မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်”

“အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်”

“အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်”

“အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။ လူအပေါင်းတို့ရှေ့မှာတင့်တယ်လျောက်ပတ်သောအကျင့်ကို ကြံစည်ကြလော့။”—⁠ရောမ ၁၂:၁၇

၁။ အဘယ်အပြုအမူသည် အဆန်းမဟုတ်သနည်း။

ကလေးတစ်ဦးကို သူ၏မွေးချင်းတစ်ဦးက တွန်းလိုက်သည့်အခါ များသောအားဖြင့် ကလေး၏ဦးဆုံးတုံ့ပြန်မှုမှာ ထိုသူကို ပြန်တွန်းလိုက်ခြင်းဖြစ်သည်။ ဝမ်းနည်းစရာမှာ ထိုသို့လက်တုံ့ပြန်သည့် အပြုအမူသည် ကလေးများတွင်သာမဟုတ်ပါ။ လူကြီးများစွာလည်း အလားတူပင် ပြုမူကြသည်။ တစ်ဦးတစ်ယောက်ကြောင့် ထိခိုက်နာကျင်မှုခံရသည့်အခါ ပြန်၍လက်တုံ့ပြန်လိုကြသည်။ လူကြီးအများစုသည် ပကတိပြန်တွန်းကြမည်မဟုတ်သော်လည်း များစွာသောသူတို့သည် ပါးနပ်သောနည်းများဖြင့် လက်တုံ့ပြန်ကြပေမည်။ မိမိအားနာကျင်အောင်လုပ်သူကို ထိခိုက်စေသော အတင်းအဖျင်းစကားများဖြန့်ခြင်း သို့မဟုတ် သူ၏အောင်မြင်မှုကိုဆီးတားရန် နည်းလမ်းများရှာခြင်းတို့ ဖြစ်ပေမည်။ မည်သည့်နည်းကိုပင်သုံးပါစေ ရည်ရွယ်ချက်မှာ အတူတူပင်—⁠လက်တုံ့ပြန်ရန်ဖြစ်သည်။

၂။ (က) ခရစ်ယာန်များသည် လက်တုံ့ပြန်ရန်အားပေးခြင်းကို အဘယ်ကြောင့်တွန်းလှန်ကြသနည်း။ (ခ) အဘယ်မေးခွန်းများနှင့် မည်သည့်ကျမ်းစာအခန်းကြီးကို လေ့လာကြမည်နည်း။

လက်တုံ့ပြန်ရန်အားပေးခြင်းသည် အမြစ်စွဲနေပြီဖြစ်သည့်တိုင် စစ်မှန်သောခရစ်ယာန်များသည် ထိုအားပေးမှုကို တွန်းလှန်ကြသည်။ ယင်းအစား “အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်” ဟူသော တမန်တော်ပေါလု၏သတိပေးချက်ကို လိုက်နာရန်ကြိုးစားကြသည်။ (ရောမ ၁၂:၁၇) ထိုမြင့်မြတ်သည့်စံနှုန်းအတိုင်းနေထိုင်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို လှုံ့ဆော်မည်နည်း။ အထူးသဖြင့် မည်သူတို့ကို လက်တုံ့မပြန်သင့်သနည်း။ လက်တုံ့ပြန်ခြင်းကိုရှောင်မည်ဆိုပါက အဘယ်အကျိုးကျေးဇူးများကို ရိတ်သိမ်းရမည်နည်း။ ထိုမေးခွန်းများကိုဖြေဆိုရန် ပေါလု၏ရှေ့နောက်စကားများကို သုံးသပ်ကာ လက်တုံ့ပြန်ခြင်းကိုရှောင်ခြင်းသည် လိုက်လျှောက်ရန် မှန်ကန်သော၊ မေတ္တာပါသော၊ ကျိုးနွံမှုရှိသောလမ်းစဉ်ဖြစ်ကြောင်း ရောမအခန်းကြီး ၁၂ က မည်သို့တင်ပြထားပုံကို ကြည့်ကြစို့။ ယင်းအချက်သုံးချက်ကို တစ်ချက်ချင်းစီ သုံးသပ်ကြပါမည်။

‘သို့ဖြစ်၍ . . . ငါတိုက်တွန်းနှိုးဆော်ပေ၏’

၃၊ ၄။ (က) ရောမ အခန်းကြီး ၁၂ အစတွင် အဘယ်အကြောင်းအရာကို ပေါလုဆွေးနွေးဖော်ပြသနည်း၊ “သို့ဖြစ်၍” ဟူသည့်စကားလုံးကို အသုံးပြုထားခြင်းက အဘယ်အဓိပ္ပာယ်ရှိသနည်း။ (ခ) ရောမရှိခရစ်ယာန်များ ဘုရားသခင်၏ကြင်နာမှုခံစားရခြင်းက အဘယ်အကျိုးသက်ရောက်မှုရှိစေသင့်သနည်း။

