လေ့လာရန် ဆောင်းပါး ၂၀
အမှုဆောင်လုပ်ငန်းမှာ အပြုသဘောထား ဆက်ရှိနေပါ
“မျိုးစေ့ကြဲပါ။ . . . လက်ကို အနားမပေးပါနဲ့။”—ဒေ. ၁၁:၆။
သီချင်း ၇၀ ထိုက်တန်သူတို့ကို ရှာဖွေပါ
အကြိုသုံးသပ်ချက် a
ယေရှု ကောင်းကင် တက်သွားပြီးနောက် ဂျေရုဆလင်မြို့နဲ့ တခြားမြို့တွေမှာ တပည့်တွေ ဇွဲထက်သန်စွာ ဟောပြောကြ (စာပိုဒ် ၁ ကိုကြည့်ပါ)
၁။ နောက်လိုက်တွေအတွက် ယေရှု ဘယ်ပုံသက်သေ ချမှတ်ခဲ့သလဲ။ နောက်လိုက်တွေ ဘယ်လို တုံ့ပြန်သလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
ယေရှုဟာ မြေကြီးပေါ် အမှုဆောင်ချိန်တစ်လျှောက် အပြုသဘောထား ဆက်ရှိနေတယ်။ နောက်လိုက်တွေကိုလည်း အမှုဆောင်မှာ အပြုသဘောထား ဆက်ရှိစေချင်တယ်။ (ယော. ၄:၃၅၊ ၃၆) တပည့်တွေဟာ ယေရှုနဲ့ အတူရှိနေချိန်မှာ ဇွဲရှိရှိ ဟောပြောကြတယ်။ (လု. ၁၀:၁၊ ၅-၁၁၊ ၁၇) ဒါပေမဲ့ ယေရှု အဖမ်းခံရ၊ အသတ်ခံရပြီးနောက်မှာ ဟောပြောချင်စိတ် ခဏ ပျောက်ဆုံးသွားတယ်။ (ယော. ၁၆:၃၂) ဒါကြောင့် ဟောပြောခြင်းလုပ်ငန်းကို ပြန်အာရုံစိုက်ဖို့ ယေရှု ထမြောက်ပြီးနောက် တပည့်တွေကို အားပေးတယ်။ ယေရှု ကောင်းကင်တက်ပြီးနောက် တပည့်တွေ ထက်ထက်သန်သန် ဟောပြောကြလို့ “ဂျေရုဆလင်တစ်မြို့လုံးကို မင်းတို့ရဲ့ သွန်သင်ချက် ပြည့်နေအောင် လုပ်လိုက်ကြပြီ” လို့ ရန်သူတွေ ပြောရတဲ့အထိပဲ။—တ. ၅:၂၈။
၂။ ဟောပြောခြင်းလုပ်ငန်းကို ယေဟောဝါ ဘယ်လို ကောင်းချီးပေးသလဲ။
၂ ပထမရာစု ခရစ်ယာန်တွေရဲ့ ဟောပြောခြင်းလုပ်ငန်းကို ယေရှု လမ်းညွှန်ပေးတယ်။ ယေဟောဝါလည်း ကောင်းချီးပေးတယ်။ ဥပမာ၊ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ လူ ၃၀၀၀ လောက် နှစ်ခြင်းခံတယ်။ (တ. ၂:၄၁) တပည့်အရေအတွက် များသည်ထက် များလာတယ်။ (တ. ၆:၇) ဒါပေမဲ့ နောက်ဆုံးကာလမှာ ဟောပြောခြင်းလုပ်ငန်း ပိုအောင်မြင်မယ်လို့ ယေရှု ကြိုပြောခဲ့တယ်။—ယော. ၁၄:၁၂။ တ. ၁:၈။
၃-၄။ ဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်ဖို့ တချို့အတွက် ဘာကြောင့် ခက်နိုင်သလဲ။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၃ ကျွန်တော်တို့အားလုံး အမှုဆောင်လုပ်ငန်းမှာ အပြုသဘောထား ဆက်ရှိဖို့ ကြိုးစားကြတယ်။ နိုင်ငံတချို့မှာတော့ လွယ်တယ်။ ကျမ်းစာ လေ့လာချင်သူ များလွန်းလို့ တချို့ဆို ကိုယ့်အလှည့် ရောက်မယ့်အချိန်ကို စောင့်ရတဲ့အထိပဲ။ နိုင်ငံတချို့မှာတော့ ပိုခက်တယ်။ အိမ်တွေမှာ လူမရှိတာ များတယ်။ ရှိပြန်ရင်လည်း ကျမ်းစာအကြောင်း စိတ်မဝင်စားကြဘူး။
