မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူသေသောအခါ မည်သို့ ဖြစ်သွားသနည်း

လူသေသောအခါ မည်သို့ ဖြစ်သွားသနည်း

သမ္မာကျမ်းစာ​ရှုထောင့်

လူသေ​သောအခါ မည်သို့ ဖြစ်သွား​သနည်း

ဘုရားသခင်​သည် လူသားများ​အား သေဆုံး​စေဖို့ မရည်ရွယ်ခဲ့​ပါ။ (ရောမ ၈:၂၀၊ ၂၁) အမှန်​တွင်၊ ပထမ​ဆုံး​အကြိမ် အာဒံ​အား သေခြင်း​အကြောင်း ယေဟောဝါ​မိန့်တော်မူ​ချိန်​၌ ယင်းကို လူသားများ မျှော်လင့်သင့်​သည့် ဖြစ်ရိုးဖြစ်စဉ်​အရာတစ်ခု​အဖြစ်​မဟုတ်ဘဲ ဘုရားသခင်​အား မနာခံမှုကြောင့် ခံစားရ​သည့်​အပြစ်ဒဏ်​တစ်ခု​အဖြစ် ဖော်ပြ​ခဲ့​သည်။ (ကမ္ဘာဦး ၂:၁၇) အာဒံသည် တိရစ္ဆာန်​များ​သေ​သည်ကို မြင်တွေ့​ဖူး​မည်​ဖြစ်သော​ကြောင့် သေခြင်း​သည် အဘယ်အရာ​ဖြစ်​ကြောင်း သိ​နားလည်ခဲ့​သည်။

အာဒံသည် အပြစ်​ကျူးလွန်​သောကြောင့် အသက် ၉၃၀ တွင်​သေဆုံး​ခြင်း​ဖြင့် အပြစ်​၏​အ​ခ​ကို ပေး​ဆပ်​ခဲ့​ရသည်။ (ကမ္ဘာဦး ၅:၅; ရောမ ၆:၂၃) သူသည် မနာခံမှုကြောင့် ဘုရားသခင့်​မိသားစု​မှ နှင်ထုတ်​ခံ​ခဲ့​ရပြီး ဘုရားသခင့်​သား​တစ်ဦး​အဖြစ် အသိအမှတ်​ပြုခြင်း​မခံရ​တော့​ချေ။ (တရားဟောရာ ၃၂:၅) သမ္မာကျမ်းစာ​က လူသားများ​ခံစားရ​သည့် ဝမ်းနည်းဖွယ်​အကျိုးဆက်​နှင့်​ပတ်သက်​၍ ဤသို့​ဖော်ပြ​သည်– “အပြစ်​တရားသည် တစ်ယောက်​သော​သူအား​ဖြင့် ဤ​လောက​သို့​ဝင်၍ အပြစ်​တရား​အားဖြင့် သေခြင်း​တရားဝင်​သည်​နှင့်အညီ လူအပေါင်း​တို့သည် အပြစ်ရှိ​သောကြောင့် သေခြင်း​သို့​ရောက်​ရ​ကြ​၏။”—ရောမ ၅:၁၂

ကျွန်ုပ်​တို့၏ စဉ်းစား​တွေးတော​နိုင်စွမ်း​များ မည်သို့​ဖြစ်သွား​သနည်း

သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– ‘လူသား​တွေ့ ကြုံ​သော​အမှုကို တိရစ္ဆာန်​တွေ့ ကြုံ​တတ်၏။ ထို​နှစ်ဦး​တို့သည် တစ်ပါး​တည်း​သော​အမှုကို​တွေ့ ကြုံ​လျက် တစ်ဦး​သေ​သကဲ့သို့ တစ်ဦး​သေတတ်​၏။ အလုံးစုံ​တို့သည် အသက်​တစ်မျိုးတည်း​ရှိကြ​၏။ သို့ ဖြစ်၍ လူသည် တိရစ္ဆာန်​ထက် ထူးမြတ်​သော​အကြောင်း​မရှိ။ အလုံးစုံ​တို့သည် အချည်းနှီး​ဖြစ်​ကြ​၏။ အလုံးစုံ​တို့သည် တစ်ခု​တည်း​သော​အရပ်သို့ ရောက်​တတ်ကြ​၏။ အလုံးစုံ​တို့သည် မြေမှုန့်​ထဲ​က​ဖြစ်သည်​နှင့်​အညီ မြေမှုန့်​ထဲ​သို့ ပြန်သွား​တတ်ကြ​၏။’ (ဒေ. ၃:၁၉၊ ၂၀) မြေမှုန့်​ထဲ​သို့ ပြန်သွား​တတ်ကြ​၏​ဆို​ရာ​တွင် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