အခန်းကြီး ၁၂ အစတွင် ပေါလုက ခရစ်ယာန်တစ်ဦး၏အသက်တာအပေါ် အကျိုးသက်ရောက်မှုရှိသော ဆက်နွှယ်မှုရှိသည့်အကြောင်းအရာလေးခုကို သုံးသပ်ဖော်ပြသည်။ ယေဟောဝါ၊ ယုံကြည်သူချင်းများ၊ မယုံကြည်သူများ၊ အစိုးရအာဏာပိုင်များနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို သူဖော်ပြထားသည်။ လက်တုံ့ပြန်ရန်အားပေးခြင်းအပါအဝင် မှားယွင်းသောစိတ်သဘောထားများကို တွန်းလှန်ရသည့် အခြေခံအကြောင်းရင်းကို ပေါလုဖော်ပြသည်၊ သူဤသို့ဆိုထား၏– ‘သို့ဖြစ်၍ ညီအစ်ကိုတို့ . . . ဘုရားသခင်၏ကြင်နာမှုကိုထောက်ထား၍ ငါတိုက်တွန်းနှိုးဆော်ပေ၏။’ (ရောမ ၁၂:⁠၁သမ္မာ) “သို့ဖြစ်၍” ဟူသည့်စကားလုံးကို သတိပြုပါ၊ ယင်းသည် “အထက်ဆိုခဲ့ပြီးသောအရာတို့ကိုထောက်၍” ဟုအဓိပ္ပာယ်ရသည်။ အမှန်တွင် ပေါလုဤသို့ဆိုခြင်းဖြစ်၏– ‘သင်တို့အား ယခုလေးတင် ငါရှင်းပြခဲ့သည့်အရာတို့ကိုထောက်၍ ယခုငါဆိုမည့်အရာတို့ကိုလုပ်ဆောင်ရန် သင်တို့အား ငါတိုက်တွန်း၏။’ ရောမရှိခရစ်ယာန်များအား ပေါလု အဘယ်အရာရှင်းပြခဲ့သနည်း။

သူ၏စာထဲမှ ပထမအခန်းကြီး ၁၁ ခန်းတွင် လူမျိုးလိုက်အနေနှင့် ဇာတိဣသရေလလူမျိုးလက်မခံခဲ့သော မျှော်လင့်ချက်ဖြစ်သည့် ခရစ်တော်နှင့်အတူ ဘုရားသခင့်နိုင်ငံတော်တွင် အုပ်ချုပ်သူများဖြစ်လာရန် အံ့ဖွယ်အခွင့်ထူးသည် ဂျူးများအတွက်ရော တစ်ပါးအမျိုးသားများအတွက်ပါ လမ်းပွင့်သွားကြောင်း ပေါလုဆွေးနွေးဖော်ပြခဲ့သည်။ (ရောမ ၁၁:၁၃-၃၆) ယင်းထူးမြတ်သောအခွင့်ထူးသည် ‘ဘုရားသခင်၏ကြင်နာမှုကြောင့်’ သာရရှိနိုင်သည်။ ဘုရားသခင်ဘက်မှ ဤမျှကြီးမားလှသော မဟာကြင်နာမှုကြီးပြသည့်အတွက် ခရစ်ယာန်များမည်သို့တုံ့ပြန်သင့်သနည်း။ သူတို့၏နှလုံးသည် အလွန့်အလွန်ကျေးဇူးတင်လေးမြတ်မှုဖြင့် ပြည့်နေသင့်ပြီး ပေါလုဆက်၍ဆိုသည့် ဤစကားများကိုလုပ်ဆောင်ရန် လှုံ့ဆော်ခံရပေမည်– “အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သောလက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည်ပူဇော်၍ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အားဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကိုပြု” ကြလော့။ (ရောမ ၁၂:၁) သို့သော် ထိုခရစ်ယာန်များသည် အမှန်တွင် ဘုရားသခင်ထံ မိမိတို့ကိုယ်ကို မည်သို့ ‘ယဇ်ပူဇော်’ နိုင်ကြသနည်း။

၅။ (က) လူတစ်ဦးသည် ဘုရားသခင်ထံ မိမိကိုယ်ကို မည်သို့ ‘ယဇ်ပူဇော်’ နိုင်သနည်း။ (ခ) အဘယ်မူသည် ခရစ်ယာန်အမူအကျင့်အပေါ် ဩဇာလွှမ်းမိုးသင့်သနည်း။

ပေါလုဤသို့ဆက်ရှင်းပြ၏– ‘သင်တို့သည် လောကပုံသဏ္ဌာန်ကိုမဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့။’ (ရောမ ၁၂:၂) မိမိတို့၏အတွေးအခေါ်ကို လောကစိတ်သဘောထားများက ပုံသွင်းရန်ခွင့်ပြုမည့်အစား မိမိတို့၏စိတ်နှလုံးကို ခရစ်တော်၏တွေးခေါ်ပုံနည်းလမ်းအတိုင်းဖြစ်စေဖို့ လိုအပ်ခဲ့သည်။ (၁ ကောရိန္သု ၂:၁၆; ဖိလိပ္ပိ ၂:၅) ထိုမူသည် ယနေ့ခေတ်ကျွန်ုပ်တို့အပါအဝင် စစ်မှန်သည့်ခရစ်ယာန်အားလုံး၏ နေ့စဉ်အမူအကျင့်ပေါ် ဩဇာလွှမ်းမိုးသင့်သည်။

၆။ ရောမ ၁၂:၁၊ ၂ တွင်တွေ့ရသော ပေါလု၏ကျိုးကြောင်းဆင်ခြင်မှုပေါ်အခြေခံကာ လက်တုံ့ပြန်ခြင်းကိုရှောင်ရန် ကျွန်ုပ်တို့ကို အဘယ်အရာက လှုံ့ဆော်ပေးသနည်း။

