မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာရှုထောင့်

လောင်းကစားခြင်း

လောင်းကစားခြင်း

လောင်းကစားတာက ဘာမှားလို့လဲဆိုပြီး တချို့ ပြောကြသလို တခြားသူတွေကျတော့ ဒါဟာ တကယ့်ကို ဒုက္ခရောက်စေတယ်လို့ ပြောကြတယ်။

လောင်းကစားတာ မှားသလား

လူအများပြောဆိုရာ

ဥပဒေက ခွင့်ပြုထားမှတော့ အပျော်တမ်း လောင်းကစားကြတာပေါ့လို့ ပြောကြတယ်။ ပြည်သူတွေအတွက် ဘဏ္ဍာငွေရရှိစေတဲ့ ဥပဒေအရ ခွင့်ပြုထားတဲ့ ထီလိုမျိုး လောင်းကစားနည်းတချို့ ရှိတယ်။

သမ္မာကျမ်းစာပြောဆိုရာ

ကျမ်းစာထဲမှာ လောင်းကစားတာနဲ့ပတ်သက်ပြီး ဘာမှ မဖော်ပြထားပေမဲ့ ဘုရားသခင် ဘယ်လို ရှုမြင်သလဲဆိုတာကို ဖော်ပြထားတယ်။

လောင်းကစားလုပ်တယ်ဆိုကတည်းက တခြားသူရဲ့ငွေကို လိုချင်နေတာဖြစ်တယ်၊ အဲဒီသဘောထားဟာ “လောဘအမျိုးမျိုးကို သတိနှင့် ရှောင်ကြဉ်ကြလော့” ဆိုတဲ့ ကျမ်းစကားနဲ့ ဆန့်ကျင်နေပါတယ်။ (လုကာ ၁၂:၁၅ခမ) လောင်းကစားလုပ်တာက လောဘကြီးစေတယ်။ လောင်းကစားသူတွေဟာ တစ်ချီတည်းနဲ့ ချမ်းသာချင်ကြတာကို လောင်းကစားဒိုင်တွေ သိထားကြလို့ သူတို့တွေ ရှုံးနိုင်ခြေများတယ်ဆိုရင် လောင်းကြေးငွေများများ ကြေညာပေးပြီး မက်လုံးပေးတယ်။ လောင်းကစားလုပ်တာက အချောင်လိုချင်စိတ်ကို မြေတောင်မြှောက်ပေးတယ်။

တခြားသူဆုံးရှုံးသွားတဲ့ငွေကို လောင်းကစားသူက ယူလိုက်တဲ့အတွက် သူဟာ အတ္တသမားပဲ။ ကျမ်းစာကတော့ “ကိုယ့်အကျိုးကိုမရှာဘဲ သူတစ်ပါး၏အကျိုးကို ရှာကြစေ” လို့ အားပေးတယ်။ (၁ ကောရိန္သု ၁၀:၂၄) အဲဒီအပြင် တခြားသူရဲ့ပစ္စည်းကို မတပ်မက်နဲ့လို့ ပညတ်ထားတယ်။ (ထွက်မြောက်ရာ ၂၀:၁၇) လောင်းကစားသမားစိတ်ထဲမှာ ရှုံးချင်တဲ့သူ ရှုံးပါစေ၊ ငါနိုင်ရင်ပြီးရောဆိုတဲ့စိတ် ကြီးစိုးနေတယ်။

ကံကောင်းရင် လာဘ်ကောင်းတယ်ဆိုတဲ့ အဆိုကို ကျမ်းစာက ရှုတ်ချတယ်။ ရှေးအစ္စရေးတွေက ဘုရားသခင်ကို အယုံကြည်ကင်းမဲ့ပြီး ‘ကံကောင်းခြင်းဘုရားအတွက် စားပွဲ’ ခင်းပေးကြတယ်။ ဒီလို ‘ကံကောင်းခြင်းဘုရား’ ကိုးကွယ်တာကို ယေဟောဝါ ဘုရားသခင် လက်ခံပါ့မလား။ လုံးဝ လက်မခံပါဘူး။ အဲဒါနဲ့ပတ်သက်ပြီး ဘုရားသခင်က ‘ငါ့အမြင်မှာမကောင်းတာတွေကို ဆက်ပြုကျင့်ပြီး ငါမကြိုက်တာတွေကို ရွေးချယ်ခဲ့တယ်’ လို့ သူတို့ကို အပြစ်တင်ခဲ့တယ်။—ဟေရှာယ ၆၅:၁၁၊ ၁၂ကဘ။

တချို့နိုင်ငံတွေမှာ တရားဝင်ခွင့်ပြုထားတဲ့ လောင်းကစားပွဲကနေရတဲ့ ရန်ပုံငွေကို ပညာရေး၊ စီးပွားရေးနဲ့ ပြည်သူ့အကျိုးအတွက် အသုံးပြုကြတယ်။ အဲဒီရန်ပုံငွေကို ကောင်းကျိုးအတွက် အသုံးပြုကြတယ်လို့ ဆိုပေမဲ့ ဒါက လောဘစိတ်၊ အတ္တစိတ်၊ အချောင်လိုချင်စိတ်ကို အားပေးအားမြှောက်ပြုရာရောက်တယ်။

