မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အန္တရာယ်ကြုံနေသည့် ငါးမန်း

အန္တရာယ်ကြုံနေသည့် ငါးမန်း

အန္တရာယ်​ကြုံနေ​သည့် ငါးမန်း

မက္ကဆီကို​နိုင်ငံ မှ နိုးလော့! စာရေးသူ ပေး​ပို့​သည်

ငါးမန်း​များ​ထက် ပို​၍​ကြောက်စရာ​ကောင်း​သည့်​တိရစ္ဆာန် မရှိသလောက်​ပင်။ ကမ္ဘာ​တစ်ဝန်း​တွင် လူ​တို့အား ငါးမန်း​များ​၏ အကြောင်းမဲ့​တိုက်ခိုက်မှု​သည် နှစ်စဉ် ပျမ်းမျှ ၇၅ ခု​ခန့်​ရှိပြီး ၁၀ ခု​ခန့်​မှာ သေ​လောက်​သည့်​အထိ​ဖြစ်၏။ လူအများ​သိရှိ​ထားသော အဆိုပါ​တိုက်ခိုက်မှု​များ​အပြင် ရုပ်ရှင်​များ​တွင် ငါးမန်း​များ​ကို လူသား​စား​သတ္တဝါ​အဖြစ် မ​နှစ်သက်ဖွယ်​ဖြစ်အောင် ရိုက်ကူး​ပြသ​ကြ​၏။ ငါးမန်း​များ​ကို သတိထား​ရမည်​မှာ မှန်ပါသည်။ သို့သော် အခြေအနေ​ကို မျှမျှတတ အကဲခတ်​ကြည့်​ရာ ငါးမန်း​တိုက်ခိုက်မှု​ကြောင့် သေဆုံး​ရသည်​ထက် အဆိပ်​ပြင်း​သော​ပျား​များနှင့် မိကျောင်းများ​ကြောင့် သေဆုံး​ရသည်​က ပို​များ​လေ​သည်။

အမှန်ဆိုလျှင် လူတို့က​သာ ငါးမန်း​ကို တိုက်ခိုက်​နေခြင်း​ဖြစ်၏။ Premier မဂ္ဂဇင်း​တွင် အာဂတ်စ်မရိန်နာ​အတိုင်ပင်ခံ သိပ္ပံ​ပညာရှင်​များ​အဖွဲ့​မှ သုတေသီ​တစ်ဦး​က “နှစ်စဉ် ငါးမန်း​ကောင်ရေ​သန်း ၁၀၀ ဖမ်းဆီး​ခံ​နေရ​ရာ တစ်ကောင်​နှင့်​တစ်ကောင် ဆက်​ထား​မည်​ဆိုလျှင် ကမ္ဘာ​ကို ငါး​ပတ်​ပတ်​မိ​မည်” ဟု ပြောပြ​သည်။ ငါးဖမ်း​လုပ်ငန်း​ကြောင့် ငါးမန်း​များ​သေဆုံး​ရသည့်​အပြင် သဘာဝ​အလျောက် သားပေါက်​နှုန်း​နည်း​ခြင်း၊ အရွယ်ရောက်​မှု​နှေးကွေး​ခြင်း၊ သန္ဓေတည်​ကာလ​ကြာရှည်​ခြင်း​နှင့် သားပေါက်​ရာ​နေရာများ ညစ်ညမ်း​ခြင်း​တို့​ကြောင့် ငါးမန်း​ကောင်ရေ​မှာ လျင်မြန်​စွာ လျော့နည်းလာ​သည်။ ငါးမန်း​ကောင်ရေ အကြီးအကျယ် လျော့နည်း​ပြီး​သည့်​နောက် ယခင်​အရေအတွက်​ပြန်​ရရှိရန်​မှာ နှစ်ပေါင်း​များစွာ​ကြာ​ပေမည်။

