ဆာလံ ၃၅:၁-၂၈

  • ရန်သူတွေလက်ကနေ ကယ်တင်ဖို့ ဆုတောင်း

    • ရန်သူတွေ မောင်းထုတ်ခံရ ()

    • လူစုလူဝေးအလယ်မှာ ဘုရားကို ချီးမွမ်း (၁၈)

    • အကြောင်းမရှိဘဲ မုန်းတီး (၁၉)

ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။ ၃၅  အို ယေဟောဝါ၊ ကျွန်တော့်ကို ဆန့်ကျင်သူတွေရဲ့ စွဲချက်ကို ထုချေပေးပါ။+ တိုက်ခိုက်လာသူတွေကို ပြန်တိုက်ခိုက်ပေးပါ။+ ၂  ဒိုင်းလွှားကြီးတွေ၊ ဒိုင်းလွှားငယ်တွေ ကိုင်ပြီး+ ကျွန်တော့်ကို ကာကွယ်ပေးဖို့ ထတော်မူပါ။+ ၃  လိုက်ဖမ်းနေသူတွေကို တိုက်ခိုက်ဖို့ လှံနဲ့ စစ်ပုဆိန်ကို ကိုင်မြှောက်ပြီး+ “ငါဟာ မင်းကို ကယ်မယ့်သူပဲ” လို့ ပြောလှည့်ပါ။+ ၄  ကျွန်တော့်ကို လိုက်သတ်နေသူတွေ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပါစေ။+ ကျွန်တော့်ကို ဖျက်ဆီးဖို့ မတရားကြံစည်နေသူတွေ အရှက်ကွဲပြီး နောက်လှည့်ပြေးကြပါစေ။ ၅  လေတိုက်ရာ လွင့်ပါသွားတဲ့ ဖွဲလို ဖြစ်ပါစေ။ သူတို့ကို ယေဟောဝါရဲ့ ကောင်းကင်တမန် မောင်းထုတ်ပါစေ။+ ၆  သူတို့ကို ယေဟောဝါရဲ့ ကောင်းကင်တမန် လိုက်ဖမ်းတဲ့အခါသူတို့ရဲ့လမ်းဟာ မည်းမှောင်ပြီး ချော်နေပါစေ။ ၇  သူတို့က အကြောင်းမရှိဘဲ ကျွန်တော့်ကိုဖမ်းဖို့ ပိုက်ထောင်ထားတယ်။ အကြောင်းမရှိဘဲ ကျွန်တော့်အတွက် တွင်းတူးထားတယ်။ ၈  သူတို့အပေါ် ဘေးဒုက္ခ ရုတ်တရက် ကျရောက်ပါစေ။ ကိုယ်ထောင်ထားတဲ့ ပိုက်ထဲ ပြန်မိပါစေ။ ပိုက်ထဲကျပြီး ပျက်စီးသွားပါစေ။+ ၉  ကျွန်တော်ကတော့ ယေဟောဝါကြောင့်  ဝမ်းမြောက်လိမ့်မယ်။ ဘုရားရဲ့ကယ်တင်ခြင်းကြောင့် ရွှင်လန်းလိမ့်မယ်။ ၁၀  “အို ယေဟောဝါ၊ ကိုယ်တော်နဲ့ ဘယ်သူတူသလဲ။ ကိုယ်တော်က ခိုကိုးရာမဲ့သူကို အားကြီးသူတွေလက်ကနေ၊+ခိုကိုးရာမဲ့သူနဲ့ ဆင်းရဲသားကို ဓားပြတွေလက်ကနေ ကယ်တင်တယ်”+ လို့ ကျွန်တော် အားပါးတရ ပြောပါရစေ။ ၁၁  မလိုတမာစိတ်နဲ့ သက်သေထွက်ဆိုသူတွေ ပေါ်လာပြီး+ ကျွန်တော် လုံးဝမသိတဲ့အကြောင်းတွေကို မေးမြန်းကြတယ်။ ၁၂  ကျွန်တော်လုပ်တဲ့ ကောင်းမှုကို မကောင်းမှုနဲ့ တုံ့ပြန်ကြတယ်။+ ကျွန်တော် ဝမ်းနည်းပူဆွေးအောင် လုပ်ကြတယ်။ ၁၃  ကျွန်တော့်မှာတော့ သူတို့ဖျားနာတဲ့အခါ အထည်ကြမ်း ဝတ်ခဲ့တာ။ အစာရှောင်ပြီး ကိုယ့်ကိုယ်ကိုယ် ဒဏ်ပေးခဲ့တာ။ ဆုတောင်းချက်တွေ အဖြေမရတဲ့အခါ၊ ၁၄  မိတ်ဆွေ ဒါမှမဟုတ် ညီအစ်ကိုသေဆုံးလို့ ငိုကြွေးနေသူလို ကျွန်တော် ငိုကြွေးခဲ့ရတာ။ မိခင်ဆုံးပါးလို့ ငိုကြွေးနေသူလို ဝမ်းနည်းမှိုင်တွေခဲ့ရတာ။ ၁၅  ကျွန်တော် ခလုတ်တိုက်လဲတဲ့အခါကျတော့ သူတို့ ဝမ်းသာအားရဖြစ်ပြီး စုရုံးကြတယ်။ ကျွန်တော့်ကို ချောင်းမြောင်း