မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

စာရှုသူများထံမှမေးခွန်းလွှာ

မိခင်၏ဝမ်းထဲတွင် သေဆုံးသွားသော ကလေးတစ်ဦးသည် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ရှိပါသလော။

မမွေးသေးသောကလေးဆုံးပါးခြင်းကို တစ်ခါမျှမကြုံဖူးသူတို့အတွက် ထိုသို့ကြုံရသူတို့၏ခံစားချက်ကို စိတ်ကူးကြည့်ရန်ခက်ပေမည်။ အချို့မိဘတို့သည် ထိုကဲ့သို့ဆုံးပါးမှုဝမ်းနည်းခြင်းကို ပြင်းပြင်းထန်ထန်ခံစားရသည်။ မိခင်တစ်ဦးသည် ကလေးငါးယောက်ကို သူတို့မမွေးဖွားမီ ဆုံးရှုံးခဲ့ရသည်။ အချိန်တန်သော် သူသည် ကျန်းမာသောသားနှစ်ယောက်ကို ပြုစုပျိုးထောင်ရသည့် ကောင်းချီးခံစားခဲ့ရသည်။ သို့တိုင် ကလေးတစ်ယောက်စီသေဆုံးတိုင်း ခံစားရသည့်ဆုံးရှုံးမှုကို သူသတိရနေသည်။ သူအသက်ရှင်နေသရွေ့ အသေမွေးသောကလေးနှင့် ကိုယ်ဝန်ပျက်ကျခဲ့သောကလေးများ အသက်ရှင်ခဲ့ပါက အသက်အရွယ်မည်မျှရှိမည်ကို သူအတိအကျသိနေသည်။ ထိုသို့သောခရစ်ယာန်များသည် သူတို့၏သေဆုံးသွားသောကလေး ရှင်ပြန်ထမြောက်လာရန်မျှော်လင့်နိုင်ပါသလော။

မေးခွန်း၏အဖြေရိုးရိုးလေးမှာ ကျွန်ုပ်တို့မသိပါဟူ၍ဖြစ်သည်။ အသေမွေးသော သို့မဟုတ် ကိုယ်ဝန်ပျက်ကျ၍သေဆုံးသွားသောကလေးများအဖို့ ရှင်ပြန်ထမြောက်ခြင်းကိစ္စနှင့်ပတ်သက်၍ သမ္မာကျမ်းစာတွင် တစ်ခါမျှတိုက်ရိုက်ပြောထားခြင်းမရှိပါ။ သို့သော် ဘုရားသခင့်နှုတ်မြွက်တော်တွင် ယင်းမေးခွန်းနှင့်ဆက်နွှယ်သောမူများပါရှိပြီး ယင်းသည် အတော်အတန်နှစ်သိမ့်မှုပေးပေမည်။

ယင်းနှင့်ဆက်နွှယ်သော မေးခွန်းနှစ်ခုကို သုံးသပ်ကြည့်ကြစို့။ ပထမ၊ ယေဟောဝါရှုထောင့်မှကြည့်လျှင် မည်သည့်အချိန်တွင် လူ့အသက်စတင်သနည်း—ပဋိသန္ဓေတည်ချိန်တွင်လော သို့မဟုတ် မွေးဖွားချိန်တွင်လော။ ဒုတိယ၊ မမွေးသေးသောကလေးကို ယေဟောဝါရှုမြင်ပုံမှာ သီးသန့်လူတစ်ဦးလော သို့မဟုတ် အမျိုးသမီးတစ်ဦး၏သားအိမ်တွင်းရှိ ဆဲလ်နှင့်တစ်ရှူးအစုအပြုံမျှသာလော။ သမ္မာကျမ်းစာမူများသည် မေးခွန်းနှစ်ခုစလုံးအတွက် အဖြေများကို ရှင်းရှင်းလင်းလင်းပေးထားသည်။

မောရှေပညတ်တွင် အသက်သည် မွေးဖွားချိန်မှမဟုတ်ဘဲ ယင်းထက်များစွာစော၍စတင်ကြောင်း ရှင်းလင်းစွာဖော်ပြခဲ့သည်။ ယင်းကို မည်သို့ဖော်ပြထားသနည်း။ သန္ဓေသားကိုသတ်သောသူသည် သေဒဏ်ခံရမည်ဟု ဖော်ပြထားသည်။ ဤပညတ်ကို သတိပြုပါ– ‘အသက်အတွက်အသက်ပေးရမည်။’ * (ထွ. ၂၁:၂၂၊ ၂၃) ထို့ကြောင့် သားအိမ်တွင်းရှိမမွေးသေးသောကလေးသည် အသက်ရှိပြီး အသက်ရှင်သောလူတစ်ဦးဖြစ်သည်။ ယင်းအမှန်တရားကို နားလည်သဘောပေါက်ခြင်းက သန်းပေါင်းများစွာသောခရစ်ယာန်တို့အား ကိုယ်ဝန်ဖျက်ခြင်းမပြုရန် အထောက်အကူပြုခဲ့သည်၊ အကြောင်းမှာ ကိုယ်ဝန်ဖျက်ချခြင်းသည် ဘုရားသခင်ကိုပြစ်မှားသည့် ကြီးလေးသောအပြစ်ဖြစ်သည်ဟု ရှုမြင်ခြင်းကြောင့်ဖြစ်သည်။