‘တခြားသူ ပိုင်ဆိုင်သမျှကို မတပ်မက်နဲ့။’—ထွက်မြောက်ရာ ၂၀:၁၇၊ ကဘ။

လောင်းကစားတာက လောင်းကစားသူကို ထိခိုက်စေနိုင်သလား

သမ္မာကျမ်းစာပြောဆိုရာ

“ချမ်းသာရန် စိတ်ပိုင်းဖြတ်ထားသူတို့မူကား လူတို့ကို လုံးလုံးပျက်စီး ဆုံးရှုံးစေတတ်သော သွေးဆောင်ခြင်း၊ ကျော့မိခြင်းနှင့် မိုက်မဲ၍ ထိခိုက်နစ်နာစေနိုင်သည့် အလိုဆန္ဒများထဲသို့ ကျရောက်ကြ၏။” (၁ တိမောသေ ၆:၉) လောင်းကစားခြင်းရဲ့ အခြေခံဟာ လောဘစိတ် ဖြစ်တယ်။ “လောဘကြီးခြင်း” ကို ရှောင်ရမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ဧဖက် ၅:၃

လောင်းကစားခြင်းဟာ လွယ်လွယ်နဲ့ ချမ်းသာလာဖို့ကိုပဲ အာရုံစိုက်စေလို့ “အကျိုးပျက်စေသောအရာအမျိုးမျိုး၏ မူလအမြစ်” ဖြစ်တဲ့ ငွေတပ်မက်စိတ်ကို ဖြစ်ပေါ်စေတယ်။ ငွေတပ်မက်စိတ်လွှမ်းမိုးလာပြီဆိုရင် စိုးရိမ်ပူပန်လာမယ်၊ ဘုရားသခင်အပေါ်ထားတဲ့ ယုံကြည်ခြင်းလည်း ကင်းမဲ့သွားမယ်။ ‘လူအချို့သည် ငွေကိုတပ်မက်ခြင်းကြောင့် ဝေဒနာများစွာဖြင့် ကိုယ့်ကိုယ်ကိုယ် ထိုးနှက်ကြပြီ’ လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။—၁ တိမောသေ ၆:၁၀

လောဘကြီးလာရင် ရှိတဲ့ငွေနဲ့ မရောင့်ရဲနိုင်တော့ဘူး။ ပျော်ရွှင်မှုလည်း ပျောက်ဆုံးသွားနိုင်တယ်။ “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အလိုဆန္ဒမပြေနိုင်။ စည်းစိမ်ကိုတပ်မက်သောသူသည် စည်းစိမ်တိုးပွား သော်လည်း မရောင့်ရဲနိုင်။”—ဒေသနာ ၅:၁၀

လောင်းကစားလုပ်ဖို့ သွေးဆောင်ခံရသူ အတော်များများဟာ လောင်းကစားတဲ့အကျင့် စွဲသွားကြတယ်။ အဲဒီအကျင့်ဟာ ကမ္ဘာအနှံ့မှာရှိပြီး အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းမှာ လောင်းကစားတဲ့ အကျင့်စွဲနေသူ သန်းနဲ့ချီရှိတယ်။

‘လောဘကြောင့်ရတဲ့အမွေက နောက်ပိုင်းမှာ ကောင်းချီးဖြစ်မှာ မဟုတ်ဘူး။’ (သုတ္တံ ၂၀:၂၁ကဘ) လောင်းကစားတဲ့အကျင့်စွဲသူဟာ အကြွေးတင် ဒါမှမဟုတ် လူမွဲစာရင်းတောင် ဝင်သွားနိုင်သလို အလုပ်ပြုတ်၊ အိမ်ထောင်ပြိုကွဲပြီး မိတ်ပျက်စေနိုင်ပါတယ်။ ကျမ်းစာလမ်းညွှန်ချက်တွေကို ကျင့်သုံးတာက ပျော်ရွှင်မှုနဲ့ အသက်ကို ထိခိုက်စေတဲ့ လောင်းကစားခြင်းရဲ့ဆိုးကျိုးတွေကို ရှောင်ရှားရာရောက်ပါတယ်။

“ချမ်းသာရန် စိတ်ပိုင်းဖြတ်ထားသူတို့မူကား လူတို့ကို လုံးလုံးပျက်စီး ဆုံးရှုံးစေတတ်သော သွေးဆောင်ခြင်း၊ ကျော့မိခြင်းနှင့် မိုက်မဲ၍ ထိခိုက်နစ်နာစေနိုင်သည့် အလိုဆန္ဒများထဲသို့ ကျရောက်ကြ၏။”—၁ တိမောသေ ၆:၉