ရောမ ၁၂:၁၊ ၂ ပါ ပေါလု၏ကျိုးကြောင်းဆင်ခြင်မှုသည် ကျွန်ုပ်တို့ကို မည်သို့ထောက်ကူသနည်း။ စွမ်းအားတော်ဖြင့်ဘိသိက်ပေးခြင်းခံရသော ရောမရှိခရစ်ယာန်များကဲ့သို့ပင် ကျွန်ုပ်တို့အား ဘုရားသခင်ပေးခဲ့သော မပြတ်မလတ်၊ မြောက်မြားလှသည့်ကြင်နာမှုဖော်ပြချက်များနှင့် ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် ဆက်၍ပေးနေသည့်ကြင်နာမှုဖော်ပြချက်များအတွက် ကျွန်ုပ်တို့အလွန်ကျေးဇူးတင်လေးမြတ်ကြသည်။ သို့ဖြစ်၍ ကျေးဇူးတင်လေးမြတ်မှုဖြင့်ပြည့်သောစိတ်နှလုံးက ကျွန်ုပ်တို့၏ခွန်အား၊ ပိုင်ဆိုင်ရာ၊ စွမ်းရည်အားလုံးဖြင့် ဘုရားသခင့်အမှုတော်ဆောင်ရန် လှုံ့ဆော်ပေးသည်။ ထိုသို့သောပြင်းပြသည့်စိတ်ဆန္ဒက လောကနှင့်မတူဘဲ ခရစ်တော်ကဲ့သို့တွေးတောရန် အတတ်နိုင်ဆုံးလုပ်ဆောင်ဖို့ လှုံ့ဆော်ပေးသည်။ ခရစ်တော်၏စိတ်သဘောထားရှိခြင်းက အခြားသူများ—⁠ယုံကြည်သူချင်းရော၊ မယုံကြည်သူတို့နှင့်ပါ ကျွန်ုပ်တို့၏ဆက်ဆံပုံပေါ် အကျိုးသက်ရောက်မှုရှိသည်။ (ဂလာတိ ၅:၂၅) ဥပမာ၊ ကျွန်ုပ်တို့သည် ခရစ်တော်ကဲ့သို့တွေးတောပါက လက်တုံ့ပြန်ရန်အားပေးမှုကို မတွန်းလှန်ဘဲနေမည်မဟုတ်ပါ။—⁠၁ ပေတရု ၂:၂၁-၂၃

‘မေတ္တာစိတ်ကို လျှို့ဝှက်ခြင်းနှင့်ကင်းစေလော့’

၇။ ရောမ အခန်းကြီး ၁၂ တွင် အဘယ်မေတ္တာအကြောင်းကို သုံးသပ်ထားသနည်း။

လက်တုံ့ပြန်ခြင်းကိုကျွန်ုပ်တို့ရှောင်ရခြင်းမှာ ယင်းသည် မှန်ကန်သောလမ်းစဉ်ဖြစ်ရုံမက မေတ္တာပါသောလမ်းစဉ်လည်းဖြစ်သောကြောင့်ဖြစ်သည်။ မေတ္တာ၏လှုံ့ဆော်မှုအကြောင်း တမန်တော်ပေါလု မည်သို့ဆက်၍သုံးသပ်သည်ကို သတိပြုပါ။ ရောမကျမ်းတွင် ပေါလုသည် ဘုရားသခင်နှင့်ခရစ်တော်၏မေတ္တာကို ရည်ညွှန်းချိန်တွင် “မေတ္တာ” (ဂရိလို အဂါးပေး) စကားလုံးကို အကြိမ်ကြိမ်အသုံးပြုထားသည်။ (ရောမ ၅:၅၊ ၈; ၈:၃၅၊ ၃၉) သို့သော် အခန်းကြီး ၁၂ တွင် ပေါလုက အဂါးပေးကို တခြားရှုထောင့်ဖြင့် အသုံးပြုထားသည်—⁠လူသားအချင်းချင်းပြသော မေတ္တာအကြောင်းပြောရာတွင်ဖြစ်သည်။ ဝိညာဉ်ဆုကျေးဇူးများ တူညီမည်မဟုတ်ကြောင်းနှင့် ယုံကြည်သူအချို့အကြားတွင် ထိုသို့ဖြစ်ခြင်းအကြောင်းတို့ကို ဖော်ပြပြီးနောက် ခရစ်ယာန်အားလုံး ပြုစုပျိုးထောင်သင့်သည့် အရည်အသွေးတစ်ခုကို ဖော်ပြသည်။ သူဤသို့ဆို၏– “မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့်ကင်းစေလော့။” (ရောမ ၁၂:၄-၉) အခြားသူတို့ကိုမေတ္တာပြခြင်းသည် စစ်မှန်သောခရစ်ယာန်များ၏ အခြေခံအမှတ်အသားဖြစ်သည်။ (မာကု ၁၂:၂၈-၃၁) ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့တင်ပြသောမေတ္တာသည် စစ်မှန်ကြောင်းသေချာစေရန် ပေါလုတိုက်တွန်း၏။

