မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုခရစ်ရဲ့အနှစ် ၁၀၀ အုပ်ချုပ်မှုမှာ ဘာတွေ လုပ်ဆောင်ပြီးမြောက်ခဲ့သလဲ

ယေရှုခရစ်ရဲ့အနှစ် ၁၀၀ အုပ်ချုပ်မှုမှာ ဘာတွေ လုပ်ဆောင်ပြီးမြောက်ခဲ့သလဲ

‘ထာဝရဘုရင်၊ ယေဟောဝါဘုရားသခင်၊ ကိုယ်တော်၏အမှုတော်တို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။’—ဗျာ. ၁၅:၃

၁၊ ၂။ ဘုရားသခင့်နိုင်ငံတော်က ဘာကိုဖြစ်မြောက်စေမလဲ၊ နိုင်ငံတော်လာမယ်ဆိုတာ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

အေဒီ ၃၁ နွေဦး၊ ကပေရနောင်မြို့အနားက တောင်ကုန်းတစ်ခုပေါ်မှာ ယေရှုခရစ်က တပည့်တွေကို “နိုင်ငံတော်လာပါစေ” ဆိုပြီး ဆုတောင်းဖို့ သင်ပေးခဲ့တယ်။ (မ. ၆:၁၀) ယနေ့အချိန်မှာ လူများစွာက နိုင်ငံတော် လာပါဦးမလားဆိုပြီး သံသယဝင်နေကြတယ်။ ဒါပေမဲ့ နိုင်ငံတော်လာပါစေဆိုတဲ့ ဆုတောင်းချက်ကို ယေဟောဝါ အဖြေပေးမယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်စိတ်ချတယ်။

ယေဟောဝါဟာ နိုင်ငံတော်ကိုအသုံးပြုပြီး ကောင်းကင်နဲ့မြေကြီးမှာရှိတဲ့ မိမိရဲ့မိသားစုကို ပြန်လည်စုစည်းမှာဖြစ်တယ်။ ယေဟောဝါရဲ့ရည်ရွယ်ချက် ပြည့်စုံပါလိမ့်မယ်။ (ဟေရှာ. ၅၅:၁၀၊ ၁၁) လွန်ခဲ့တဲ့ အနှစ် ၁၀၀ အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက ယေဟောဝါဟာ ဘုရင်ဖြစ်နေပြီ၊ မိမိရဲ့ သန်းနဲ့ချီနဲ့ကျေးကျွန်တွေအတွက် အံ့ဩစရာကောင်းတဲ့အမှုတွေ ပြုလုပ်နေတယ်ဆိုတာ ဖော်ပြတယ်။ (ဇာ. ၁၄:၉; ဗျာ. ၁၅:၃) ဒါပေမဲ့ ယေဟောဝါ ဘုရင်ဖြစ်တာက ယေရှု သင်ပေးတဲ့ ဆုတောင်းချက်ထဲက ဘုရားသခင့်နိုင်ငံတော် လာပါစေဆိုတာနဲ့ မတူဘူး။ ဒီအကြောင်းအရာနှစ်ခုက ဘယ်လို ကွာခြားသလဲ၊ အဲဒါက ကျွန်ုပ်တို့အပေါ် ဘယ်လိုအကျိုးသက်ရောက်သလဲ။

ယေဟောဝါခန့်အပ်တဲ့ဘုရင် အရေးယူလုပ်ဆောင်

၃။ (က) ယေရှုဟာ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘုရင်အဖြစ် နန်းတင်ခံခဲ့ရသလဲ။ (ခ) ၁၉၁၄ ခုနှစ်မှာ ကောင်းကင်မှာ ယေရှု စတင်အုပ်ချုပ်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ (အောက်ခြေမှတ်ချက်ကိုကြည့်ပါ။)

