မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ

ဘုရားသခင် ရှိသလား။ ဘုရားသခင် ရှိတယ်လို့ သိထားတာက ဘယ်လို အကျိုးရှိစေသလဲ။

ဘုရားသခင် ရှိသလား။ ဘုရားသခင် ရှိတယ်လို့ သိထားတာက ဘယ်လို အကျိုးရှိစေသလဲ။

ဘုရားသခင် ရှိ မရှိဆိုတာနဲ့ပတ်သက်ပြီး အဖြေ မပေးနိုင်ကြသလို လူအတော်များများအတွက် အဲဒါက သိပ်အရေးမပါပုံရတယ်။ ပြင်သစ်နိုင်ငံမှာ ကြီးပြင်းလာတဲ့ အဲ့ရ်ဗာက “ကိုယ့်ကိုယ်ကိုယ် ဘုရားမဲ့ဝါဒီလို့ မသတ်မှတ်ပေမဲ့ ဘုရားရှိတယ်ဆိုတာကိုတော့ မယုံဘူး။ ကျွန်တော့်အတွက်တော့ ကျိုးကြောင်းဆင်ခြင်ပြီး နေထိုင်တာက အကောင်းဆုံးပဲ။ ဒီလိုနေထိုင်ဖို့ ဘုရားရှိတယ်လို့ ယုံနေစရာမလိုဘူး” လို့ ပြောပြတယ်။

အမေရိကန်နိုင်ငံမှာနေတဲ့ ဂျွန်လိုပဲ ခံစားရသူတွေ ရှိနိုင်တယ်။ “ကျွန်တော်က ဘုရားကို မယုံတဲ့မိဘတွေလက်ထဲမှာ ကြီးပြင်းလာတာကြောင့် သူတို့လိုပဲ ကျွန်တော်လည်း ဘုရားကို မယုံဘူး။ တစ်ခါတလေတော့လည်း ဘုရားသခင် ရှိ မရှိဆိုတာကို စဉ်းစားမိတယ်” လို့ ဂျွန် ပြောပြတယ်။

ဘုရား ရှိ မရှိ စဉ်းစားဖူးသလား။ ပြီးတော့ ရှိတယ် ဆိုရင် ဘ၀အဓိပ္ပာယ်က ဘာလဲဆိုတာကို စဉ်းစားဖူးသလား။ ဒီကမ္ဘာကြီးဟာ သက်ရှိတွေ နေထိုင်ကျက်စားဖို့အတွက် ပြီးပြည့်စုံတဲ့ပုံစံဖြစ်နေတယ်၊ နောက်ပြီး သက်ရှိဆိုတာ သက်မဲ့ကနေဖြစ်မလာနိုင်ဘူး စတဲ့ သိပ္ပံရှာဖွေတွေ့ရှိချက်တွေဟာ ဖန်ဆင်းရှင်ကိုသာ လက်မခံဘူးဆိုရင် ဘယ်လိုမှ ရှင်းမပြနိုင်တဲ့အချက်တွေပဲ။—“ သက်သေသာဓကတွေကို ဆန်းစစ်လေ့လာ” ဆိုတဲ့ လေးထောင့်ကွက်ကို ကြည့်ပါ။

ဖော်ပြခဲ့တဲ့ အချက်တွေကို သုံးသပ်ကြည့်ပါ။ အဲဒါက ရတနာသိုက်ကို ညွှန်ပြတဲ့ လမ်းညွှန်လိုပါပဲ။ ဘုရားရှိတယ်ဆိုတဲ့ အထောက်အထားကို တွေ့ထားပြီး ကိုယ်တော်နဲ့ပတ်သက်တဲ့ ယုံကြည်စိတ်ချရတဲ့ အချက်အလက်ကို သိထားတာက အကျိုးရှိတယ်။ ဥပမာလေးခုကို သုံးသပ်ကြည့်ရအောင်။

၁။ ဘဝရဲ့ အဓိပ္ပာယ်

ဘဝကို အဓိပ္ပာယ်ရှိစေတာ တစ်ခုခုရှိတယ်ဆိုရင် အဲဒါကို သိချင်ကြမှာပဲ၊ အဲဒါက ဘယ်လို အကျိုးရှိတယ်ဆိုတာကိုလည်း နားလည်ချင်ကြမှာပဲ။ ဘုရားသခင်ရှိပါလျက်နဲ့ အဲဒါကို မသိဘူးဆိုရင် စကြဝဠာမှာအခြေခံအကျဆုံး အမှန်တရားကို မသိဘဲ အသက်ရှင်နေတာနဲ့ အတူတူပါပဲ။

