သမ္မာကျမ်းစာခေတ်တွင် ယေဟောဝါသည် “ကယ်လွှတ်သောအရှင်” ဖြစ်တော်မူခဲ့

သမ္မာကျမ်းစာခေတ်တွင် ယေဟောဝါသည် “ကယ်လွှတ်သောအရှင်” ဖြစ်တော်မူခဲ့

သမ္မာကျမ်းစာခေတ်တွင် ယေဟောဝါသည် “ကယ်လွှတ်သောအရှင်” ဖြစ်တော်မူခဲ့

“အိုဘုရားသခင် အကျွန်ုပ်ရှိရာသို့ အလျင်အမြန်ကြွတော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်ကိုမစသောသူ၊ ကယ်တင်သောသူ [“ကယ်လွှတ်သောအရှင်၊” သမ္မာ] ဖြစ်တော်မူ၏။”—ဆာ. ၇၀:၅

၁၊ ၂။ (က) ဘုရားသခင်အားဝတ်ပြုကိုးကွယ်သူများသည် အဘယ်အချိန်တွင် ကိုယ်တော့်ထံ အကူအညီတောင်းလျှောက်ကြသနည်း။ (ခ) အဘယ်မေးခွန်းပေါ်လာပြီး အဖြေကို အဘယ်နေရာတွင် ရှာတွေ့နိုင်သနည်း။

သက် ၂၃ နှစ်အရွယ် အိမ်ထောင်သည်အမျိုးသမီးတစ်ဦး၏ မိဘဖြစ်သူတို့သည် အားလပ်ရက်အပန်းဖြေနေစဉ် မိမိတို့၏သမီး ထူးဆန်းစွာပျောက်ဆုံးသွားကြောင်း သတင်းရရှိကြသည်။ လူသတ်မှုဟု သံသယရှိကြသည်။ ပစ္စည်းသိမ်းကာအိမ်ပြန်လာကြပြီး ထိုအချိန်တစ်လျှောက်လုံး မိမိတို့ကိုကူညီမစရန် ယေဟောဝါအား စိတ်ထက်သန်စွာဆုတောင်းကြသည်။ အသက် ၂၀ အရွယ်သက်သေခံတစ်ဦးသည် မိမိ၌ လုံးလုံးမလှုပ်ရှားနိုင်သည့်အဖြစ်သို့ရောက်စေမည့် ရောဂါရှိနေကြောင်း သိလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် သူသည် ယေဟောဝါထံဆုတောင်းလေသည်။ အလုပ်တစ်ခုကို ကြိုးစားရှာဖွေနေသော ကြင်ဖော်မဲ့မိခင်တစ်ဦးသည် မိမိနှင့် မိမိ၏ ၁၂ နှစ်အရွယ်သမီးအတွက် အစားအစာဝယ်ရန် ငွေအလုံအလောက်မရှိပါ။ သူသည် ယေဟောဝါထံ နှလုံးအကြွင်းမဲ့ဖြင့် ဆုတောင်းသည်။ မှန်ပါသည်၊ ပြင်းထန်သည့်စမ်းသပ်မှုများ သို့မဟုတ် အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်သူများသည် ကူညီမစပါရန် ကိုယ်တော်ထံတောင်းလျှောက်ကြသည်မှာ သဘာဝပင်။ သင်သည် အလွန့်အလွန်အကူအညီလိုအပ်နေချိန်တွင် ယေဟောဝါထံ အသနားခံတောင်းလျှောက်ဖူးပါသလော။

အရေးကြီးသော ဤမေးခွန်းပေါ်လာသည်– အကူအညီအတွက် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ယေဟောဝါအဖြေပေးမည်ဟု အမှန်ပင်မျှော်လင့်နိုင်ပါသလော။ ယုံကြည်ခြင်းခိုင်ခံ့စေသည့်အဖြေကို ဆာလံ ၇၀ တွင်တွေ့ရသည်။ လှုံ့ဆော်မှုဖြစ်စေသော ဤဆာလံကျမ်းကို ဒါဝိဒ်ရေးစပ်ခဲ့ခြင်းဖြစ်သည်၊ သူသည် မိမိ၏အသက်တာအတွင်း ခက်ခဲသောစမ်းသပ်မှုများ၊ စိန်ခေါ်ချက်များစွာရင်ဆိုင်ခဲ့ရပြီး ယေဟောဝါအား တည်ကြည်စွာဝတ်ပြုကိုးကွယ်ခဲ့သူဖြစ်သည်။ ဤမှုတ်သွင်းခံဆာလံဆရာက ယေဟောဝါအားဤသို့ဆိုရန် လှုံ့ဆော်ခံခဲ့ရ၏– “အိုဘုရားသခင် . . . ကိုယ်တော်သည် အကျွန်ုပ်ကိုမစသောသူ၊ ကယ်တင်သောသူ [“ကယ်လွှတ်သောအရှင်၊” သမ္မာ] ဖြစ်တော်မူ၏။” (ဆာ. ၇၀:၅) ဆာလံ ၇၀ ကိုဆန်းစစ်ခြင်းဖြင့် ကျွန်ုပ်တို့လည်း အကူအညီလိုအပ်နေချိန်တွင် ယေဟောဝါထံတောင်းလျှောက်နိုင်ကြောင်း၊ ကိုယ်တော်သည် ကျွန်ုပ်တို့၏ “ကယ်လွှတ်သောအရှင်” ဖြစ်မည်ကို အပြည့်အဝယုံကြည်စိတ်ချနိုင်ကြောင်းတွေ့မြင်ရန် အထောက်အကူပြုနိုင်သည်။