မမွေးသေးသောကလေးသည် အသက်ရှိနေပါက ထိုအသက်ကို ယေဟောဝါမည်မျှတန်ဖိုးထားသနည်း။ အထက်ရည်ညွှန်းခဲ့သောပညတ်သည် မမွေးသေးသောကလေးကိုသေစေသည့် အရွယ်ရောက်သူကို သေဒဏ်ပေးရန်တောင်းဆိုသည်။ ထို့ကြောင့် မမွေးသေးသောကလေးသည် ဘုရားသခင့်အမြင်တွင် အလွန်တန်ဖိုးရှိသည်မှာရှင်းနေပါသည်။ ထပ်ဆင့်၍ အခြားကျမ်းချက်များစွာတွင် ယေဟောဝါသည် မမွေးသေးသောကလေးကို သီးခြားပုဂ္ဂိုလ်တစ်ဦးအဖြစ်ရှုမြင်ကြောင်း ဖော်ပြထားသည်။ ဥပမာ၊ ဘုရင်ဒါဝိဒ်သည် မှုတ်သွင်းခံရကာ ယေဟောဝါနှင့်ပတ်သက်၍ ဤသို့ဆိုသည်– “အမိဝမ်းထဲမှာ အကျွန်ုပ်ကို ဖုံးအုပ်တော်မူပြီ။ . . . မစုံလင်သေးသော အကျွန်ုပ်၏အလုံးအထွေးကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍မြင်တော်မူပြီ။ ထိုအရာတို့ကိုပြုပြင်၍ . . . ကိုယ်တော်၏စာရင်း၌ အကုန်အစင်မှတ်သားလျက်ရှိကြပါ၏။”—ဆာ. ၁၃၉:၁၃-၁၆; ယောဘ ၃၁:၁၄၊ ၁၅

မမွေးသေးသောကလေးများတွင် သီးခြားစရိုက်များရှိကြောင်းနှင့် အနာဂတ်တွင် ထူးကဲသောအလားအလာရှိနိုင်သူများဖြစ်ကြောင်းကိုလည်း ယေဟောဝါတွေ့မြင်တော်မူသည်။ ဣဇာက်၏ဇနီးရေဗက္ကသည် အမြွှာလေးများကိုကိုယ်ဝန်လွယ်ထားစဉ် သူ၏သားအိမ်တွင်းရှိ အချင်းချင်းတိုက်ခိုက်နေသော သားနှစ်ယောက်နှင့်ပတ်သက်၍ ယေဟောဝါ ပရောဖက်ပြုခဲ့သည်၊ ယင်းက တာသွားသည့်အကျိုးဆက်များရှိမည့် သူတို့၏စရိုက်များ ကိုယ်တော်တွေ့မြင်ခဲ့ကြောင်းကိုဆိုလိုသည်။—က. ၂၅:၂၂၊ ၂၃; ရော. ၉:၁၀-၁၃

နှစ်ခြင်းဆရာယောဟန်အကြောင်းလည်း စိတ်ဝင်စားစရာကောင်းသည်။ ခရစ်ဝင်မှတ်တမ်းက ဤသို့ဆိုသည်– “မာရိ၏နှုတ်ဆက်စကားကို ဧလိရှဗက်ကြားသော် သူ၏ဝမ်း၌လွယ်ထားသော သူငယ်သည် ခုန်လေ၏။ ဧလိရှဗက်သည်လည်း သန့်ရှင်းသောစွမ်းအားတော်နှင့် ပြည့်ဝလျက်” ရှိသည်။ (လု. ၁:၄၁) ယင်းအဖြစ်အပျက်ကို ဖော်ပြရာတွင် ဆရာဝန်လုကာသည် သန္ဓေသားကိုဖြစ်စေ၊ မွေးဖွားပြီးကလေးကိုဖြစ်စေ ရည်ညွှန်းနိုင်သည့်ဂရိစကားလုံးကို အသုံးပြုခဲ့သည်။ နွားစားခွက်တွင်သိပ်ထားသော သူငယ်ယေရှုကိုရည်ညွှန်းရာတွင်လည်း ယင်းစကားလုံးကိုပင် သူအသုံးပြုခဲ့သည်။—လု. ၂:၁၂၊ ၁၆; ၁၈:၁၅

