မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်​သားသမီး​များ​အား ကာကွယ်​ပေး​နိုင်​ပုံ

သင့်​သားသမီး​များ​အား ကာကွယ်​ပေး​နိုင်​ပုံ

ကလေး​များ​အား လိင်ဆိုင်ရာ​မတော်မတရား​ပြု​သည့်​အကြောင်းကို တနုံ့နုံ့​တွေး​လို​သူ မရှိသလောက်​ပင်။ ယင်း​အကြောင်း တွေးတော​ရုံ​နှင့်​ပင် မိဘများ စိတ်မချ​မ်း​မ​သာ​ဖြစ်​ကြ​ရသည်။ ယနေ့​လောကတွင် ယင်း​သို့​သောမ​တော်​မတရား​ပြု​မှု​သည် ထိတ်လန့်​တုန်လှုပ်​စ​ရာ၊ မနှစ်မြို့​စ​ရာ တကယ့်​ဖြစ်ရပ်မှန်​ဖြစ်​ကာ ကလေး​များ​အပေါ် ကြီးမားသော​ဆိုးကျိုး​များ သက်ရောက်​နိုင်​ပေ​သည်။ အဆိုပါ​ကိစ္စ​ကို သုံးသပ်ထိုက်​ပါသလော။ သင့်​ကလေး ဘေးကင်း​လုံခြုံရေး​အတွက် အဘယ်အရာကို သင် တလိုတလား​ပေး​ဆပ်​လို​သနည်း။ မတော်မတရား​ပြု​မှု​နှင့်​ပတ်သက်သော မနှစ်မြို့​စ​ရာ ဖြစ်ရပ်မှန်များ​အကြောင်း သိရှိ​ရန် အနည်းငယ်​ကြိုးစား​အားထုတ်​ရမည်​ဖြစ်သည်။ ယင်း​သို့​သိရှိ​ထားခြင်း​က အမှန်ပင် ထူးခြား​စေနိုင်​ပါ​သည်။

များပြား​လှ​သည့်​မတော်မတရား​ပြု​မှု​ကို သင် ရင်ဆိုင်​ရန် သူရဲဘော​မ​ကြောင်​ပါ​နှင့်။ သင်၌ အရည်အချင်း​မရှိ​ဟု ခံစားရ​လျှင်​ပင် သင့်​ကလေး​တွင်​မရှိသည့် စွမ်းရည်​များ သင့်​တွင်​ရှိပါ​သည်။ သင့်​ကလေး​က​မူ ယင်း​စွမ်းရည်​များ​ရရှိရန် ဆယ်စုနှစ်​ပေါင်း​များစွာ​ကြာ​မည်​ဖြစ်၏။ နှစ်ပေါင်း​များစွာ ကုန်လွန်​လာ​သည်​နှင့်​အမျှ သင့်​တွင် အသိပညာ၊ အတွေ့အကြုံ​နှင့် ဉာဏ်ပညာ​ရှိလာ​ပေမည်။ သင့်အတွက် အရေးကြီးသော​အရာ​မှာ အဆိုပါ​စွမ်းရည်​များ တိုးများ​လာရန်​နှင့် သင့်​ကလေး​ကို ကာကွယ်​ရာ​တွင် ယင်း​တို့ကို​အသုံးချ​ရန်ဖြစ်​၏။ မိဘ​တိုင်း လုပ်ဆောင်​နိုင်​သည့် အခြေခံကျ​သော​အဆင့်​သုံးဆင့်​ကို ကျွန်ုပ်​တို့ ဆွေးနွေး​သွားပါ​မည်။ ယင်း​တို့​မှာ ဤသို့ ဖြစ်၏– (၁) သင့်​ကလေး မတော်မတရား​ပြုခြင်း​မခံ​ရအောင် အဓိက​ကာကွယ်​ပေး​သူ​ဖြစ်ပါ၊ (၂) သင့်​ကလေး​ကို လိင်​နှင့်​ပတ်သက်​၍ ပညာပေး​ပါ၊ နှင့် (၃) အခြေခံ​ကာကွယ်​နည်း​တချို့​ကို ကလေး​အား သင်ပေးပါ။