၄ ဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်ဖို့ ခက်တဲ့ ဒေသမှာ သင် နေထိုင်တယ်ဆိုရင် ဒီဆောင်းပါးမှာ ပါတဲ့ အကြံပြုချက်တွေက ကူညီပေးနိုင်ပါတယ်။ အမှုဆောင်လုပ်ငန်းမှာ လူများနိုင်သမျှ များများနဲ့ တွေ့ဖို့ တချို့ ဘာတွေ လုပ်ဆောင်ခဲ့ကြောင်း၊ လူတွေ နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ အပြုသဘောထား ဘယ်လို ဆက်ရှိနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
လူတွေနဲ့ တွေ့ဖို့ ခက်ရင်တောင် အပြုသဘောထား ဆက်ရှိနေပါ
၅။ သက်သေခံများစွာ ဘယ်အခက်အခဲတွေ ကြုံနေရသလဲ။
၅ သက်သေခံများစွာအတွက် အိမ်တွေမှာ လူတွေ့ဖို့ ပိုခက်လာတယ်။ တချို့က လုံခြုံရေး တင်းကျပ်တဲ့ အဆောက်အအုံတွေ ရှိတဲ့ ဒေသမှာ နေထိုင်ကြတယ်။ လုံခြုံရေး ဝန်ထမ်းတွေက အိမ်ရှင်တစ်ယောက်ယောက် ဖိတ်ခေါ်ထားတာ မရှိရင် ဝင်ခွင့်မပြုတာမျိုး ဖြစ်နိုင်တယ်။ သက်သေခံတချို့ကတော့ တစ်အိမ်တက်ဆင်း လွတ်လွတ်လပ်လပ် သွားနိုင်ပေမဲ့ အိမ်တွေမှာ လူသိပ်မတွေ့တော့ဘူး။ တချို့ကျတော့ လူနေကျဲတဲ့၊ ဝေးလံတဲ့ ကျေးလက်ဒေသတွေမှာ ဟောပြောကြရတယ်။ လူရှိမရှိ မသေချာတဲ့ အိမ်လေးတစ်အိမ် ရောက်ဖို့ အဝေးကြီး သွားရနိုင်တယ်။ အဲဒီလို အခက်အခဲတွေ ကြုံနေရတယ်ဆိုရင် လက်မလျှော့ပါနဲ့။ အဲဒီအခက်အခဲတွေကို ကျော်လွှားဖို့၊ အမှုဆောင်မှာ ပိုထိရောက်ဖို့ ဘာတွေ လုပ်နိုင်သလဲ။
၆။ သတင်းကောင်း ဟောပြောသူတွေဟာ ဘယ်နည်းနဲ့ တံငါသည်တွေနဲ့ တူသလဲ။
၆ ယေရှုက ဟောပြောခြင်းလုပ်ငန်းကို တံငါလုပ်ငန်းနဲ့ နှိုင်းယှဉ်ခဲ့တယ်။ (မာ. ၁:၁၇) တံငါသည်တချို့ဟာ ငါးတစ်ကောင်မှ မရတဲ့ နေ့တွေ ရှိနိုင်တယ်။ ဒါပေမဲ့ စိတ်ဓာတ်မကျဘူး။ ငါးဖမ်းတဲ့ အချိန်၊ နေရာ၊ ငါးဖမ်းနည်းကို ပြောင်းလဲကြတယ်။ ကျွန်တော်တို့လည်း အမှုဆောင်လုပ်ငန်းမှာ အလားတူ ပြောင်းလဲမှုတွေ လုပ်နိုင်တယ်။ အကြံပြုချက်တချို့ သုံးသပ်ကြည့်ပါ။
အိမ်မှာ လူသိပ်မရှိတဲ့ ဒေသမှာ ဟောပြောတဲ့အခါ သူတို့နဲ့ တွေ့နိုင်ဖို့ အချိန်၊ နေရာ၊ ဟောပြောနည်းတွေ ပြောင်းကြည့်ပါ (စာပိုဒ် ၇-၁၀ ကိုကြည့်ပါ) c
၇။ အချိန်ပြောင်းပြီး ဟောပြောကြည့်ရင် ဘာရလဒ်တွေ ရနိုင်သလဲ။