“ကိုယ်တော်သည် . . . ကယ်လွှတ်သောအရှင်ဖြစ်တော်မူ၏”

၃။ (က) ဆာလံ ၇၀ တွင် ကူညီမစစေလိုသော အဘယ်အရေးတကြီးတောင်းဆိုချက် ပါရှိသနည်း။ (ခ) ဆာလံ ၇၀ တွင် အဘယ်ယုံကြည်စိတ်ချမှုကို ဒါဝိဒ်ဖော်ပြသနည်း။

ဆာလံ ၇၀ ကို ဘုရားသခင်၏ကူညီမစမှုအတွက် အပူတပြင်းတောင်းဆိုချက်ဖြင့် အစပြုပြီး အဆုံးသတ်ထားသည်။ (ဆာလံ ၇၀:၁-၅ ကိုဖတ်ပါ။) မိမိအားကယ်နုတ်ဖို့ “အလျင်အမြန်ပြုတော်မူပါ” ရန်နှင့် “အလျင်အမြန်ကြွတော်မူပါ” ရန် ယေဟောဝါအား ဒါဝိဒ်အသနားခံသည်။ အခန်းငယ် ၂-၄ တွင် ဒါဝိဒ်သည် အသနားခံချက်ငါးခုတောင်းဆိုထားပြီး တစ်ခုစီကို “ကြပါစေသော” ဟူသည့် အလိုဆန္ဒကိုဖော်ပြသည့်အသုံးအနှုန်းဖြင့် အဆုံးသတ်ထားသည်။ ပထမသုံးခုမှာ သူ့အားသတ်ရန်ကြိုးစားနေသူတို့နှင့် ပတ်သက်သည်။ ထိုရန်သူများအား ရှုံးနိမ့်စေရန်နှင့် သူတို့၏ဆိုးသွမ်းမှုအတွက်အရှက်ရစေရန် ယေဟောဝါထံ ဒါဝိဒ်အသနားခံသည်။ အခန်းငယ် ၄ တွင်ပါသော နောက်တောင်းခံချက်နှစ်ခုမှာ ဘုရားသခင့်လူမျိုးနှင့်ပတ်သက်သည်။ ယေဟောဝါအားရှာသောသူတို့သည် ဝမ်းမြောက်ရွှင်လန်းရန်နှင့် ကိုယ်တော်အားချီးမွမ်းရန် ဒါဝိဒ်ဆုတောင်းသည်။ ဤဆာလံကျမ်းကိုအဆုံးသတ်ရာတွင် ယေဟောဝါအား ဒါဝိဒ်ဤသို့ဆို၏– ‘ကိုယ်တော်သည် အကျွန်ုပ်ကိုမစသောအရှင်၊ ကယ်လွှတ်သောအရှင်ဖြစ်တော်မူ၏။’ အခြားတောင်းဆိုချက်များတွင်ကဲ့သို့ “ကိုယ်တော်ဖြစ်ပါစေသော” ဟု ဒါဝိဒ်မဆိုထားသည်ကို သတိပြုပါ။ ယင်းအစား မိမိ၏ယုံကြည်စိတ်ချမှုကိုဖော်ပြသည့်အသုံးအနှုန်း “ဖြစ်တော်မူ၏” ဟုဆိုထားသည်။ ဒါဝိဒ်သည် ဘုရားသခင်၏ကူညီမစမှုရရှိမည်ကို ယုံကြည်သည်။

၄၊ ၅။ ဆာလံ ၇၀ မှ ဒါဝိဒ်နှင့်ပတ်သက်၍ အဘယ်အရာ သင်ယူရရှိသနည်း၊ ကျွန်ုပ်တို့သည် အဘယ်အရာယုံကြည်စိတ်ချနိုင်သနည်း။

ဆာလံ ၇၀ သည် ဒါဝိဒ်နှင့်ပတ်သက်၍ အဘယ်အရာဖော်ပြသနည်း။ မိမိအားသတ်ရန် သဲသဲမဲမဲလိုက်နေသောရန်သူများနှင့် ဒါဝိဒ်ရင်ဆိုင်ကြုံတွေ့ခဲ့ရချိန်တွင် သူသည် ကိစ္စရပ်ကို မိမိကိုယ်တိုင်မဖြေရှင်းလိုခဲ့ပါ။ ယင်းအစား ယေဟောဝါသည် ထိုဆန့်ကျင်သူများအား မိမိအချိန်၊ မိမိနည်းဖြင့်ကိုင်တွယ်မည်ဖြစ်ကြောင်း ယုံကြည်စိတ်ချခဲ့သည်။ (၁ ရာ. ၂၆:၁၀) ယေဟောဝါအားရှာသောသူတို့ကို ကိုယ်တော်ကူညီမစပြီး ကယ်နုတ်မည်ဖြစ်ကြောင်း ဒါဝိဒ်ဆက်၍အခိုင်အမာ ယုံကြည်စိတ်ချခဲ့သည်။ (ဟေဗြဲ ၁၁:၆) ထိုစစ်မှန်သည့်ဝတ်ပြုကိုးကွယ်သူများသည် ဝမ်းမြောက်ရွှင်လန်းရန်နှင့် ကိုယ်တော်၏ကြီးမြတ်မှုအကြောင်း အခြားသူများကိုပြောခြင်းဖြင့် ယေဟောဝါအားချီးမွမ်းရန် အကြောင်းရင်းခိုင်ခိုင်လုံလုံရှိကြောင်း ဒါဝိဒ်ယုံကြည်ခဲ့သည်။—ဆာ. ၅:၁၁; ၃၅:၂၇