“မြေမှုန့်​ထဲ​သို့ ပြန်သွား” ဟူသော​အသုံးအနှုန်း​က “သင်သည် မြေမှုန့်​ဖြစ်၍ မြေမှုန့်​သို့ ပြန်​ရမည်” ဟူသော ပထမ​လူသား​အား ဘုရားသခင်​မိန့်ဆိုခဲ့​သော​စကား​ကို ပြန်​အမှတ်ရ​စေ​သည်။ (ကမ္ဘာဦး ၃:၁၉) ယင်းက လူသားများ​သည် တိရစ္ဆာန်​များ​ကဲ့သို့​ပင် သွေးသား​အကောင်အထည်​ဖြင့် တည်ဆောက်​ထားသော သတ္တဝါများ​ဖြစ်​ကြောင်းကို ဆိုလို​၏။ ကျွန်ုပ်​တို့သည် သွေးသား​ခန္ဓာ​တွင် ဝင်ရောက်​ကိန်းအောင်း​နေသော ဝိညာဉ်​များ​မဟုတ်ပါ။ သင့်​ခန္ဓာကိုယ် ပျက်စီး​သွားပါ​က သင့်​စဉ်းစား​တွေးတော​နိုင်စွမ်း​လည်း ဆက်​မတည်ရှိ​နိုင်​တော့​ချေ။ လူတစ်ဦး​သေဆုံး​ခြင်း​အကြောင်းကို သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “သူသည် အသက်​ထွက်၍ မြေ​သို့ ပြန်သွား​တတ်၏။ ထို​နေ့​ခြင်း​တွင် သူ၏​အကြံအစည်​တို့သည် ပျက်စီး​ကြ​၏ [“သူ၏​စဉ်းစား​တွေးတောမှု​အားလုံး အဆုံးတိုင်​ကုန်​၏၊” ခေတ်​သစ်​အင်္ဂလိပ်​သမ္မာကျမ်းစာ]။”—ဆာလံ ၁၄၆:၄

သို့​ဆိုလျှင် လူသေ​၏​အခြေအနေ မည်သို့​ရှိ​သနည်း။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​က ဤသို့​ရှင်းလင်းစွာ​အဖြေပေး​သည်– “အသက်ရှင်​သော​သူသည် မိမိ​သေရ​မည်​ကို​သိ​၏။ သေ​သော​သူ​မူ​ကား အဘယ်အရာကို​မျှ​မသိ။” (ဒေ. ၉:၅) သေခြင်း​သည် ကျွန်ုပ်​တို့အား သာ၍​ကောင်းသော​အသက်တာ​သို့ ကြိုဆို​ပို့ဆောင်သော မိတ်ဆွေ​နှင့်​မတူဘဲ သမ္မာကျမ်းစာ​အဆို​အရ ယင်းသည် ကျွန်ုပ်​တို့၏ လှုပ်ရှား​ဆောင်ရွက်မှု​အားလုံး​ကို ချုပ်ငြိမ်း​စေသည့် “နောက်ဆုံးသော​ရန်သူ” ဖြစ်၏။ (၁ ကောရိန္သု ၁၅:၂၆; ဒေ. ၉:၁၀) သို့​ဆိုလျှင် သေခြင်း​သည် မျှော်လင့်ချက်မဲ့​သော​အခြေအနေ​မျိုး​လော။