၇ လူတွေကို တွေ့ဖို့ အချိန် ပြောင်းကြည့်ပါ။ အိမ်မှာ လူရှိမယ့်အချိန် သွားမှ လူတွေနဲ့ တွေ့နိုင်မယ်။ တစ်ချိန်ချိန်မှာတော့ လူတိုင်း အိမ်ပြန်လာကြရတာပဲ။ ညီအစ်ကို/မများစွာဟာ လူပိုတွေ့နိုင်မယ့် မွန်းလွဲပိုင်း၊ ညနေပိုင်းတွေမှာ ဟောပြောတာ ပိုလက်တွေ့ကျကြောင်း တွေ့ရှိခဲ့ကြတယ်။ အဲဒီလိုအချိန်တွေမှာ အိမ်ရှင်တွေ ပိုအေးအေးဆေးဆေး ဖြစ်နေပြီး လိုလိုလားလား စကားပြောကြတယ်။ အကြီးအကဲ ညီအစ်ကို ဒေးဗစ်ရဲ့ အကြံပြုချက်ကိုလည်း စမ်းကြည့်နိုင်တယ်။ သူနဲ့ သူ့တွဲဖက်က ရပ်ကွက်တစ်ခုမှာ ဟောပြီးနောက် လူမရှိတဲ့ အိမ်တွေကို ပြန်သွားကြတယ်။ “ဒုတိယအကြိမ် ပြန်သွားတဲ့အခါ အိမ်အတော်များများမှာ အိမ်ရှင်တွေနဲ့ တွေ့ရလို့ အံ့ဩမိတယ်” လို့ ဒေးဗစ် ပြောတယ်။ b
အိမ်မှာ လူသိပ်မရှိတဲ့ ဒေသမှာ ဟောပြောတဲ့အခါ သူတို့နဲ့ တွေ့နိုင်ဖို့ အချိန် ပြောင်းကြည့်ပါ (စာပိုဒ် ၇-၈ ကိုကြည့်ပါ)
၈။ ဒေသနာ ၁၁:၆ ကို အမှုဆောင်လုပ်ငန်းမှာ ဘယ်လို ကျင့်သုံးနိုင်သလဲ။
၈ ကျွန်တော်တို့ လက်မလျှော့သင့်ဘူး။ ဒီဆောင်းပါးရဲ့ အဓိကကျမ်းချက်က ကျွန်တော်တို့မှာ ရှိသင့်တဲ့ သဘောထားကို အမှတ်ရစေတယ်။ (ဒေသနာ ၁၁:၆ ကိုဖတ်ပါ။) အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒေးဗစ် လက်မလျှော့ခဲ့ဘူး။ အိမ်တစ်အိမ်ကို အကြိမ်ကြိမ် သွားပြီးနောက်မှ အိမ်ရှင်နဲ့ တွေ့တယ်။ အိမ်ရှင်က ကျမ်းစာအကြောင်း စိတ်ဝင်စားပြီး “ဒီမှာ နေလာတာ ရှစ်နှစ်လောက် ရှိပြီ။ ယေဟောဝါသက်သေတွေ အိမ်ကို ရောက်လာတာ တစ်ခါမှ မကြုံဖူးဘူး” လို့ ပြောတယ်။ “အိမ်မှာ တွေ့ရတဲ့ လူတွေက သတင်းကောင်းကို ပိုနားထောင်လေ့ရှိတယ် ဆိုတာ သိလာတယ်” လို့ ဒေးဗစ် ပြောတယ်။
အိမ်မှာ လူသိပ်မရှိတဲ့ ဒေသမှာ ဟောပြောတဲ့အခါ သူတို့နဲ့ တွေ့နိုင်ဖို့ နေရာ ပြောင်းကြည့်ပါ (စာပိုဒ် ၉ ကိုကြည့်ပါ)
၉။ အိမ်မှာ တွေ့ဖို့ ခက်တဲ့သူတွေနဲ့ ဆုံဖို့ သက်သေခံတချို့ ဘာလုပ်ကြသလဲ။
၉ နေရာ ပြောင်းကြည့်ပါ။ ကြေညာသူတချို့ဟာ အိမ်တွေမှာ လူတွေ့ဖို့ ခက်လာလို့ ဟောပြောတဲ့ နေရာကို ပြောင်းခဲ့ကြတယ်။ ဥပမာ၊ တစ်အိမ်တက်ဆင်း သွားလို့ မရတဲ့ အဆောက်အအုံကြီးတွေမှာ နေထိုင်သူတွေကို တွေ့ဖို့ လမ်းပေါ် သက်သေခံတာ၊ အများရှေ့ သက်သေခံတာတွေဟာ ထိရောက်တဲ့ နည်းတွေ ဖြစ်တယ်။ ဘယ်လိုနည်းနဲ့မှ မတွေ့နိုင်သူတွေကို မျက်နှာချင်းဆိုင် စကားပြောခွင့် ရစေတယ်။ ပန်းခြံ၊ ဈေး၊ စီးပွားရေး ရပ်ကွက်တွေမှာလည်း လူတွေဟာ စကားစမြည် ပြောဖို့၊ စာပေ လက်ခံဖို့ ပိုလိုလိုလားလား ရှိကြောင်း ကြေညာသူများစွာ တွေ့ရှိကြတယ်။ ဘိုလီးဗီးယားနိုင်ငံက တိုက်နယ်ကြီးကြပ်မှူး ဖလိုရန်က “ဈေးနဲ့ စီးပွားရေး ရပ်ကွက်တွေကို အရောင်းအဝယ် ပါးတဲ့ မွန်းလွဲ ၁ နာရီကနေ ၃ နာရီကြားမှာ သွားတယ်။ လူတွေနဲ့ စကား ကောင်းကောင်း ပြောခွင့်ရပြီး ကျမ်းစာသင်အံမှုတွေတောင် စနိုင်တယ်” လို့ ပြောတယ်။