ခြုံငုံကြည့်သော် သမ္မာကျမ်းစာသည် သားအိမ်တွင်းရှိကလေးနှင့် အသက်ရှင်လျက်မွေးဖွားလာသောကလေးကို ခွဲခြားပါသလော။ ခွဲခြားပုံမပေါက်ပါ။ ယင်းသည် ခေတ်သစ်သိပ္ပံပညာတွေ့ ရှိချက်များနှင့်ကိုက်ညီသည်။ ဥပမာ၊ သားအိမ်တွင်းရှိကလေးသည် ပြင်ပတွင်ဖြစ်ပျက်နေသောအရာများကို ခံစားရပြီးတုံ့ပြန်နိုင်သည်ကို သုတေသီများ လေ့လာသိရှိကြသည်။ ထို့ကြောင့် ကလေးရတော့မည့်မိခင်တစ်ဦးသည် သူ၏ကိုယ်တွင်းကြီးထွားနေသောကလေးနှင့် ထိုသို့သောရင်းနှီးမှုနှောင်ကြိုးဖြစ်ပေါ်ခြင်းမှာ အံ့ဩစရာမဟုတ်ပေ။

ကလေးများမမွေးဖွားမီ သားအိမ်တွင်း၌တည်ရှိခဲ့သောအချိန် မတူညီကြပါ။ ဤဥပမာကိုသုံးသပ်ကြည့်ပါ– မိခင်တစ်ဦးသည် အသက်ရှင်သောကလေးကို လမစေ့မီမွေးဖွားပြီး ယင်းကလေးသည် ရက်အနည်းငယ်ကြာပြီးနောက် သေဆုံးသွားသည်။ နောက်မိခင်တစ်ဦးသည် မိမိကလေးကိုလစေ့လွယ်ထားသော်လည်း ကလေးသည်မမွေးဖွားမီလေးတွင်ပင် သေဆုံးသွားသည်။ ပထမမိခင်သည် ကလေးကိုလမစေ့ဘဲမွေးရုံမျှဖြင့် မိမိကလေး ရှင်ပြန်ထမြောက်လာလိမ့်မည်ဟုမျှော်လင့်ချက်ရှိပြီး ဒုတိယမိခင်မှာမူ ထိုသို့သောမျှော်လင့်ချက်မရှိသလော။

ထို့ကြောင့် အချုပ်ဆိုရသော် ပဋိသန္ဓေတည်ချိန်တွင် အသက်စတင်ကာ ယေဟောဝါသည် မမွေးသေးသောကလေးကို သီးသန့်တန်ဖိုးရှိသူတစ်ဦးအဖြစ်ရှုမြင်ကြောင်း သမ္မာကျမ်းစာက ရှင်းလင်းစွာသွန်သင်ထားသည်။ ယင်းသမ္မာကျမ်းစာအမှန်တရားကြောင့် အချို့က သေသွားသောမမွေးသေးသည့်ကလေး ရှင်ပြန်ထမြောက်လာရန် မျှော်လင့်ချက်မရှိဟုပြောခြင်းသည် ရှေ့နောက်မညီဟုရှုမြင်ပေမည်။ ယင်းသို့ပြောဆိုမှုက ကျမ်းစာအမှန်တရားပေါ်အခြေခံကာ ကိုယ်ဝန်ဖျက်ချခြင်းကိုဆန့်ကျင်သည့် ကျွန်ုပ်တို့၏ရပ်တည်မှုကို သံသယဝင်စေသည်ဟု သူတို့ခံစားမိပေမည်။