ဒါဝိဒ်ကဲ့သို့ပင် ကျွန်ုပ်တို့သည် ယေဟောဝါအား ကျွန်ုပ်တို့ကိုကူညီမစသောအရှင်အဖြစ်နှင့် “ကယ်လွှတ်သောအရှင်” အဖြစ် အပြည့်အဝယုံကြည်စိတ်ချနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ခက်ခဲသောစမ်းသပ်မှုများရင်ဆိုင်ရချိန် သို့မဟုတ် အကြီးအကျယ်အကူအညီလိုအပ်သည်ဟု ခံစားရချိန်တို့တွင် ကျွန်ုပ်တို့အား အလျန်အမြန်အကူအညီပေးပါရန် ယေဟောဝါအားတောင်းခံခြင်းသည် သင့်လျော်ပါသည်။ (ဆာ. ၇၁:၁၂) သို့သော် ကူညီမစရန် ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ယေဟောဝါမည်သို့ဖြေကြားမည်နည်း။ ကျွန်ုပ်တို့အား ယေဟောဝါမည်သို့ကူညီမစမည်ကိုမဆွေးနွေးမီ ဒါဝိဒ်အရေးတကြီးအကူအညီလိုအပ်နေချိန်များတွင် သူ့ကိုကူညီမစခြင်းဖြင့် ယေဟောဝါကယ်လွှတ်ပေးခဲ့သည့် နည်းသုံးနည်းကို ဆွေးနွေးကြပါစို့။

ဆန့်ကျင်သူများလက်မှ ကယ်နုတ်ခံရ

၆။ ယေဟောဝါသည် ဖြောင့်မတ်သူကိုလွတ်မြောက်ရန် စီမံပေးတော်မူကြောင်း ဒါဝိဒ်သိရှိရန် အဘယ်အရာက အထောက်အကူပြုခဲ့သနည်း။

ဖြောင့်မတ်သူသည် အကူအညီအတွက် ယေဟောဝါကို အားကိုးနိုင်ကြောင်း မိမိလက်ထက်တွင်ရရှိနိုင်သော မှုတ်သွင်းခံသမ္မာကျမ်းစာမှတ်တမ်းမှ ဒါဝိဒ်သိရှိခဲ့ရသည်။ ယေဟောဝါသည် ဆိုးသွမ်းသောလောကကို ရေလွှမ်းမိုးဘေးကျရောက်စေချိန်တွင် နောဧနှင့် ဘုရားသခင်ကိုကြောက်ရွံ့သော သူ၏မိသားစုကို အသက်ရှင်လွတ်မြောက်စေခဲ့သည်။ (က. ၇:၂၃) သောဒုံနှင့်ဂေါမောရမြို့မှ ဆိုးသွမ်းသောမြို့သားများအပေါ် ကန့်နှင့်မီးမိုးရွာစေတော်မူသောအခါ ဖြောင့်မတ်သောလောတနှင့် သူ၏သမီးနှစ်ဦး အသက်ရှင်လွတ်မြောက်ရန် ကိုယ်တော်ကူညီခဲ့သည်။ (က. ၁၉:၁၂-၂၆) မောက်မာသောဖာရောနှင့် သူ၏စစ်တပ်ကို ပင်လယ်နီတွင် ယေဟောဝါဖျက်ဆီးချိန်တွင် မိမိလူမျိုးကို ကိုယ်တော်ကာကွယ်ပေးခဲ့ပြီး ပျက်စီးခြင်းမှလွတ်မြောက်ရန် ကူညီခဲ့သည်။ (ထွ. ၁၄:၁၉-၂၈) သို့ဖြစ်၍ နောက်ဆာလံတစ်ပုဒ်တွင် ယေဟောဝါအား ‘ကယ်တင်တော်မူခြင်းအမှုများကို ပြုတတ်သောဘုရားသခင်’ ဟုချီးမွမ်းခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်ပါ။—ဆာ. ၆၈:၂၀သမ္မာ။

၇-၉။ (က) ဘုရားသခင်၏ကယ်တင်နိုင်စွမ်းကို ယုံကြည်ရန် ဒါဝိဒ်တွင် အဘယ်အကြောင်းရင်းရှိသနည်း။ (ခ) ဒါဝိဒ်သည် မိမိ၏လွတ်မြောက်မှုအတွက် မည်သူ့ကိုဂုဏ်တင်ခဲ့သနည်း။