၁၉ ရာစုကုန်ခါနီးမှာ ဘုရားသခင့်ကျေးကျွန်တွေဟာ လွန်ခဲ့တဲ့ အနှစ် ၂,၅၀၀ ကျော်က ဒံယေလရေးခဲ့တဲ့ ပရောဖက်ပြုချက်ကို စတင်နားလည်လာခဲ့ကြတယ်။ အဲဒီမှာ ဒီလိုဖော်ပြထားတယ်– “အဲဒီဘုရင်တွေလက်ထက်မှာ ကောင်းကင်မှာရှိတဲ့ဘုရားသခင်က ဘယ်တော့မှ ဖျက်ဆီးခံရမှာမဟုတ်တဲ့ နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။” (ဒံ. ၂:၄၄ကဘ) ကျမ်းစာကျောင်းသားတွေက ၁၉၁၄ ခုနှစ်ဟာ အလွန်အရေးပါတဲ့နှစ်ဖြစ်မယ်လို့ အနှစ် ၂၀ ကျော် ဟောပြောခဲ့ကြတယ်။ အဲဒီအချိန်တုန်းက လူများစွာဟာ အနာဂတ်နဲ့ပတ်သက်ပြီး အကောင်းမြင်သဘောထား ရှိခဲ့ကြတယ်။ “၁၉၁၄ ခုနှစ်ကတော့ မျှော်လင့်ချက်အပြည့်ရှိပြီး အလားအလာကောင်းတဲ့နှစ်ပါပဲ” လို့ စာရေးဆရာတစ်ယောက်က ရေးခဲ့တယ်။ ဒါပေမဲ့ နှစ်ကုန်ပိုင်းလောက်မှာ ပထမကမ္ဘာစစ်စတင်ခဲ့ပြီး ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံလာတယ်။ အစာခေါင်းပါးမှု၊ မြေငလျင်၊ ရောဂါနဲ့ ကျမ်းစာမှာပါတဲ့ တခြားပရောဖက်ပြုချက်တွေ ပြည့်စုံတာက ၁၉၁၄ ခုနှစ်မှာ ဘုရားသခင့်နိုင်ငံတော်ဘုရင် ယေရှုခရစ်ဟာ ကောင်းကင်မှာ စတင်အုပ်ချုပ်ပြီဆိုတာ ဖော်ပြတယ်။ * ယေဟောဝါဟာ သားတော်ကို နန်းတင်လိုက်ခြင်းအားဖြင့် နောက်ထပ်နည်းလမ်းတစ်မျိုးနဲ့ ဘုရင်ဖြစ်လာခဲ့တယ်။

၄။ ယေရှု ဘုရင်ဖြစ်လာတဲ့အခါ အရင်ဆုံး ဘာလုပ်ခဲ့သလဲ။ ပြီးတဲ့နောက် ဘာဆက်လုပ်သလဲ။

ဘုရားသခင်ရဲ့ ဘုရင်အသစ်ဟာ အရင်ဆုံး ဖခင်ရဲ့အဓိကရန်သူ စာတန်ကို စစ်တိုက်ခဲ့တယ်။ ယေရှုနဲ့ ကောင်းကင်တမန်တွေဟာ မာရ်နတ်နဲ့ နတ်ဆိုးတွေကို ကောင်းကင်ကနေ မောင်းချလိုက်တယ်။ အဲဒါကြောင့် ကောင်းကင်မှာ အကြီးအကျယ် ဝမ်းမြောက်ခဲ့ပြီး မြေကြီးပေါ်မှာတော့ ဆင်းရဲဒုက္ခတွေ တိုးများလာတယ်။ (ဗျာဒိတ် ၁၂:၇–၉၊ ၁၂ ကိုဖတ်ပါ။) အဲဒီနောက်မှာ ဘုရင်ဟာ မြေကြီးပေါ်မှာရှိတဲ့ မိမိရဲ့ကျေးကျွန်တွေကို ဘုရားသခင့်အလိုတော် လုပ်ဆောင်ဖို့အတွက် သန့်စင်၊ သွန်သင်ပြီး ဖွဲ့စည်းခဲ့တယ်။ ယေရှုရဲ့ညွှန်ကြားချက်ကို သူတို့ နာခံခဲ့ပုံက ကျွန်ုပ်တို့အတွက် ဘယ်လိုပုံသက်သေကောင်းဖြစ်တယ်ဆိုတာ လေ့လာကြည့်ကြစို့။

မေရှိယဘုရင်က သစ္စာရှိလက်အောက်ခံတွေကို သန့်စင်

၅။ ၁၉၁၄ ခုနှစ်ကနေ ၁၉၁၉ အစပိုင်းအထိ ဘယ်သန့်စင်ခြင်းလုပ်ငန်းကို လုပ်ဆောင်ခဲ့သလဲ။

ယေရှုဟာ စာတန်နဲ့ နတ်ဆိုးတွေရဲ့ မကောင်းတဲ့သြဇာလွှမ်းမိုးမှုကို ကောင်းကင်ကနေ ဖယ်ရှားခဲ့တယ်။ အဲဒီနောက်မှာ ယေဟောဝါက ယေရှုကို မြေကြီးပေါ်မှာရှိတဲ့ သူ့ရဲ့နောက်လိုက်တွေကို စစ်ဆေးပြီး သန့်စင်ဖို့ ညွှန်ကြားခဲ့တယ်။ ပရောဖက်မာလခိက အဲဒါကို သန့်စင်ခြင်းလို့ ဖော်ပြခဲ့တယ်။ (မာ. ၃:၁–၃) ဒီသန့်စင်ခြင်းလုပ်ငန်းကို ၁၉၁၄ ခုနှစ်ကနေ ၁၉၁၉ အစပိုင်းအထိ လုပ်ဆောင်ခဲ့တယ်လို့ သမိုင်းက ဖော်ပြတယ်။ * ယေဟောဝါရဲ့ စကြဝဠာမိသားစုအဝင်ဖြစ်ချင်တယ်ဆိုရင် သန့်ရှင်း၊ စင်ကြယ်ရမှာဖြစ်တယ်။ (၁ ပေ. ၁:၁၅၊ ၁၆) ကျွန်ုပ်တို့ရဲ့ဝတ်ပြုရေးကို အယူမှားဘာသာရေး၊ လောကနိုင်ငံရေးနဲ့ မညစ်ညူးစေဖို့လိုတယ်။

