မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာဖတ်ရှုခြင်းကနေ အကျိုး အပြည့်အဝ ရယူပါ

ကျမ်းစာဖတ်ရှုခြင်းကနေ အကျိုး အပြည့်အဝ ရယူပါ

‘ငါသည် ဘုရားသခင်၏ပညတ်တရားကို အမှန်ပင်နှစ်သက်၏။’—ရော. ၇:၂၂

၁–၃။ သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာပြီး အဲဒီမှာပါတဲ့ သွန်သင်ချက်တွေကို လိုက်နာကျင့်သုံးတဲ့အခါ ဘာအကျိုးတွေရသလဲ။

“သမ္မာကျမ်းစာကိုနားလည်ဖို့ ကျွန်မကို ကူညီပေးလို့ မနက်တိုင်း ယေဟောဝါကို ကျေးဇူးတင်တယ်” လို့ သက်ကြီးညီအစ်မတစ်ယောက်က ပြောတယ်။ ဒီညီအစ်မက ကျမ်းစာကို အစအဆုံး အကြိမ် ၄၀ ကျော်ဖတ်ပြီးတာတောင်မှ ဆက်ဖတ်နေတုန်းပဲ။ ညီအစ်မငယ်တစ်ယောက်ကျတော့ သမ္မာကျမ်းစာဖတ်ရှုခြင်းက ယေဟောဝါဟာ တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်တယ်ဆိုတာ သိရှိအောင် သူ့ကိုကူညီပေးတယ်လို့ ရေးခဲ့တယ်။ အကျိုးကတော့ သူ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိလာတယ်။ “ကျွန်မဘဝမှာ တစ်ခါမှ အခုလို မပျော်ခဲ့ဖူးဘူး” လို့ သူပြောခဲ့တယ်။

တမန်တော်ပေတရုက ကျွန်ုပ်တို့အားလုံးကို “တရားစကားတော်နှင့်ဆိုင်သော နို့စစ်ကို တောင့်တကြ” ဖို့ တိုက်တွန်းခဲ့တယ်။ (၁ ပေ. ၂:၂) သမ္မာကျမ်းစာကို လေ့လာပြီး အဲဒီမှာပါတဲ့ သွန်သင်ချက်တွေကို လိုက်နာကျင့်သုံးတဲ့အခါ ကျွန်ုပ်တို့မှာ ကြည်လင်တဲ့သြတ္တပ္ပစိတ်ရှိလာပြီး ဘဝမှာ ရည်ရွယ်ချက်တစ်ခု ရှိလာတယ်။ ကျမ်းစာသွန်သင်ချက်တွေက စစ်မှန်တဲ့ဘုရားသခင်ကိုချစ်ပြီး ကိုယ်တော့်အမှုဆောင်တဲ့ တခြားသူတွေနဲ့လည်း ကျွန်ုပ်တို့ကို ကောင်းတဲ့ဆက်ဆံရေး ရှိစေနိုင်တယ်။ ဒါတွေက ‘ဘုရားသခင်ရဲ့ ပညတ်တရားကို နှစ်သက်’ ဖို့ ခိုင်လုံတဲ့အကြောင်းရင်းတွေပဲ။ (ရော. ၇:၂၂) ဒါပေမဲ့ အဲဒီထက်မက အကျိုးရရှိနိုင်ပါသေးတယ်။ အဲဒီထဲက တချို့က ဘာတွေလဲ။

ယေဟောဝါနဲ့ ကိုယ်တော့်သားတော်အကြောင်း သင် ပိုသိလာလေ သူတို့နဲ့ လူလူချင်းကိုချစ်တဲ့ သင့်မေတ္တာ ပိုတိုးပွားလာလေပဲ။ ဒါ့အပြင် မကောင်းမှုတွေကို ဘုရားသခင် ဖျက်ဆီးတဲ့အခါ ဖြောင့်မတ်တဲ့လူတွေကို ကိုယ်တော် ဘယ်လိုကယ်တင်မယ်ဆိုတာ သမ္မာကျမ်းစာက သင့်ကို သိရှိစေပါလိမ့်မယ်။ အမှုဆောင်လုပ်ငန်းမှာ လူတွေကိုပြောပြစရာ သတင်းကောင်း သင့်မှာရှိပါတယ်။ သမ္မာကျမ်းစာဖတ်ရှုခြင်းကနေ သင် လေ့လာသိရှိထားတာတွေကို တခြားသူတွေကို ပြန်သင်ပေးတဲ့အခါ ယေဟောဝါ သင့်ကို ကောင်းချီးပေးပါလိမ့်မယ်။

