မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်၏သမာဓိစောင့်သိမှုက ယေဟောဝါ၏စိတ်ကို ရွှင်လန်းစေ

သင်၏သမာဓိစောင့်သိမှုက ယေဟောဝါ၏စိတ်ကို ရွှင်လန်းစေ

သင်၏သမာဓိစောင့်သိမှုက ယေဟောဝါ၏စိတ်ကို ရွှင်လန်းစေ

“ငါ့သား ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကိုငါချေနိုင်အောင် ငါ့စိတ်ကိုရွှင်လန်းစေလော့။”—သု. ၂၇:၁၁

၁၊ ၂။ (က) ယောဘကျမ်းက စာတန်၏အဘယ်စိန်ခေါ်ချက်ကို ဖော်ပြထားသနည်း။ (ခ) ယောဘအချိန်နောက်ပိုင်းတွင် စာတန်သည် ယေဟောဝါကို ဆက်၍ကဲ့ရဲ့နေဆဲဖြစ်ကြောင်း အဘယ်အရာကဖော်ပြသနည်း။

ယေဟောဝါသည် ဘုရားသခင်၏တည်ကြည်သောကျေးကျွန်ယောဘ၏ သမာဓိစောင့်သိမှုကို စမ်းသပ်ရန် စာတန်အား ခွင့်ပြုခဲ့သည်။ ဤသို့ဖြင့် ယောဘသည် ခြံမွေးတိရစ္ဆာန်များ၊ သားသမီးများနှင့် ကျန်းမာရေးဆုံးရှုံးခဲ့ရသည်။ သို့သော် စာတန်သည် ယောဘ၏သမာဓိစောင့်သိမှုကို စိန်ခေါ်ခဲ့သောအခါ သူ့စိတ်တွင် ယောဘတစ်ဦးတည်းထက်မက ရှိခဲ့သည်။ “အရေဖို့အရေဟုဆိုသကဲ့သို့ လူသည် မိမိအသက်ဖို့ မိမိဥစ္စာရှိသမျှကိုပေးပါလိမ့်မည်” ဟုစာတန်ဆိုခဲ့သည်။ ယင်းစိန်ခေါ်ချက်က ယောဘအပြင် အခြားသူများလည်းပါဝင်ခဲ့ပြီး သူသေဆုံးပြီးနောက် ကြာမြင့်စွာဆက်ရှိနေသည့် အရေးကိစ္စဖြစ်ခဲ့သည်။—ယောဘ ၂:၄

ယောဘစုံစမ်းခံရပြီးနောက် နှစ်ပေါင်း ၆၀၀ ခန့်တွင် ရှောလမုန်သည် ဤသို့ရေးရန် မှုတ်သွင်းခံခဲ့ရသည်– “ငါ့သား ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကိုငါချေနိုင်အောင် ငါ့စိတ်ကိုရွှင်လန်းစေလော့။” (သု. ၂၇:၁၁) ထိုအချိန်တွင် စာတန်သည် ယေဟောဝါကို စိန်ခေါ်နေဆဲရှိသည်မှာ ထင်ရှားသည်။ ထို့ပြင် ၁၉၁၄ ၌ ဘုရားသခင့်နိုင်ငံတည်ထောင်ပြီးနောက် တစ်ချိန်ချိန်တွင် ကောင်းကင်မှနှင်ချခံခဲ့ရသောစာတန်သည် ဘုရားသခင့်ကျေးကျွန်များကို စွပ်စွဲနေကြောင်း တမန်တော်ယောဟန်အားပေးသော စိတ်အာရုံတစ်ခုတွင် မြင်တွေ့ခဲ့ရသည်။ မှန်ပါသည်၊ ဤစနစ်ဆိုး၏နောက်ဆုံးနေ့ရက်များ အဆုံးစွန်ပိုင်းဖြစ်သော ယနေ့အချိန်တွင်ပင် စာတန်သည် ဘုရားသခင့်ကျေးကျွန်များ၏သမာဓိကို စိန်ခေါ်နေဆဲဖြစ်သည်။—ဗျာ. ၁၂:၁၀

၃။ ယောဘကျမ်းမှ အဘယ်အဖိုးတန်သင်ခန်းစာများကို သင်ယူနိုင်သနည်း။

ထို့ကြောင့် ယောဘကျမ်းမှ ကျွန်ုပ်တို့သင်ယူနိုင်သည့် အရေးကြီးသောသင်ခန်းစာသုံးခုကို သုံးသပ်ကြည့်ပါ။ ဦးဆုံး၊ ယောဘခံရသောစုံစမ်းမှုများက လူသားတို့၏ရန်သူအမှန်နှင့် ဘုရားသခင့်လူတို့ကို ဆန့်ကျင်သည့်ရင်းမြစ်ကို ဖော်ထုတ်သည်။ ထိုရန်သူမှာ စာတန်ဖြစ်သည်။ ဒုတိယ၊ ကျွန်ုပ်တို့သည် မည်သည့်စုံစမ်းမှုများကြုံရပါစေ ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရှိခြင်းက ကျွန်ုပ်တို့၏သမာဓိကို စောင့်ထိန်းနိုင်စေလိမ့်မည်။ တတိယ၊ စုံစမ်းမှုများဖြစ်ပေါ်လာချိန်နှင့် တစ်နည်းနည်းဖြင့် ကျွန်ုပ်တို့စမ်းသပ်ခံရချိန်တွင် ဘုရားသခင်သည် ယောဘကို ကူညီထောက်မခဲ့သကဲ့သို့ ကျွန်ုပ်တို့ကိုလည်း ကူညီထောက်မသည်။ ယနေ့ ယေဟောဝါသည် မိမိ၏နှုတ်မြွက်တော်၊ အဖွဲ့အစည်းနှင့် သန့်ရှင်းသောစွမ်းအားတော်တို့အားဖြင့် ကူညီထောက်မသည်။

