၂ ရာဇဝင်ချုပ် ၁:၁-၁၇

  • ဉာဏ်ပညာရဖို့ ရှောလမုန်တောင်းဆို (၁-၁၂)

  • ရှောလမုန်ရဲ့ စည်းစိမ်ချမ်းသာ (၁၃-၁၇)

 ဒါဝိဒ်ရဲ့သား ရှောလမုန်ရဲ့မင်းအာဏာ ခိုင်မာသည်ထက် ခိုင်မာလာတယ်။ ယေဟောဝါဘုရားက သူနဲ့အတူရှိပြီး အတိုင်းထက်အလွန် ကြီးမြတ်စေတယ်။+ ၂  ရှောလမုန်က  လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်၊ တရားသူကြီး၊ အစ္စရေးခေါင်းဆောင်၊ ဆွေမျိုးစုခေါင်းဆောင်တွေနဲ့ အစ္စရေးအားလုံးကို ဆင့်ခေါ်လိုက်တယ်။ ၃  ပြီးတော့ ရှောလမုန်က အဲဒီလူစုကြီးနဲ့အတူ ဂိဗောင်မြို့မှာရှိတဲ့ အထွတ်အမြတ်နေရာကို+ သွားတယ်။ တောကန္တာရမှာ ယေဟောဝါရဲ့ကျွန် မောရှေ ဆောက်ခဲ့တဲ့တဲတော်၊ စစ်မှန်တဲ့ဘုရားသခင်ရဲ့ တွေ့ဆုံရာတဲတော်က  အဲဒီမှာ  ရှိနေလို့ပဲ။ ၄  ဘုရားသခင်ရဲ့  သေတ္တာတော်ကိုတော့ ဒါဝိဒ်က ကိရယတ်ယာရိမ်မြို့ကနေ+ သယ်လာပြီး ဂျေရုဆလင်မြို့မှာရှိတဲ့ သူဆောက်တဲ့ တဲထဲမှာ ထားတယ်။+ ၅  ဟုရရဲ့မြေး၊ ဥရိရဲ့သား ဗေဇလေလ+ လုပ်ခဲ့တဲ့ ကြေးနီပူဇော်ရာပလ္လင်က+ ယေဟောဝါရဲ့ တဲတော်ရှေ့မှာ ရှိတယ်။ ရှောလမုန်နဲ့ လူစုကြီးက အဲဒီပလ္လင်ရှေ့မှာ ဆုတောင်းလေ့ရှိတယ်။ ၆  အခုလည်း ရှောလမုန်က ယေဟောဝါရှေ့မှာ အလှူတွေ ဆက်သတယ်။ တွေ့ဆုံရာတဲတော်မှာရှိတဲ့ ကြေးနီပူဇော်ရာပလ္လင်ပေါ်မှာ+ မီးရှို့ရာအလှူ ၁,၀၀၀ ဆက်သတယ်။ ၇  အဲဒီည ရှောလမုန်ရဲ့ အိပ်မက်ထဲမှာ  ဘုရားသခင်  ရောက်လာပြီး “မင်းလိုချင်တာ တောင်းပါ။ ငါပေးမယ်” လို့ပြောတော့၊+ ၈  ရှောလမုန်က “ကိုယ်တော်ဟာ ခမည်းတော်ဒါဝိဒ်ကို+ ကြီးမားခိုင်မြဲတဲ့မေတ္တာ ပြခဲ့ပါပြီ။ ကျွန်တော့်ကိုလည်း မင်းမြှောက်ပါပြီ။+ ၉  ယေဟောဝါဘုရား၊ မြေမှုန့်လို များပြားလှတဲ့+ ဒီလူမျိုးကို အုပ်စိုးဖို့ ကျွန်တော့်ကို မင်းမြှောက်ပါပြီ။ ဒါကြောင့် ခမည်းတော်ဒါဝိဒ်ကို ပေးခဲ့တဲ့  ကတိတော်အတိုင်း  ဖြစ်လာပါစေ။+ ၁၀  လူမျိုးတော်ကို ဦးဆောင်နိုင်ဖို့ ကျွန်တော့်ကို ဉာဏ်ပညာနဲ့ အသိပညာ+ ပေးသနားပါ။ ဒီလောက်များတဲ့ လူတွေကို ကျွန်တော် ဘယ်လိုလုပ် တရားစီရင်နိုင်မှာလဲ”+ ဆိုပြီး တောင်းဆိုတယ်။ ၁၁  ဒါနဲ့ ဘုရားသခင်က “မင်းဟာ စည်းစိမ်ကြွယ်ဝဖို့၊ ဂုဏ်အသရေရှိဖို့၊ အသက်ရှည်ရှည် နေရဖို့၊ မင်းကိုမုန်းတဲ့သူတွေ သေကျေပျက်စီးဖို့ မတောင်းဘဲ ငါအုပ်ချုပ်ခိုင်းတဲ့ လူမျိုးကို တရားစီရင်နိုင်ဖို့ ဉာဏ်ပညာနဲ့ အသိပညာကို တောင်းတဲ့အတွက်၊+ မင်းမှာ အဲဒီဆန္ဒ ရှိတဲ့အတွက်၊ ၁၂  ဉာဏ်ပညာနဲ့ အသိပညာကို ငါပေးမယ်။ မင်းထက်အရင် နန်းတက်ခဲ့သူတွေ၊ နောက်မှ တက်လာမယ့်သူတွေထဲမှာ ဘယ်ဘုရင်မှ မရဖူးတဲ့ စည်းစိမ်ချမ်းသာနဲ့ ဂုဏ်အသရေကိုလည်း ပေးဦးမယ်” လို့ပြောတယ်။+ ၁၃  အဲဒီနောက်  ရှောလမုန်က ဂိဗောင်မြို့မှာရှိတဲ့ အထွတ်အမြတ်နေရာ၊+ တွေ့ဆုံရာတဲတော်ကနေ ဂျေရုဆလင်မြို့ကို  ပြန်လာတယ်။  ပြီးတော့ အစ္စရေးတွေကို အုပ်ချုပ်တယ်။ ၁၄  မြင်းရထားတွေ၊ မြင်းတွေကို သူစုဆောင်းလေ့ရှိတယ်။ သူ့မှာ မြင်းရထား ၁,၄၀၀၊ မြင်း ၁၂,၀၀၀ ရှိပြီး+ အဲဒါတွေကို မြင်းရထားမြို့တွေမှာ+ ထားတယ်။ သူစံမြန်းတဲ့  ဂျေရုဆလင်မြို့မှာလည်း ထားတယ်။+ ၁၅  မင်းကြီးက ဂျေရုဆလင်မြို့မှာ ရွှေငွေတွေကို ကျောက်ခဲတွေလို၊+ သစ်ကတိုးသားတွေကို ရှဖိလာအရပ်မှာရှိတဲ့ သဖန်းပိုးစာပင်တွေလို ပေါများစေတယ်။+ ၁၆  ရှောလမုန်အတွက် မြင်းတွေကို အီဂျစ်ပြည်ကနေ တင်သွင်းတယ်။+ ဘုရင့်ကုန်သည်အဖွဲ့က မြင်းအုပ်တွေကို ပေါက်ဈေးပေးပြီး ဝယ်တတ်ကြတယ်။*+ ၁၇  မြင်းရထားတစ်စီးကို ငွေစ ၆၀၀၊ မြင်းတစ်ကောင်ကို ၁၅၀ နဲ့ဝယ်ပြီး အီဂျစ်ပြည်ကနေ တင်သွင်းတယ်။ အဲဒါတွေကို ဟိတ္တိဘုရင်တွေနဲ့ ဆီးရီးယားဘုရင်တွေဆီ ပြန်တင်ပို့ကြတယ်။

အောက်ခြေမှတ်ချက်များ

“အီဂျစ်ပြည်နဲ့ ကောပြည်ကနေ တင်သွင်းတယ်။ ဘုရင့်ကုန်သည်တွေက ကောပြည်ကနေ ဝယ်တတ်ကြတယ်” လည်းဖြစ်နိုင်။ ကောပြည်ဟာ ကိလိကိပြည်ဖြစ်နိုင်။