၈။ လျှို့ဝှက်ခြင်းနှင့်ကင်းသောမေတ္တာကို ကျွန်ုပ်တို့ မည်သို့တင်ပြနိုင်သနည်း။

ထို့ပြင် ပေါလုက လျှို့ဝှက်ခြင်းနှင့်ကင်းသောမေတ္တာ မည်သို့တင်ပြနိုင်ပုံကို ဤသို့ဆိုကာ ဖော်ပြ၏– “ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာကြလော့။ ကောင်းမွန်သောအမှု၌ မှီဝဲဆည်းကပ်ကြလော့။” (ရောမ ၁၂:၉) “စက်ဆုပ်ရွံရှာ” နှင့် “မှီဝဲဆည်းကပ်” ဟူသောစကားလုံးများသည် လေးနက်ပြင်းထန်သည်။ “စက်ဆုပ်ရွံရှာ” ဟူသောစကားလုံးကို “အလွန်အမင်းမုန်းတီးပါ” ဟုပြန်ဆိုနိုင်ပါသည်။ မကောင်းမှုဆိုးကျိုးများကိုသာမဟုတ်ဘဲ မကောင်းမှုကိုယ်နှိုက်ကိုလည်း ကျွန်ုပ်တို့မုန်းတီးရမည်။ (ဆာလံ ၉၇:၁၀) “မှီဝဲဆည်းကပ်” ဟူသောစကားလုံးသည် စာသားအရ “ကော်နှင့်ကပ်သည်” ဟူ၍အဓိပ္ပာယ်ရှိသော ဂရိကြိယာမှ ပြန်ဆိုထားခြင်းဖြစ်သည်။ စစ်မှန်သောမေတ္တာရှိသည့် ခရစ်ယာန်တစ်ဦးသည် ကောင်းမြတ်ခြင်းအရည်အသွေးနှင့် အလွန်ခိုင်မြဲစွာကပ်ထား၊ သို့မဟုတ် တွယ်ထားခြင်းဖြစ်ရာ ယင်းသည် သူ၏ပင်ကိုစရိုက်လက္ခဏာတွင် ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်လာသည်။

၉။ အဘယ်ဆုံးမစကားကို ပေါလုအကြိမ်ကြိမ်ဖော်ပြသနည်း။

အထူးမေတ္တာပြနိုင်သည့်နည်းတစ်နည်းကို ပေါလုအကြိမ်ကြိမ်ဖော်ပြထား၏။ သူဤသို့ဖော်ပြ၏– “ညှဉ်းဆဲသောသူတို့အဖို့ မေတ္တာပို့ကြလော့။ ကျိန်ဆဲခြင်းကိုမပြု၊ မေတ္တာပို့ခြင်းကိုသာပြုကြလော့။” “အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။” “ချစ်သူတို့၊ . . . ကိုယ်တိုင်အပြစ်ပြန်၍မတုံ့ကြနှင့်။” “အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။” (ရောမ ၁၂:၁၄၊ ၁၇-၁၉၊ ၂၁) ပေါလု၏စကားများက ယုံကြည်ခြင်းမတူသူတို့ကို၊ ကျွန်ုပ်တို့အား ဆန့်ကျင်သူတို့ကိုပင် ကျွန်ုပ်တို့ မည်သို့ဆက်ဆံသင့်ပုံကို ရှင်းလင်းစွာဖော်ပြ၏။

“ညှဉ်းဆဲသောသူတို့အဖို့ မေတ္တာပို့ကြလော့”

၁၀။ ကျွန်ုပ်တို့ကို ညှဉ်းဆဲသူတို့အား အဘယ်နည်းဖြင့် မေတ္တာပို့နိုင်သနည်း။

၁၀ “ညှဉ်းဆဲသောသူတို့အဖို့ မေတ္တာပို့ကြလော့” ဟူသည့် ပေါလု၏တိုက်တွန်းချက်အတိုင်း ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်ကြသနည်း။ (ရောမ ၁၂:၁၄) ယေရှုက မိမိနောက်လိုက်များအား ဤသို့မိန့်တော်မူခဲ့၏– “သင်တို့၏ရန်သူတို့ကိုချစ်ကြလော့။ . . . သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသောသူတို့အဖို့ ဘုရားသခင်ကို ဆုတောင်းကြလော့။” (မဿဲ ၅:၄၄; လုကာ ၆:၂၇၊ ၂၈) သို့ဖြစ်၍ ညှဉ်းဆဲသောသူတို့ကို မေတ္တာပြနိုင်သည့် နည်းတစ်နည်းမှာ သူတို့အတွက် ဆုတောင်းပေးခြင်း၊ အသိပညာကင်းမဲ့ခြင်းကြောင့် ကျွန်ုပ်တို့အား ဆန့်ကျင်နေခြင်းဖြစ်သော်လည်း ဘုရားသခင်ထံ အသနားခံပေးခြင်းဖြင့် သူတို့အမှန်တရားတွေ့မြင်လာစေရန် သူတို့၏မျက်စိကို ယေဟောဝါဖွင့်ပေးပေမည်။ (၂ ကောရိန္သု ၄:၄) အမှန်မှာ ညှဉ်းဆဲသူတစ်ဦးကို ကောင်းချီးပေးဖို့ ဘုရားသခင်ထံတောင်းလျှောက်သည်မှာ အထူးအဆန်းဖြစ်ပုံရပေမည်။ သို့သော် ကျွန်ုပ်တို့၏တွေးခေါ်ပုံသည် ခရစ်တော်၏တွေးခေါ်ပုံနှင့် ပို၍တူလာသည်နှင့်အမျှ ကျွန်ုပ်တို့၏ရန်သူများကို ပို၍မေတ္တာတင်ပြနိုင်ပါလိမ့်မည်။ (လုကာ ၂၃:၃၄) ထိုသို့မေတ္တာတင်ပြခြင်းမှ အဘယ်အကျိုးကျေးဇူး ရရှိနိုင်သနည်း။