ရန်သူအမှန် မည်သူဖြစ်ကြောင်း အမြဲသတိရပါ

၄။ လက်ရှိကမ္ဘာ့အခြေအနေများအတွက် မည်သူ့ကို အပြစ်တင်ရန်ဖြစ်သနည်း။

များစွာသောသူတို့သည် စာတန်ရှိကြောင်း မယုံကြည်ကြပါ။ ထို့ကြောင့် သူတို့သည် ကမ္ဘာ့အခြေအနေများနှင့်ပတ်သက်၍ ထိတ်လန့်တုန်လှုပ်ကြမည်ဖြစ်သော်လည်း ယင်းကိုအဓိကဖြစ်စေသူ စာတန်ကို သူတို့မသိမြင်ကြပါ။ လူသားတို့၏ဆင်းရဲဝေဒနာများစွာအတွက် လူတို့ကိုယ်တိုင်တွင် တာဝန်ရှိသည်မှာ မှန်ပါသည်။ ကနဦးမိဘနှစ်ပါး အာဒံနှင့်ဧဝသည် ဖန်ဆင်းရှင်ကိုမမှီခိုဘဲ သီးခြားရပ်တည်ရန် ရွေးချယ်ခဲ့ကြသည်။ ထိုအချိန်မှစ၍ မွေးဖွားလာသောလူမျိုးဆက်တို့သည် အလွန်ပညာမဲ့စွာ ပြုမူခဲ့ကြသည်။ သို့တိုင် ဘုရားသခင်ကိုပုန်ကန်ရန် ဧဝကိုသွေးဆောင်ခဲ့သူမှာ စာတန်ဖြစ်၏။ မစုံလင်သော၊ သေမျိုးဖြစ်သောလူသားတို့အလယ် သူထိန်းချုပ်သည့်ကမ္ဘာ့စနစ်ကို ဖြစ်ပေါ်စေခဲ့သူလည်းဖြစ်သည်။ စာတန်သည် ‘ဤလောကစနစ်၏ဘုရားသခင်’ ဖြစ်သောကြောင့် လူ့အဖွဲ့အစည်းသည် စာတန်တွင်ရှိသော အခြေခံစရိုက်မျိုးကို တင်ပြကြသည်၊ ယင်းတို့မှာ မာန်မာန၊ ငြင်းခုံရန်တွေ့ခြင်း၊ မနာလိုခြင်း၊ လောဘကြီးခြင်း၊ လှည့်ဖြားခြင်းနှင့် ပုန်ကန်ခြင်းတို့ဖြစ်သည်။ (၂ ကော. ၄:၄; ၁ တိ. ၂:၁၄; ၃:၆; ယာကုပ် ၃:၁၄၊ ၁၅ ကိုဖတ်ပါ။) ထိုသို့သောစရိုက်များက နိုင်ငံရေးနှင့် ဘာသာရေးအငြင်းပွားမှု၊ မုန်းတီးမှု၊ ယိုယွင်းဖောက်ပြန်မှုနှင့် စည်းစနစ်မရှိမှုသို့ ဦးတည်စေခဲ့ပြီး ယင်းက လူသားတို့အား များစွာစိတ်ဆင်းရဲစေခဲ့သည်။

၅။ ကျွန်ုပ်တို့ပိုင်ဆိုင်သော တန်ဖိုးရှိအသိပညာနှင့် ကျွန်ုပ်တို့အဘယ်အရာပြုလိုကြသနည်း။

ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့သည် တန်ဖိုးရှိအသိပညာ ရရှိထားကြသည်။ မှန်ပါသည်၊ ယိုယွင်းနေသောကမ္ဘာ့အခြေအနေများအတွက် မည်သူအား အပြစ်တင်ရမည်ကို ကျွန်ုပ်တို့သိသည်။ ထို့ကြောင့် အဓိကပြဿနာကိုဖြစ်ပေါ်စေသူမှာ မည်သူဖြစ်ကြောင်း လူတို့ကိုအသိပေးရန် လယ်ကွင်းဓမ္မအမှုတွင် ပါဝင်ဖို့လိုသည်ဟု ကျွန်ုပ်တို့လှုံ့ဆော်ခံရသည် မဟုတ်လော။ ထို့ပြင် စစ်မှန်သောဘုရားသခင်ယေဟောဝါဘက်တွင် ရပ်တည်ရခြင်းအတွက်နှင့် ကိုယ်တော်သည် စာတန်နှင့် လူတို့၏ဝမ်းနည်းပူဆွေးမှုများကို မည်သို့အဆုံးတိုင်စေမည်ဖြစ်ကြောင်း အခြားသူများအား ရှင်းပြရခြင်းအတွက် ကျွန်ုပ်တို့ပျော်ရွှင်ကြသည်မဟုတ်လော။

