မာတိကာဆီ ကျော်သွား

လူငယ်များအမေး

ငါဟာ ခြောက်ပြစ်ကင်း သဲလဲစင်ဆန်တဲ့သူ ဖြစ်နေသလား

ငါဟာ ခြောက်ပြစ်ကင်း သဲလဲစင်ဆန်တဲ့သူ ဖြစ်နေသလား

 သင်ဟာ

  •   စာမေးပွဲဖြေတိုင်း အကောင်းဆုံး အဆင့်ထဲမှာ ပါချင်တယ်

  •   ရှုံးနိမ့်မှာစိုးလို့ ခက်တဲ့အလုပ်တွေကို လက်မခံဘူး

  •   ဝေဖန်တာအားလုံးက ကိုယ့်ကို တိုက်ခိုက်တာပဲလို့ ယူမှတ်တယ်

 . . . ဆိုရင် ခြောက်ပြစ်ကင်း သဲလဲစင်ဆန်သူ ဖြစ်နေမယ်။ ဒါက တကယ်ပဲ အရေးကြီးသလား။

 ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်ချင်တာ မှားသလား

 အကောင်းဆုံး ဖြစ်ဖို့ ကြိုးစားတာ မမှားပါဘူး။ ဒါပေမဲ့ “အကောင်းဆုံး ဖြစ်ဖို့ ကြိုးစားတာ အကျိုးရှိပေမဲ့ မဖြစ်နိုင်တာကို ကြိုးစားနေတာက အကျိုးမရှိဘူး။ ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်တဲ့သူ ဘယ်သူမှ မရှိလို့ စင်းလုံးချော ဖြစ်ရမယ်ဆိုတဲ့ စိတ်ထားက လေးလံတဲ့ ဝန်ထုပ်တစ်ခုပဲ” ဆိုပြီး စာအုပ်တစ်အုပ်က ဆိုတယ်။—Perfectionism—What’s Bad About Being Too Good.

 သမ္မာကျမ်းစာကလည်း အဲဒါကို သဘောတူတယ်။ “ကောင်းတာတွေ အမြဲ လုပ်ပြီး အပြစ်မလုပ်ဖူးတဲ့ ဖြောင့်မတ်သူဆိုတာ ကမ္ဘာပေါ်မှာ မရှိဘူး” လို့ ကျမ်းစာက ဆိုတယ်။ (ဒေသနာ ၇:၂၀) ကိုယ်က မစုံလင်သူ ဖြစ်တဲ့အတွက် ကိုယ်လုပ်တာက တစ်ခါတလေ အကောင်းဆုံး ဖြစ်ချင်မှဖြစ်မယ်။

 အဲဒါကို လက်မခံနိုင်ဘဲ ဖြစ်နေသလား။ အဲဒီလိုဖြစ်နေရင် စင်းလုံးချော ဖြစ်ချင်တဲ့စိတ်က ကိုယ့်ကို အကျိုးယုတ်စေတယ်ဆိုတာ ဖော်ပြတဲ့ အချက်လေးချက်ကို သုံးသပ်ကြည့်ပါ။

  1.  ၁။ ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပုံ။ ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်ချင်သူတွေဟာ ကျိုးကြောင်းမညီညွတ်တဲ့ စံနှုန်းတွေ ထားတတ်တယ်။ အဲဒါက စိတ်ပျက်စရာတွေ ဖြစ်စေတယ်။ “တကယ်တော့ ကျွန်မတို့ဟာ အရာရာကို ထူးချွန်အောင် လုပ်နိုင်သူတွေ မဟုတ်တဲ့အတွက် ကိုယ်လုပ်တဲ့အရာက စင်းလုံးချော မဖြစ်လို့ အလိုမကျ ဖြစ်နေရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု မရှိတော့ဘဲ စိတ်ဓာတ်ကျနေလိမ့်မယ်။”​​—အလီရှာ။

  2.  ၂။ အကြံပေးချက်တွေကို ရှုမြင်ပုံ။ ခြောက်ပြစ်ကင်း သဲလဲစင် ဖြစ်ချင်တဲ့သူတွေက အပြုသဘောနဲ့ ဝေဖန်တာတွေကို တမင်တကာ နာမည်ဖျက်တာလို့ ယူမှတ်တတ်ကြတယ်။ “အမှားကို ထောက်ပြခံရတဲ့အခါ ကျွန်တော် မခံချိမခံသာ ဖြစ်ရတယ်” လို့ ဂျယ်ရမီ ဆိုတဲ့ လူငယ် ပြောတယ်။ “ကျွန်တော်ဟာ ခြောက်ပြစ်ကင်းတဲ့သူ ဖြစ်ချင်လို့ ကိုယ်မတတ်နိုင်တာတွေ ရှိတယ်ဆိုတာ ဝန်မခံချင်ဘူး။ အကူအညီ ပေးတာတွေကို လက်မခံချင်ဘူး” လို့ သူဆက်ပြောတယ်။