ဖတ်ပါ၊ ပြန်စဉ်းစားတွေးတောပါ

၄။ ကျမ်းစာကို “တီးတိုးဖတ်” တယ်ဆိုတဲ့အဓိပ္ပာယ်က ဘာလဲ။

ယေဟောဝါက မိမိရဲ့ကျေးကျွန်တွေ သမ္မာကျမ်းစာကို အလောတကြီးဖတ်သွားတာမျိုး မဖြစ်စေချင်ဘူး။ ယောရှုကို ကိုယ်တော် ဒီလိုပြောခဲ့တယ်– “ဒီပညတ်ကျမ်းကို သင့်နှုတ်ကနေ မကွာစေရဘူး။ အဲဒီမှာရေးထားသမျှအတိုင်း ဂရုတစိုက်လိုက်နာနိုင်ဖို့ အဲဒါကို နေ့ညမပြတ် တီးတိုးဖတ်ရမယ်။” (ယောရှု ၁:၈ကဘ; ဆာ. ၁:၂) ဒါဆိုရင် ကမ္ဘာဦးကနေ ဗျာဒိတ်အထိ ကျမ်းစာတစ်အုပ်လုံးကို အသံတိုးတိုးထွက်ပြီး ဖတ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်လား။ မဟုတ်ပါဘူး။ သင်ဖတ်နေတဲ့အချက်တွေကို ပြန်စဉ်းစားတွေးတောဖို့ အချိန်ရအောင် ဖြည်းဖြည်းဖတ်သင့်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။ အဲဒါက သင့်အတွက် အထောက်အကူဖြစ်စေပြီး အားပေးမှုဖြစ်စေတဲ့ ကျမ်းချက်တွေကို အာရုံစိုက်ဖို့ ကူညီပေးပါလိမ့်မယ်။ အားပေးမှုဖြစ်စေတဲ့အချက် ဒါမှမဟုတ် ဇာတ်ကြောင်းတွေကို ဖြည်းဖြည်းဖတ်တာ ဒါမှမဟုတ် စကားလုံးတွေကို အသံမထွက်ဘဲ ဖတ်ရွတ်တာမျိုး လုပ်နိုင်ပါတယ်။ အဲဒီအခါမှာ သင်ဖတ်တဲ့အကြောင်းအရာက သင့်နှလုံးထဲ တကယ်ရောက်သွားမှာဖြစ်တယ်။ အဲဒီလိုလုပ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင့်သွန်သင်ချက်တွေကို သင် တကယ်နားလည်တယ်ဆိုရင် အဲဒါတွေကို သင် လိုက်နာကျင့်သုံးချင်လာမှာဖြစ်တယ်။

၅–၇။ ဘုရားသခင့်တရားစကားကို တီးတိုးဖတ်ခြင်းက (က) ကိုယ်ကျင့်တရားစင်ကြယ်စွာ ဆက်နေထိုင်ဖို့၊ (ခ) တခြားသူတွေကို စိတ်ရှည်ကြင်နာစွာ ဆက်ဆံဖို့၊ (ဂ) အခက်အခဲကြုံတွေ့ရချိန်တွေမှာတောင် ယေဟောဝါကို ယုံကြည်အားကိုးဖို့ ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ ဥပမာပေးပါ။

နားလည်ရခက်တယ်လို့ထင်တဲ့ ကျမ်းစောင်တွေကို ဖတ်တဲ့အခါ တီးတိုးဖတ်တာ၊ နောက်တစ်နည်းနဲ့ပြောရင် ဖြည်းဖြည်းနဲ့ သေချာဖတ်တာက ဖတ်တဲ့အရာကို ပြန်စဉ်းစားတွေးတောဖို့ အထောက်အကူပြုတယ်။ ဥပမာ၊ ညီအစ်ကိုငယ်တစ်ယောက်က ဟောရှေကျမ်းကို ဖတ်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ အခန်းကြီး ၄၊ အခန်းငယ် ၁၁ ကနေ ၁၃ ကိုဖတ်ပြီးတဲ့အခါ သူက ဖတ်တာကို ခဏရပ်ပြီး စဉ်းစားတယ်။ (ဟောရှေ ၄:၁၁-၁၃ ကိုဖတ်ပါ။) ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ သိပ်မကြာသေးခင်က သူ ကျောင်းမှာ အကျင့်ပျက်ဖို့ သွေးဆောင်ခံရလို့ ကြိုးစားတွန်းလှန်ခဲ့ရတယ်။ ဒီကျမ်းချက်တွေကို သူ သေချာစဉ်းစားပြီး သူ့ကိုသူ ဒီလိုပြောတယ်– ‘လူတွေ တိတ်တိတ်လေးလုပ်တဲ့ မကောင်းမှုတွေကိုတောင် ယေဟောဝါမြင်တယ်။ ကိုယ်တော့်ကို ငါ စိတ်မထိခိုက်စေချင်ဘူး။’ ဒီညီအစ်ကိုငယ်က ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ ယေဟောဝါရဲ့ပညတ်တွေကို ဆက်နာခံဖို့ အခိုင်အမာ စိတ်ပိုင်းဖြတ်လိုက်တယ်။