၆။ အချိန်တန်အစာကို ဘယ်လိုကျွေးမွေးသလဲ၊ အဲဒီအစာက ဘာကြောင့် အလွန်အရေးကြီးသလဲ။

ယေရှုက သူ့ရဲ့ဘုရင့်အခွင့်အာဏာကိုအသုံးပြုပြီး သစ္စာနဲ့သတိပညာရှိကျွန်ကို ခန့်အပ်ခဲ့တယ်။ ဒီကျွန်ဟာ ယေရှုရဲ့ စောင့်ရှောက်မှုအောက်မှာရှိနေတဲ့ “သိုးအုပ်တစ်အုပ်” အဝင်ဖြစ်သူအားလုံးအတွက် အချိန်တန်အစာ မှန်မှန်ပြင်ဆင်ပေးတယ်။ (မ. ၂၄:၄၅–၄၇; ယော. ၁၀:၁၆) ၁၉၁၉ ခုနှစ်ကတည်းကစပြီး သစ္စာနဲ့သတိပညာရှိကျွန်ဖြစ်တဲ့ ဘိသိက်ခံညီအစ်ကိုအုပ်စုငယ်လေးဟာ “အိမ်သူအိမ်သား” တွေကို ကျွေးမွေးရတဲ့ အရေးကြီးတဲ့တာဝန်ကို သစ္စာရှိရှိ လုပ်ဆောင်ခဲ့တယ်။ သစ္စာနဲ့သတိပညာရှိကျွန်က ကျွန်ုပ်တို့အတွက် အချိန်တန်အစာ အလျှံပယ်ပြင်ဆင်ပေးလို့ ကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်း ပိုခိုင်ခံ့လာတယ်။ အဲဒါက ကျွန်ုပ်တို့ရဲ့ကိုးကွယ်မှု၊ လုပ်ရပ်၊ စဉ်းစားတွေးခေါ်ပုံ၊ ခန္ဓာကိုယ်အပါအဝင် အရာရာမှာ ဘုရားသခင့်စံနှုန်းနဲ့အညီ သန့်ရှင်းရမယ်ဆိုတဲ့ ကျွန်ုပ်တို့ရဲ့စိတ်ပိုင်းဖြတ်ချက်ကို ပိုခိုင်မာစေပါတယ်။ ဒီအချိန်တန်အစာက ကမ္ဘာတစ်ဝန်းမှာ လုပ်ဆောင်နေတဲ့ အရေးကြီးဆုံးအလုပ်ဖြစ်တဲ့ ဟောပြောခြင်းလုပ်ငန်းမှာလည်း ကြိုးကြိုးစားစား ပါဝင်နိုင်ဖို့ သွန်သင်ပေး၊ ပြင်ဆင်ပေးပါတယ်။ ဒီအစာကို သင် အချိန်မှန် စားသုံးပါသလား။

ဟောပြောဖို့ ဘုရင်က မိမိနောက်လိုက်တွေကို သွန်သင်ပေး

၇။ ယေရှု မြေကြီးပေါ်မှာရှိတုန်းက ဘယ်အရေးကြီးတဲ့အလုပ်ကို အစပြုခဲ့သလဲ။ အဲဒီအလုပ်ကို ဘယ်အချိန်ထိ ဆက်လုပ်သွားမလဲ။

ယေရှု မြေကြီးပေါ် အမှုဆောင်လုပ်ငန်း စတင်လုပ်ဆောင်ချိန်မှာ ဒီလိုပြောခဲ့တယ်– “ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို အခြားမြို့ရွာများတွင်လည်း ငါဟောပြောရမည်။ ထိုအကြောင်းကြောင့် ငါ့ကိုစေလွှတ်တော်မူ၏။” (လု. ၄:၄၃) သုံးနှစ်ခွဲအတွင်းမှာ ဒီအမှုဆောင်လုပ်ငန်းက ယေရှုဘဝရဲ့ အရေးကြီးဆုံးအလုပ် ဖြစ်ခဲ့တယ်။ “သွားစဉ်တွင် ‘ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ’ ဟု ဟောပြော” ပါဆိုပြီး တပည့်တွေကို ယေရှု သင်ပေးခဲ့တယ်။ (မ. ၁၀:၇) ယေရှုက ရှင်ပြန်ထမြောက်ပြီးနောက်မှာ သူ့နောက်လိုက်တွေ ဒီသတင်းကို “မြေကြီးစွန်းတိုင်အောင်” ကြေညာကြမယ်လို့ ကြိုပြောခဲ့တယ်။ (တ. ၁:၈) ဒီလောကစနစ်ရဲ့အဆုံးထိ အရေးကြီးတဲ့ ဒီလုပ်ငန်းကို မိမိကိုယ်တိုင် ထောက်မကူညီမယ်လို့ ကတိပေးခဲ့တယ်။—မ. ၂၈:၁၉၊ ၂၀