ယေဟောဝါ၏ကယ်တင်နိုင်စွမ်းကို အပြည့်အဝယုံကြည်ကိုးစားရန် ဒါဝိဒ်တွင် ကိုယ်ပိုင်အကြောင်းရင်းလည်းရှိသည်။ ယေဟောဝါသည် မိမိအားဝတ်ပြုကိုးကွယ်သူတို့ကို “ထာဝရလက်ရုံးတော်” ဖြင့် ကယ်နုတ်နိုင်ကြောင်း ဒါဝိဒ်ကိုယ်တွေ့ကြုံခဲ့ရသည်။ (တရား. ၃၃:၂၇) ယေဟောဝါသည် ဒေါသကြီးသော “ရန်သူတို့လက်မှ” ဒါဝိဒ်ကို တစ်ကြိမ်မက ကယ်တင်ခဲ့သည်။ (ဆာ. ၁၈:၁၇-၁၉၊ ၄၈) ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။

ဒါဝိဒ်၏စစ်စွမ်းရည်ကြောင့် ဣသရေလအမျိုးသမီးများက ဒါဝိဒ်ကိုချီးမွမ်းကြသည့်အခါ ဘုရင်ရှောလုသည် ဒါဝိဒ်အား အလွန့်အလွန်မနာလိုဖြစ်ကာ နှစ်ကြိမ်တိုင် ဒါဝိဒ်အား လှံဖြင့်ပစ်ပေါက်ခဲ့သည်။ (၁ ရာ. ၁၈:၆-၉) ဒါဝိဒ်သည် နှစ်ကြိမ်စလုံး ရှောင်နိုင်ခဲ့သည်။ စစ်ရည်ဝသည့်ရဲမက်တစ်ဦးဖြစ်သူ ဒါဝိဒ်၏ကျွမ်းကျင်မှု၊ လျင်မြန်ဖျတ်လတ်မှုကြောင့်သာ ရှောင်နိုင်ခဲ့ခြင်းလော။ မဟုတ်ပါ။ သမ္မာကျမ်းစာမှတ်တမ်းက ‘သူနှင့်အတူ ယေဟောဝါရှိတော်မူ၏’ ဟုဖော်ပြသည်။ (၁ ဓမ္မရာဇဝင် ၁၈:၁၁-၁၄ ကိုဖတ်ပါ။) နောက်ပိုင်း ဖိလိတ္တိလူတို့လက်ချက်ဖြင့် ဒါဝိဒ်အသတ်ခံရစေရန် ရှောလု၏အကြံအစည်မအောင်မြင်သောအခါ ‘ယေဟောဝါသည် ဒါဝိဒ်နှင့်အတူရှိတော်မူကြောင်းကို . . . ရှောလုသည် မြင်’ တော့သည်။—၁ ရာ. ၁၈:၁၇-၂၈

ဒါဝိဒ်သည် မိမိ၏လွတ်မြောက်မှုအတွက် မည်သူ့ကိုဂုဏ်တင်ခဲ့သနည်း။ ဆာလံ ၁၈ ၏ခေါင်းစီးစာသားတွင် ‘ရှောလုမင်း . . . လက်မှ ကယ်လွှတ်တော်မူခြင်းကျေးဇူးကိုခံရသောအခါ ယေဟောဝါရှေ့တော်၌မြွက်ဆိုသော သီချင်းစကားဟူမူကား’ ဟုဆိုထား၏။ ဒါဝိဒ်သည် မိမိ၏သဘောထားကို သီချင်းတွင် ဤသို့ဖော်ပြခဲ့၏– ‘ယေဟောဝါသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရားသခင်၊ ငါကိုးစားသောအစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ ဖြစ်တော်မူ၏။’ (ဆာ. ၁၈:၂) ယေဟောဝါသည် မိမိလူမျိုးကို ကယ်နုတ်နိုင်စွမ်းရှိကြောင်း သိရခြင်းက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေသည်မဟုတ်လော။—ဆာ. ၃၅:၁၀

ဖျားနာ၍အိပ်ရာထဲလှဲနေချိန်တွင် ထောက်ပင့်ခံရ

၁၀၊ ၁၁။ ဆာလံ ၄၁ တွင်ဖော်ပြထားသော ဒါဝိဒ်ဖျားနာခဲ့သည့်အချိန်ကိုသိရှိရန် အဘယ်အရာက အထောက်အကူပြုသနည်း။

၁၀ ဆာလံ ၄၁ တွင်ဖော်ပြထားချက်အရ ဘုရင်ဒါဝိဒ်သည် တစ်ခါက အကြီးအကျယ်ဖျားနာခဲ့သည်။ ဖျားနာ၍အိပ်ရာထဲလှဲနေရသော ဒါဝိဒ်သည် အလွန့်အလွန်နာမကျန်းဖြစ်သောကြောင့် သူ၏ရန်သူတချို့က သူသည် “နောက်တစ်ဖန် အဘယ်အခါ၌မျှ အိပ်ရာပေါ်မှ ထနိုင်တော့မည်မဟုတ်” ဟုထင်ခဲ့ကြသည်။ (အခန်းငယ် ၇၊ ၈၊ ခမ) ဒါဝိဒ်သည် အဘယ်အချိန်တွင် ထိုမျှအသည်းအသန်ဖျားနာခဲ့သနည်း။ ဤဆာလံကျမ်းတွင်ဖော်ပြထားသော အခြေအနေများသည် ဒါဝိဒ်၏အသက်တာတွင် စိတ်အဖိစီးဆုံးအချိန်ဖြစ်သည့် သားဖြစ်သူအဗရှလုံ ဘုရင့်အရိုက်အရာကိုလုယူရန်ကြိုးစားနေချိန်နှင့် ဆက်နွှယ်နိုင်သည်။—၂ ရာ. ၁၅:၆၊ ၁၃၊ ၁၄