အိမ်မှာ လူသိပ်မရှိတဲ့ ဒေသမှာ ဟောပြောတဲ့အခါ သူတို့နဲ့ တွေ့နိုင်ဖို့ ဟောပြောနည်း ပြောင်းကြည့်ပါ (စာပိုဒ် ၁၀ ကိုကြည့်ပါ)
၁၀။ လူတွေဆီ ရောက်နိုင်ဖို့ ဘယ်နည်းတွေ သုံးနိုင်သလဲ။
၁၀ ချဉ်းကပ်နည်း ပြောင်းကြည့်ပါ။ တစ်ယောက်ယောက်ကို ဆက်သွယ်ဖို့ အကြိမ်ကြိမ် ကြိုးစားပြီးပြီ ဆိုပါစို့။ အချိန်ပြောင်းပြီး သွားကြည့်တယ်။ ဒါပေမဲ့ အိမ်မှာ မတွေ့ဘူး။ တခြားနည်းတွေ ရှိဦးမလား။ ကက်တရီနာ ဒီလိုပြောတယ်– “အိမ်တွေမှာ တစ်ခါမှ မတွေ့တဲ့သူတွေဆီ စာရေးတယ်။ ပြောပြချင်တဲ့အကြောင်းတွေ ထည့်ရေးတယ်။” ဘာသိရသလဲ။ အမှုဆောင်လုပ်ငန်းမှာ လူတိုင်းဆီ ရောက်နိုင်ဖို့ တစ်နည်းမဟုတ် တစ်နည်းကို စမ်းကြည့်ပါ။
လူတွေ စိတ်မဝင်စားတဲ့အခါ အပြုသဘောထား ဆက်ရှိနေပါ
၁၁။ သတင်းတရားကို လူတချို့ ဘာကြောင့် စိတ်မဝင်စားကြသလဲ။
၁၁ လူတချို့က သတင်းတရားကို စိတ်မဝင်စားကြဘူး။ သူတို့အတွက် ဘုရား ဒါမှမဟုတ် ကျမ်းစာ လိုအပ်တယ်လို့ မခံစားရဘူး။ ကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ ဆင်းရဲဒုက္ခတွေကို မြင်ရလို့ ဘုရားကို မယုံကြတော့ဘူး။ ကျမ်းစာ စံနှုန်းတွေအတိုင်း နေထိုင်တယ်လို့ ပြောတဲ့ ဘာသာရေး ခေါင်းဆောင်တွေရဲ့ အယောင်ဆောင်မှုတွေ တွေ့ရလို့ ကျမ်းစာကို မယုံကြတော့ဘူး။ တချို့ကျတော့လည်း အလုပ်၊ မိသားစု၊ ကိုယ်ရေးကိုယ်တာ ပြဿနာတွေနဲ့ပဲ လုံးပန်းနေပြီး ကျမ်းစာက သူတို့ဘဝကို တိုးတက်စေနိုင်တယ်လို့ မထင်ကြဘူး။ အဲဒီလိုလူတွေနဲ့ တွေ့တဲ့အခါ အမှုဆောင်လုပ်ငန်းမှာ ရွှင်လန်းမှု ဘယ်လို ဆက်ထိန်းထားနိုင်မလဲ။
၁၂။ ဖိလိပ္ပိ ၂:၄ မှာပါတဲ့ စကားတွေကို ကျင့်သုံးခြင်းက အမှုဆောင်လုပ်ငန်းမှာ ဘယ်လို ကူညီပေးနိုင်သလဲ။