ငါးမန်း​များသည် ယင်း​တို့၏​အတောင်​ကြောင့် အများအပြား ဖမ်းဆီး​ခံ​နေကြ​ရ၏။ ငါးမန်း​တောင်​များသည် ဆေး​ဖက်​ဝင်​သည်၊ ကာ​မ​အားတိုးစေ​သော​ဂုဏ်သတ္တိ​ရှိသည်​ဟု အာရှတိုက်သား​တချို့က ယူဆကြ​သဖြင့် ငါးမန်း​တောင်​များ​မှာ အလွန်​တန်ဖိုး​ထား​ခံရ​သည်။ * ငါးမန်း​တောင်​ဟင်း​ချို​တစ်ပွဲ​လျှင် အမေရိကန်​ဒေါ်လာ ၁၅၀ အထိ​ပေး​ရ​သဖြင့် ဈေးကြီး​သည့်​စား​ဖွယ်​တစ်ခု​ဖြစ်၏။ အကျိုးအမြတ်​များသော အာရှဈေးကွက်​ကို ပံ့ပိုး​ပေး​နေခြင်း​က ရက်စက်​ပြီး ဖြုန်းတီး​သည့်​အလေ့အကျင့်​တစ်ခု​ကို ဖြစ်ပေါ်​စေ​ခဲ့​သည်။ ယင်း​မှာ ငါးမန်း​တောင်​များ​ကို အရှင်လတ်လတ်​ဖြတ်​ယူပြီး​နောက် အစာ​ငတ်​သေ​ရန် သို့​မဟုတ် ရေနစ်​သေစေ​ရန် ယင်းကို သမုဒ္ဒရာ​ထဲ ပြန်​လွှင့်ပစ်ခြင်း​ဖြစ်သည်။

ငါးမန်း​မျိုး​မ​သု​ဉ်း​စေရန် တစ်ခုခု​ဆောင်ရွက်ရန်​လို

ငါးမန်း​များ​ကြုံနေ​ရသည့် အန္တရာယ်ကို ကျွန်ုပ်​တို့ စိတ်ဝင်စား​သင့်​ပါသလော။ ဆင်​များ သို့​မဟုတ် ဝေလငါး​များ​ကို ကျွန်ုပ်​တို့​သနား​ကြင်နာ​သကဲ့သို့ ငါးမန်း​များ​ကို သနား​ကြင်နာ​ရန် ခက်ခဲ​ပေမည်။ သို့သော် သမုဒ္ဒရာ​များ​၏​ဂေဟစနစ် မျှတ​ရေး​တွင် ငါးမန်း​များသည် အရေးကြီးသော​အခန်းကဏ္ဍ​မှ ပါဝင်​နေသည်​ကို ကျွန်ုပ်​တို့​အသိအမှတ်ပြု​ရ​ပေမည်။ ဥပမာ၊ ၎င်းတို့၏​အစာစား​သည့်​အလေ့အထ​က လက်ရှိ​တွင် အခြား​ငါး​ကောင်ရေ​တိုးပွားမှု​ကို ထိန်းချုပ်​ပေး​၏။