သင်သည် အဓိက​ကာကွယ်​ပေး​သူ​လော

သားသမီး​များ မတော်မတရား​ပြုခြင်း​မခံ​ရအောင် ကာကွယ်​ပေး​ရန်​မှာ မိဘများ​၏ အဓိက​တာဝန်ဖြစ်​၏။ သားသမီး​များ​၏​တာဝန်​မဟုတ်​ချေ။ ထို့​ကြောင့် ကလေးမတော်မတရား​ပြု​မှု​နှင့်​ပတ်သက်​၍ သားသမီး​များ​ကို မသင်​ပေးမီ မိဘများ​ဘက်​မှ အရင်ဆုံး​သင်ယူ​ရမည်​ဖြစ်သည်။ သင်သည် မိဘ​တစ်ဦး​ဖြစ်​မည်​ဆိုလျှင် ကလေး​မတော်မတရား​ပြု​မှု​နှင့်​ပတ်သက်​၍ သိထားရ​မည့်​အရာ​တချို့ ရှိပါ​သည်။ မည်သို့သော​လူစားမျိုး​က ကလေး​များ​ကို မတော်မတရား​ပြု​ကြောင်း၊ ယင်း​သို့ ပြု​ရန် သူတို့ မည်သို့ ကြိုးပမ်း​ကြ​ကြောင်း သင် သိထားဖို့​လို​၏။ ကလေး​များ​အား ဗလက္ကာရပြု​သူတို့သည် ကလေး​များ​ကို​ပြန်ပေးဆွဲ​၍ မုဒိမ်းကျင့်​ရန် နည်းလမ်းများ​ရရှိဖို့ မှောင်ရိပ်​ခို​ချောင်းမြောင်း​နေသော သူစိမ်း​များ​ဖြစ်သည်ဟု မိဘများ ယူမှတ်လေ့​ရှိကြသည်။ ယင်း​သို့​သော​လူ​ယုတ်မာ​များ အမှန်ပင် ရှိကြပါ​သည်။ သတင်း​မီဒီယာ​များ​ကြောင့် ယင်း​သို့​သော လူ​ယုတ်မာ​များ​ကို ကျွန်ုပ်​တို့ မကြာခဏ​ပင် သတိပြုမိ​တတ်ကြ​သည်။ သို့သော် သူစိမ်း​များ​ကြောင့်​ဖြစ်သည်​ဟူသော သတင်း​မျိုးမှာ ရှားပါး​လှ​၏။ ကလေး​မတော်မတရား​ပြု​မှု​၏ ၉၀ ရာခိုင်နှုန်း​ခန့်​တွင် ပြစ်မှုကျူးလွန်​သူသည် ကလေး​ဘက်​မှ ရင်းနှီး​သိကျွမ်း​ထားပြီး ယုံကြည်​စိတ်ချ​ရသူ​တစ်ဦး​ဖြစ်နေ​သည်။

ဖော်ရွေ​သော အိမ်နီးချင်း၊ ဆရာ၊ ကျန်းမာ​ရေး​ဝန်ထမ်း၊ နည်းပြ သို့​မဟုတ် ဆွေမျိုး​တစ်ဦး​သည် သင်၏​သားသမီး​များ​ကို မတော်မလျော်​တပ်မက်​နိုင်​သည်​ဟု သင် မယူမှတ်​လို​ခြင်း​မှာ သဘာဝ​ပင်။ အမှန်​မှာ လူအများစု​သည် ထိုသို့​မဟုတ်​ကြ​ချေ။ သင့်​ပတ်ဝန်းကျင်​မှ​လူတိုင်းကို သံသယဝင်​စ​ရာ​မလိုပါ။ သို့သော် ကလေး​မတော်မတရား​ပြုကျင့်​သူ အသုံးပြုသည့် နည်း​ပရိယာယ်​များ​ကို သိရှိ​ထားခြင်း​ဖြင့် သင့်​သားသမီး​များ​ကို ကာကွယ်​ပေး​နိုင်​ပါ​သည်။

ယင်း​နည်း​ပရိယာယ်​များ​ကို သိရှိ​ထားခြင်း​က အဓိက​ကာကွယ်​ပေး​သူ​တစ်ဦး​ဖြစ်​ရန် မိဘ​ဖြစ်သူ​သင့်​အား အသင့်ပြင်​ဆင်​ပေး​နိုင်​ပါ​သည်။ ဥပမာ၊ လူကြီး​များ​ထက် ကလေး​များ​ကို ပို​၍​စိတ်ဝင်စား​ပုံ​ရသူ​တစ်ဦး​သည် သင့်​ကလေး​ကို အထူး​စိတ်ဝင်စား​ပြီး လက်ဆောင်​များ​ဝယ်​ပေးခြင်း၊ ကလေးထိန်း​ပေးခြင်း သို့​မဟုတ် သင့်​ကလေး​နှင့်အတူ အပြင်ထွက်​လည်​ရန် ကမ်း​လှမ်း​ခြင်း​တို့ကို ပြုလုပ်​လာ​လျှင် သင် အဘယ်​သို့ ပြု​မည်​နည်း။ ထို​သူသည် ကလေး​ဗလက္ကာရပြု​သူ​ဖြစ်​ရမည်ဟု ကောက်ချက်​ချ​သင့်​သလော။ မချ​သင့်​ပေ။ ထိုသို့ အလျင်စလို ကောက်ချက်​မချ​လိုက်ပါ​နှင့်။ ယင်း​သို့​သော​အပြု​အမူ​သည် သဘော​ရိုး​နှင့်​ပြုခြင်း​ဖြစ်​ပေမည်။ သို့သော် ယင်းကို သတိထား​၍ စောင့်ကြည့်​နိုင်​ပါ​သည်။ သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– “ဉာဏ်​တိမ်​သော​သူသည် သူတစ်ပါး​ပြော​သမျှ​ကို ယုံတတ်​၏။ ပညာသတိ​ရှိသောသူ​မူ​ကား မိမိ​သွားရာလမ်းကို စေ့စေ့​ကြည့်ရှု​တတ်၏။”—သု. ၁၄:၁၅