၆၊ ၇။ (က) စစ်မှန်သောဝတ်ပြုကိုးကွယ်သူများကြုံတွေ့ရသည့် နှိပ်စက်ညှဉ်းပန်းမှုများအတွက် မည်သူတာဝန်ရှိသနည်း။ (ခ) ရှေးက ဧလိဟု၏ပုံသက်သေကို ကျွန်ုပ်တို့မည်သို့တုပနိုင်သနည်း။

စာတန်သည် ကမ္ဘာ့ဝမ်းနည်းဖွယ်ရာများစွာအတွက်သာမက ဘုရားသခင့်လူတို့ကြုံတွေ့ရသော ဆန့်ကျင်မှုအတွက်ပါ တာဝန်ရှိသူဖြစ်သည်။ သူသည် ကျွန်ုပ်တို့အား စမ်းသပ်ရန် စိတ်ပိုင်းဖြတ်ထားသည်။ ယေရှုခရစ်သည် တမန်တော်ပေတရုကို ဤသို့မိန့်တော်မူခဲ့သည်– “ရှိမုန်၊ ရှိမုန်၊ ဂျုံစပါးကို ဆန်ခါနှင့်ချသကဲ့သို့ သင်တို့ကိုချရမည်အကြောင်း စာတန် အခွင့်တောင်းသည်။” (လု. ၂၂:၃၁) အလားတူပင် ယေရှု၏ခြေရာကို လိုက်လျှောက်ကြသူကျွန်ုပ်တို့အားလုံး တစ်နည်းမဟုတ်တစ်နည်းဖြင့် စုံစမ်းမှုများကြုံတွေ့ရလိမ့်မည်။ စာတန်သည် “ဟောက်သောခြင်္သေ့ကဲ့သို့ တစ်ဦးတစ်ယောက်ကို မျိုရန် လှည့်လည်ရှာဖွေလျက်ရှိ” သည်ဟု ပေတရုနှိုင်းယှဉ်ဖော်ပြခဲ့သည်။ ထို့ပြင် ပေါလုက ဤသို့ဆိုသည်– ‘ခရစ်တော်ယေရှုနှင့် တစည်းတလုံးတည်းရှိလျက် ဘုရားသခင်ဝတ်၌မွေ့လျော်ခြင်းဖြင့် အသက်ရှင်နေထိုင်လိုသူအပေါင်းတို့သည်လည်း ညှဉ်းပန်းနှိပ်စက်မှုကို ခံကြရလိမ့်မည်။’—၁ ပေ. ၅:၈; ၂ တိ. ၃:၁၂

ယုံကြည်သူချင်းတစ်ဦးအပေါ် ဘေးဆိုးတစ်ခုကျရောက်သောအခါ ရန်သူအမှန် မည်သူဖြစ်သည်ကို ကျွန်ုပ်တို့စိတ်ထဲအမြဲသတိရကြောင်း မည်သို့တင်ပြနိုင်သနည်း။ ဘေးဆိုးကြုံသည့်ညီအစ်ကိုနှင့် ဝေးဝေးနေမည့်အစား ယောဘကို မိတ်ဆွေစစ်ကဲ့သို့စကားပြောခဲ့သူ ရှေးကဧလိဟုကဲ့သို့ ကျွန်ုပ်တို့ပြုမူကြသည်။ ကျွန်ုပ်တို့၏အဓိကရန်သူစာတန်အား တိုက်ခိုက်ရာတွင် ညီအစ်ကိုများနှင့် ပူးပေါင်းကြသည်။ (သု. ၃:၂၇; ၁ သက်. ၅:၂၅) မည်သို့ပင်ဖြစ်လာစေကာမူ ကျွန်ုပ်တို့၏ပန်းတိုင်မှာ ယုံကြည်သူချင်းအား သမာဓိစောင့်ထိန်းရန် ကူညီပေးခြင်းဖြင့် ယေဟောဝါ၏စိတ်ကို ရွှင်လန်းစေရန်ဖြစ်သည်။

၈။ စာတန်သည် ယေဟောဝါအား ယောဘဂုဏ်တင်နေသည်ကို ရပ်တန့်စေရာတွင် အဘယ်ကြောင့် မအောင်မြင်ခဲ့သနည်း။