၈။ ဘုရင်ဟာ ဟောပြောဖို့ ကမ္ဘာပေါ်မှာရှိတဲ့ မိမိရဲ့နောက်လိုက်တွေကို ဘယ်လိုလှုံ့ဆော်ခဲ့သလဲ။

၁၉၁၉ ခုနှစ်ရောက်တဲ့အခါ ‘နိုင်ငံတော်နဲ့ဆိုင်တဲ့သတင်းကောင်း’ မှာ နောက်အဓိပ္ပာယ်တစ်မျိုး ရှိလာတယ်။ (မ. ၂၄:၁၄) ဘုရင်က ကောင်းကင်မှာအုပ်ချုပ်နေပြီး မြေကြီးပေါ်မှာရှိတဲ့ သန့်စင်ထားတဲ့ နောက်လိုက်အုပ်စုငယ်လေးကို စတင်စုစည်းတယ်။ ကောင်းကင်မှာ ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်နေပြီဆိုတဲ့ သတင်းကောင်းကို မြေကြီးတစ်ခွင်မှာ ဟောပြောပါဆိုတဲ့ ယေရှုရဲ့ ရှင်းလင်းတဲ့အမိန့်ကို အဲဒီအုပ်စုငယ်လေးက စိတ်အားထက်သန်စွာ နာခံခဲ့တယ်။ (တ. ၁၀:၄၂) ဥပမာ၊ ၁၉၂၂၊ စက်တင်ဘာမှာ နိုင်ငံတော်ကိုထောက်ခံသူ ၂၀,၀၀၀ နီးပါးဟာ အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို တက်ရောက်ခဲ့ကြတယ်။ ညီအစ်ကို ရပ်သဖော့ဒ်က “နိုင်ငံတော်” ဆိုတဲ့ ဟောပြောချက်ကိုဟောပြီး “ကြည့်ပါ၊ ဘုရင်စိုးစံပြီ။ သင်တို့က ကိုယ်တော်ရဲ့လူသိရှင်ကြား ကိုယ်စားလှယ်တွေဖြစ်တယ်။ ဒါကြောင့် ဘုရင်နဲ့ ကိုယ်တော့်ရဲ့နိုင်ငံကို ကြေညာကြ၊ ကြေညာကြ၊ ကြေညာကြ” လို့ ပြောလိုက်တဲ့အခါ အဲဒီမှာရှိနေတဲ့သူတွေ ဘယ်လောက်စိတ်လှုပ်ရှားသွားမလဲဆိုတာ စဉ်းစားကြည့်ပါ။ နောက်တစ်နေ့မှာပဲ အဲဒီထဲက လူနှစ်ထောင်ဟာ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ခဲ့ကြပြီး တချို့ဆိုရင် စည်းဝေးကြီးကျင်းပတဲ့နေရာနဲ့ ၄၅ မိုင် (၇၂ ကီလိုမီတာ) ဝေးတဲ့နေရာကို ဟောပြောဖို့ သွားခဲ့ကြတယ်။ ညီအစ်ကိုတစ်ယောက်က “နိုင်ငံတော်ကိုကြေညာပါဆိုတဲ့ ဖိတ်ခေါ်ချက်နဲ့ စုဝေးနေသူတွေရဲ့ ထက်သန်မှုကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” လို့ပြောခဲ့တယ်။ တခြားသူတွေလည်း အဲဒီလိုပဲ ခံစားခဲ့ကြရတယ်။

၉၊ ၁၀။ (က) ဘယ်သင်တန်းတွေက ကျွန်ုပ်တို့ကို အမှုဆောင်လုပ်ငန်းအတွက် လေ့ကျင့်ပေးသလဲ။ (ခ) ဒီလေ့ကျင့်မှုကနေ သင်ကိုယ်တိုင် ဘယ်လိုအကျိုးရရှိခဲ့သလဲ။

၁၉၂၂ ခုနှစ်ရောက်တဲ့အခါ ကြေညာသူ ၁၇,၀၀၀ ကျော်ဟာ ၅၈ နိုင်ငံမှာ ဟောပြောခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ကို လေ့ကျင့်ပေးဖို့ လိုအပ်ခဲ့တယ်။ ဘုရင်ဟာ ပထမရာစုတုန်းက မိမိရဲ့တပည့်တွေကို ဘယ်အကြောင်းအရာကို ဘယ်နေရာမှာ ဘယ်လိုဟောရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ညွှန်ကြားခဲ့တယ်။ (မ. ၁၀:၅–၇; လု. ၉:၁–၆; ၁၀:၁–၁၁) အဲဒီလိုပဲ အခုချိန်မှာလည်း ဟောပြောသူတွေအနေနဲ့ သွန်သင်သူကောင်းတွေဖြစ်ဖို့ လမ်းညွှန်ချက်တွေနဲ့ လိုအပ်တဲ့ကိရိယာတွေ ရရှိဖို့ ယေရှု အသေအချာ လုပ်ဆောင်တယ်။ (၂ တိ. ၃:၁၇) ယေရှုဟာ မိမိရဲ့နောက်လိုက်တွေကို အမှုဆောင်လုပ်ငန်းအတွက် လေ့ကျင့်ပေးဖို့ အသင်းတော်တွေကို အသုံးပြုနေတယ်။ သူလေ့ကျင့်ပေးရာမှာ အသုံးပြုတဲ့နည်းတစ်နည်းက ကမ္ဘာတစ်ဝန်း အသင်းတော်ပေါင်း ၁၁၁,၀၀၀ ကျော်မှာပြုလုပ်နေတဲ့ ဟောပြောသွန်သင်ခြင်းသင်တန်း ဖြစ်တယ်။ ဒီသင်တန်းက “လူအမျိုးမျိုး” နှစ်သက်တဲ့နည်းလမ်းနဲ့ ဟောပြောသွန်သင်တတ်ဖို့ ကြေညာသူခုနစ်သန်းကျော်ကို သွန်သင်ပေးနေတယ်။၁ ကောရိန္သု ၉:၂၀–၂၃ ကိုဖတ်ပါ။