ဒုတိယဥပမာအနေနဲ့ ညီအစ်မတစ်ယောက်က ယောလကျမ်းကိုဖတ်နေတာ အခန်းကြီး ၂၊ အခန်းငယ် ၁၃ ကိုရောက်လာတယ်လို့ မြင်ယောင်ကြည့်ပါ။ (ယောလ ၂:၁၃ ကိုဖတ်ပါ။) ဒီအခန်းငယ်ကို သူ တီးတိုးဖတ်တဲ့အခါ ‘ချစ်သနားခြင်းမေတ္တာ ကရုဏာနဲ့ပြည့်စုံပြီး စိတ်ရှည်သောသဘော၊ အလွန်ကျေးဇူးပြုချင်သောသဘော ရှိ’ တဲ့ယေဟောဝါကို သူ ဘယ်လို တုပသင့်တယ်ဆိုတာ စဉ်းစားတယ်။ သူ ပြုပြင်ပြောင်းလဲမှုတချို့လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်၊ ဘာကြောင့်လဲဆိုတော့ သူက တစ်ခါတလေ သူ့ယောက်ျားနဲ့ တခြားသူတွေကို ထေ့ငေါ့တာ၊ ဒေါသတကြီး စကားပြောဆိုတာမျိုး လုပ်တတ်တယ်။

တတိယဥပမာအနေနဲ့ အလုပ်လက်မဲ့ဖြစ်သွားလို့ မိန်းမနဲ့ ကလေးတွေရဲ့ စားဝတ်နေရေးအတွက် စိတ်ပူနေတဲ့ ခရစ်ယာန်ဖခင်တစ်ယောက်ကို မြင်ယောင်ကြည့်ပါ။ သူက ယေဟောဝါဟာ “ခိုလှုံသောသူတို့ကို သိမှတ်” ပြီး “အမှုရောက်သောအခါ ရဲတိုက်ဖြစ်” တယ်ဆိုတဲ့ နာဟုံ ၁:၇ ကို တီးတိုးဖတ်တယ်။ ယေဟောဝါဟာ သူနဲ့ သူ့မိသားစုကိုချစ်တယ်ဆိုတာကို ဒီအချက်ကနေ သူနားလည်သွားတယ်၊ ဒါကြောင့် သူ သိပ်မစိုးရိမ်တော့ဘူး။ အဲဒီနောက် အခန်းငယ် ၁၅ ကို ဆက်ပြီး တီးတိုးဖတ်တယ်။ (နာဟုံ ၁:၁၅ ကိုဖတ်ပါ။) အခက်အခဲကြုံတွေ့ရချိန်တွေမှာတောင် သတင်းကောင်းဟောပြောခြင်းအားဖြင့် ယေဟောဝါကို ယုံကြည်အားကိုးကြောင်း တင်ပြနိုင်တယ်ဆိုတာကို သူနားလည်သွားတယ်။ ဒါကြောင့် သူ နောက်အလုပ်တစ်ခုရှာနေရင်းနဲ့ ကြားရက်တွေမှာ အမှုဆောင်လုပ်ငန်းမှာ ပိုပါဝင်ဖို့ လှုံ့ဆော်ခံရတယ်။

၈။ သင့်ကျမ်းစာဖတ်ရှုခြင်းကနေ သိရှိခဲ့ရာတစ်ခုကို အတိုချုပ်ပြောပြပါ။

အထက်မှာဖော်ပြခဲ့တဲ့ ထိရောက်တဲ့အချက်တွေက နားလည်ရခက်တယ်လို့ လူတချို့ယူဆတဲ့ ကျမ်းစောင်တွေထဲကဖြစ်တယ်။ သင်ခန်းစာယူလိုတဲ့သဘောနဲ့ ဟောရှေ၊ ယောလနဲ့ နာဟုံကျမ်းတွေကို ဖတ်မယ်ဆိုရင် အဲဒီကျမ်းစောင်တွေမှာပါတဲ့ တခြားအခန်းငယ်တွေကိုလည်း တီးတိုးဖတ်ချင်ပါလိမ့်မယ်။ အဲဒီအနာဂတ္တိကျမ်းတွေက ကျွန်ုပ်တို့ကို ဉာဏ်ပညာရှိစေပြီး နှစ်သိမ့်မှုပေးနိုင်တယ်။ ကျန်တဲ့ကျမ်းစောင်တွေလည်း အဲဒီအတိုင်းပါပဲ။ ဘုရားသခင့်တရားစကားတော်က အထွက်နှုန်းကောင်းတဲ့ စိန်တွင်းတစ်တွင်းနဲ့တူတယ်။ အဲဒီစိန်တွင်းမှာ ကောင်းကောင်း အလုပ်လုပ်ပါ။ ဆိုလိုတာက ရတနာတွေဖြစ်တဲ့ ဘုရားသခင့်လမ်းညွှန်မှုနဲ့ အားပေးမှုကို ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သမ္မာကျမ်းစာတစ်အုပ်လုံးကို ဖတ်ပါ။