၁၂ စိတ်ဝင်စားမှု ပြပါ။ အစပိုင်းမှာ သတင်းကောင်းကို စိတ်မဝင်စားပေမဲ့ ကြေညာသူတွေရဲ့ စိတ်ရင်းမှန်နဲ့ စိတ်ဝင်စားမှုကြောင့် နောက်ပိုင်း လက်ခံတုံ့ပြန်လာသူများစွာ ရှိတယ်။ (ဖိလိပ္ပိ ၂:၄ ကိုဖတ်ပါ။) ဥပမာ၊ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဒေးဗစ် ဒီလိုပြောတယ်– “စိတ်မဝင်စားဘူးလို့ တစ်ယောက်ယောက် ပြောတဲ့အခါ ကျမ်းစာ ဒါမှမဟုတ် ကျမ်းစာစာပေကို အသာလေး ဘေးဖယ်ထားလိုက်ပြီး ‘ဘာကြောင့် စိတ်မဝင်စားတာလဲဆိုတာ သိခွင့် ရှိမလား’ လို့ ကျွန်တော် မေးလေ့ရှိတယ်” ဆိုပြီး ပြောတယ်။ လူတွေက သူတို့ကို စိတ်ဝင်စားမှန်း ခံစားသိရှိနိုင်ကြတယ်။ ကိုယ်ပြောလိုက်တဲ့ စကားကို အတိအကျ မှတ်မိချင်မှ မှတ်မိမယ်။ ဒါပေမဲ့ ကိုယ် ဘယ်လို စိတ်ဝင်စားမှု ပြလိုက်တယ် ဆိုတာကိုတော့ အမြဲ အမှတ်ရနေတတ်တယ်။ ဒါကြောင့် ကျွန်တော်တို့ စကားပြောခွင့် မရလိုက်ရင်တောင် ကိုယ့်ရဲ့ သဘောထားနဲ့ မျက်နှာ အမူအရာအားဖြင့် သူတို့ကို စိတ်ဝင်စားကြောင်း ပြနိုင်တယ်။
၁၃။ အိမ်ရှင်တစ်ယောက်စီရဲ့ လိုအပ်ရာနဲ့အညီ သတင်းတရားကို ဘယ်လို အလိုက်သင့် ပြောင်းလဲနိုင်သလဲ။
၁၃ အိမ်ရှင်တွေရဲ့ လိုအပ်ရာ၊ စိတ်ဝင်စားရာနဲ့အညီ သတင်းတရားကို အလိုက်သင့် ပြောင်းလဲခြင်းအားဖြင့်လည်း စိတ်ဝင်စားမှု ပြနိုင်တယ်။ ဥပမာ၊ အိမ်မှာ ကလေးငယ်တွေ ရှိသလား။ မိဘတွေဟာ သားသမီး ပြုစုပျိုးထောင်ပုံ၊ ပျော်ရွှင်တဲ့ မိသားစုဘဝ ရနိုင်ပုံနဲ့ပတ်သက်တဲ့ လက်တွေ့ကျ ကျမ်းစာ အကြံပြုချက်တွေကို စိတ်ဝင်စားနိုင်တယ်။ အိမ်မှာ သော့တွေ အများကြီး ခတ်ထားသလား။ ကမ္ဘာမှာ ဖြစ်နေတဲ့ ရာဇဝတ်မှုတွေအကြောင်း ပြောနိုင်တယ်။ ရာဇဝတ်မှုတွေ အဆုံးတိုင်တော့မယ့်အကြောင်း သိရလို့ အိမ်ရှင် ကျေးဇူးတင်လေးမြတ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျမ်းစာ အကြံဉာဏ်တွေက ဘဝကို တိုးတက်ကောင်းမွန်စေနိုင်ကြောင်း သိလာအောင် တခြားသူတွေကို ကူညီပေးပါ။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ကက်တရီနာက “အမှန်တရားကြောင့် ကိုယ့်ဘဝ ဘယ်လို တိုးတက်ကောင်းမွန်လာတယ် ဆိုတာ အမြဲ စဉ်းစားတယ်” လို့ ပြောတယ်။ အဲဒါက ဟောပြောတဲ့အခါ ယုံကြည်စိတ်ချမှု ပိုရှိစေတယ်။
၁၄။ ပညာအလိမ္မာ ၂၇:၁၇ အရ အမှုဆောင်မှာ တွဲဖက်အချင်းချင်း ဘယ်လို ကူညီပေးနိုင်သလဲ။
၁၄ တခြားသူတွေဆီက အကူအညီ ရယူပါ။ ပထမရာစုမှာ ပေါလုဟာ မိမိရဲ့ ဟောပြောသွန်သင်နည်းတွေ တိမောသေကို ပြောပြတယ်။ တခြားသူတွေကိုလည်း အဲဒီနည်းတွေ ဝေမျှဖို့ အားပေးတယ်။ (၁ ကော. ၄:၁၇) တိမောသေလိုပဲ ကျွန်တော်တို့လည်း အသင်းတော်မှာ ရှိတဲ့ အတွေ့အကြုံ ရှိသူတွေဆီကနေ အကျိုးရနိုင်ပါတယ်။ (ပညာအလိမ္မာ ၂၇:၁၇ ကိုဖတ်ပါ။) ညီအစ်ကို ရှောန်အကြောင်း စဉ်းစားကြည့်ပါ။ ကိုယ့်ဘာသာတရားနဲ့ကိုယ် ကျေနပ်နေသူတွေ နေထိုင်တဲ့ ကျေးလက်ဒေသမှာ အချိန်အတော်ကြာ ရှေ့ဆောင်လုပ်ခဲ့တယ်။ ပျော်ရွှင်မှုကို ဘယ်လို ဆက်ထိန်းသလဲ။ “ဖြစ်နိုင်တဲ့အခါတိုင်း တွဲဖက်တစ်ယောက်နဲ့အတူ အမှုဆောင်တယ်။ သွန်သင်ခြင်း စွမ်းရည် တိုးတက်စေနိုင်မယ့် နည်းတွေကို တစ်အိမ်နဲ့ တစ်အိမ် အကူးမှာ အချင်းချင်း ဝေမျှကြတယ်။ ဥပမာ၊ အိမ်ရှင် ဘာပြောလိုက်တယ်၊ ကိုယ် ဘယ်လို တုံ့ပြန်လိုက်တယ်ဆိုတဲ့ အကြောင်းတွေ ပြောပြီး နောက်တစ်ခါ အဲဒီလို ထပ်ကြုံရင် ဘယ်လို ပြန်ပြောမလဲဆိုတာ ဆွေးနွေးကြတယ်” လို့ ရှောန် ပြောတယ်။
၁၅။ အမှုဆောင်လုပ်ငန်းမှာ ပါဝင်တဲ့အခါ ဆုတောင်းဖို့ ဘာကြောင့် အရေးကြီးသလဲ။
၁၅ အကူအညီ ရဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ အမှုဆောင်လုပ်ငန်းမှာ ပါဝင်တဲ့အခါတိုင်း ယေဟောဝါရဲ့ လမ်းညွှန်မှု ရဖို့ ဆုတောင်းပါ။ သန့်ရှင်းသော စွမ်းအားတော် အကူအညီသာ မပါရင် ကျွန်တော်တို့ ဘာမှ ပြီးမြောက်နိုင်မှာ မဟုတ်ဘူး။ (ဆာ. ၁၂၇:၁။ လု. ၁၁:၁၃) ယေဟောဝါဆီ ဆုတောင်းတဲ့အခါ တိတိကျကျ တောင်းပါ။ ဥပမာ၊ တလိုတလား ရှိသူ၊ နားထောင်လိုသူနဲ့ တွေ့နိုင်အောင် ကူညီပေးဖို့ ဆုတောင်းပါ။ ပြီးနောက် ဆုံတွေ့သမျှ လူတိုင်းကို ဟောပြောခြင်းအားဖြင့် ဆုတောင်းတဲ့အတိုင်း လုပ်ဆောင်ပါ။
၁၆။ အမှုဆောင်လုပ်ငန်းမှာ ထိရောက်နိုင်ဖို့ဆိုရင် ကိုယ်ပိုင်လေ့လာမှု လုပ်ဖို့ ဘာကြောင့် လိုအပ်သလဲ။
၁၆ ကိုယ်ပိုင်လေ့လာမှုအတွက် အချိန်ဖယ်ထားပါ။ ‘ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့၊ လက်ခံဖွယ် ဖြစ်တဲ့၊ ပြီးပြည့်စုံလင်တဲ့ အလိုတော်ကို ကောင်းကောင်း သိပါ’ လို့ ကျမ်းစာ ပြောတယ်။ (ရော. ၁၂:၂) ဘုရားနဲ့ပတ်သက်တဲ့ အမှန်တရားအကြောင်း ကောင်းကောင်း သိထားမယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ ယုံကြည်စိတ်ချမှု ပိုရှိလာမယ်။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ကက်တရီနာ ဒီလိုပြောတယ်– “အခြေခံ ကျမ်းစာ သွန်သင်ချက်တချို့နဲ့ပတ်သက်ပြီး ယုံကြည်ခြင်း ခိုင်မာအောင် လုပ်ဖို့ လိုနေတယ်ဆိုတာ ကျွန်မ သတိထားမိတယ်။ ဒါကြောင့် ဖန်ဆင်းရှင် ရှိတယ်၊ ကျမ်းစာဟာ တကယ်ပဲ ဘုရားစကား ဖြစ်တယ်၊ ဘုရားကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခု ရှိတယ်ဆိုတဲ့ အထောက်အထားတွေကို အသေးစိတ် လေ့လာခဲ့တယ်။” ကိုယ်ပိုင်လေ့လာမှုကြောင့် ယုံကြည်ခြင်း ခိုင်မာလာပြီး အမှုဆောင်လုပ်ငန်းမှာ ပိုပျော်လာတယ်လို့ ကက်တရီနာ ပြောတယ်။