ယခင်က ဤဂျာနယ်သည် မမွေးမီသေဆုံးသွားသည့်ကလေးများ ရှင်ပြန်ထမြောက်နိုင်ခြေနှင့်စပ်လျဉ်း၍ သံသယဖြစ်ဖွယ်လက်တွေ့ကျမေးခွန်းအချို့ထုတ်ခဲ့သည်။ ဥပမာ၊ ဘုရားသခင်သည် ပရဒိသုတွင် အမျိုးသမီးတစ်ဦး၏သားအိမ်တွင်း ကြီးထွားနေသည့်သန္ဓေသားအလုံးအထွေးကိုပင် ပြန်လည်ထည့်သွင်းပေးမည်လော။ သို့သော် ထပ်၍လေ့လာ၊ တွေးတောဆင်ခြင်ပြီးဆုတောင်းခြင်းက အုပ်ချုပ်ရေးအဖွဲ့အား ထိုသို့သောသုံးသပ်မှုများသည် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်နှင့် အမှန်တကယ်သက်ဆိုင်မှုမရှိကြောင်း ကောက်ချက်ချစေသည်။ “ဘုရားသခင်သည် အရာခပ်သိမ်းကို တတ်နိုင်တော်မူ၏” ဟု ယေရှုမိန့်တော်မူ၏။ (မာ. ၁၀:၂၇) ယေရှု၏အတွေ့အကြုံကိုယ်နှိုက်က ထိုထွက်ဆိုချက်၏အမှန်တရားကိုဖော်ပြခဲ့သည်။ ကိုယ်တော်၏အသက်ကို ကောင်းကင်မှ အပျိုကညာ၏သားအိမ်တွင်းသို့ပြောင်းရွှေ့ခဲ့သည်၊ လူ့ရှုထောင့်မှကြည့်လျှင် အမှန်ပင်လုံးဝမဖြစ်နိုင်ချေ။

ထို့ကြောင့် မမွေးမီသေဆုံးသွားသောကလေးများ ထမြောက်မည်ဟုသမ္မာကျမ်းစာသွန်သင်ကြောင်း ဤအရာအားလုံးက ဆိုလိုပါသလော။ သမ္မာကျမ်းစာသည် ယင်းမေးခွန်း၏တိုက်ရိုက်အဖြေကိုမပေးထားကြောင်း ကျွန်ုပ်တို့အလေးအနက်ဂရုပြုရမည်၊ ထို့ကြောင့် ယင်းကိစ္စနှင့်ပတ်သက်၍တစ်ယူသန်ဖြစ်ရန် လူတို့အတွက် အခြေအမြစ်မရှိပါ။ ဤအကြောင်းအရာသည် မဆုံးနိုင်လောက်သည့် မေးခွန်းအမျိုးမျိုးကို ပေါ်လာစေနိုင်သည်။ သို့သော် မှန်းဆခြင်းကိုရှောင်ခြင်းသည် အမှန်ပင်အကောင်းဆုံးဖြစ်ပုံရသည်။ ကျွန်ုပ်တို့သိသည့်အရာမှာ ဤသို့ဖြစ်သည်– ဤအကြောင်းသည် ချစ်ခင်ကြင်နာခြင်း၊ သနားခြင်းနှင့်ပြည့်ဝတော်မူသောအရှင် ယေဟောဝါဘုရားသခင်ပေါ်မူတည်သည်။ (ဆာ. ၈၆:၁၅) ရှင်ပြန်ထမြောက်ခြင်းအားဖြင့် သေခြင်းပပျောက်စေရန်မှာ ကိုယ်တော်၏လှိုက်လှဲသောဆန္ဒဖြစ်ကြောင်း သံသယဖြစ်စရာမလိုပါ။ (ယောဘ ၁၄:၁၄၊ ၁၅) ကိုယ်တော်သည် မှန်ကန်သည့်အရာကို အမြဲပင်လုပ်ဆောင်ကြောင်း ကျွန်ုပ်တို့စိတ်ချယုံကြည်နိုင်သည်။ ‘စာတန်၏အမှုအရာများကို ချိုးဖျက်’ ရန် ဘုရားသခင်သည် မိမိသားတော်အား မေတ္တာပါစွာညွှန်ကြားသောအခါ ဆိုးသွမ်းသောဤလောကစနစ်တွင် ကျွန်ုပ်တို့၏အသက်တာအပေါ် သက်ရောက်ခဲ့သည့် ဒဏ်ရာဒဏ်ချက်များစွာပျောက်ကင်းသွားရန် ကိုယ်တော်လုပ်ဆောင်ပေးပါလိမ့်မည်။—၁ ယော. ၃:၈

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ဤကျမ်းချက်ကို မိခင်သေဆုံးသည့်အခါ၌သာ သေဒဏ်ခံရမည့်ပုံစံဖြင့် ဘာသာပြန်သည့်အခါများရှိသည်။ သို့သော် မူရင်းဟေဗြဲကျမ်းက ယင်းပညတ်သည် မိခင်ကိုဖြစ်စေ၊ သူ၏မမွေးသေးသောကလေးကိုဖြစ်စေ ထိခိုက်သေဆုံးခြင်းနှင့်ပတ်သက်၍မိန့်ဆိုကြောင်း ဖော်ပြသည်။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ယေဟောဝါသည် နာကျင်စေသည့်တွေ့ကြုံမှုအားလုံးကို ကုစားပေးမည်