စာတန် ဦးစွာဆုံးရှုံးစေသော ယောဘ၏ပိုင်ဆိုင်ရာများမှာ သူ၏ခြံမွေးတိရစ္ဆာန်များဖြစ်သည်။ ထိုတိရစ္ဆာန်များသည် သူ၏အသက်မွေးမှုဖြစ်ပုံရပြီး တန်ဖိုးရှိသည့်အရာများဖြစ်သည်။ သို့သော် ယောဘသည် ယင်းတိရစ္ဆာန်များကို ဝတ်ပြုရေးတွင်လည်း အသုံးပြုခဲ့သည်။ ယောဘသည် သားသမီးများကို သန့်ရှင်းစေပြီးနောက် “နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား ငါ့သားတို့သည် မှားယွင်း၍ စိတ်နှလုံးထဲ၌ ဘုရားသခင်ကိုစွန့်ပယ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ ယောဘသည် အစဉ်ပြုမြဲရှိ၏။” (ယောဘ ၁:၄၊ ၅) ထို့ကြောင့် ယောဘသည် တိရစ္ဆာန်များကို ယေဟောဝါထံ မှန်မှန်ပူဇော်ခဲ့သည်။ စုံစမ်းမှုများစတင်သည်နှင့် ဆက်ပူဇော်ဖို့မဖြစ်နိုင်တော့ပါ။ ယေဟောဝါအား ဂုဏ်တင်ရန် ယောဘတွင် “အဖိုးထိုက်သောအရာများ” မရှိတော့ပါ။ (သု. ၃:၉ကဘ) သို့သော် သူသည် ယေဟောဝါကို သူ၏နှုတ်ခမ်းဖြင့် ဂုဏ်တင်နိုင်သည်၊ ဂုဏ်လည်းတင်ခဲ့သည်။

ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးကို ပြုစုပျိုးထောင်ပါ

၉။ ကျွန်ုပ်တို့၏တန်ဖိုးအရှိဆုံးပိုင်ဆိုင်ရာကား အဘယ်နည်း။

ကျွန်ုပ်တို့သည် ချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေ၊ လူငယ်ဖြစ်စေလူကြီးဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေမကျန်းမာသည်ဖြစ်ပါစေ ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးကို ပြုစုပျိုးထောင်နိုင်ကြသည်။ မည်သည့်စုံစမ်းမှုများကို ကျွန်ုပ်တို့ရင်ဆိုင်ရပါစေ ဘုရားသခင်နှင့်ရင်းနှီးသောနှောင်ကြိုးရှိခြင်းက မိမိတို့ကိုယ်တိုင်၏သမာဓိကိုစောင့်ထိန်းနိုင်ပြီး ယေဟောဝါ၏စိတ်ကို ရွှင်လန်းစေနိုင်သည်။ အမှန်တရားဆိုင်ရာအသိပညာ အကန့်အသတ်သာရှိသူအချို့ပင်လျှင် ရဲရင့်စွာရပ်တည်ခဲ့ကြပြီး မိမိတို့၏သမာဓိကိုစောင့်ထိန်းခဲ့ကြသည်။

၁၀၊ ၁၁။ (က) ကျွန်ုပ်တို့၏ညီအစ်မတစ်ဦးသည် သမာဓိစောင့်သိမှုဆိုင်ရာစုံစမ်းမှုများကို မည်သို့တုံ့ပြန်ခဲ့သနည်း။ (ခ) ဤညီအစ်မသည် စာတန်အား အဘယ်အားပါသောထုချေချက်ပေးခဲ့သနည်း။

၁၀ တည်ကြည်သူယောဘကဲ့သို့ ပြင်းထန်သောစုံစမ်းမှုများကြုံရသော်ငြား မိမိတို့၏သမာဓိကိုစောင့်ထိန်းခဲ့ကြသည့် ရုရှားနိုင်ငံရှိ သက်သေခံများစွာထဲမှတစ်ဦးဖြစ်သော ညီအစ်မ ဗလျင်တီးနာ ဂါနိုစကာယာ၏ပုံသက်သေကို သုံးသပ်ကြည့်ပါ။ သူအသက် ၂၀ ခန့်ဖြစ်သော ၁၉၄၅ ခုနှစ်တွင် ညီအစ်ကိုတစ်ဦးက သူ့ကို သက်သေခံခဲ့သည်။ ညီအစ်ကိုသည် သမ္မာကျမ်းစာအကြောင်းပြောရန် နောက်ထပ်နှစ်ကြိမ် လည်ပတ်ခဲ့သည်၊ သို့သော် သူသည်ညီအစ်ကိုကို နောက်ထပ်မတွေ့ရတော့ပါ။ သို့ဖြစ်သည့်တိုင် ဗလျင်တီးနာသည် အိမ်နီးချင်းတို့ကို စတင်ဟောပြောတော့သည်။ ရလဒ်အနေနှင့် သူအဖမ်းခံခဲ့ရပြီး စခန်းတစ်ခုတွင် ရှစ်နှစ်ကြာအကျဉ်းချခံခဲ့ရသည်။ ၁၉၅၃ ခုနှစ်တွင် သူပြန်လွတ်လာခဲ့ပြီး ချက်ချင်းပင် ဟောပြောခြင်းလုပ်ငန်းတွင် ပြန်ပါဝင်ခဲ့သည်။ တစ်ဖန်အဖမ်းခံခဲ့ရပြီး ဤတစ်ကြိမ်တွင် ဆယ်နှစ်အကျဉ်းချခံခဲ့ရသည်။ သူသည် စခန်းတစ်ခုတွင် နှစ်များစွာနေပြီးနောက် အခြားစခန်းသို့ ပြောင်းရွှေ့ခဲ့ရသည်။ ထိုစခန်းတွင် သမ္မာကျမ်းစာမိတ္တူတစ်အုပ်ပိုင်ဆိုင်ကြသော ညီအစ်မတချို့ရှိသည်။ တစ်နေ့တွင် ညီအစ်မတစ်ဦးသည် ဗလျင်တီးနာကို ကျမ်းစာပြခဲ့သည်။ အလွန်စိတ်လှုပ်ရှားခဲ့သည်! စဉ်းစားကြည့်ပါ၊ ဗလျင်တီးနာမြင်တွေ့ခဲ့ဖူးသည့် တစ်ခုတည်းသောကျမ်းစာအုပ်မှာ ၁၉၄၅ ခုနှစ်တွင် သူ့အားသက်သေခံခဲ့သော ညီအစ်ကို၏လက်မှကျမ်းစာအုပ်ဖြစ်သည်။