အမှုဆောင်လုပ်ငန်းမှာ ဘာကြောင့် အပြုသဘော ဆက်ရှိနေဖို့ လိုသလဲ
၁၇။ အမှုဆောင်လုပ်ငန်းမှာ ယေရှု ဘာကြောင့် အပြုသဘောထား ဆက်ရှိခဲ့သလဲ။
၁၇ သတင်းတရားကို လူတချို့ နားမထောင်ပေမဲ့ ယေရှု အပြုသဘောထား ရှိရှိ ဆက်ဟောခဲ့တယ်။ ဘာကြောင့်လဲ။ လူတွေ အမှန်တရား သိဖို့ ဘယ်လောက် လိုမှန်း ယေရှု သိတယ်။ သတင်းတရားကို လက်ခံတုံ့ပြန်နိုင်ဖို့ လူများနိုင်သမျှ များများကို အခွင့်အရေး ပေးချင်တယ်။ အစပိုင်းမှာ နားမထောင်ပေမဲ့ နောက်ပိုင်း လက်ခံလာနိုင်တယ်ဆိုတာလည်း သိတယ်။ ယေရှုရဲ့ မိသားစုမှာပဲ ဘာဖြစ်ခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါ။ ယေရှုရဲ့ အမှုဆောင်လုပ်ငန်း သုံးနှစ်ခွဲ တစ်လျှောက်လုံး ညီတစ်ယောက်မှ တပည့် ဖြစ်မလာဘူး။ (ယော. ၇:၅) ဒါပေမဲ့ ယေရှု ထမြောက်ပြီးနောက်မှ ခရစ်ယာန် ဖြစ်လာကြတယ်။—တ. ၁:၁၄။
၁၈။ ဘာကြောင့် ဆက်ဟောနေရမလဲ။
၁၈ ကျမ်းစာအမှန်တရားကို နောက်ဆုံးမှာ ဘယ်သူ လက်ခံမယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ တချို့က အမှန်တရား လက်ခံဖို့ တခြားသူတွေထက် ပိုကြာနိုင်တယ်။ သတင်းတရားကို နားမထောင်သူတွေတောင် ကျွန်တော်တို့ရဲ့ အမူအကျင့်ကောင်းနဲ့ အပြုသဘောထားကို တွေ့ပြီး “ဘုရားကို ဂုဏ်တင်ချီးမွမ်း” လာနိုင်တယ်။—၁ ပေ. ၂:၁၂။
၁၉။ ၁ ကောရိန္သု ၃:၆၊ ၇ အရ ဘာကို အသိအမှတ်ပြုရမလဲ။
၁၉ ကျွန်တော်တို့ဟာ စိုက်ပျိုးသူ၊ ရေလောင်းသူ ဖြစ်ပြီး အပင်ကို ကြီးထွားစေသူဟာ ဘုရားသခင် ဖြစ်ကြောင်း အသိအမှတ်ပြုရမယ်။ (၁ ကောရိန္သု ၃:၆၊ ၇ ကိုဖတ်ပါ။) အီသီယိုးပီးယားမှာ အမှုဆောင်နေတဲ့ ညီအစ်ကို ဂတ်တဟုန် ဒီလိုပြောတယ်– “ကျွန်တော်နေတဲ့ ဒေသမှာ နှစ်ပေါင်း ၂၀ ကျော်လောက် သက်သေခံဆိုလို့ ကျွန်တော် တစ်ယောက်ပဲ ရှိတယ်။ အခုတော့ ကြေညာသူ ၁၄ ယောက် ရှိနေပြီ။ ဇနီးနဲ့ သားသမီး သုံးယောက် အပါအဝင် ၁၃ ယောက်က နှစ်ခြင်းခံပြီးပြီ။ အစည်းအဝေး တက်ရောက်သူ ပျမ်းမျှ ၃၂ ယောက် ရှိတယ်။” စိတ်ရိုးဖြောင့်သူတွေကို အဖွဲ့အစည်းထဲ ယေဟောဝါ ဆွဲဆောင်မယ့် အချိန်ကို စိတ်ရှည်စွာ စောင့်ရင်း ဆက်ဟောပြောခဲ့လို့ ဂတ်တဟုန် ဝမ်းသာပျော်ရွှင်နေတယ်။—ယော. ၆:၄၄။
၂၀။ ကျွန်တော်တို့ဟာ ကယ်ဆယ်ရေး လုပ်သားတွေနဲ့ ဘယ်လို ဆင်တူသလဲ။