၁၀ အဲဒီအပြင် တခြားသင်တန်းတွေလည်း ရှိပါသေးတယ်။ အဲဒါတွေက အသင်းတော်အကြီးအကဲတွေ၊ ရှေ့ဆောင်တွေ၊ တစ်ကိုယ်ရေညီအစ်ကိုတွေ၊ ခရစ်ယာန်မောင်နှံတွေ၊ ဌာနခွဲကော်မတီဝင်တွေနဲ့ သူတို့ရဲ့ဇနီးတွေ၊ နယ်လှည့်ကြီးကြပ်မှူးတွေနဲ့ သူတို့ရဲ့ဇနီးတွေ၊ သာသနာပြုတွေကို လေ့ကျင့်ပေးတဲ့သင်တန်းတွေဖြစ်တယ်။ * ခရစ်ယာန်မောင်နှံတွေအတွက် ကျမ်းစာသင်တန်းတစ်ခုကို တက်ခဲ့တဲ့ သင်တန်းသားတွေက ကျေးဇူးတင်စွာနဲ့ ဒီလိုပြောခဲ့တယ်– “ကျွန်တော်တို့ရရှိတဲ့ ဒီအထူးလေ့ကျင့်မှုက ယေဟောဝါကိုချစ်တဲ့ ကျွန်တော်တို့ရဲမေတ္တာကို ပိုခိုင်ခံ့စေပြီး တခြားသူတွေကို ကူညီပေးဖို့ ပိုအရည်အချင်း ပြည့်မီစေတယ်။”

၁၁။ ယေရှုရဲ့နောက်လိုက်တွေဟာ စာတန့်တိုက်ခိုက်မှုကြားမှာ ဘာကြောင့် ဆက်ဟောပြောနိုင်တာလဲ။

၁၁ သတင်းကောင်းဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်းအတွက် ဒီလိုကြိုးစားအားထုတ်မှုတွေကို ရန်သူစာတန် မြင်တယ်။ သူက ဟောပြောခြင်းလုပ်ငန်း ရပ်တန့်သွားအောင် လုပ်ပစ်ချင်တယ်၊ နိုင်ငံတော်သတင်းကောင်းနဲ့ သတင်းကောင်းဟောပြောသူတွေကို တိုက်ခိုက်ဖို့ ဘယ်နည်းကိုမဆို အသုံးပြုပါလိမ့်မယ်။ ဒါပေမဲ့ သူ အောင်မြင်မှာမဟုတ်ဘူး။ ယေဟောဝါဟာ သားတော်ကို ‘အစိုးရအာဏာစက်၊ တန်ခိုး၊ အုပ်ချုပ်မှုရှိသမျှတို့ထက် မြင့်မြတ်’ တဲ့ရာထူး ပေးထားတယ်။ (ဧ. ၁:၂၀–၂၂) ယေရှုဟာ ခမည်းတော်ရဲ့အလိုတော် ပြီးမြောက်စေဖို့အတွက် သူ့ရဲ့ ဘုရင့်အခွင့်အာဏာကိုသုံးပြီး တပည့်တွေကို ကာကွယ်၊ လမ်းညွှန်ပေးတယ်။ * သတင်းကောင်းကို ဆက်ဟောပြောနေတယ်၊ သန်းနဲ့ချီတဲ့ စိတ်နှလုံးရိုးဖြောင့်သူတွေဟာ ယေဟောဝါကိုဝတ်ပြုဖို့ သွန်သင်ခံနေကြပါတယ်။ ဒီမွန်မြတ်လှတဲ့လုပ်ငန်းမှာ ပါဝင်လုပ်ဆောင်ခွင့်ရတာက တကယ့်အခွင့်ထူးပါပဲ။