တိုက်ခိုက်ဖို့ စုရုံးကြတယ်။ ကျွန်တော့်ကို အပိုင်းပိုင်းဆွဲဖဲ့ပြီး စကားတွေနဲ့ မနားတမ်း ထိုးနှက်ကြတယ်။ ၁၆  ဘုရားတရားမဲ့သူက ကျွန်တော့်ကို အထင်သေးပြီး လှောင်ပြောင်တယ်။* ဒေါသထွက်ပြီး အံကြိတ်ထားတယ်။+ ၁၇  ယေဟောဝါဘုရား၊ ဘယ်လောက်ကြာကြာ ဒီအတိုင်းကြည့်နေမှာလဲ။+ ကျွန်တော့်ကို သူတို့ရဲ့ တိုက်ခိုက်မှုတွေကနေ၊+ကျွန်တော့်ရဲ့ အဖိုးတန်တဲ့အသက်ကို ခြင်္သေ့ပျိုတွေရဲ့လက်ကနေ ကယ်တင်ပေးပါ။+ ၁၈  အဲဒီလိုဆိုရင် လူစုလူဝေးကြီးအလယ်မှာ ကိုယ်တော့်ကို ကျေးဇူးတင်ချီးမွမ်းမယ်။+ လူအုပ်အလယ်မှာ ချီးမွမ်းမယ်။ ၁၉  အကြောင်းမရှိဘဲ ရန်မူသူတွေ ကျွန်တော့်ဒုက္ခကို ကြည့်ပြီး ကျိတ်ဝမ်းသာနေတာမျိုး မဖြစ်ပါစေနဲ့။ အကြောင်းမရှိဘဲ မုန်းတီးနေသူတွေ+ မလိုတမာစိတ်နဲ့ မျက်စပစ်နေတာမျိုး မဖြစ်ပါစေနဲ့။+ ၂၀  သူတို့က ရန်ငြိမ်းစေတဲ့စကားတွေ မပြောကြဘူး။ သင့်သင့်မြတ်မြတ်နေတတ်တဲ့ ပြည်သားတွေကို အကောက်ကြံနေကြတယ်။+ ၂၁  အာပေါင်အာရင်း သန်သန်နဲ့ ကျွန်တော့်ကို စွပ်စွဲနေကြတယ်။ “ဟား ဟား၊ သူကျရှုံးတာကို မြင်ရပြီဟေ့” လို့ ပြောကြတယ်။ ၂၂  အို ယေဟောဝါ၊ ဒါကို ကိုယ်တော်တွေ့ပါတယ်။ နှုတ်ဆိတ်မနေပါနဲ့။+ ယေဟောဝါဘုရား၊ ကျွန်တော်နဲ့ ဝေးဝေးမနေပါနဲ့။+ ၂၃  ယေဟောဝါဘုရား၊ ကျွန်တော့်ဘက်ကနေ ခုခံကာကွယ်ပေးဖို့ နိုးထလှည့်ပါ။ ကျွန်တော့်အမှုအတွက် ခုခံကာကွယ်ပေးပါ။ ၂၄  ယေဟောဝါဘုရား၊ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းနဲ့အညီ တရား စီရင်ပါ။+ ကျွန်တော့်ဒုက္ခကိုကြည့်ပြီး သူတို့ ကျိတ်ဝမ်းသာနေတာမျိုး မဖြစ်ပါစေနဲ့။ ၂၅  “ဟား ဟား၊ ငါတို့ဖြစ်စေချင်တာ ဒါပဲ” လို့ ဘယ်တော့မှ ပြောခွင့်မရကြပါစေနဲ့။ “သူ့ကို ငါတို့ဝါးမျိုလိုက်ပြီ” လို့ ဘယ်တော့မှ ပြောခွင့်မရပါစေနဲ့။+ ၂၆  ကျွန်တော့်ဒုက္ခကို ကြည့်ပြီး ကျိတ်ဝမ်းသာနေသူတွေ အရှက်ကွဲပြီး ရှုတ်ချခံရပါစေ။ ကျွန်တော့်ကို အထက်စီးကနေ ပြောတဲ့သူတွေ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပါစေ။ ၂၇  ကျွန်တော့်ဖြောင့်မတ်မှုကို နှစ်သက်သူတွေကတော့ ရွှင်လန်းစွာ သီချင်းဆိုကြပါစေ။ “ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းကြပါ၊ကိုယ်တော်က မိမိရဲ့ကျွန် ငြိမ်သက်မှုခံစားရတာကို နှစ်သက်တယ်” လို့ မပြတ်ပြောနိုင်ကြပါစေ။+ ၂၈  အဲဒီအခါ ကျွန်တော်က ကိုယ်တော့် ဖြောင့်မတ်မှုအကြောင်း ပြန်ပြောပြပြီး*+ ကိုယ်တော့်ကို တစ်နေ့လုံး ချီးမွမ်းပါ့မယ်။+

အောက်ခြေမှတ်ချက်များ

“မုန့်တစ်ချပ်အတွက်နဲ့ လှောင်ပြောင်တယ်” လည်းဖြစ်နိုင်။
ဒါမှမဟုတ်၊ “စဉ်းစားဆင်ခြင်ပြီး။”