၁၁ ဥပမာ၊ မိမိနှင့်မုန့်အတူစားခဲ့သည့် ယုံကြည်စိတ်ချရသောအဆွေခင်ပွန်းတစ်ဦးသည် မိမိကိုပုန်ကန်ကြောင်း ဒါဝိဒ်ဖော်ပြထားသည်။ (အခန်းငယ် ၉) ယင်းက ဒါဝိဒ်၏အသက်တာမှ အဖြစ်အပျက်တစ်ခုကို ကျွန်ုပ်တို့အမှတ်ရပေမည်။ အဗရှလုံပုန်ကန်ချိန်အတွင်း ဒါဝိဒ်ယုံကြည်အားကိုးရသော အကြံပေးအရာရှိ အဟိသောဖေလသည် သစ္စာဖောက်ကာ ဘုရင်ကိုပုန်ကန်မှုတွင် အဗရှလုံနှင့်ပူးပေါင်းခဲ့သည်။ (၂ ရာ. ၁၅:၃၁; ၁၆:၁၅) ထ,ရန်ပင်ခွန်အားမရှိဖြစ်နေသောဘုရင်သည် အိပ်ရာတွင်လှဲနေသည့် အားနည်းနေချိန်တွင် မိမိဝန်းကျင်၌ ပူးပေါင်းကြံစည်သူတို့ဝိုင်းနေကြောင်း၊ ထိုသူတို့သည် မိမိတို့၏ဆိုးညစ်သည့်အကြံအစည်များကို အကောင်အထည်ဖော်နိုင်ရန်အလို့ငှာ ဒါဝိဒ်အားသေစေလိုကြောင်း သိလိုက်ရသည့်အဖြစ်ကို မြင်ယောင်ကြည့်ပါ။—အခန်းငယ် ၅

၁၂၊ ၁၃။ (က) အဘယ်ယုံကြည်စိတ်ချမှုကို ဒါဝိဒ်ဖော်ပြခဲ့သနည်း။ (ခ) ဘုရားသခင်သည် ဒါဝိဒ်ကို မည်သို့ခွန်အားပေးခဲ့မည်နည်း။

၁၂ “ကယ်လွှတ်သောအရှင်” အပေါ် ဒါဝိဒ်၏ယုံကြည်ကိုးစားမှုသည် မယိမ်းယိုင်ခဲ့ပါ။ ယေဟောဝါ၏ဖြောင့်မတ်သောကျေးကျွန်တစ်ဦး ဖျားနာနေမှုနှင့်ပတ်သက်၍ ဒါဝိဒ်ဤသို့ဆိုခဲ့၏– ‘ခဲယဉ်းသောကာလ၌ ထိုသူကို ယေဟောဝါကယ်နုတ်တော်မူမည်။ သူသည် နာဖျား၍တုံးလုံးနေသောအခါ ယေဟောဝါသည် ထောက်ပင့်တော်မူမည်။ နာ၍နေစဉ်ကာလ ကိုယ်တော်သည် သူ၏အိပ်ရာရှိသမျှကို လှန်ပြန်တော်မူမည်။’ (ဆာ. ၄၁:၁၊) ဤတွင်တစ်ဖန် ‘ယေဟောဝါ . . . တော်မူမည်’ ဟူသည့်စကားလုံးကို သုံးနှုန်းထားခြင်းဖြင့် ဒါဝိဒ်၏ယုံကြည်စိတ်ချမှုကို မှတ်သားပါလေ။ ယေဟောဝါသည် မိမိကိုကယ်လွှတ်မည်ဖြစ်ကြောင်း ဒါဝိဒ်စိတ်ချခဲ့သည်။ မည်သို့အားဖြင့်နည်း။

၁၃ ယေဟောဝါသည် အံ့ဖွယ်အမှုပြုကာ ဖျားနာမှုကိုဖယ်ရှားပေးဖို့ ဒါဝိဒ်မမျှော်လင့်ခဲ့ပါ။ ယင်းအစား ယေဟောဝါသည် မိမိအား “ထောက်ပင့်” တော်မူမည်—ဆိုလိုသည်မှာ အိပ်ရာထဲလှဲနေချိန်တွင် မိမိအား ထောက်မကာ ခွန်အားပေးမည်ဖြစ်ကြောင်း ဒါဝိဒ်လုံးလုံးယုံကြည်စိတ်ချခဲ့သည်။ ဒါဝိဒ်သည် ထိုကဲ့သို့သောကူညီမစမှုကို အမှန်လိုအပ်ခဲ့သည်။ သူ့အားခွန်အားလျော့စေသည့် ဖျားနာမှုအပြင် သူ့ပတ်ပတ်လည်တွင် သူနှင့်ပတ်သက်၍ မကောင်းပြောနေကြသော ရန်သူများရှိသည်။ (အခန်းငယ် ၅၊ ၆) ယေဟောဝါသည် ဒါဝိဒ်၏စိတ်တွင် နှစ်သိမ့်မှုဖြစ်စေသော အတွေးများဝင်လာစေရန်ကူညီပေးဖို့ တတ်နိုင်တော်မူသည်။ မှတ်သားစရာမှာ ဒါဝိဒ်၏ဤစကားဖြစ်၏– ‘ကိုယ်တော်သည် အကျွန်ုပ်၏သမာဓိကြောင့် စောင်မတော်မူ၏။’ (အခန်းငယ် ၁၂ကဘ) ဒါဝိဒ်၏အားနည်းနေသည့်အခြေအနေနှင့် ရန်သူတို့၏မကောင်းပြောနေကြသောစကားများကြားမှ ယေဟောဝါသည် မိမိအား သမာဓိရှိသူအဖြစ်သတ်မှတ်သည်ကို ပြန်ပြောင်းစဉ်းစားကြည့်ခြင်းမှလည်း ခွန်အားရရှိခဲ့ပေမည်။ နောက်ဆုံးတွင် ဒါဝိဒ်သည် ဖျားနာမှုမှ သက်သာပျောက်ကင်းခဲ့သည်။ ယေဟောဝါသည် ဖျားနာနေသူတို့ကို ထောက်ပင့်နိုင်ကြောင်း သိရခြင်းက နှစ်သိမ့်မှုဖြစ်စေသည်မဟုတ်လော။—၂ ကော. ၁:၃