၂၀ လူအားလုံးရဲ့ အသက်ကို ယေဟောဝါ တန်ဖိုးထားတယ်။ ဒီစနစ် အဆုံးမတိုင်ခင် လူမျိုးအားလုံးထဲက လူတွေကို စုသိမ်းရာမှာ သားတော်နဲ့အတူ တွဲဖက်လုပ်ဆောင်ခွင့် ကျွန်တော်တို့ကို ပေးထားတယ်။ (ဟဂ္ဂဲ ၂:၇) ဟောပြောခြင်းလုပ်ငန်းကို ကယ်ဆယ်ရေးလုပ်ငန်းနဲ့ နှိုင်းယှဉ်နိုင်တယ်။ ကျွန်တော်တို့ဟာ သတ္တုတွင်းထဲမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ သွားတဲ့သူတွေနဲ့ တူတယ်။ သတ္တုတွင်းလုပ်သား နည်းနည်းလောက်ကိုပဲ အသက်ရှင်လျက် တွေ့ရမှာ ဖြစ်နိုင်ပေမဲ့ ကယ်ဆယ်ရေး လုပ်သား အားလုံးရဲ့ လုပ်ဆောင်မှုဟာ သိပ်တန်ဖိုးရှိတယ်။ ဒီနေ့ခေတ်မှာ လုပ်ဆောင်နေတဲ့ အမှုဆောင်လုပ်ငန်းလည်း အလားတူပဲ။ စာတန့်စနစ်ထဲကနေ လူဘယ်နှယောက်ကို ကယ်တင်နိုင်မလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ ဒါပေမဲ့ သူတို့ကို ကူညီဖို့ ကျွန်တော်တို့ထဲက ဘယ်သူ့ကိုမဆို ယေဟောဝါ သုံးနိုင်တယ်။ ဘိုလီးဗီးယားမှာ နေတဲ့ အန်ဒရီအာက “လူတစ်ယောက် အမှန်တရား သိလာပြီး နှစ်ခြင်းခံတယ်ဆိုတာ အုပ်စုလိုက် ပူးပေါင်းလုပ်ဆောင်မှုရဲ့ အကျိုးရလဒ် ဖြစ်မှန်း ကျွန်တော် သိတယ်” လို့ ပြောတယ်။ အမှုဆောင်လုပ်ငန်းမှာ အလားတူ အပြုသဘောထား ဆက်ထိန်းထားကြပါစို့။ ဒါဆိုရင် ကျွန်တော်တို့ကို ယေဟောဝါ ကောင်းချီးပေးမယ်။ အမှုဆောင်လုပ်ငန်းကနေ စစ်မှန်တဲ့ ပျော်ရွှင်မှု ခံစားရပါလိမ့်မယ်။
သီချင်း ၆၆ သတင်းကောင်း ကြေညာ
a အိမ်တွေမှာ လူမရှိတဲ့အခါ၊ သတင်းတရားကို လူတွေ နားမထောင်တဲ့အခါမှာတောင် အပြုသဘောထား ဘယ်လို ဆက်ရှိနိုင်မလဲ။ အပြုသဘောထား ဆက်ရှိဖို့ ကူညီပေးမယ့် အကြံပြုချက်တွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
b ကြေညာသူတွေဟာ ဒီဆောင်းပါးမှာ ဆွေးနွေးထားတဲ့ အမှုဆောင်လုပ်ငန်း အသွင် အမျိုးမျိုးမှာ ပါဝင်တဲ့အခါ ကိုယ့်နိုင်ငံမှာ ချမှတ်ထားတဲ့ ကိုယ်ရေးအချက်အလက် ကာကွယ်ထိန်းသိမ်းရေး ဥပဒေတွေကို လိုက်နာသင့်တယ်။
c ပုံအညွှန်း– (အပေါ်မှ အောက်) အိမ်မှာ လူတွေ့ဖို့ ခက်တဲ့ ဒေသမှာ ဇနီးမောင်နှံတစ်စုံ ဟောပြောနေ။ ပထမအိမ်ရှင်က လုပ်ငန်းခွင်ထဲ ရောက်နေ။ ဒုတိယအိမ်ရှင်က ဆေးခန်း သွားနေ။ တတိယအိမ်ရှင်က ဈေးဝယ်စင်တာ ရောက်နေ။ ပထမအိမ်ရှင်နဲ့ တွေ့ဖို့ ညနေပိုင်းမှာ ဇနီးမောင်နှံ ပြန်သွား။ ဆေးခန်းနားက အများရှေ့ သက်သေခံခြင်းမှာ ဒုတိယအိမ်ရှင်နဲ့ တွေ့။ တတိယအိမ်ရှင်ကိုတော့ ဖုန်းနဲ့ ဆက်သွယ်။