နားလည်ဖို့ ကြိုးစားအားထုတ်ပါ

၉။ သမ္မာကျမ်းစာကို ပိုနားလည်အောင် ကျွန်ုပ်တို့ ဘာလုပ်နိုင်သလဲ။

ကျမ်းစာကို နေ့တိုင်းဖတ်ဖို့ အရေးကြီးတယ်။ ဒါပေမဲ့ သင်ဖတ်တဲ့အရာကို နားလည်အောင်လည်း လုပ်သင့်တယ်။ ဒါကြောင့် သင်ဖတ်နေတဲ့ကျမ်းပိုဒ်တွေထဲက လူတွေ၊ နေရာတွေနဲ့ အဖြစ်အပျက်တွေရဲ့ နောက်ခံတွေကို အဖွဲ့အစည်းထုတ်စာပေတွေမှာ ရှာဖွေလေ့လာပါ။ သင်ဖတ်ထားတဲ့အချက်တချို့ကို ဘယ်လို ကျင့်သုံးသင့်တယ်ဆိုတာ သေချာမသိရင် အကြီးအကဲတစ်ယောက် ဒါမှမဟုတ် ရင့်ကျက်တဲ့ ညီအစ်ကိုညီအစ်မတစ်ယောက်ကို အကူအညီတောင်းနိုင်ပါတယ်။ ပထမရာစုတုန်းက ခရစ်ယာန်တစ်ယောက်လည်း အမှန်တရားကို မှန်မှန်ကန်ကန် နားလည်ဖို့ အကူအညီလိုအပ်ခဲ့တယ်။ သူ့နာမည်က အာပေါလုဖြစ်တယ်။

၁၀၊ ၁၁။ (က) သတင်းကောင်းဟောပြောရာမှာ ပိုထိရောက်တဲ့ အမှုဆောင်တစ်ယောက်ဖြစ်ဖို့ အာပေါလု ဘယ်လို အကူအညီရရှိခဲ့သလဲ။ (ခ) အာပေါလုရဲ့ပုံသက်သေကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ (“သင့် သွန်သင်ချက်တွေက နောက်ဆုံးအချက်အလက်နဲ့ ကိုက်ညီသလား” လေးထောင့်ကွက်ကိုကြည့်ပါ။)

၁၀ အာပေါလုဟာ ‘ကျမ်းစာကို အထူးတတ်ကျွမ်း’ ပြီး ‘စွမ်းအားတော်နဲ့စိတ်ထက်သန်’ သူဖြစ်တယ်။ သူ့အကြောင်းကို တမန်တော်ကျမ်းမှာ ဒီလိုဖော်ပြထားတယ်– “ယေရှုနှင့်ဆိုင်သောအကြောင်းအရာများကို မှန်ကန်စွာ ဟောပြောသွန်သင်၏။ သို့သော်လည်း ယောဟန်၏ နှစ်ခြင်းတရားကိုသာ သိ၏။” အာပေါလုဟာ နှစ်ခြင်းနဲ့ပတ်သက်တဲ့ သွန်သင်ချက်အဟောင်းကိုပဲ လူတွေကို သင်ပေးနေတယ်။ ပြစ်ကိလနဲ့ အာကုလဆိုတဲ့ ခရစ်ယာန်မောင်နှံဟာ ဧဖက်မြို့မှာ အာပေါလု အဲဒီလို သင်ပေးနေတယ်ဆိုတဲ့သတင်းကို ကြားတယ်၊ အဲဒီအခါမှာ သူတို့က သူ့ကို “ဘုရားသခင်၏လမ်းစဉ်တော်အကြောင်းကို သာ၍မှန်ကန်စွာ ရှင်းလင်းဖော်ပြ” ခဲ့ကြတယ်။ (တ. ၁၈:၂၄-၂၆) အဲဒီကနေ အာပေါလု ဘာအကျိုးရခဲ့သလဲ။