အစားအစာဖြင့်ထောက်ပံ့ခံရ

၁၄၊ ၁၅။ ဒါဝိဒ်နှင့်သူ၏လူတို့သည် အစားအစာလိုအပ်နေကြောင်း အဘယ်အချိန်တွင်တွေ့ရှိခဲ့ကြသနည်း၊ အဘယ်အကူအညီကို သူတို့ရရှိခဲ့သနည်း။

၁၄ ဒါဝိဒ်သည် ဣသရေလနိုင်ငံ၏ဘုရင်ဖြစ်လာသောအခါ အကောင်းဆုံးစားဖွယ်သောက်ဖွယ်များနှင့် စားသောက်ပျော်မွေ့နိုင်ခဲ့ပြီး မိမိနှင့်အတူစားသောက်ရန် အခြားသူများစွာကိုပင် ဖိတ်ခေါ်ခဲ့သည်။ (၂ ရာ. ၉:၁၀) သို့သော် ဒါဝိဒ်သည် အစားအသောက်ပြတ်လပ်မှုနှင့်လည်း ကြုံခဲ့ဖူးသည်။ သားဖြစ်သူအဗရှလုံသည် ပုန်ကန်ရန်စီစဉ်ပြီး ထီးနန်းကိုသိမ်းပိုက်ဖို့ကြိုးစားချိန်တွင် ဒါဝိဒ်သည် မိမိအားတည်ကြည်စွာထောက်ခံသူအချို့နှင့်အတူ ယေရုရှလင်မြို့မှ ထွက်ပြေးခဲ့ရသည်။ သူတို့သည် ယော်ဒန်မြစ်အရှေ့ဘက်ခြမ်းရှိ ဂိလဒ်ပြည်သို့ ထွက်ပြေးခဲ့ကြသည်။ (၂ ရာ. ၁၇:၂၂၊ ၂၄) အသက်ဘေးမှလွတ်မြောက်ရန် ထွက်ပြေးနေရသောကြောင့် ဒါဝိဒ်နှင့်သူ၏လူတို့သည် မိမိတို့အနားယူဖို့လိုသည့်အပြင် အစားအစာအလွန်လိုအပ်နေကြောင်း မကြာမီတွေ့ရှိလာခဲ့သည်။ သို့သော် တောကန္တာရတွင် စားနပ်ရိက္ခာကို အဘယ်နေရာမှရရှိမည်နည်း။

၁၅ နောက်ဆုံး ဒါဝိဒ်နှင့် သူ၏လူတို့သည် မဟာနိမ်မြို့သို့ ရောက်ရှိလာသည်။ ထိုနေရာတွင် သူတို့သည် ရဲစွမ်းသတ္တိရှိသူသုံးဦးဖြစ်သော ရှောဘိ၊ မာခိရနှင့် ဗာဇိလဲတို့နှင့် တွေ့ဆုံခဲ့သည်။ အဗရှလုံသည် ဘုရင့်အရိုက်အရာကိုရရှိခဲ့ပါက ဒါဝိဒ်အားထောက်ကူပေးသူမည်သူကိုမဆို ပြင်းပြင်းထန်ထန်အပြစ်ပေးမည်မှာ သေချာသည်၊ သို့တိုင် ထိုသူတို့သည် မိမိတို့အသက်ကိုပဓာနမထားဘဲ ဘုရားသခင်ခန့်အပ်ထားသောဘုရင်ကို အကူအညီပေးရန် လိုလိုလားလားရှိခဲ့ကြသည်။ ဒါဝိဒ်နှင့် သူ့လူတို့၏အခက်အခဲကိုသတိပြုမိကာ ထိုတည်ကြည်သူသုံးဦးသည် အိပ်ရာ၊ ဂျုံဆန်၊ မုယောဆန်၊ မုန့်ညက်၊ ပေါက်ပေါက်မျိုး၊ ပဲမျိုး၊ ပျားရည်၊ နို့ဓမ်းနှင့် သိုးတို့အပါအဝင် လိုအပ်သောပစ္စည်းများစွာကို ယူဆောင်လာခဲ့ကြသည်။ (၂ ဓမ္မရာဇဝင် ၁၇:၂၇-၂၉ ကိုဖတ်ပါ။) ထိုသူသုံးယောက်တို့၏ ထူးခြားသောတည်ကြည်မှု၊ ဧည့်ဝတ်ကျေပွန်မှုတို့သည် ဒါဝိဒ်၏နှလုံးကိုထိမိစေခဲ့မည်မှာ သေချာသည်။ ဒါဝိဒ်အတွက် သူတို့လုပ်ဆောင်ပေးခဲ့ရာများကို ဒါဝိဒ်မည်သို့မေ့နိုင်မည်နည်း။

