ကင်း သဲ​လဲ​စင်​ဖြစ်ဖို့ မျှော်လင့်​တာ​ဟာ လက်တွေ့​မကျတဲ့​အပြင် စိတ်ပျက်​စေနိုင်တယ်။ (ဒေ. ၇:၂၁၊ ၂၂) ယေဟော​ဝါဟာ ကျေးကျွန်​တွေဆီကနေ လက်တွေ့ကျကျ မျှော်လင့်တယ်။ ဘုရား​သခင်​ရဲ့ ပုံသက်သေကို တုပ​မယ်​ဆိုရင် တခြား​သူတွေရဲ့ မစုံလင်မှုတွေကို သည်းခံ​နိုင်​ပါလိမ့်မယ်။ (ဧ. ၄:၂၊ ၃၂) အတတ်နိုင်ဆုံး မ​လုပ်​ဘူးလို့ ထင်​စေမယ့်​အစား ချီးမွမ်း​ပေးပါ။ တခြား​သူ​တွေ​နဲ့ မနှိုင်းယှဉ်ပါနဲ့။ စိတ်ရင်းမှန်နဲ့ ချီးမွမ်း​တာ​က အားရှိ​စေနိုင်တယ်။ အမှု​တော်မှာ “ပျော်ရွှင်​ကျေနပ်” ဖို့ ကူညီ​ပေးနိုင်တယ်။—ဂ​လ. ၆:၄

၁၈။ တခြား​သူတွေကို ဘာကြောင့် မေတ္တာနဲ့ အားပေး​ချင်​ကြသလဲ။

၁၈ ယေဟော​ဝါနဲ့ ယေရှု​က ကျွန်တော်​တို့ တစ်ယောက်စီကို အလွန်​တန်ဖိုး​ထားတယ်။ (ဂ​လ. ၂:၂၀) ညီအစ်ကို/မ​တွေကို ကျွန်တော်​တို့ သိပ်​ချစ်လို့ မေတ္တာနဲ့ ကြင်နာစွာ ဂရုစိုက်​ချင်တယ်။ ဒါကြောင့်​ “ငြိမ်သက်ခြင်း​ရှိစေတဲ့​အရာ၊ အားပေးမှု​ဖြစ်စေတဲ့​အရာတွေကို လုပ်ဆောင်ဖို့ အစွမ်းကုန် ကြိုးစား​ကြစို့။” (ရော. ၁၄:၁၉) လာမယ့်​ပရဒိသုမှာ စိတ်ဓာတ်ကျ​စ​ရာ​အကြောင်း​ လုံးဝ ရှိတော့မှာ မဟုတ်​ဘူး။ စစ်၊ သေခြင်း၊ ဖျားနာမှု၊ နှိပ်စက်​ညှဉ်းပန်းမှု၊ အိမ်တွင်းရေး ပြဿနာ၊ စိတ်ဓာတ်ကျ​စရာတွေ ရှိတော့မှာ မဟုတ်​ဘူး။ အနှစ်​တစ်ထောင် ကုန်​တဲ့အခါ​ လူတွေ ပြည့်ဝ​စုံလင်​လာမယ်။ နောက်ဆုံး​စမ်းသပ်မှုကို အောင်မြင်သူ​တွေဟာ ယေဟော​ဝါ​ဘုရား​ရဲ့ မြေကြီးဆိုင်ရာ သားသမီးတွေ​အဖြစ်​ မွေးစား​ခံရပြီး “ဘုရား​သခင့် သားသမီးတွေရဲ့ ဘုန်းအသရေ​နဲ့​ပြည့်စုံတဲ့ လွတ်လပ်မှုကို ခံစား​ရမယ်။” (ရော. ၈:၂၁) ကျွန်တော်​တို့​အားလုံး ကမ္ဘာသစ်​ထဲ ဝင်ရောက်​နိုင်ဖို့ အချင်းချင်း​ကို မေတ္တာနဲ့ ဆ​က်​အားပေး​ကြပါစို့။

^ အပိုဒ်၊ 12 သေကြောင်းကြံ​ခြင်းနဲ့​ပတ်သက်တဲ့ ဆောင်းပါး​တွေကို “အသက်ဆက်ရှင်​သင့်တဲ့ အကြောင်း​ရင်း သုံးချက်” (ဧပြီ ၂၀၁၄)၊ “အသက်ရှင်​ရကျိုးနပ်” (စက်တင်ဘာ ၈၊ ၂၀၀၂) နိုးလော့! မှာ ကြည့်ပါ။