နိုင်ငံ​များစွာ​တွင် ငါးမန်း​ဖမ်းဆီးခြင်း​နှင့်​ပတ်သက်​သည့်​ဥပဒေ မရှိ​ချေ။ ငါးမန်း​အဓိက​ဖမ်းဆီး​သော​နိုင်ငံ​များ​အနက် တစ်နှစ်​လျှင် ငါးမန်း​တန်​ချိန် ၃၀,၀၀၀ ကျော်​ဖမ်းဆီး​သည့် မက္ကဆီကို​နိုင်ငံ​တွင် ဆယ်နှစ်​ကြာ အချေအတင်​ဆွေးနွေး​ပြီး​နောက် ငါးမန်း​ဖမ်းဆီးခြင်း​ကို တားမြစ်​သည့် ဥပဒေ​တစ်ရပ်​ကို မကြာသေးမီ​က ပြဋ္ဌာန်း​ခဲ့​သည်။ ထို့ ပြင် ငါးမန်း​တောင်​များ အလိုရှိ​နေခြင်း​ကြောင့် ကမ္ဘာ့​ဒေသ​အသီးသီး​၌ ထိန်းသိမ်း​ကာကွယ်​စောင့်ရှောက်​ထားသော ပင်လယ်ရေ​ပြင်​တွင် တရား​မဝင်​ငါးဖမ်း​ခြင်း တိုးများ​လာ​မှု​ကို ရင်ဆိုင်​နေရ​သည်။ ဥပမာ၊ ဂါ​လာ​ပါ​ဂို​စ်​အမျိုးသား​ဥယျာဉ်​ထိန်းသိမ်းရေး​ဌာန​၏ ဒါရိုက်တာ​က ဤသို့ ညည်းတွား​ခဲ့​သည်– “ဂါ​လာ​ပါ​ဂို​စ်​မှာ ငါးမန်း​တောင်​ရဖို့ တရား​မဝင်​ငါးဖမ်း​ခြင်း​က လွန်ခဲ့တဲ့​နှစ်​အနည်းငယ်​အတွင်းမှာ သိသိသာသာ​တိုးများ​လာတယ်။ ဒီ​လုပ်ငန်း​က အကျိုးအမြတ်​များတဲ့​အတွက် လူဆိုးဂိုဏ်း​တစ်​ဂိုဏ်း​တောင် ပေါ်လာ​တယ်။”

ငါးမန်း​များ​ကို​ကယ်တင်​ရန် အပြု​သဘောဖြင့် ဆောင်ရွက်​ခဲ့​ကြပြီ​ဖြစ်သည်။ နိုင်ငံ​တချို့​တွင် ငါးမန်း​တောင်​များ ဖြတ်​ယူခြင်း​ကို တားမြစ်​ထား​ကြ​၏။ သို့သော် ကမ္ဘာ့​တောရိုင်း​တိရစ္ဆာန်​ထိန်းသိမ်းရေး ရန်ပုံငွေ​အဖွဲ့​၏ မူဝါဒ​ဆိုင်ရာ​အရာရှိ​ဖြစ်သူ ရှား​လော့​တ်မို​အန်​ဆန်​က ယင်း​ထက်မက ပိုမို​လုပ်ဆောင်ဖို့​လို​ကြောင်း သတိပေး​ခဲ့​သည်။ သူက​ဤသို့​ဆို​၏– “ကမ္ဘာ​တစ်ဝန်း​မှာ ငါးမန်း​တွေ ဘေးသင့်နေ​တယ်။ ငါးမန်း​တောင်​တွေ​ဖြတ်​ယူ​နေတာကို တားမြစ်​ပိတ်ပင်​တဲ့ ဥပဒေ​တွေ​အပြင် ငါးမန်း​တွေ​နဲ့​ပတ်သက်​တဲ့ အချက်အလက်​တွေ စုဆောင်း​ဖို့၊ မတော်တဆ​ဖမ်းမိ​တာ​တွေ လျော့နည်း​စေဖို့၊ အကန့်အသတ်​နဲ့ ဖမ်းဆီး​ကြဖို့​ဆို​တဲ့ တောင်းဆိုချက်​တွေ​ကို လိုက်နာ​ဆောင်ရွက်​ကြဖို့ ငါးဖမ်း​လုပ်ငန်း​စီမံခန့်ခွဲရေး​အဖွဲ့​အားလုံး​ကို ကျွန်မ​တို့ တိုက်တွန်း​ပါ​တယ်။”