သေခြင်းနှင့်​ပတ်သက်သော သတင်းကောင်း

လူ​သန်းပေါင်း​များစွာ​အတွက်​မူ သေခြင်း​သည် နိုးထ​လာနိုင်​သည့် အိပ်ခြင်း​နှင့်​တူ​၏။ တစ်ခါ​က ယေရှုသည် သေလွန်​သွားသော မိမိ၏​မိတ်ဆွေ​နှင့်​ပတ်သက်​၍ တပည့်​များ​အား ဤသို့​မိန့်တော်မူ​ခဲ့​သည်– “ငါ​တို့​အဆွေ လာဇရု​သည် အိပ်ပျော်​၏။ သူ့ကို​နှိုး​ခြင်း​အ​လို့​ငှာ ငါ​သွား​မည်။” ယေရှု သင်္ချိုင်း​သို့​သွားစဉ် လမ်း၌ ဝမ်းနည်းပူဆွေး​နေသော​လူအုပ်​ကို တွေ့ရ​လေ​သည်။ သင်္ချိုင်းဂူ​သို့​ရောက်​သောအခါ ယင်းကို ဖွင့်​ခိုင်း​လိုက်ပြီး “လာဇရု၊ ထွက်၍​လာ​လော့” ဟု​ဟစ်ခေါ်​လိုက်​သည်။ သေလွန်​သည်​မှာ လေး​ရက်​ရှိနေပြီ​ဖြစ်သော ထို​သူသည် ထွက်​လာ​လေ​၏။ (ယောဟန် ၁၁:၁၁-၁၄၊ ၃၉၊ ၄၃၊ ၄၄) လာဇရု​၏​ကိုယ်ခန္ဓာ​မှာ ပုပ်ပျက်​နေပြီ​ဖြစ်သော​ကြောင့် ဘုရားသခင်​သည် သေလွန်သူ​များ​၏ ပင်ကိုစရိုက်၊ မှတ်ဉာဏ်​နှင့် ပုံပန်း​သဏ္ဌာန်​အားလုံး​ကို မှတ်မိ​နိုင်​ကြောင်း ယေရှု​ပြသ​ခဲ့​သည်။ ကိုယ်တော်​သည် ယင်း​တို့ကို ပြန်လည်​ရှင်သန်​စေနိုင်​သည်။ အခြား​အချိန်​တစ်ချိန်​တွင် ယေရှု​ဤသို့​မိန့်တော်မူ​ခဲ့​သည်– “သင်္ချိုင်း​များ​မှာ​ရှိသောသူ​အပေါင်းတို့သည် သားတော် [ယေရှု] ၏​စကားသံ​ကို​ကြား​၍ ထွက်​ရမည့်​အချိန်ကာလ​ရောက်​လတ္တံ့”—ယောဟန် ၅:၂၈၊ ၂၉

သမ္မာကျမ်းစာ​တွင် “နောက်ဆုံးသော​ရန်သူ​တည်း​ဟူသော သေ​မင်း​သည် ဆုံးရှုံး​ခြင်း​သို့​ရောက်​ရ​လတ္တံ့” ဟူသော နောက်ထပ်​သတင်းကောင်း​တစ်ခု​ကို ဖော်ပြ​ထား​သည်။ (၁ ကောရိန္သု ၁၅:၂၆) ဝမ်းနည်းပူဆွေး​နေ​သူများ​သည် သင်္ချိုင်း​သို့​သွား​ကာ ချစ်ရသူ​အား မြှုပ်နှံ​သည့်​အဖြစ်မျိုး နောက်ထပ်​ရှိတော့မည်​မဟုတ်​ချေ။ သမ္မာကျမ်းစာ​က “နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ” ဟု​ဆို​သည်။ (ဗျာ. ၂၁:၄) သေ​သောအခါ မည်သို့​ဖြစ်သွား​သည်​နှင့်​ပတ်သက်​သည့် သမ္မာကျမ်းစာ​ရှုထောင့်​သည် နှစ်သိမ့်မှု​တစ်ခု​ဖြစ်​ကြောင်း သင်​သဘောမတူ​ပေ​လော။

သင်​စဉ်းစား​ဖူး​သလော

▪ သေလွန်သူ​များသည် သိရှိခံစား​မှု​ရှိသလော။—ဒေ. ၉:၅

▪ လူသေများ​သည် မျှော်လင့်ချက်မဲ့​သည့် အခြေအနေ​တွင်​ရှိနေကြ​သလော။—ယောဟန် ၅:၂၈၊ ၂၉

[စာမျက်နှာ ၁၉ ပါ အကျဉ်း​ဖော်ပြချက်]

“သူသည်​အသက်​ထွက်၍ မြေ​သို့ ပြန်သွား​တတ်၏။ ထို​နေ့​ခြင်း​တွင် သူ၏​အကြံအစည်​တို့သည် ပျက်စီး​ကြ​၏ [“သူ၏​စဉ်းစား​တွေးတောမှု​အားလုံး အဆုံးတိုင်​ကုန်​၏၊” ခေတ်​သစ်​အင်္ဂလိပ်​သမ္မာကျမ်းစာ]။”—ဆာလံ ၁၄၆:၄