၁၁ ၁၉၆၇ ခုနှစ်တွင် ဗလျင်တီးနာလွတ်လာခဲ့ပြီး နောက်ဆုံးတွင် ယေဟောဝါထံ မိမိ၏အပ်နှံမှုကို နှစ်ခြင်းခံခြင်းဖြင့် တင်ပြနိုင်ခဲ့သည်။ သူသည် ၁၉၆၉ ခုနှစ်အထိ သူ၏လွတ်လပ်မှုကို ဓမ္မအမှုတွင်ပါဝင်ရန် အသုံးပြုခဲ့သည်။ သို့သော် ထိုနှစ်တွင် အဖမ်းခံခဲ့ရပြန်သည်၊ ဤတစ်ကြိမ်တွင် အကျဉ်းထောင်ထဲ သုံးနှစ်နေရန်ဖြစ်၏။ သို့တိုင် ဗလျင်တီးနာသည် ဆက်၍ဟောပြောခဲ့သည်။ သူသေဆုံးသည့် ၂၀၀၁ ခုနှစ်မတိုင်မီတွင် လူပေါင်း ၄၄ ဦးကို အမှန်တရားသင်ယူရန် ကူညီပေးခဲ့သည်။ သူသည် အကျဉ်းထောင်များနှင့် စခန်းများတွင် ၂၁ နှစ်နေခဲ့ရသည်။ သူသည် မိမိ၏သမာဓိကိုစောင့်ထိန်းရန် သူ၏လွတ်လပ်မှုအပါအဝင် အဘယ်အရာမဆို လက်လွတ်ဆုံးရှုံးလိုစိတ်ရှိခဲ့သည်။ သူ့ဘဝအဆုံးပိုင်းတွင် ဗလျင်တီးနာဤသို့ပြောခဲ့သည်– “နေထိုင်ဖို့ ကိုယ်ပိုင်အိမ်ရယ်လို့ တစ်ခါမှမရှိခဲ့ဘူး။ ကျွန်မမှာရှိတာဆိုလို့ အဝတ်အစားအိတ်တစ်လုံးပဲရှိတယ်၊ ဒါပေမဲ့ ယေဟောဝါအမှုတော်ထမ်းဆောင်တာ ကျွန်မပျော်ရွှင်တယ်၊ ကျေနပ်ရောင့်ရဲတယ်။” လူတို့သည် စုံစမ်းမှုများရင်ဆိုင်ရချိန်တွင် ဘုရားသခင်ကို ဆက်၍တည်ကြည်မည်မဟုတ်ဟုဆိုခဲ့သူ စာတန်ကို ဗလျင်တီးနာသည် အားပါသောထုချေချက်ပေးနိုင်ခဲ့သည်။ (ယောဘ ၁:၉-၁၁) သူသည် ယေဟောဝါ၏စိတ်ကို ရွှင်လန်းစေခဲ့ပြီး ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဗလျင်တီးနာနှင့် အခြားတည်ကြည်သူအားလုံး ပြန်အသက်ရှင်စေမည့်အချိန်ကို ကိုယ်တော်ထက်သန်စွာစောင့်မျှော်နေကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။—ယောဘ ၁၄:၁၅

၁၂။ ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးတွင် ချစ်ခြင်းမေတ္တာသည် အဘယ်ကဏ္ဍတွင်ပါဝင်သနည်း။

၁၂ ယေဟောဝါနှင့် မိတ်ဆွေဖွဲ့ခြင်းသည် ကိုယ်တော်ကိုချစ်သည့် ကျွန်ုပ်တို့၏မေတ္တာအပေါ် အခြေခံသည်။ ဘုရားသခင်၏အရည်အသွေးများကို ကျွန်ုပ်တို့နှစ်သက်ကြပြီး ကိုယ်တော်၏ရည်ရွယ်တော်မူချက်များနှင့်အညီ အသက်ရှင်နေထိုင်ရန် ကျွန်ုပ်တို့တတ်နိုင်သမျှလုပ်ဆောင်ကြသည်။ စာတန်ပြောဆိုသည့်အရာနှင့်ဆန့်ကျင်လျက် ကျွန်ုပ်တို့သည် ယေဟောဝါကို စိတ်လိုကိုယ်လျောက်နှင့် ခြွင်းချက်မရှိချစ်ကြသည်။ နှလုံးအကြွင်းမဲ့ချစ်မြတ်နိုးခြင်းက စမ်းသပ်မှုအောက်တွင် သမာဓိစောင့်ထိန်းရန် ကျွန်ုပ်တို့ကို ခွန်အားရှိစေသည်။ ယေဟောဝါသည် ‘တည်ကြည်သူများ၏လမ်းခရီးကို စောင့်ကြပ်လိမ့်မည်။’—သု. ၂:၈ ကဘ; ဆာ. ၉၇:၁၀