၁၁ အာပေါလုဟာ ဧဖက်မြို့မှာ ဟောပြောပြီးတဲ့နောက် အခါယပြည်ကို ဆက်သွားတယ်။ “ထိုသူသည် ရောက်သွားလျှင် ဘုရားသခင်၏ မဟာကရုဏာတော်အားဖြင့် ယုံကြည်သောသူတို့ကို များစွာ ကူညီပေးလေ၏။ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ကျမ်းစာဖြင့်ထောက်ပြလျက် လူအများရှေ့တွင် ဂျုးတို့မှားကြောင်းကို လေးနက်သေချာစွာ ဖော်ပြခြင်းဖြင့် ထိုသို့ ကူညီပေးလေ၏။” (တ. ၁၈:၂၇၊ ၂၈) အဲဒီအချိန်မှာတော့ အာပေါလုဟာ ယေရှုရဲ့နှစ်ခြင်းအကြောင်း မှန်မှန်ကန်ကန် ရှင်းပြနိုင်ပြီ။ သူ တိုးသိနားလည်လာတဲ့ အသိပညာနဲ့အညီ လူသစ်တွေကို စစ်မှန်တဲ့ဝတ်ပြုရေးမှာ တိုးတက်လာဖို့ “များစွာကူညီပေး” ခဲ့တယ်။ ဒီကျမ်းမှတ်တမ်းကနေ ကျွန်ုပ်တို့ ဘာသင်ယူနိုင်သလဲ။ အာပေါလုလိုပဲ ကျွန်ုပ်တို့လည်း သမ္မာကျမ်းစာမှာ ဖတ်ရတဲ့အရာတွေကို နားလည်ဖို့ ကြိုးစားအားထုတ်ကြတယ်။ ဒါပေမဲ့ အတွေ့အကြုံရှိတဲ့ ယုံကြည်သူချင်းတစ်ဦးက ကျွန်ုပ်တို့ ပိုပြီး ထိထိရောက်ရောက်သွန်သင်နိုင်ဖို့ အကြံပေးတဲ့အခါမှာ အကြံပြုချက်ကို နှိမ့်ချမှု၊ ကျေးဇူးတင်လေးမြတ်မှုနဲ့ ကျွန်ုပ်တို့ လက်ခံချင်ကြတယ်။ အဲဒီလိုလက်ခံတယ်ဆိုရင် ဘုရားသခင့်အမှုတော်ဆောင်ရာမှာ ကျွန်ုပ်တို့ရဲ့ အရည်အသွေး တိုးတက်လာမယ်။

တခြားသူတွေကို သင်ပေးရာမှာ သင် လေ့လာထားတာတွေကိုသုံးပါ

၁၂၊ ၁၃။ ကျမ်းစာသင်သားတွေကို တိုးတက်ဖို့ကူညီပေးရာမှာ သမ္မာကျမ်းစာကို သင် ဘယ်လို လိမ္မာပါးနပ်စွာ အသုံးပြုနိုင်သလဲ။

၁၂ ပြစ်ကိလ၊ အာကုလနဲ့ အာပေါလုတို့လိုပဲ ကျွန်ုပ်တို့လည်း တခြားသူတွေကို ကူညီပေးနိုင်ပါတယ်။ သင် ကူညီပေးခဲ့လို့ စိတ်ဝင်စားသူတစ်ယောက်ရဲ့အသက်တာ ပြုပြင်ပြောင်းလဲပြီး အမှန်တရားမှာ တိုးတက်လာတယ်ဆိုရင် သင် ဘယ်လို ခံစားရသလဲ။ ဒါမှမဟုတ် သင်ဟာ အကြီးအကဲတစ်ယောက်ဖြစ်ပြီး ယုံကြည်သူချင်းတစ်ယောက်က သူအခက်အခဲကြုံရချိန်မှာ သင် ပေးခဲ့တဲ့ကျမ်းစာသွန်သင်ချက်အတွက် ကျေးဇူးတင်တယ်လို့ ပြောတဲ့အခါ သင် ဘယ်လိုခံစားရသလဲ။ လူတွေရဲ့အသက်တာ ပြုပြင်ပြောင်းလဲဖို့ ကူညီပေးရာမှာ သမ္မာကျမ်းစာကို အသုံးပြုခြင်းက တကယ့် ပျော်ရွှင်ကျေနပ်မှု ခံစားရစေပါတယ်။ * ဒါကို သင် ဘယ်လိုလုပ်နိုင်သလဲ။

၁၃ ဧလိယအချိန်တုန်းက အစ္စရေးလူတွေဟာ စစ်မှန်တဲ့ဝတ်ပြုရေးဘက် လိုက်မလား၊ အယူမှားဝတ်ပြုရေးဘက် လိုက်မလားဆိုတာကို ပြတ်ပြတ်သားသား မဆုံးဖြတ်ခဲ့ကြဘူး။ အဲဒီလူတွေကို ဧလိယပြောခဲ့တဲ့စကားက ယေဟောဝါကိုဝတ်ပြုဖို့ မဆုံးဖြတ်သေးဘဲ တွေဝေနေတဲ့ ကျမ်းစာသင်သားတစ်ဦးအတွက် အကူအညီဖြစ်စေနိုင်ပါတယ်။ (၃ ဓမ္မရာဇဝင် ၁၈:၂၁ ကိုဖတ်ပါ။) ဒါမှမဟုတ် စိတ်ဝင်စားသူတစ်ဦးက သူကျမ်းစာလေ့လာနေတာကို မိတ်ဆွေတွေ၊ မိသားစုဝင်တွေ အပြစ်တင်မှာကို ကြောက်နေတာဖြစ်နိုင်တယ်။ အဲဒီအခါ ဟေရှာယ ၅၁:၁၂၊ ၁၃ (ဖတ်ပါ။) ကိုသုံးပြီး ယေဟောဝါကို ဝတ်ပြုဖို့ ဆုံးဖြတ်ချက်ချနိုင်အောင် သူ့ကို ကူညီပေးနိုင်ပါတယ်။