ဝမ်းသာစရာ​မှာ တောရိုင်း​တိရစ္ဆာန်​တို့၏ ဖန်ဆင်း​ရှင်​သည် မိမိ၏​အံ့မခန်းဖွယ်​ဖန်ဆင်း​ခြင်း​ကို လက်လွတ်​စ​ပယ် အသုံးပြု​နေ​မှု​အား ကြာရှည်​ခွင့်ပြု​မည်​မဟုတ်​ချေ။ ယင်း​တွင် ကြောက်စရာ​ကောင်း​သော်လည်း မရှိမဖြစ်​သော​ငါးမန်း​ကို လက်လွတ်​စ​ပယ် ဖမ်းဆီး​နေခြင်းလည်း ပါဝင်​ပေ​သည်။—ဗျာ. ၁၁:၁၈

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 အံ့သြစရာ​မှာ ငါးမန်း​တောင်​များ​တွင် အမျိုးသားများ​ကို မြုံ​စေနိုင်​သည့် ပြဒါးဓာတ်​ပါဝင်မှုနှုန်း မြင့်မား​ကြောင်း တွေ့ရှိ​ခဲ့​ရခြင်း​ပင်​ဖြစ်သည်။

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

ငါးမန်း​နှင့်​ပတ်သက်သော သိမှတ်ဖွယ်​ရာ​အချက်များ

အရွယ်အစား– အကြီးဆုံး​မျိုးစိတ်​ဖြစ်သော ဝေလငါး​မ​န်း (အပေါ်​ပုံ) သည် ပေ ၆၀ ရှည်​ပြီး တန်​ချိန်​ပေါင်း​များစွာ လေး​၏။ သို့သော် ယင်းသည် အန္တရာယ်​မပေး​သော​သတ္တဝါ​ဖြစ်​ကာ အပင်​နှင့် အကောင်​မျှော​လှေး​များ၊ ငါးကလေး​များ ကို​သာ​စား​သည်။

သန္ဓေတည်​ကာလ– သန္ဓေတည်​ပြီး​နောက် အများဆုံး ၂၂ လ​အကြာတွင် သားပေါက်​သည်။

မျိုးပွား​နှုန်း– ငါးမန်း​သည် မည်သည့်​နေရာတွင်​မဆို တစ်​သား​လျှင် ပျမ်းမျှ နှစ်ကောင်​မှ ဆယ်ကောင်​အထိ ပေါက်​သည်။ မျိုးစိတ်​အများစုမှာ အကောင်​လိုက်​ပေါက်​သည်။

ကြီးထွား​နှုန်း– ငါးမန်း​အများစု​သည် မိတ်လိုက်​သည့်​အရွယ်ရောက်​ရန် ၁၂ နှစ်​မှ ၁၅ နှစ်အထိ​ကြာ​၏။

သက်တမ်း– ငါးမန်း​မျိုးစိတ်​အများစု​၏ သက်တမ်း​ကို​သတ်မှတ်​ရန် ခဲယဉ်း​သော်လည်း ရန်လိုသော​ငါးမန်း​ဖြူ​ကြီး (အောက်​ပုံ) သည် အနှစ် ၆၀ အထိ အသက်ရှင်​သည်​ဟု ခန့်မှန်း​ရ၏။

[Credit Lines]

Seawatch.org

© Kelvin Aitken/​age fotostock

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ငါးမန်း​မျိုးစိတ်ပေါင်း ၃၀၀ ကျော်​ရှိသည့်​အနက် ၆၂ မျိုး​သည် ယခု​အခါ မျိုးသုဉ်း​တော့​မည့်​အန္တရာယ်​နှင့်​ကြုံနေ​ရ

[Credit Line]

© Mark Strickland/​SeaPics.com

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ငါးမန်း​တောင် တစ်ပေါင်​လျှင် အမေရိကန်​ဒေါ်လာ ၂၀၀ သို့​မဟုတ် ထို​ထက်မက ပေး​ရ၏။ ငါးမန်း​ဖြူ​ကြီး​၏ မေးရိုး​တစ်စုံ​သည် အမေရိကန်​ဒေါ်လာ ၁၀,၀၀၀ အထိ​ရနိုင်

[Credit Line]

© Ron & Valerie Taylor/​SeaPics.com