၁၁။ (က) သတေဖန်၏ပုံနမူနာမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။ (ခ) ပေါလု၏ဘဝအသက်တာပုံနမူနာအရ ညှဉ်းဆဲသူအချို့တွင် အဘယ်အပြောင်းအလဲ ဖြစ်လာနိုင်သနည်း။

၁၁ သတေဖန်သည် မိမိအားညှဉ်းဆဲသူတို့အတွက် ဆုတောင်းပေးသူတစ်ဦးဖြစ်ပြီး သူ၏ဆုတောင်းချက်သည် အချည်းနှီးမဖြစ်ခဲ့ပါ။ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့ပြီးနောက် မကြာမီအချိန်တွင် သတေဖန်သည် ခရစ်ယာန်အသင်းတော်ကို ဆန့်ကျင်သူတို့၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး ယေရုရှလင်မြို့ပြင်သို့ ဆွဲထုတ်ခံရကာ ကျောက်ခဲနှင့်ပေါက်သတ်ခံခဲ့ရသည်။ သူမသေဆုံးမီအချိန်တွင် သူဤသို့ကြွေးကြော်၏– ‘ယေဟောဝါ၊ ဤသူတို့ပြုသောဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်။’ (တမန်တော် ၇:၅၈–၈:၁) ထိုနေ့ သတေဖန်ဆုတောင်းပေးခဲ့သူတို့တွင် ရှောလုသည် တစ်ဦးဖြစ်ပြီး သူသည် သတေဖန်အသတ်ခံရသည်ကို မျက်မြင်ကိုယ်တွေ့ဖြစ်သူ၊ သဘောတူသူတစ်ဦးဖြစ်ခဲ့သည်။ နောက်ပိုင်း၊ ရှင်ပြန်ထမြောက်ပြီးသောယေရှုသည် ရှောလုရှေ့ပေါ်လာခဲ့သည်။ ယခင်က ညှဉ်းဆဲသူဖြစ်ခဲ့သော ထိုသူသည် ခရစ်တော်၏နောက်လိုက်တစ်ဦးဖြစ်လာပြီး ရောမကျမ်းကိုရေးသူ တမန်တော်ပေါလုဖြစ်လာသည်။ (တမန်တော် ၂၆:၁၂-၁၈) သတေဖန်၏ဆုတောင်းချက်ကြောင့် ညှဉ်းဆဲသောသူဖြစ်စဉ်က ပေါလု၏အပြစ်များကို ယေဟောဝါ ခွင့်လွှတ်ခဲ့ပုံရသည်။ (၁ တိမောသေ ၁:၁၂-၁၆) “ညှဉ်းဆဲသောသူတို့အဖို့ မေတ္တာပို့ကြလော့” ဟု ခရစ်ယာန်များကို ပေါလုတိုက်တွန်းခဲ့ခြင်းမှာ အံ့အားသင့်စရာမဟုတ်ပါ။ ညှဉ်းဆဲသောသူအချို့သည် နောက်ဆုံးတွင် ဘုရားသခင်၏ကျေးကျွန်များဖြစ်လာနိုင်ကြောင်းကို ကိုယ်တွေ့အတွေ့အကြုံမှ သူသိရှိခဲ့သည်။ အလားတူပင် ကျွန်ုပ်တို့ခေတ်တွင် ညှဉ်းဆဲသူအချို့သည် ယေဟောဝါကျေးကျွန်များ၏ အေးဆေးတည်ငြိမ်သော အမူအကျင့်ကြောင့် ယုံကြည်သူများဖြစ်လာခဲ့ကြသည်။

“လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့”

၁၂။ ရောမ ၁၂:၉၊ ၁၇ တွင်တွေ့ရသောဆုံးမစကားများသည် မည်သို့ချိတ်ဆက်မှုရှိသနည်း။

၁၂ ယုံကြည်သူ၊ မယုံကြည်သူတို့နှင့် မည်သို့ဆက်ဆံသင့်ပုံနှင့်ပတ်သက်၍ ပေါလုနောက်ထပ်ဤသို့ဆုံးမစကားဆို၏– “အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။” ယင်းဖော်ပြချက်က “ဆိုးညစ်သောအမှုကို စက်ဆုပ်ရွံရှာကြလော့” ဟုအစောပိုင်းတွင် သူပြောဆိုခဲ့ရာ၏ ဆင်ခြင်တုံတရားနှင့်ညီသော အကျိုးဆက်ဖြစ်သည်။ အမှန်တွင် လူတစ်ဦးသည် အခြားသူတို့ကိုရန်တုံ့ပြန်မည်ဆိုပါက ဆိုးညစ်သောအမှု သို့မဟုတ် မကောင်းမှုကို အမှန်တကယ်မုန်းတီးပါသည်ဟု မည်သို့ပြောနိုင်ပါမည်နည်း။ ယင်းသို့ပြုခြင်းက “လျှို့ဝှက်ခြင်းနှင့်ကင်းသော” မေတ္တာရှိခြင်း၏ ဆန့်ကျင်ဘက်ဖြစ်ပေမည်။ ယင်းနောက် ပေါလုဤသို့ဆို၏– “လူအပေါင်းတို့ရှေ့မှာ တင့်တယ်လျောက်ပတ်သောအကျင့်ကို ကြံစည်ကြလော့။” (ရောမ ၁၂:၉၊ ၁၇) ယင်းစကားကို ကျွန်ုပ်တို့ မည်သို့ကျင့်သုံးကြသနည်း။