အသက်ရဲ့ ပင်ရင်းဟာ ဘုရားသခင် ဖြစ်တယ်လို့ ကျမ်းစာက ဆိုတယ်။ (ဗျာဒိတ် ၄:၁၁) အဲဒါကို သိရုံနဲ့ ဘဝကို ဘယ်လို အဓိပ္ပာယ်ရှိစေမှာလဲ။ ကျမ်းစာက ဘာပြောသလဲဆိုတာကို လေ့လာကြည့်ပါ။

သက်ရှိသတ္တဝါတွေထဲမှာ လူဟာ အထူးခြားဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်က ကိုယ်တော်နဲ့ တူအောင် လူကို ဖန်ဆင်းထားတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၁:၂၇) ဒီအပြင် ဘုရားသခင့် မိတ်ဆွေဖြစ်နိုင်တယ်လို့လည်း ကျမ်းစာက ဆိုတယ်။ (ယာကုပ် ၂:၂၃) ဖန်ဆင်းရှင်နဲ့ အကျွမ်းတဝင်ရှိတဲ့ ဆက်ဆံရေးက ဘဝကို အဓိပ္ပာယ်ရှိစေတယ်။ အဲဒါထက်ကောင်းတာ ဘာမှမရှိဘူး။

ဘုရားသခင့် မိတ်ဆွေဖြစ်တယ်ဆိုတာ ဘာကို ပြောတာလဲ။ ဘုရားသခင့် မိတ်ဆွေတွေဟာ ကိုယ်တော်နဲ့ တရင်းတနှီး ပြောဆိုဆက်သွယ်နိုင်ကြတယ်။ ကိုယ်တော်ကလည်း သူတို့ပြောတာကို နားထောင်ပေးမယ်၊ ကူညီပေးမယ်လို့ ကတိပေးထားတယ်။ (ဆာလံ ၉၁:၁၅) ဘုရာသခင့် မိတ်ဆွေတွေဟာ ကိစ္စအဝဝနဲ့ပတ်သက်တဲ့ ကိုယ်တော့်အကြံအစည်ကို သိထားတဲ့အတွက် အဓိပ္ပာယ် ရှိတဲ့ ဘဝနဲ့ အသက်ရှင် နေထိုင်နိုင်ကြတယ်။

ဘုရားသခင်ရှိပါလျက်နဲ့ အဲဒါကို မသိဘူးဆိုရင် စကြဝဠာမှာ အခြေခံအကျဆုံး အမှန်တရားကို မသိတာနဲ့ အတူတူပါပဲ

၂။ စိတ်ငြိမ်သက်ခြင်း

ဥပမာ၊ တစ်ကမ္ဘာလုံးမှာ ဒုက္ခချည်းပဲ တွေ့နေရလို့ ဘုရားရှိတယ်ဆိုတာကို လူတချို့ ယုံဖို့ ခက်သွားကြတယ်။ သူတို့က ‘တန်ခိုးကြီးတဲ့ ဘုရားရှိတယ်ဆိုရင် မကောင်းမှုတွေ၊ ဆင်းရဲဒုက္ခတွေကို ဘာကြောင့် မဖယ်ရှားပေးတာလဲ’ လို့ မေးတတ်ကြတယ်။

အခုလို လူတွေ ဆင်းရဲဒုက္ခရောက်စေဖို့ ဘုရားသခင် မရည်ရွယ်ခဲ့ပါဘူး။ လူကို ဖန်ဆင်းတုန်းက ဆင်းရဲဒုက္ခ မရှိဘူး၊ ဘုရားသခင့်ရည်ရွယ်ချက်ထဲမှာ လူတွေ သေဖို့ လုံးဝ မပါဘူးဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတာဟာ စိတ်ချမ်းသာစရာပဲ။ (ကမ္ဘာဦး ၂:၇-၉၊ ၁၅-၁၇) ဒါကို ယုံဖို့ ခက်သလား။ ဒါက ယုံတမ်းစကားလား။ မဟုတ်ပါဘူး။ တန်ခိုးကြီးတဲ့ ဖန်ဆင်းရှင် ရှိတယ်၊ ကိုယ်တော်ရဲ့ အထူးခြားဆုံး အရည်အသွေးဟာ မေတ္တာဖြစ်တယ်ဆိုရင် လူတွေကို ဆင်းရဲဒုက္ခမရှိတဲ့ ဘဝမျိုးရစေချင်မှာပဲ။