၁၆။ ဒါဝိဒ်နှင့်သူ၏လူတို့အား အစားအစာပြင်ဆင်ပေးခြင်းတွင် မည်သူသည် အဓိကဖြစ်ခဲ့သနည်း။

၁၆ သို့သော် ဒါဝိဒ်နှင့်သူ၏လူတို့အား အစားအစာပြင်ဆင်ပေးခြင်းတွင် မည်သူသည် အဓိကဖြစ်ခဲ့သနည်း။ ယေဟောဝါသည် မိမိလူတို့ကို ဂရုစိုက်စောင့်ရှောက်ကြောင်း ဒါဝိဒ်ယုံကြည်စိတ်ချခဲ့သည်။ ယေဟောဝါသည် အခြားသောကျေးကျွန်များအား ယုံကြည်သူချင်းတစ်ဦး၏လိုအပ်ရာကို ကူညီပေးဖို့ အမှန်လှုံ့ဆော်ပေးနိုင်တော်မူသည်။ ဒါဝိဒ်သည် ဂိလဒ်ပြည်တွင်ဖြစ်ပျက်ခဲ့ရာကို ပြန်သုံးသပ်ကြည့်သည့်အခါ ထိုလူသုံးဦး၏ကြင်နာမှုကို ယေဟောဝါ၏မေတ္တာပါဂရုစိုက်မှုအဖြစ် ရှုမြင်ခဲ့မည်မှာသေချာသည်။ သူ၏အသက်တာအဆုံးပိုင်းအချိန်တွင် ဒါဝိဒ်ဤသို့ရေးခဲ့၏– “[မိမိအပါအဝင်] ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရသည်အကြောင်း သူ၏သားမြေးတို့သည် တောင်း၍စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည်တိုင်အောင်မမြင်စဖူး။” (ဆာ. ၃၇:၂၅) ယေဟောဝါလက်တော်မတိုကြောင်းသိရခြင်းသည် နှစ်သိမ့်မှုဖြစ်စေသည်မဟုတ်လော။—သု. ၁၀:၃

‘ယေဟောဝါသည် မည်သို့ကယ်နုတ်ရမည်ကို သိတော်မူ၏’

၁၇။ ယေဟောဝါသည် အဘယ်အချက်ကို အကြိမ်ကြိမ်ထင်ရှားပြခဲ့သနည်း။

၁၇ ဒါဝိဒ်သည် သမ္မာကျမ်းစာခေတ်တွင် ယေဟောဝါကယ်လွှတ်ပေးခဲ့သူများစွာထဲမှ တစ်ဦးသာဖြစ်သည်။ ဒါဝိဒ်ခေတ်မှစ၍ ယေဟောဝါသည် တမန်တော်ပေတရု၏ ဤစကားများမှန်ကန်ကြောင်း အကြိမ်ကြိမ်ထင်ရှားပြခဲ့၏– ‘ယေဟောဝါသည် ဘုရားသခင်၏တရား ဆည်းကပ်သူတို့ကို စုံစမ်းနှောင့်ယှက်ခြင်းထဲမှ မည်သို့ကယ်နုတ်ရမည်ကို သိတော်မူ၏။’ (၂ ပေ. ၂:၉ကဘ) နောက်ဥပမာနှစ်ခုကို သုံးသပ်ကြည့်ပါ။

၁၈။ ဟေဇကိခေတ်တွင် လွတ်မြောက်စေရန် ယေဟောဝါမည်သို့စီမံပေးခဲ့သနည်း။

၁၈ ဘီစီရှစ်ရာစုတွင် အင်အားကြီးအာရှုရိစစ်တပ်သည် ယုဒပြည်ကိုကျူးကျော်ဝင်ရောက်ပြီး ယေရုရှလင်မြို့ကိုခြိမ်းခြောက်ချိန်တွင် ဘုရင်ဟေဇကိ ဤသို့ဆုတောင်းခဲ့၏– ‘အိုအကျွန်ုပ်တို့ဘုရားသခင်ယေဟောဝါ၊ ယေဟောဝါတစ်ပါးသာ ဘုရားသခင်ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသောတိုင်းနိုင်ငံတို့သည် သိမည်အကြောင်း အကျွန်ုပ်တို့ကို . . . ယခုကယ်ယူတော်မူပါ။’ (ဟေရှာ. ၃၇:၂၀) ဟေဇကိ အဓိကစိုးရိမ်သည်မှာ ဘုရားသခင့်နာမတော်နှင့် ဂုဏ်အသရေအတွက်ဖြစ်သည်။ ထိုသို့ထက်သန်စွာတောင်းလျှောက်မှုကို ယေဟောဝါဖြေကြားတော်မူခဲ့သည်။ ကောင်းကင်တမန်တစ်ပါးသည် တစ်ညတည်းတွင် အာရှုရိစစ်သား ၁၈၅,၀၀၀ ကိုဒဏ်ခတ်ခြင်းဖြင့် ယေဟောဝါအပေါ်တည်ကြည်သောကျေးကျွန်များ လွတ်မြောက်ရန် စီမံပေးခဲ့သည်။—ဟေရှာ. ၃၇:၃၂၊ ၃၆