၁၃။ “လူအပေါင်းတို့ရှေ့မှာ” အဘယ်နည်းဖြင့် ကျွန်ုပ်တို့ကျင့်ကြံကြသနည်း။

၁၃ ပေါလုသည် အစောပိုင်းက ကောရိန္သုမြို့သားများထံရေးသောသူ၏စာတွင် တမန်တော်များကြုံတွေ့ရသည့် ညှဉ်းပန်းနှိပ်စက်မှုအကြောင်း ရေးသားခဲ့သည်။ သူဤသို့ဆို၏– ‘ငါတို့သည် လောကသားများနှင့် ကောင်းကင်တမန်များမျက်မှောက်၌ ပွဲဝင်သောသူဖြစ်ကြ၏။ . . . ကဲ့ရဲ့ခြင်းကိုခံရသောအခါ မေတ္တာပို့ကြ၏။ ညှဉ်းဆဲနှိပ်စက်ခြင်းကိုခံရသောအခါ သည်းခံကြ၏။ အသရေရှုတ်ချခြင်းကိုခံရသောအခါ တောင်းပန်ကြ၏။’ (၁ ကောရိန္သု ၄:၉-၁၃) အလားတူပင် ယနေ့ စစ်မှန်သောခရစ်ယာန်များသည် လောကသားများ၏ စောင့်ကြည့်ခြင်းကို ခံနေရကြသည်။ မတရားသဖြင့်ကျွန်ုပ်တို့ဆက်ဆံခံရချိန်တွင်ပင် ကျွန်ုပ်တို့၏တင့်တယ်လျောက်ပတ်သောအကျင့်ကို ကျွန်ုပ်တို့ဝန်းကျင်ရှိသူတို့ တွေ့မြင်ရကြသည့်အခါ ကျွန်ုပ်တို့၏ခရစ်ယာန်သတင်းစကားကို ကောင်းစွာတုံ့ပြန်လာနိုင်ပေသည်။—⁠၁ ပေတရု ၂:၁၂

၁၄။ အသင့်အတင့်ရှိရန် ကျွန်ုပ်တို့ အဘယ်အတိုင်းအတာထိ သွားသင့်သနည်း။

၁၄ သို့သော် သင့်တင့်ငြိမ်ဝပ်စေရန် ကျွန်ုပ်တို့ အဘယ်အတိုင်းအတာထိ သွားသင့်သနည်း။ တတ်နိုင်သမျှအတိုင်းအတာထိဖြစ်သည်။ ပေါလုက ခရစ်ယာန်ညီအစ်ကိုများအား ဤသို့ဆို၏– “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။” (ရောမ ၁၂:၁၈) “တတ်နိုင်သမျှအတိုင်း” ဟူသောစကားက အခြားသူများနှင့် အသင့်အတင့်ရှိရန်ပြုလုပ်ခြင်းသည် အမြဲဖြစ်နိုင်မည်မဟုတ်ကြောင်း တင်ပြသည့် အရည်အချင်းပြဖော်ပြချက်စကားဖြစ်သည်။ ဥပမာ၊ တစ်ဦးတစ်ယောက်နှင့် အသင့်အတင့်ရှိဖို့ဟူသည့် တစ်ခုတည်းသောအကြောင်းကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင့်ပညတ်ကိုမနာခံဘဲ နေကြလိမ့်မည်မဟုတ်ပါ။ (မဿဲ ၁၀:၃၄-၃၆; ဟေဗြဲ ၁၂:၁၄) သို့တိုင် “လူအပေါင်းတို့နှင့်” အသင့်အတင့်ရှိရန် ဖြောင့်မတ်သောမူများကို အလျော့ပေးလိုက်လျောခြင်းမရှိဘဲ ကျွန်ုပ်တို့လုပ်နိုင်သည့်အရာအားလုံးကို လုပ်ဆောင်ကြသည်။

“ကိုယ်တိုင်အပြစ်ပြန်၍မတုံ့ကြနှင့်”