၁၄။ တခြားသူတွေကို ကူညီပေးဖို့လိုအပ်တဲ့အချိန်မှာ ကျမ်းချက်တွေကို ပြန်မှတ်မိဖို့ ဘာက သင့်ကို ကူညီပေးမလဲ။

၁၄ သမ္မာကျမ်းစာမှာ ကျွန်ုပ်တို့အတွက် အားပေးမှုဖြစ်စေတဲ့၊ ပြုပြင်တည့်မတ်ပေးတဲ့၊ အားရှိစေတဲ့ စကားတွေ အများကြီးပါရှိတယ်။ ဒါပေမဲ့ သင်က သင်လိုအပ်တဲ့အချိန်မှာ ဘယ်ကျမ်းချက်တွေကို သုံးရမယ်ဆိုတာ ဘယ်လိုသိနိုင်မလဲလို့ စဉ်းစားမိပါလိမ့်မယ်။ ကျမ်းစာကို နေ့တိုင်းဖတ်ပြီး ဖတ်တဲ့အကြောင်းအရာကို တွေးတောဆင်ခြင်ပါ။ ဒီလိုနည်းနဲ့ သင်ဟာ သမ္မာကျမ်းစာနဲ့ တဖြည်းဖြည်း အကျွမ်းတဝင်ဖြစ်လာမယ်။ လိုအပ်တဲ့အချိန်မှာ ယေဟောဝါက ကိုယ်တော့်သန့်ရှင်းသောစွမ်းအားတော်ကိုသုံးပြီး ကျမ်းစာမှာပါတဲ့အကြောင်းအရာတွေကို ပြန်မှတ်မိဖို့ ကူညီပေးပါလိမ့်မယ်။—မာ. ၁၃:၁၁; ယောဟန် ၁၄:၂၆ ကိုဖတ်ပါ။ *

၁၅။ ဘုရားသခင့်တရားစကားတော်ကို ပိုနားလည်ဖို့ ဘာက သင့်ကို ကူညီပေးမလဲ။

၁၅ ဘုရင်ရှောလမုန်လိုပဲ ဉာဏ်ပညာရဖို့ ယေဟောဝါထံဆုတောင်းပါ။ ဟောပြောခြင်းလုပ်ငန်းနဲ့ အသင်းတော်တာဝန်တွေ ထမ်းဆောင်ဖို့အတွက် သင် ဉာဏ်ပညာလိုအပ်တယ်။ (၆ ရာ. ၁:၇-၁၀) ဘုရားသခင့်တရားစကားတော်ကို “ကြိုးစားလျက်စိစစ်၍ စေ့စေ့ရှာဖွေခဲ့ကြ” တဲ့ ပရောဖက်တွေကို တုပပါ၊ အဲဒါက ယေဟောဝါနဲ့ ကိုယ်တော့်အလိုတော်အကြောင်း အမှန်တရားကိုသိဖို့ သင့်ကို ကူညီပေးပါလိမ့်မယ်။ (၁ ပေ. ၁:၁၀-၁၂) တမန်တော်ပေါလုက တိမောသေကို “ယုံကြည်ခြင်းနှင့် မွန်မြတ်သည့် သွန်သင်ချက်များနှင့်ဆိုင်သော တရားစကားတော်များဖြင့် မိမိကိုယ်ကို အားဖြည့်ထား” ဖို့ အားပေးခဲ့တယ်။ (၁ တိ. ၄:၆) အဲဒီလိုလုပ်မယ်ဆိုရင် သင်ဟာ တခြားသူတွေကို ကူညီပေးနိုင်တဲ့ အကောင်းဆုံးအနေအထားမှာ ရှိနေပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ သင့်ရဲ့ယုံကြည်ခြင်းလည်း ပိုခိုင်ခံ့လာပါလိမ့်မယ်။