လူတွေ အခုလို ဘာကြောင့် ဒုက္ခရောက်နေရတာလဲ။ ဘုရားသခင်ဟာ လူတွေကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ပေးထားတယ်လို့ ကျမ်းစာကနေ သိရတယ်။ ဘုရားစကားနားထောင်ဖို့ စက်ရုပ်တွေလို လူကို မဖန်ဆင်းထားပါဘူး။ ကနဦးမိဘတွေဟာ ဘုရားသခင့်စကား နားမထောင်ချင်ဘဲ သူတို့စိတ်ကြိုက် အတ္တဆန်ဆန် လုပ်ခဲ့ကြတယ်။ (ကမ္ဘာဦး ၃:၁-၆; ၂၂-၂၄) ဒါကြောင့် အခုချိန်မှာ ဆိုးကျိုးတွေကို ခံစားနေကြရတာပါ။

ဆင်းရဲဒုက္ခခံရဖို့ ဘုရား လုံးဝ မရည်ရွယ်ဘူးဆိုတာကို သိရတာဟာ စိတ်ငြိမ်သက်မှုရှိစေတယ်။ ဒုက္ခမခံစားချင်တာက လူ့သဘာဝပါ။ ဒါကြောင့် ခံစားနေရတဲ့ဒုက္ခ သက်သာဖို့ အနာဂတ်အတွက် မျှော်လင့်ခြင်းရှိဖို့ လိုတယ်။

၃။ မျှော်လင့်ခြင်း

အာဒံနဲ့ဧဝ ပုန်ကန်လိုက်ပေမဲ့ ဘုရားသခင်ဟာ မြေကြီးနဲ့ပတ်သက်တဲ့ ရည်ရွယ်ချက်ကို ပြည့်စုံစေမယ်လို့ ကြိုပြောခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကို ဘာကမှ မတားဆီးနိုင်ပါဘူး။ (ဟေရှာယ ၅၅:၁၁) အာဒံနဲ့ဧဝ ပုန်ကန်လိုက်လို့ ဖြစ်ပေါ်လာရတဲ့ ဆိုးကျိုးတွေကို ကိုယ်တော် ပယ်ဖျက်ပေးမယ်၊ ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ မူလရည်ရွယ်ချက်ကို အကောင်အထည်ပေါ်စေပါတော့မယ်။

အဲဒီအခါ ဘယ်လို အကျိုးခံစားရမလဲ။ အနာဂတ်နဲ့ ပတ်သက်တဲ့ ကျမ်းစာပါ ဘုရားသခင့် ကတိတော် နှစ်ခုကို သုံးသပ်ကြည့်ပါ။

  • မကောင်းမှုတွေ ပပျောက်သွားလို့ ကမ္ဘာတစ်ဝန်းလုံး ငြိမ်သက်အေးချမ်းနေမယ်။ ‘သိပ်မကြာခင်မှာ လူဆိုးတွေ လုံးဝရှိတော့မှာမဟုတ်ဘူး။ သူတို့ရှိခဲ့တဲ့နေရာကို သင်ကြည့်လိုက်ပေမဲ့ သူတို့ရှိတော့မှာမဟုတ်ဘူး။ စိတ်နူးညံ့သူတွေကတော့ မြေကြီးကို ပိုင်ဆိုင်ရပြီး များပြားလှတဲ့ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။’—ဆာလံ ၃၇:၁၀၊ ၁၁ကဘ။

  • အို၊ နာ၊ သေခြင်း မရှိတော့ပါ။ ‘ပြည်သူပြည်သားတစ်ယောက်ကမှ “ငါ နေမကောင်းဘူး” လို့ ပြောမှာမဟုတ်ဘူး။’ (ဟေရှာယ ၃၃:၂၄ကဘ) “အရှင်ထာဝရဘုရား သည်လည်း သေခြင်းကို အစဉ်အမြဲပယ်ဖျက်လျက် ခပ်သိမ်းသောမျက်နှာမှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။” —ဟေရှာယ ၂၅:၈သမ္မာ။

ကျမ်းစာပါ ဘုရားသခင့်ကတိတော်တွေကို ယုံကြည်စိတ်ချနိုင်သလား။ ယုံကြည်စိတ်ချနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြိုဟောချက် တော်တော်များများဟာ ပြည့်စုံပြီးသွားပါပြီ။ ဒါပေမဲ့ အနာဂတ် မျှော်လင့်ချက်ဟာ အခုခံစားနေရတဲ့ ဒုက္ခတွေကို မပပျောက်စေသေးပါဘူး။ ဘုရားသခင်က တခြား ဘယ်အကူအညီတွေကို ထပ်ပေးထားသေးသလဲ။