  3.  ၃။ တခြားသူကို ရှုမြင်ပုံ။ ခြောက်ပြစ်ကင်း သဲလဲစင် ဆန်တဲ့သူတွေဟာ တခြားသူတွေကို အပြစ်ချည်း မြင်တတ်တယ်။ “ကိုယ်တိုင် အမှားလုပ်တာကို လက်မခံနိုင်သလို တခြားသူတွေ အမှားလုပ်တာကိုလည်း လက်မခံနိုင်ဘူး။ တခြားသူတွေရဲ့ အမှားတွေကို မြင်တဲ့အခါ သူတို့ကို စိတ်ပျက်သွားတယ်” လို့ ၁၈ နှစ်အရွယ် အယ်နာ ပြောတယ်။

  4.  ၄။ သင့်ကို တခြားသူတွေ ရှုမြင်ပုံ။ တခြားသူတွေဆီကနေ အကျိုးသင့်အကြောင်းသင့် မရှိဘဲ တရားလွန် တောင်းဆိုနေတဲ့သူကို လူတွေ အပေါင်းအသင်း လုပ်ချင်မှာ မဟုတ်ဘူး။ “ခြောက်ပြစ်ကင်း သဲလဲစင် ဆန်တဲ့သူရဲ့ စိတ်တိုင်းကျ ဖြစ်အောင် နေရတာ ပင်ပန်းတယ်။ အဲဒီလိုလူစားမျိုးနဲ့ ပေါင်းရတာ သိပ်ခက်တယ်” လို့ ဘက်သ် ဆိုတဲ့ အမျိုးသမီးငယ် တစ်ယောက် ပြောတယ်။

 ပိုကောင်းတဲ့နည်း ရှိသလား

 ကျမ်းစာက “ခင်ဗျားတို့ရဲ့ အကျိုးသင့်အကြောင်းသင့် သဘောကို လူတိုင်း သိမြင်စေပါ” လို့ ပြောတယ်။ (ဖိလိပ္ပိ ၄:၅) အကျိုးသင့်အကြောင်းသင့် သဘောရှိသူတွေဟာ ကိုယ်တိုင်နဲ့ တခြားသူတွေဆီကနေ အလွန်အကျွံ တောင်းဆိုမှာ မဟုတ်ဘူး။

 “အပြင်က ဖိစီးမှုတွေခံနေရတာ များလွန်းနေပြီ။ ကိုယ့်ရဲ့ စင်းလုံးချော ဖြစ်ချင်တဲ့စိတ်ကြောင့် ဖိစီးမှု ထပ်ခံနေဦးမယ်ဆိုရင် မနိုင်မနင်း ဖြစ်တော့မှာ။”​​—နိုင်လာ။

 ကျမ်းစာက “ဘုရားသခင်နဲ့အတူ ကျိုးနွံစွာ လျှောက်လှမ်း” ပါလို့ ဆိုတယ်။ (မိက္ခာ ၆:၈) ကျိုးနွံစိတ်ရှိသူဟာ ကိုယ့်မှာ အကန့်အသတ်တွေ ရှိတယ်ဆိုတာကို အသိအမှတ်ပြုတယ်။ ကိုယ်မနိုင်တဲ့ဝန်ကို မထမ်းဘူး။ ကိုယ့်မှာ အချိန်မရှိရင် အချိန်ပေးပြီး လုပ်ရမယ့်အလုပ်ကို လက်ခံမှာ မဟုတ်ဘူး။

 “ကိုယ်ရတဲ့ တာဝန်ကို ကျေပွန်အောင်လုပ်ဖို့ ကိုယ်လုပ်နိုင်သလောက်ပဲ လက်ခံတယ်။ ကျွန်မက ဒီလောက်ပဲ နိုင်တာကိုး။”​​—ဟေလီ။

 ကျမ်းစာက “ဘာပဲလုပ်လုပ် အားသွန်ခွန်စိုက် လုပ်ပါ” လို့ ပြောတယ်။ (ဒေသနာ ၉:၁၀) ဒါကြောင့် ခြောက်ပြစ်ကင်း သဲလဲစင် မဆန်ပါနဲ့လို့ ပြောတာက ပျင်းရိဖို့ အားပေးနေတာ မဟုတ်ဘူး။ အထက်မှာ ပြောတဲ့အတိုင်း အကျိုးသင့်အကြောင်းသင့် ရှိရမယ်၊ ကျိုးနွံတဲ့သူလည်း ဖြစ်ရမယ်၊ တစ်ချိန်တည်းမှာ အလုပ်ကို ဝီရိယရှိရှိ ကြိုးစားတဲ့သူ ဖြစ်ရမယ်။

 “ကျွန်တော့်အလုပ်ကို အကောင်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားလုပ်တယ်။ အပြစ်အနာအဆာတော့ ရှိမှာပဲ။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ခဲ့လို့ ကျွန်တော် ကျေနပ်တယ်။”​​—ဂျော့ရှဝါ။