ပိုလုပ်ဆောင်ဖို့အတွက် ဘုရင်က နောက်လိုက်တွေကို ဖွဲ့စည်း

၁၂။ ၁၉၁၄ ခုနှစ်ကစပြီး ဘုရားသခင့်ကျေးကျွန်တွေဟာ ဘယ်လို ဖွဲ့စည်းခံခဲ့ရသလဲ။

၁၂ ၁၉၁၄ ခုနှစ်မှာ ဘုရင်အဖြစ် စတင်အုပ်ချုပ်ချိန်ကစပြီး ယေရှုဟာ ခမည်းတော်ရဲ့အလိုတော် ပြည့်စုံဖို့အတွက် ဘုရားသခင့်ကျေးကျွန်တွေရဲ့ ဖွဲ့စည်းပုံနည်းလမ်းကို ပိုကောင်းအောင် ပြုပြင်ခဲ့တယ်။ (ဟေရှာယ ၆၀:၁၇ ကိုဖတ်ပါ။) ၁၉၁၉ ခုနှစ်မှာ အသင်းတော်တစ်ခုစီမှာ လုပ်ငန်းတော်ဒါရိုက်တာတစ်ယောက်ခန့်အပ်ပြီး ဟောပြောခြင်းလုပ်ငန်းကို ဦးဆောင်စေခဲ့တယ်။ ၁၉၂၇ ခုနှစ်မှာ အသင်းတော်တွေဟာ တနင်္ဂနွေနေ့မှာ ပုံမှန်စတင်ဟောပြောခဲ့တယ်။ ၁၉၃၁ ခုနှစ်မှာ ယေဟောဝါရဲ့ကျေးကျွန်တွေဟာ ယေဟောဝါသက်သေဆိုတဲ့ နာမည်ကို စတင်အသုံးပြုခဲ့တယ်၊ အဲဒါက နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းမှာ ပိုပါဝင်ဖို့ သူတို့အတွက် လှုံ့ဆော်မှုဖြစ်ခဲ့တယ်။ (ဟေရှာ. ၄၃:၁၀–၁၂) ၁၉၃၈ ခုနှစ်ကစပြီး အသင်းတော်မှာ ဦးဆောင်တဲ့သူတွေကို မဲစနစ်နဲ့ မရွေးချယ်တော့ဘဲ ခန့်အပ်တဲ့စနစ်ကို ကျင့်သုံးခဲ့တယ်။ ၁၉၇၂ ခုနှစ်မှာ အသင်းတော်ကြီးကြပ်တဲ့တာဝန်ကို ညီအစ်ကိုတစ်ယောက်တည်းကပဲ လုပ်ဆောင်မယ့်အစား အကြီးအကဲအဖွဲ့က တာဝန်ယူလုပ်ဆောင်ခဲ့တယ်။ အကြီးအကဲ၊ အမှုထမ်းအဖြစ် အရည်အချင်းပြည့်မီသူအားလုံးဟာ အသင်းတော်ကို စေတနာစိတ်နဲ့ ထိန်းကျောင်းဖို့ အားပေးခံရကြတယ်။ (၁ ပေ. ၅:၂) ၁၉၇၆ ခုနှစ်မှာ အုပ်ချုပ်ရေးအဖွဲ့ကို ကော်မတီခြောက်ခုအဖြစ် ဖွဲ့စည်းခဲ့ပြီး ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ကွပ်ကဲခဲ့တယ်။ အဲဒီအချိန်ကစပြီး ယေရှုဟာ ဘုရားသခင့်နည်းလမ်းနဲ့အညီ မိမိရဲ့နောက်လိုက်တွေကို အဆင့်ဆင့်ဖွဲ့စည်းခဲ့တယ်။

၁၃။ မေရှိယအုပ်ချုပ်ချိန်အတွင်းမှာ လုပ်ဆောင်ပြီးမြောက်ခဲ့ရာတွေက သင့်ဘဝအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိသလဲ။

၁၃ မေရှိယဘုရင်ရဲ့ အုပ်ချုပ်မှုသက်တမ်း အနှစ် ၁၀၀ အတွင်းမှာ လုပ်ဆောင်ပြီးမြောက်ခဲ့တာတွေကို စဉ်းစားကြည့်ပါ။ ယေရှုဟာ ယေဟောဝါကို ကိုယ်စားပြုတဲ့အုပ်စုတစ်စုကို သန့်စင်ခဲ့တယ်။ ၂၃၉ နိုင်ငံမှာလုပ်ဆောင်နေတဲ့ ဟောပြောခြင်းလုပ်ငန်းကို ညွှန်ကြားနေပြီး သန်းနဲ့ချီတဲ့လူတွေ ယေဟောဝါကို ဝတ်ပြုကိုးကွယ်လာအောင် သွန်သင်ပေးခဲ့တယ်။ ခမည်းတော်ရဲ့အလိုတော်ကို လုပ်ဆောင်ရာမှာ မိမိတို့ကိုယ်ကို လိုလိုလားလား ပေးဆက်ကြတဲ့ သစ္စာရှိနောက်လိုက် ခုနစ်သန်းကျော်ကို ယေရှု စုစည်းခဲ့တယ်။ (ဆာ. ၁၁၀:၃) ယေဟောဝါဟာ မေရှိယနိုင်ငံတော်ကို အသုံးပြုပြီး တကယ်အံ့သြစရာကောင်းတဲ့ အမှုတွေကို လုပ်ဆောင်တယ်။ ဒါပေမဲ့ အဲဒီထက်မက ပိုစိတ်လှုပ်ရှားစရာကောင်းတဲ့ အရာတွေ အနာဂတ်မှာ ဖြစ်ပျက်လာပါဦးမယ်။