၁၉။ ပထမရာစုခရစ်ယာန်များသည် အဘယ်သတိပေးချက်ကိုလိုက်နာကြသောကြောင့် ဘေးဆိုးမှလွတ်မြောက်ခဲ့ကြသနည်း။

၁၉ ယေရှုသည် မိမိမသေဆုံးမီရက်အနည်းငယ်တွင် ယုဒပြည်ရှိတပည့်များအကျိုးအတွက် ပရောဖက်ပြုချက်ဆိုင်ရာ သတိပေးချက်တစ်ခုပေးခဲ့သည်။ (လုကာ ၂၁:၂၀-၂၂ ကိုဖတ်ပါ။) ဆယ်စုနှစ်များကုန်လွန်သွားပြီးနောက် စီအီး ၆၆ တွင် ဂျူးလူမျိုး၏ပုန်ကန်မှုကြောင့် ရောမစစ်တပ်သည် ယေရုရှလင်မြို့သို့ရောက်ရှိလာခဲ့သည်။ စက်စ်တီးယပ်စ် ဂဲလပ်စ်ဦးဆောင်မှုအောက်ရှိစစ်တပ်သည် ဝတ်ပြုရာအိမ်တော်တံတိုင်း၏ အပိုင်းတစ်ပိုင်းကို အောက်ခြေမှအောင်မြင်စွာတူးဖောက်နိုင်ခဲ့ကြသည်၊ ထို့နောက် ရုတ်တရက် တပ်ကိုရုပ်သိမ်းသွားသည်။ ယင်းကို ယေရှုကြို၍မိန့်တော်မူခဲ့သော ပျက်စီးခြင်းမှလွတ်မြောက်ရန် အခွင့်အရေးတစ်ခုအဖြစ် အသိအမှတ်ပြုကာ တည်ကြည်သောခရစ်ယာန်များသည် တောင်ပေါ်သို့ထွက်ပြေးခဲ့ကြသည်။ စီအီး ၇၀ တွင် ရောမစစ်တပ်ပြန်ရောက်လာသည်။ ဤတစ်ကြိမ်တွင် သူတို့သည် တပ်ကိုမရုပ်သိမ်းတော့ဘဲ ယေရုရှလင်မြို့ကို လုံးလုံးဖျက်ဆီးခဲ့သည်။ ယေရှု၏သတိပေးချက်ကိုနာခံသော ခရစ်ယာန်များသည် ထိုကြောက်မက်ဖွယ်ဘေးဆိုးမှ လွတ်မြောက်ခဲ့ကြသည်။—လု. ၁၉:၄၁-၄၄

၂၀။ ယေဟောဝါအား ကျွန်ုပ်တို့ကို “ကယ်လွှတ်သောအရှင်” အဖြစ် အဘယ်ကြောင့် ယုံကြည်ကိုးစားနိုင်သနည်း။

၂၀ မိမိလူမျိုးကိုယေဟောဝါကူညီမစသည့် အထောက်အထားကို ပြန်သုံးသပ်ခြင်းက ယုံကြည်ခြင်းခိုင်ခံ့စေသည်။ အတိတ်ကကိုယ်တော်လုပ်ဆောင်ခဲ့ရာများသည် ယေဟောဝါအား ကျွန်ုပ်တို့ယုံကြည်စိတ်ချစေရန် အခြေခံအုတ်မြစ်ဖြစ်သည်။ ယခုမည်သည့်အခက်အခဲကို ရင်ဆိုင်နေရသည်ဖြစ်စေ၊ အနာဂတ်တွင် မည်သည့်အခက်အခဲကြုံလာသည်ဖြစ်စေ ယေဟောဝါသည် ကျွန်ုပ်တို့ကို “ကယ်လွှတ်သောအရှင်” ဖြစ်ကြောင်း အပြည့်အဝယုံကြည်စိတ်ချနိုင်သည်။ သို့သော် ယေဟောဝါသည် လွတ်မြောက်ရာလမ်းကို မည်သို့စီမံပေးမည်နည်း။ ဆောင်းပါးအစတွင် ဖော်ပြခဲ့သူတို့ကောအသို့နည်း။ သူတို့၏အခြေအနေ မည်သို့ရှိသနည်း။ နောက်ဆောင်းပါးတွင် ကြည့်ကြစို့။

သင်မှတ်မိသလော

• အဘယ်အရာကို ယုံကြည်စိတ်ချနိုင်ကြောင်း ဆာလံ ၇၀ တွင်ဖော်ပြထားသနည်း။

• ဒါဝိဒ်သည် ဖျားနာနေချိန်အတွင်း ထောက်ပင့်မှုမည်သို့ ရရှိခဲ့သနည်း။

• ယေဟောဝါသည် ဆန့်ကျင်သူတို့လက်မှ မိမိလူမျိုးကို ကယ်နုတ်နိုင်ကြောင်း အဘယ်ဥပမာများက ဖော်ပြသနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၆ ပါပုံ]

ယေဟောဝါသည် ဟေဇကိ၏ဆုတောင်းချက်ကို အဖြေပေးခဲ့