၄။ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ အကူအညီ

ပြဿနာတွေ ဖြေရှင်းနိုင်ဖို့၊ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ဘုရားသခင်က လမ်းညွှန်ချက်တွေ ပေးထားပါတယ်။ တချို့ဆုံးဖြတ်ချက်တွေက အသေးအဖွဲပါ၊ ဒါပေမဲ့ တချို့ဆုံးဖြတ်ချက်တွေကျပြန်တော့ တစ်သက်တာလုံးကို ထိခိုက်စေနိုင်တယ်။ အသက်ရဲ့ပင်ရင်းဖြစ်တဲ့ ဖန်ဆင်းရှင်မှာ အလုံးစုံကို သိတဲ့ဉာဏ်ရှိတာကြောင့် ကိုယ်တော်ပေးတဲ့ အကြံဉာဏ်လောက် ကောင်းတဲ့အကြံဉာဏ်ကို ဘယ်သူကမှ မပေးနိုင်ဘူး။ ကျွန်တော်တို့အတွက် အကောင်းဆုံးအရာဟာ ဘာလဲဆိုတာကို ဘုရားသခင်ပဲ သိတယ်။

ကျမ်းစာထဲမှာ ယေဟောဝါ ဘုရားသခင်ရဲ့ သဘောထားကို ဒီလို ဖော်ပြထားတယ်– ‘ငါ ယေဟောဝါဟာ သင့်ရဲ့ဘုရားသခင်ဖြစ်တယ်။ သင့်အကျိုးအတွက် သင်ကြားပေးတဲ့အရှင်၊ သင်လျှောက်သင့်တဲ့လမ်းအတိုင်း လမ်းညွှန်ပေးတဲ့အရှင်ဖြစ်တယ်။’—ဟေရှာယ ၄၈:၁၇၊ ၁၈ကဘ။

အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ ကိုယ်တော့်တန်ခိုးကို လူတွေအတွက် အသုံးပြုဖို့ တလိုတလား ရှိတယ်။ ဘုရားသခင်ဟာ ကျွန်တော်တို့ကို ကူညီပေးချင်တဲ့ မေတ္တာရှိတဲ့ ဖခင် ဖြစ်တယ်။ “ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် တောင်းသောသူတို့အား သန့်ရှင်းသော စွမ်းအားတော်ကို သာ၍ပေးတော်မူမည်” လို့ ကျမ်းစာမှာ ဆိုတယ်။ (လုကာ ၁၁:၁၃) စွမ်းအားတော်ဆိုတဲ့ ဘုရားသခင့်တန်ခိုးဟာ လမ်းညွှန်ပေးနိုင်သလို ခွန်အားလည်း ပေးနိုင်ပါတယ်။

ဘုရားသခင်ဆီကနေ အကူအညီ ဘယ်လို ရနိုင်မလဲ။ ကျမ်းစာက ဒီလို အဖြေပေးတယ်– “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်သူသည် ကိုယ်တော် တည်ရှိကြောင်းကို ယုံကြည်ရမည်။ ကိုယ်တော်သည် မိမိအား စိတ်ထက်သန်စွာ ရှာဖွေသူကို ဆုချသောအရှင်ဖြစ်ကြောင်းကိုလည်း ယုံကြည်ရမည်။” (ဟေဗြဲ ၁၁:၆) ဘုရားသခင် တကယ်ရှိတယ်ဆိုတာကို ယုံကြည်လက်ခံနိုင်ဖို့ ကိုယ်ကိုယ်တိုင် ဆန်းစစ်မှဖြစ်မယ်။

ဆန်းစစ်ကြည့်ရင် မကောင်းဘူးလား။

ဘုရားသခင်နဲ့ပတ်သက်တဲ့အမှန်တရားကို လေ့လာသင်ယူဖို့ အချိန်ပေးတာက အကျိုးရှိတယ်။ အမေရိကန်နိုင်ငံမှာ အခု နေထိုင်တဲ့ စူးကျင်းရှောင်ကို ကြည့်ပါ။ “ကျွန်တော် ဆင့်ကဲဝါဒီတစ်ယောက်ဖြစ်ပေမဲ့ သမ္မာကျမ်းစာကို လေ့လာချင်လို့ ယေဟောဝါသက်သေ ခရစ်ယာန်တွေနဲ့ ဆွေးနွေးခဲ့တယ်။ တက္ကသိုလ် နောက်ဆုံးနှစ်မှာ စာများလွန်းလို့ အချိန်မရဘူး။ ဒါကြောင့် သိပ်မပျော်ဘူး။ ကျမ်းစာကို ပြန်လေ့လာတော့မှပဲ စိတ်ချမ်းသာလာတယ်” လို့ စူးကျင်းရှောင် ပြောပြတယ်။

ဖန်ဆင်းရှင် ယေဟောဝါ ဘုရားသခင်အကြောင်း လေ့လာချင်တယ်ဆိုရင် အချိန်မဆွဲပါနဲ့။