သမ္မာကျမ်းစာဖတ်ရှုခြင်းက ကျွန်ုပ်တို့ကို ကာကွယ်ပေး

၁၆။ (က) “နေ့စဉ်နေ့တိုင်း ကျမ်းစာကို စေ့စေ့ဆန်းစစ်” ခြင်းကနေ ဗေရိမြို့သားတွေ ဘယ်လိုအကျိုးရရှိခဲ့သလဲ။ (ခ) ကျွန်ုပ်တို့ သမ္မာကျမ်းစာကို နေ့တိုင်းဖတ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၆ ဗေရိမြို့က ဂျူးတွေဟာ “နေ့စဉ်နေ့တိုင်း ကျမ်းစာကို စေ့စေ့ဆန်းစစ်” တဲ့အကျင့်ရှိတယ်။ အဲဒီဂျူးတွေကို ပေါလု သတင်းကောင်းဟောပြောတဲ့အခါ သူတို့ဟာ ပေါလုပြောတာတွေနဲ့ ကျမ်းစာထဲက သူတို့သိထားတာတွေကို နှိုင်းယှဉ်ကြည့်ကြတယ်။ ဘာအကျိုးရရှိခဲ့ကြသလဲ။ ပေါလု သင်ပေးတာတွေက အမှန်တရားဖြစ်တယ်ဆိုတာကို လူများစွာ လက်ခံပြီး “ယုံကြည်သူများဖြစ်လာ” ကြတယ်။ (တ. ၁၇:၁၀-၁၂) ဒီဖြစ်ရပ်က သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းက ယေဟောဝါအပေါ် ယုံကြည်ခြင်း ပိုခိုင်ခံ့စေတယ်ဆိုတာ ဖော်ပြတယ်။ ဘုရားသခင့်ကမ္ဘာသစ်ထဲ ဝင်ရောက်ချင်တယ်ဆိုရင် “မျှော်လင့်သောအရာများကို ယုံကြည်စိတ်ချစွာစောင့်မျှော်ခြင်း” ဖြစ်တဲ့ ခိုင်ခံ့တဲ့ယုံကြည်ခြင်း ရှိဖို့လိုအပ်တယ်။—ဟေဗြဲ ၁၁:၁

၁၇၊ ၁၈။ (က) ခိုင်ခံ့တဲ့ယုံကြည်ခြင်းနဲ့ ချစ်ခြင်းမေတ္တာက ခရစ်ယာန်တစ်ယောက်ရဲ့ ပုံဆောင်နှလုံးကို ဘယ်လို ကာကွယ်ပေးသလဲ။ (ခ) မျှော်လင့်ချက်က အန္တရာယ်ကနေ ကျွန်ုပ်တို့ကို ဘယ်လိုကာကွယ်ပေးသလဲ။

၁၇ ပေါလုက အကြောင်းကောင်းရှိလို့ “နေ့နှင့်စပ်ဆိုင်သော ငါတို့မူကား သတိရှိနေကြစို့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကိုဝတ်ဆင်လျက် ကယ်တင်ခြင်းမျှော်လင့်ချက်ကို သံခမောက်ကဲ့သို့ ဆောင်းထားကြစို့” လို့ ရေးခဲ့တယ်။ (၁ သက်. ၅:၈) စစ်သားတစ်ယောက်ရဲ့နှလုံးကို ရန်သူတွေရဲ့တိုက်ခိုက်မှုကနေ ကာကွယ်ဖို့လိုတယ်။ အဲဒီလိုပဲ ခရစ်ယာန်တစ်ယောက်ရဲ့ ပုံဆောင်နှလုံးကိုလည်း အပြစ်ရဲ့အစွမ်းတန်ခိုးကနေ ကာကွယ်ဖို့လိုတယ်။ ယေဟောဝါရဲ့ ကျေးကျွန်တစ်ယောက်က ဘုရားသခင့်ကတိတော်ကို အခိုင်အမာယုံကြည်ပြီး ကိုယ်တော်နဲ့ လူသားချင်းကိုချစ်တယ်ဆိုရင် ဘယ်လိုဖြစ်မလဲ။ အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ မိမိရဲ့ပုံဆောင်နှလုံးကို အရည်အသွေးကောင်းတဲ့ ရင်အုပ်တန်ဆာနဲ့ ကာကွယ်ထားတာဖြစ်တယ်။ သူဟာ ဘုရားသခင့်မျက်နှာသာ ဆုံးၡုံးစေတဲ့ လုပ်ရပ်မှန်သမျှကို ရှောင်မှာဖြစ်တယ်။

၁၈ ပေါလုဟာ “ကယ်တင်ခြင်းမျှော်လင့်ချက်” သံခမောက်အကြောင်းလည်း ပြောခဲ့တယ်။ ရှေးခေတ်က စစ်သားတစ်ယောက်ဟာ မိမိရဲ့ခေါင်းကိုကာကွယ်ဖို့ သံခမောက်ကို အသုံးပြုတယ်။ ယေဟောဝါ ကယ်တင်နိုင်တယ်ဆိုတာကို ကျွန်ုပ်တို့ တကယ်မျှော်လင့်တယ်ဆိုရင် ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်က ကျွန်ုပ်တို့ရဲ့ စဉ်းစားတွေးခေါ်မှုကို ကာကွယ်ပေးနိုင်တယ်။ ခိုင်မြဲတဲ့မျှော်လင့်ချက်က အယူဖောက်ပြန်သူတွေနဲ့ ခူနာနဲ့တူတဲ့ သူတို့ရဲ့ “အချည်းနှီးသောစကားကို” ရှောင်ရှားဖို့ ကျွန်ုပ်တို့ကို ကူညီပေးနိုင်တယ်။ (၂ တိ. ၂:၁၆-၁၉) ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်က ယေဟောဝါ ပြစ်တင်ရှုတ်ချတဲ့ မကောင်းတဲ့အကျင့်တွေကို ပြတ်ပြတ်သားသားငြင်းပယ်ဖို့လည်း ခွန်အားရှိစေပါလိမ့်မယ်။