မေရှိယနိုင်ငံတော်က ပြုလုပ်ပေးမယ့် အနာဂတ် ကောင်းချီးများ

၁၄။ (က) “နိုင်ငံတော်လာပါစေ” လို့ဆုတောင်းတာက ဘာလုပ်ပေးဖို့ ဘုရားသခင်ထံ တောင်းဆိုနေတာဖြစ်သလဲ။ (ခ) ၂၀၁၄ ခုနှစ်ရဲ့ နှစ်ချုပ်ကျမ်းချက်က ဘာလဲ၊ အဲဒါက ဘာကြောင့် သင့်လျော်သလဲ။

၁၄ ယေဟောဝါက ၁၉၁၄ ခုနှစ်မှာ မိမိရဲ့သားကို မေရှိယဘုရင်အဖြစ် နန်းတင်ခဲ့ပေမဲ့ အဲဒါက “နိုင်ငံတော်လာပါစေ” ဆိုတဲ့ ဆုတောင်းချက်ရဲ့အဖြေ အပြည့်အစုံတော့မဟုတ်ဘူး။ (မ. ၆:၁၀) ယေရှုက ‘ရန်သူတွေရဲ့အလယ်မှာ အုပ်စိုး’ မယ်လို့ ကျမ်းစာမှာ ကြိုဟောထားတယ်။ (ဆာ. ၁၁၀:၂) စာတန်ချုပ်ကိုင်ထားတဲ့ လူ့အုပ်ချုပ်မှုတွေက နိုင်ငံတော်ကို ဆန့်ကျင်နေတုန်းပဲ။ နိုင်ငံတော်လာပါစေလို့ ဆုတောင်းတာဟာ ကောင်းကင်မှာရှိတဲ့ မေရှိယဘုရင်နဲ့ သူနဲ့တွဲဖက်အုပ်ချုပ်တဲ့ ဘုရင်တွေက ကမ္ဘာပေါ်မှာရှိတဲ့ လူ့အုပ်ချုပ်ရေးနဲ့ နိုင်ငံတော်ကိုဆန့်ကျင်တဲ့ သူတွေကို ဖယ်ရှားပေးဖို့ ဘုရားသခင်ထံ ကျွန်ုပ်တို့ တောင်းဆိုနေတာဖြစ်တယ်။ အဲဒီလိုဖြစ်လာတဲ့အခါမှာ ဒံယေလ ၂:၄၅ မှာပါတဲ့ ပရောဖက်ပြုချက် ပြည့်စုံမှာဖြစ်တယ်။ အဲဒီကျမ်းချက်မှာ ဘုရားသခင့်နိုင်ငံတော်က “အထက်ဆိုခဲ့ပြီးသောနိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး” ပါလိမ့်မယ်။ နိုင်ငံတော်ရဲ့ရန်သူတွေဖြစ်တဲ့ အုပ်ချုပ်ရေးတွေကို ဖျက်ဆီးမှာဖြစ်တယ်။ (ဗျာ. ၆:၁၊ ၂; ၁၃:၁–၁၈; ၁၉:၁၁–၂၁) ဒီအဖြစ်အပျက်တွေ မကြာခင်မှာဖြစ်ပျက်လာပါတော့မယ်၊ ဒါကြောင့် “နိုင်ငံတော်လာပါစေ” ဆိုတဲ့ မဿဲ ၆:၁၀ ကို ၂၀၁၄ ခုနှစ်ရဲ့ နှစ်ချုပ်ကျမ်းချက်အဖြစ် ရွေးချယ်ထားတာက အလွန် သင့်လျော်ပါတယ်။ ယေရှု ကောင်းကင်မှာ ဘုရင်အဖြစ်အုပ်ချုပ်ခဲ့တာ အခုဆိုရင် အနှစ် ၁၀၀ ရှိနေပြီ။

၂၀၁၄ ခုနှစ်ရဲ့ နှစ်ချုပ်ကျမ်းချက်– “နိုင်ငံတော်လာပါစေ။”—မဿဲ ၆:၁၀

၁၅၊ ၁၆။ (က) ခရစ်တော်ရဲ့ အနှစ်တစ်ထောင်အုပ်ချုပ်မှုအတွင်းမှာ ဘာတွေဖြစ်ပျက်မလဲ။ (ခ) ယေရှုဟာ မေရှိယဘုရင်အနေနဲ့ နောက်ဆုံးလုပ်ဆောင်မယ့်အရာက ဘာလဲ။ အဲဒါက ယေဟောဝါရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ဘယ်လို အဓိပ္ပာယ်မျိုး သက်ရောက်မလဲ။