၁၃။ ယေဟောဝါအတွက် ကျွန်ုပ်တို့လုပ်ဆောင်ရာများကို ကိုယ်တော်မည်သို့ရှုမြင်သနည်း။

၁၃ ကျွန်ုပ်တို့သည် များစွာမလုပ်ဆောင်နိုင်ဟု ခံစားရလျှင်ပင် မေတ္တာက ယေဟောဝါ၏နာမတော်ကို ဂုဏ်တင်ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏စိတ်ရင်းကောင်းကို မြင်တွေ့တော်မူပြီး ကျွန်ုပ်တို့လုပ်လိုသည့်အရာအားလုံးကို မလုပ်နိုင်သော်လည်း ကျွန်ုပ်တို့ကို စီရင်တော်မမူပါ။ အရေးကြီးသည်မှာ ကျွန်ုပ်တို့လုပ်သည့်အရာသာမက အဘယ်ကြောင့်လုပ်ရသည်ဟူသည့်အချက်ဖြစ်သည်။ ယောဘသည် ဝမ်းနည်းကြေကွဲပြီး များစွာခံရပ်ခဲ့ရသော်လည်း ယေဟောဝါ၏နည်းလမ်းတော်များကို သူနှစ်သက်ကြောင်း သူ့အားစွပ်စွဲသူများကို ပြောပြခဲ့သည်။ (ယောဘ ၁၀:၁၂; ၂၈:၂၈ တို့ကိုဖတ်ပါ။) ဧလိဖတ်၊ ဗိလဒဒ်၊ ဇောဖာတို့သည် အမှန်တရားမပြောဆိုကြသောကြောင့် သူတို့ကို ဘုရားသခင်အမျက်ထွက်ကြောင်း ယောဘကျမ်း၏နောက်ဆုံးအခန်းကြီးတွင် ကိုယ်တော်ဖော်ပြခဲ့သည်။ တစ်ချိန်တည်းတွင် ယေဟောဝါသည် ယောဘအား “ငါ့ကျွန်” ဟုလေးကြိမ်တိုင် ရည်ညွှန်းဖော်ပြခြင်းနှင့် ဟန်ဆောင်နှစ်သိမ့်သူတို့အတွက် တောင်းလျှောက်ပေးရန် ယောဘကို ညွှန်ကြားခြင်းဖြင့် သူ့ကိုနှစ်သက်ကြောင်း ဖော်ပြတော်မူခဲ့သည်။ (ယောဘ ၄၂:၇-၉) ကျွန်ုပ်တို့ကိုလည်း ယေဟောဝါစိတ်တော်နှင့်တွေ့သောသူများအဖြစ် ကိုယ်တော်ရှုမြင်ရန် ပြုမူနိုင်ကြပါစေ။

ယေဟောဝါသည် မိမိ၏တည်ကြည်သော ကျေးကျွန်များကို ထောက်မကူညီ

၁၄။ ယေဟောဝါသည် ယောဘအား သူ၏စဉ်းစားတွေးခေါ်မှုကိုပြုပြင်ရန် မည်သို့ဖေးမကူညီပေးခဲ့သနည်း။

၁၄ ယောဘသည် မစုံလင်သော်လည်း မိမိ၏သမာဓိကို ထိန်းသိမ်းခဲ့သည်။ တစ်ခါတစ်ရံ ပြင်းထန်သောဖိစီးမှုအောက်တွင် သူသည် ရှုမြင်ချက်မှားယွင်းခဲ့သည်။ ဥပမာ၊ ယေဟောဝါအား သူဤသို့ပြောဆိုခဲ့သည်– “ကိုယ်တော်အား အကျွန်ုပ်အော်ဟစ်သော်လည်း ကြားတော်မမူ။ . . . အကျွန်ုပ်ကိုကြမ်းတမ်းစွာပြု၍ အားကြီးသောလက်တော်နှင့် ညှဉ်းဆဲတော်မူ၏။” ထို့ပြင် ယောဘသည် မိမိကိုယ်ကိုကာကွယ်ပြောဆိုခြင်းကို အရေးပေးလွန်းကြောင်း သူပြောသည့်ဤစကားတွင်တွေ့ရသည်– “အကျွန်ုပ်သည် လူဆိုးမဟုတ်၊” ‘ငါ့လက်၌မတရားသောအမှုမရှိ။ ငါပြုသောဆုတောင်းခြင်းသည် သန့်ရှင်း၏။’ (ယောဘ ၁၀:၇; ၁၆:၁၇; ၃၀:၂၀၊ ၂၁) သို့သော် ယေဟောဝါသည် ယောဘအား မိမိကိုယ်ကိုအာရုံစိုက်ခြင်းမှ အာရုံပြောင်းစေသည့်မေးခွန်း တသီတတန်းကြီးကို မေးမြန်းခြင်းဖြင့် ကြင်နာစွာဖေးမကူညီခဲ့သည်။ ယင်းမေးခွန်းများက ယောဘအား ဘုရားသခင်၏တန်ခိုးကြီးမားမှုနှင့် လူ၏သေးနုပ်မှုကို ပို၍ရှင်းလင်းစွာမြင်တွေ့စေသည်။ ယောဘသည် ညွှန်ကြားချက်ကိုလက်ခံခဲ့ပြီး မိမိကိုယ်ကိုပြုပြင်ခဲ့သည်။—ယောဘ ၄၀:၈; ၄၂:၂၊  တို့ကိုဖတ်ပါ။