ကပ်ကျော်လွတ်မြောက်နိုင်တဲ့ သော့ချက်တစ်ခု

၁၉၊ ၂၀။ ဘုရားသခင့်တရားစကားတော်အတွက် ကျွန်ုပ်တို့ ဘာကြောင့် ကျေးဇူးတင်လေးမြတ်သလဲ။ ကျေးဇူးတင်လေးမြတ်ကြောင်း ကျွန်ုပ်တို့ ဘယ်လို ဖော်ပြကြသလဲ။ (“ကျွန်မ တကယ်လိုအပ်တဲ့အရာကို ယေဟောဝါပေးတယ်” ဆိုတဲ့ လေးထောင့်ကွက်ကိုကြည့်ပါ။)

၁၉ အဆုံးနီးလာလေ ယေဟောဝါရဲ့တရားစကားတော်ကို ယုံကြည်ဖို့ ပိုလိုအပ်လေပဲ။ အဲဒီကရရှိတဲ့ သွန်သင်ချက်တွေက မကောင်းတဲ့အကျင့်တွေကို ပြုပြင်ဖို့နဲ့ ကျွန်ုပ်တို့ရဲ့အပြစ်ပြုလုပ်လိုတဲ့ သဘောထားတွေကို ထိန်းချုပ်ဖို့ ကူညီပေးပါတယ်။ အဲဒီမှာပါတဲ့ အားပေးမှုနဲ့ နှစ်သိမ့်မှုက စာတန်နဲ့ သူ့လောက,ကလာတဲ့ စမ်းသပ်မှုတွေကို အောင်မြင်ကျော်လွှားစေပါလိမ့်မယ်။ ယေဟောဝါရဲ့တရားစကားတော်မှာပါတဲ့ လမ်းညွှန်မှုတွေက ကျွန်ုပ်တို့ကို ထာဝရအသက်လမ်းပေါ်မှာ ဆက်ရှိနေစေပါလိမ့်မယ်။

၂၀ ဘုရားသခင့်အလိုတော်က ‘လူအမျိုးမျိုး ကယ်တင်ခြင်းခံရ’ ဖို့ဖြစ်တယ်ဆိုတာ ပြန်သတိရပါ။ “လူအမျိုးမျိုး” ထဲမှာ ယေဟောဝါရဲ့ကျေးကျွန်အားလုံးနဲ့ ကျွန်ုပ်တို့ ဟောပြောသွန်သင်တဲ့ သတင်းကောင်းကို နားထောင်လိုစိတ်ရှိသူတွေ ပါဝင်တယ်။ ဒါပေမဲ့ ကယ်တင်ခြင်းရလိုသူအားလုံးဟာ “အမှန်တရားဆိုင်ရာ တိကျမှန်ကန်သော အသိပညာ” ကိုသိရှိဖို့လိုတယ်။ (၁ တိ. ၂:၄) ဒါကြောင့် ကျွန်ုပ်တို့ ကယ်တင်ခြင်းရချင်တယ်ဆိုရင် သမ္မာကျမ်းစာကို နေ့တိုင်းဖတ်ပြီး အဲဒီမှာပါတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကျင့်သုံးရမယ်။ ကျွန်ုပ်တို့ ကျမ်းစာကို နေ့စဉ်ဖတ်ရှုတာက ယေဟောဝါရဲ့တရားစကားတော်ကို ကျွန်ုပ်တို့ ဘယ်လောက်တန်ဖိုးထား လေးမြတ်တယ်ဆိုတာ ဖော်ပြတယ်။—ယော. ၁၇:၁၇

^ စာပိုဒ်၊ 12 ကျွန်ုပ်တို့ဟာ တခြားသူတွေ ပြုပြင်ပြောင်းလဲအောင် အတင်းအကျပ်ဖိအားပေးဖို့နဲ့ တခြားသူတွေကို အပြစ်တင်ဖို့အတွက် သမ္မာကျမ်းစာကို အသုံးမပြုကြဘူး။ ကျွန်ုပ်တို့အပေါ် ယေဟောဝါစိတ်ရှည်ပြီး ကြင်နာမှုပြသလိုပဲ ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့ရဲ့ကျမ်းစာသင်သားတွေကို စိတ်ရှည်ပြီး ကြင်နာမှုပြသင့်တယ်။—ဆာ. ၁၀၃:၈

^ စာပိုဒ်၊ 14 သင်ဟာ ကျမ်းချက်တစ်ချက်မှာပါတဲ့ စကားလုံးတချို့ကိုတော့ မှတ်မိပြီး ကျမ်းချက်ကိုတော့ မမှတ်မိဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းမှာပါတဲ့ ကျမ်းစာစကားလုံးများအညွှန်းနဲ့ ကင်းမျှော်စင်စာကြည့်တိုက်မှာ စကားလုံးတွေကို ရှာနိုင်ပါတယ်။