၁၅ ယေရှုဟာ ဘုရားသခင့်ရန်သူတွေကို ဖျက်ဆီးပြီးနောက်မှာ စာတန်နဲ့ နတ်ဆိုးတွေကို အနှစ်တစ်ထောင်ကြာ ချုပ်နှောင်ဖို့ တွင်းနက်ကြီးထဲ ပစ်ချပါလိမ့်မယ်။ (ဗျာ. ၂၀:၁–၃) နိုင်ငံတော်ဟာ မာရ်နတ်ရဲ့ အနှောင့်အယှက်မရှိဘဲ ယေရှုရဲ့ရွေးနုတ်ဖိုးပူဇော်သကာကနေ လူသားတွေ အကျိုးခံစားရဖို့၊ အာဒံအပြစ်ရဲ့ဆိုးကျိုးတွေကို လုံးလုံးပယ်ဖျက်ဖို့ ချက်ချင်း လုပ်ဆောင်ပါလိမ့်မယ်။ ဘုရင်ဟာ သန်းနဲ့ချီတဲ့လူတွေကို အသက်ပြန်ရှင်အောင် လုပ်ပေးပြီး သူတို့ကို ယေဟောဝါအကြောင်း သင်ပေးဖို့ ကမ္ဘာချီပညာပေးရေး အစီအစဉ်ကို စီစဉ်ဖွဲ့စည်းပါလိမ့်မယ်။ (ဗျာ. ၂၀:၁၂၊ ၁၃) ကမ္ဘာမြေတစ်ခုလုံးဟာ ဧဒင်ဥယျာဉ်လို သာယာလှပတဲ့ ပရဒိသုဖြစ်လာပြီး သစ္စာရှိလူသားအားလုံးဟာ စုံလင်လာပါလိမ့်မယ်။

၁၆ ခရစ်တော်ရဲ့အနှစ်တစ်ထောင်အုပ်ချုပ်မှုအကုန်မှာ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ရည်ရွယ်ချက် ပြည့်စုံပြီးဖြစ်ပါလိမ့်မယ်။ အဲဒီနောက် ယေရှုက နိုင်ငံတော်ကို ခမည်းတော်ထံ ပြန်ပေးမှာဖြစ်တယ်။ (၁ ကောရိန္သု ၁၅:၂၄–၂၈ ကိုဖတ်ပါ။) အဲဒီအချိန်ကျရင် ကျွန်ုပ်တို့နဲ့ ယေဟောဝါကြားမှာ ကြားခံကိုယ်စားလှယ်တစ်ဦး မလိုအပ်တော့ဘူး။ ကောင်းကင်မှာရှိတဲ့ ဘုရားသခင့်သားတွေနဲ့ မြေကြီးမှာရှိတဲ့ ဘုရားသခင့်သားသမီးတွေဟာ စကြဝဠာမိသားစုတစ်ခုအဖြစ် ကောင်းကင်ဖခင်နဲ့အတူ ပေါင်းစည်းကြပါလိမ့်မယ်။

၁၇။ နိုင်ငံတော်တွက် ဘာလုပ်ဖို့ သင်စိတ်ပိုင်းဖြတ်ထားသလဲ။

၁၇ နိုင်ငံတော်အုပ်ချုပ်မှု နှစ် ၁၀၀ အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ စိတ်လှုပ်ရှားစရာအဖြစ်အပျက်တွေက ယေဟောဝါ ထိန်းချုပ်ထားတယ်၊ မြေကြီးနဲ့ပတ်သက်တဲ့ ကိုယ်တော့်ရည်ရွယ်ချက် တကယ်ပြည့်စုံလာမယ်ဆိုတာ ဖော်ပြတယ်။ ဘုရားသခင်ကို သစ္စာရှိရှိ ဆက်အမှုဆောင်ပြီး ဘုရင်နဲ့ ကိုယ်တော့်နိုင်ငံတော်ကို ကြေညာကြပါစို့။ “နိုင်ငံတော်လာပါစေ” ဆိုတဲ့ ကျွန်ုပ်တို့ရဲ့ ဆုတောင်းချက်ကို မကြာခင် ယေဟောဝါ ပြည့်စုံစေတော့မယ်ဆိုတာ ယုံကြည်စိတ်ချကြပါတယ်။

^ စာပိုဒ်၊ 10 စက်တင်ဘာ ၁၅၊ ၂၀၁၂၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၃–၁၇၊ “ယေဟောဝါရဲ့မေတ္တာတော် သာဓကဖြစ်တဲ့ သင်တန်းကျောင်းများ” ဆောင်းပါးကိုကြည့်ပါ။

^ စာပိုဒ်၊ 11 ဒီဇင်ဘာ ၁၊ ၁၉၉၈၊ ကင်းမျှော်စင် စာမျက်နှာ ၁၉–၂၂ မှာပါတဲ့ နိုင်ငံအသီးသီးက တရားရေးအောင်မြင်မှုတွေကို ကြည့်ပါ။