၁၅၊ ၁၆။ ယေဟောဝါသည် မိမိကျေးကျွန်များကို ယနေ့အချိန်တွင် အဘယ်နည်းများဖြင့် ကူညီထောက်မတော်မူသနည်း။

၁၅ ယေဟောဝါသည် ယနေ့အချိန်တွင်လည်း မိမိကျေးကျွန်များကို မေတ္တာပါသော၊ ပြတ်သားသောလမ်းညွှန်ချက်ပေးတော်မူသည်။ ထို့ပြင် ကျွန်ုပ်တို့သည် တန်ဖိုးရှိအကျိုးကျေးဇူးများကို ခံစားပျော်မွေ့ကြသည်။ ဥပမာ၊ ယေရှုခရစ်သည် ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ပေးခဲ့သည်၊ ယင်းက အပြစ်ဖြေလွှတ်ခြင်းအတွက် အခြေခံဖြစ်၏။ ကျွန်ုပ်တို့သည် မစုံလင်သော်လည်း ယင်းပူဇော်ရာယဇ်ကိုအခြေခံကာ ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရရှိနိုင်သည်။ (ယာ. ၄:၈; ၁ ယော. ၂:၁) စုံစမ်းမှုများရင်ဆိုင်ရသောအခါ ကူညီထောက်မမှုနှင့် ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်၏ အားရှိစေသောအကူအညီရရန်လည်း ကျွန်ုပ်တို့ဆုတောင်းကြသည်။ ထို့ပြင် ကျွန်ုပ်တို့တွင် သမ္မာကျမ်းစာအပြည့်အစုံရှိသည်၊ ယင်းကို ဖတ်ရှုပြီး အကြောင်းအရာများကို တွေးတောဆင်ခြင်မည်ဆိုလျှင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဆိုင်ရာစမ်းသပ်မှုများအတွက် မိမိတို့ကိုယ်ကို ပြင်ဆင်ရာရောက်သည်။ လေ့လာမှုက စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးမှုဆိုင်ရာအရေးကိစ္စနှင့် မိမိ၏သမာဓိစောင့်သိမှုကို နားလည်ရန် အထောက်အကူပြုသည်။

၁၆ ထို့ပြင် ‘တည်ကြည်ပြီး သတိပညာရှိသောကျွန်’ အားဖြင့် ကျမ်းစာအခြေပြုစာပေများနှင့် ယေဟောဝါပြင်ဆင်ပေးသော ကမ္ဘာချီညီအစ်ကိုအသင်းအပင်းဝင်ဖြစ်ရခြင်းမှ ကျွန်ုပ်တို့များစွာအကျိုးရရှိကြသည်။ (မ. ၂၄:၄၅-၄၇) ယေဟောဝါသက်သေများ၏အသင်းတော်ပေါင်း ၁၀၀,၀၀၀ ခန့်ရှိပြီး အသင်းတော်တိုင်းတွင် ကျွန်ုပ်တို့အားညွှန်ကြားသည့် အစည်းအဝေးများကိုကျင်းပကြကာ ယင်းက ယုံကြည်ခြင်းဆိုင်ရာစမ်းသပ်မှုများကို ရင်ဆိုင်နိုင်ရန် ခွန်အားပေးသည်။ ယင်းသို့မှန်ကန်ကြောင်း ဂျာမနီနိုင်ငံတွင်နေထိုင်သော ဆယ်ကျော်သက်အရွယ် ရှီလာ၏တွေ့ကြုံမှုကို ဥပမာပေးနိုင်သည်။

၁၇။ ယနေ့ ယေဟောဝါ၏အဖွဲ့အစည်းမှပေးသော ညွှန်ကြားချက်ကို အနီးကပ်လိုက်လျှောက်ခြင်း၏ပညာရှိမှုကို ပုံဥပမာပေးပါ။