၁၅။ လက်တုံ့မပြန်သင့်သည့် အဘယ်အကြောင်းရင်းကို ရောမ ၁၂:၁၉ တွင် တွေ့ရသနည်း။

၁၅ ကျွန်ုပ်တို့လက်တုံ့မပြန်သင့်သည့် ခိုင်လုံသည့်အကြောင်းရင်းနောက်တစ်ခုကို ပေါလုဖော်ပြသည်– ယင်းသည် လိုက်လျှောက်ရန် ကျိုးနွံမှုရှိသောလမ်းစဉ်ဖြစ်သည်။ သူဤသို့ဆို၏– ‘ချစ်သူတို့၊ သူတစ်ပါးသည် သင်တို့ကိုပြစ်မှားလျှင် ကိုယ်တိုင်အပြစ်ပြန်၍မတုံ့ကြနှင့်။ အမျက်တော်ကိုအခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား “ငါသည် အပြစ်တရားကိုစီရင်ပိုင်၏။ အပြစ်နှင့်အလျောက်ငါဆပ်ပေးမည်” ဟုထာဝရဘုရားသခင်မိန့်တော်မူ၏။’ (ရောမ ၁၂:၁၉) လက်တုံ့ပြန်ရန်ကြိုးစားသူ ခရစ်ယာန်တစ်ဦးသည် ရောင့်တက်သူဖြစ်သည်။ ဘုရားသခင်သာလုပ်ပိုင်ခွင့်ရှိရာကို ရောင့်တက်စွာအရယူခြင်းဖြစ်သည်။ (မဿဲ ၇:၁) ထို့ပြင် ကိစ္စရပ်များကို မိမိကိုယ်တိုင်လုပ်ဆောင်လိုက်ခြင်းဖြင့် “ငါဆပ်ပေးမည်” ဟူသည့် ယေဟောဝါ၏အာမခံချက်ကို မယုံကြည်ကြောင်း တင်ပြရာရောက်သည်။ သို့သော် ယေဟောဝါသည် ‘ဘုရားသခင်ရွေးကောက်သူတို့ဘက်၌ တရားစီရင်’ မည်ဖြစ်ကြောင်း စစ်မှန်သောခရစ်ယာန်များ ယုံကြည်ကြသည်။ (လုကာ ၁၈:၇၊ ၈; ၂ သက်သာလောနိတ် ၁:၆-၈) သူတို့သည် လက်တုံ့ပြန်ခြင်းကို ဘုရားသခင့်လက်ထဲ ကျိုးနွံစွာလွှဲအပ်ထားကြသည်။—⁠ယေရမိ ၃၀:၂၃၊ ၂၄; ရောမ ၁:၁၈

၁၆၊ ၁၇။ (က) တစ်စုံတစ်ဦး၏ခေါင်းပေါ် “မီးခဲကိုပုံထား” ခြင်းသည် ဘာကိုဆိုလိုသနည်း။ (ခ) ကြင်နာမှုသည် မယုံကြည်သူတစ်ဦး၏စိတ်နှလုံးကို ပျော့ပျောင်းစေကြောင်း သင်ကိုယ်တွေ့ကြုံခဲ့ဖူးသလော။ ကြုံဖူးမည်ဆိုလျှင် ဥပမာတစ်ခုပေးပါ။

၁၆ ရန်သူတစ်ဦးကိုလက်တုံ့ပြန်ခြင်းသည် သူ၏စိတ်နှလုံးကို ပို၍မာကျောသွားစေနိုင်ပါသည်၊ သို့သော် သူ့ကိုကြင်နာစွာဆက်ဆံသည့်အခါ သူ၏နှလုံးပျော့ပျောင်းသွားပေလိမ့်မည်။ အဘယ်ကြောင့်နည်း။ ရောမရှိခရစ်ယာန်များထံရေးသော ပေါလု၏စကားကို သုံးသပ်ကြည့်ပါ။ သူဤသို့ဆို၏– “သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ပေးလော့။ ထိုသို့ပြုလျှင်၊ သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထားလိမ့်မည်။” (ရောမ ၁၂:၂၀; သု. ၂၅:၂၁၊ ၂၂) ယင်းက ဘာကိုဆိုလိုသနည်း။

၁၇ “သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထား” ခြင်းဟူသည် သမ္မာကျမ်းစာခေတ်က သတ္တုအရည်ကျိုသည့်နည်းမှ ဆင်းသက်လာသော ပုံဆောင်စကားဖြစ်သည်။ သတ္တုကိုမီးဖိုထဲထည့်ကာ မီးခဲများကို သတ္တု၏အောက်တွင်သာမက သတ္တု၏အပေါ်တွင်လည်းပုံရသည်။ အပေါ်တွင်ပုံထားသောမီးခဲသည် ပို၍မီးအပူတိုးစေပြီး မာကျောသောသတ္တုကို အရည်ပျော်စေကာ သတ္တုတွင်ရှိသောအညစ်အကြေးများ ကွာသွားစေသည်။ အလားတူပင် ဆန့်ကျင်သူအပေါ် ကြင်နာသည့်လုပ်ရပ်များတင်ပြခြင်းဖြင့် သူ၏မာကျောသည့်စိတ်ကို “အရည်ပျော်” စေပြီး ကိုယ်ရည်ကိုယ်သွေးပို၍ကောင်းလာစေနိုင်သည်။ (၄ ဓမ္မရာဇဝင် ၆:၁၄-၂၃) အမှန်ပင်၊ ခရစ်ယာန်အသင်းတော်အတွင်းရှိ အဖွဲ့ဝင်များစွာသည် မိမိတို့အပေါ် ယေဟောဝါကျေးကျွန်များတင်ပြခဲ့သော ကြင်နာသည့်လုပ်ရပ်များကြောင့် စစ်မှန်သောဝတ်ပြုရေးသို့ ဦးဆုံးဆွဲဆောင်ခံခဲ့ရခြင်းဖြစ်သည်။

ကျွန်ုပ်တို့ လက်တုံ့မပြန်သင့်သည့်အကြောင်းရင်း

၁၈။ ရန်တုံ့မမူခြင်းသည် အဘယ်ကြောင့် မှန်ကန်၊ မေတ္တာပါပြီး ကျိုးနွံမှုရှိရာရောက်သနည်း။