၁၇ တစ်နေ့ ကျောင်းတွင် ရှီလာ၏အတန်းသည် အခိုက်အတန့် ဆရာ မရှိချိန်ဖြစ်သည်။ သူ၏အတန်းဖော်များသည် အနာဂတ်ကိုသိနိုင်ရန် ဝီဂျာဘုတ် (Ouija board) ဖြင့် နတ်ဆိုးများနှင့်ဆက်သွယ်ရန် ဆုံးဖြတ်ကြသည်။ ရှီလာသည် ချက်ချင်းပင် အခန်းမှထွက်သွားသည်၊ နောက်ပိုင်း သူကြားသည့်သတင်းကြောင့် ထိုသို့သူထွက်သွားခဲ့ခြင်းအတွက် ဝမ်းသာခဲ့သည်။ ဝီဂျာဘုတ်ကို အသုံးပြုနေကြစဉ် အချို့ကျောင်းသားများသည် နတ်ဆိုးများရှိနေသည်ဟု ခံစားရပြီး အထိတ်တလန့်ထွက်ပြေးခဲ့ကြသည်။ သို့ဆိုလျှင် ရှီလာကို အခန်းထဲမှ မဖင့်နွှဲဘဲထွက်သွားရန် ဆုံးဖြတ်ချက်ချဖို့ အဘယ်အရာက ထောက်ကူခဲ့သနည်း။ “ဒီအဖြစ်အပျက်မတိုင်မီလေးမှာ ဘုရားသခင့်နိုင်ငံတော်ခန်းမမှာကျင်းပတဲ့ အစည်းအဝေးမှာ ဝီဂျာဘုတ်အန္တရာယ်ကို ဆွေးနွေးခဲ့ကြတယ်။ ဒါကြောင့် ဘာလုပ်ရမယ်ဆိုတာကို ကျွန်မသိတယ်။ သမ္မာကျမ်းစာရဲ့ နယပုံပြင်ကျမ်း ၂၇:၁၁ မှာပြောတဲ့အတိုင်း ယေဟောဝါကို ကျွန်မရွှင်လန်းစေချင်တယ်” ဟုရှီလာရှင်းပြသည်။ အစည်းအဝေးတွင် ရှီလာရှိနေခြင်း၊ အစီအစဉ်ကိုစူးစိုက်နားထောင်ခြင်းသည် အမှန်ပင်ကောင်းပေသည်။

၁၈။ အဘယ်အရာလုပ်ဆောင်မည်ဟု သင်ကိုယ်တိုင်သန္နိဋ္ဌာန်ချထားသနည်း။

၁၈ ဘုရားသခင့်အဖွဲ့အစည်းမှရရှိသော ညွှန်ကြားချက်ကို အနီးကပ်လိုက်လျှောက်ရန် ကျွန်ုပ်တို့ယောက်တိုင်း သန္နိဋ္ဌာန်ချကြစို့။ အစည်းအဝေးများကို မှန်မှန်တက်ရောက်ခြင်း၊ ကျမ်းစာကို မှန်မှန်ဖတ်ရှုခြင်း၊ ကျမ်းစာအခြေပြုစာပေများကို မှန်မှန်လေ့လာခြင်း၊ မှန်မှန်ဆုတောင်းခြင်းနှင့် ရင့်ကျက်သောခရစ်ယာန်များနှင့် မှန်မှန်ပေါင်းသင်းခြင်းအားဖြင့် ကျွန်ုပ်တို့သည် လိုအပ်သောလမ်းညွှန်မှုနှင့် ထောက်မမှုရရှိကြသည်။ ယေဟောဝါသည် ကျွန်ုပ်တို့ကို အောင်မြင်စေလိုပြီး ဆက်၍တည်ကြည်သွားမည်ဟု ကိုယ်တော်ယုံကြည်စိတ်ချတော်မူ၏။ ယေဟောဝါ၏နာမတော်ကို ဂုဏ်တင်ချီးမြှင့်ရန်၊ ဆက်၍သမာဓိစောင့်သိရန်နှင့် ယေဟောဝါ၏စိတ်ကို ရွှင်လန်းစေရန် ကျွန်ုပ်တို့ အခွင့်ထူးရရှိကြသည်။

သင်မှတ်မိသလော

• စာတန်သည် အဘယ်အခြေအနေများနှင့် စုံစမ်းမှုများအတွက် တာဝန်ရှိသနည်း။

• ကျွန်ုပ်တို့၏တန်ဖိုးအရှိဆုံးပိုင်ဆိုင်ရာကား အဘယ်နည်း။

• ယေဟောဝါနှင့်ကျွန်ုပ်တို့၏ရင်းနှီးမှုသည် အဘယ်အရာပေါ် အခြေခံသနည်း။

• ယနေ့အချိန်တွင် ကျွန်ုပ်တို့ကို ယေဟောဝါထောက်မကူညီသည့် နည်းတချို့မှာ အဘယ်နည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

သင့်တွင်ရှိသော တန်ဖိုးရှိအသိပညာကို ဝေမျှရန် သင်လှုံ့ဆော်ခံရပါသလော

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

ဝတ်ပြုသူချင်းများ သမာဓိစောင့်ထိန်းရန် သူတို့ကို ကျွန်ုပ်တို့ကူညီပေးနိုင်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဗလျင်တီးနာသည် မိမိ၏သမာဓိကို စောင့်ထိန်းရန် အဘယ်အရာမဆို လက်လွတ်ဆုံးရှုံးလိုစိတ်ရှိခဲ့