၁၈ ရောမ အခန်းကြီး ၁၂ ကိုအကျဉ်းချုံးသုံးသပ်ရာတွင် “အဘယ်သူကိုမျှ ရန်တုံ့မမူကြ” ရသည့် အရေးပါသောအကြောင်းရင်းများကို တွေ့မြင်ခဲ့ကြရသည်။ ဦးဆုံး၊ လက်တုံ့ပြန်မှုကိုရှောင်ခြင်းက လိုက်လျှောက်ရန် မှန်ကန်သည့်လမ်းစဉ်ဖြစ်၏။ ကျွန်ုပ်တို့အပေါ်တင်ပြသော ဘုရားသခင်၏ကြင်နာမှုကိုထောက်၍ ကျွန်ုပ်တို့သည် ယေဟောဝါထံ မိမိတို့ကိုယ်ကိုပေးဆက်ရန်တော်သင့်မှန်ကန်သည့်အပြင် ရန်သူကိုချစ်ပါဟူသည့်ပညတ်အပါအဝင် ကိုယ်တော်၏ပညတ်တော်များကိုနာခံရန် တလိုတလားရှိသင့်သည်။ ဒုတိယ၊ ရန်တုံ့မမူခြင်းက လိုက်လျှောက်ရန် မေတ္တာပါသည့်လမ်းစဉ်ဖြစ်သည်။ လက်တုံ့မပြန်ဘဲ အေးဆေးငြိမ်သက်မှုတိုးပွားစေခြင်းဖြင့် အပြင်းအထန်ဆန့်ကျင်သူတို့ပင် ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများဖြစ်လာရန် အထောက်အကူပြုကြောင်း ကျွန်ုပ်တို့မေတ္တာဖြင့်မျှော်လင့်ကြသည်။ တတိယ၊ လက်တုံ့ပြန်ခြင်းကိုရှောင်ခြင်းက လိုက်လျှောက်ရန် ကျိုးနွံမှုရှိသောလမ်းစဉ်ဖြစ်သည်။ “ငါသည် အပြစ်တရားကိုစီရင်ပိုင်၏” ဟုယေဟောဝါမိန့်ဆိုထားခြင်းကြောင့် ပြန်၍လက်စားချေခြင်းသည် ရောင့်တက်ခြင်းဖြစ်ပေမည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်က ဤသို့လည်းသတိပေးထား၏– “မာနထောင်လွှား [“ရောင့်တက်၊” ကဘ] သောအခါ အရှက်ကွဲခြင်းဖြစ်တတ်၏။ စိတ်နှိမ့်ချ [“ကျိုးနွံ၊” ကဘ] သောသူတို့၌ကား ပညာရှိ၏။” (သု. ၁၁:၂) လက်စားချေခြင်းကိစ္စကို ဘုရားသခင့်လက်ထဲ ပညာရှိစွာလွှဲအပ်ထားခြင်းက ကျွန်ုပ်တို့သည် ကျိုးနွံသူဖြစ်ကြောင်း တင်ပြရာရောက်သည်။

၁၉။ နောက်ဆောင်းပါးတွင် အဘယ်အကြောင်းသုံးသပ်ကြမည်နည်း။

၁၉ အခြားသူတို့နှင့် ကျွန်ုပ်တို့ဆက်ဆံသင့်ပုံနှင့်ပတ်သက်၍ သူ၏ဆွေးနွေးချက်ကို ပေါလုအကျဉ်းချုပ်ဖော်ပြသည်။ ခရစ်ယာန်များအား သူဤသို့တိုက်တွန်း၏– “အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။” (ရောမ ၁၂:၂၁) ယနေ့ အဘယ်ဆိုးသွမ်းသည့်အင်အားစုများနှင့် ကျွန်ုပ်တို့ရင်ဆိုင်နေရသနည်း။ သူတို့ကို ကျွန်ုပ်တို့ မည်သို့အနိုင်ယူနိုင်သနည်း။ ယင်းမေးခွန်းများနှင့် ယင်းနှင့်ဆက်နွှယ်သောမေးခွန်းများ၏အဖြေကို နောက်ဆောင်းပါးတွင် သုံးသပ်ကြပါမည်။

သင်ရှင်းပြနိုင်သလော

ရောမ အခန်းကြီး ၁၂ တွင် အဘယ်ဆုံးမစကားကို အကြိမ်ကြိမ်တွေ့ရသနည်း။

• လက်တုံ့မပြန်ရန် အဘယ်အရာက လှုံ့ဆော်ပေးမည်နည်း။

• “ရန်တုံ့မမူ” ပါက ကျွန်ုပ်တို့ နှင့်အခြားသူများ အဘယ်အကျိုးကျေးဇူးများကို ရိတ်သိမ်းရမည်နည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်]

ရောမ အခန်းကြီး ၁၂ သည်အောက်ဖော်ပြပါသူတို့နှင့် ခရစ်ယာန်တစ်ဦး၏ဆက်ဆံရေးကိုဖော်ပြ

• ယေဟောဝါ

• ယုံကြည်သူချင်းများ

• ယုံကြည်ခြင်းမတူသူများ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ရောမသို့ရေးသော ပေါလု၏စာတွင်ခရစ်ယာန်များအတွက် လက်တွေ့ကျအကြံဉာဏ်ပါရှိ

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

တပည့်ဖြစ်သူသတေဖန်၏ပုံနမူနာမှ ကျွန်ုပ်တို့အဘယ်အရာ သင်ယူနိုင်သနည်း