ယုံရခက်​သော မည်သည့်​ကမ်း​လှမ်း​မှု​မျိုး​မဆို သဘော​ရိုး​ဖြစ်ချင်​မှ​ဖြစ်​မည်​ကို သတိရပါ။ သင့်​ကလေး​အား စေတနာ​ဖြင့်​ထိန်းပေး​နေ​သူ မည်​သူ့ကို​မဆို ဂရုတစိုက် စောင့်ကြည့်​စစ်ဆေး​ပါ။ သင်သည် သင့်​ကလေး​ကို အချိန်မရွေး လာ​ကြည့်​မည်​ဖြစ်​ကြောင်း ထို​သူအား အသိပေး​ပါ။ သား​သုံးယောက်​၏ ငယ်ရွယ်​သော​မိဘများ​ဖြစ်သူ မယ်​လီဆာ​နှင့် ဘ​ရက်​ဒ်​တို့သည် ကလေး​တစ်ဦးတည်း​ကို လူကြီး​တစ်ဦး​နှင့်​ထားခဲ့​ခြင်း​နှင့်​ပတ်သက်​၍ သတိထား​ကြသည်။ သားတစ်ယောက်​အား ဂီတ​ပညာ​ကို အိမ်​၌​သင်ကြား​စေသော​အခါ နည်းပြ​အား မယ်​လီဆာ​က “ဆရာ​ရှိနေတုန်း အခန်း​ထဲ​ကို ကျွန်မ ဝင်ထွက်​နေမယ်​နော်” ဟူ၍​ပြောပြ​ထား​၏။ ဤသို့​သတိ​ဝီရိယ​ရှိ​ခြင်း​က တစ်ဖက်​စွန်း​ရောက်​ပုံ​ပေါက်​သော်လည်း အဆိုပါ​မိဘများသည် အခါ​နှောင်း​မှ ဝမ်းနည်း​ရမည့်​အစား ယခု​ပင် ကာကွယ်​မှုများ​ပြုလုပ်​ထား​လို​ပေမည်။

သင့်​ကလေး​၏ လုပ်ဆောင်မှုများ၊ သူငယ်ချင်းများ၊ ကျောင်းစာ​များ​ကို စိတ်ဝင်စား​ကြောင်း​ပြ​ပါ။ ခရီးတို​ထွက်​ခြင်း​နှင့်​ပတ်သက်​သည့် သင့်​ကလေး​၏ အစီအစဉ်​အားလုံး​ကို အသေးစိတ်​သိရှိ​ထား​ပါ။ လိင်ဆိုင်ရာ​မတော်မတရား​ပြု​သည့် ပြစ်မှု​များ​အကြောင်း ၃၃ နှစ်​ကြာ​လေ့လာ​ခဲ့​သည့် စိတ်​ကျန်းမာ​ရေး​ပညာရှင်​တစ်ဦး​က မိဘများ​ဘက်​မှ သတိ​ဝီရိယ​ရှိ​မည်​ဆိုလျှင် ဖြစ်လာ​နိုင်​စ​ရာ​အကြောင်း​မရှိသော ပြစ်မှု​များစွာကို မိမိ​တွေ့ခဲ့​ရ​ကြောင်း ဖော်ပြ​၏။ “မိဘတွေဟာ သူတို့ရဲ့​သားသမီးတွေကို ကျွန်တော့်​ဆီ အပ်​ထား​ကြ​တာ​ကိုး။ . . . ဒီတော့ ကျွန်တော် ပြစ်မှုကျူးလွန်​ဖို့ လွယ်လွယ်လေး​ပဲ” ဟူသော ဗလက္ကာရပြု​သူ​တစ်ဦး၏​စကား​ကို သူ​ကိုးကား​ဖော်ပြ​၏။ ဗလက္ကာရပြု​သူ​အများစု​သည် အမြတ်​ထုတ်ရ​လွယ်ကူ​မည့် ကလေး​များ​ကို ရွေးချယ်​ကြ​ကြောင်း သတိရပါ။ သားသမီး​များ​၏​ဘဝတွင် တက်တက်ကြွကြွ ပါဝင်​ပတ်သက်​ကြသော မိဘများသည် မိမိတို့​သားသမီး​များ​အား အနိုင်ကျင့်​ခံရ​မှု​မှ လွတ်မြောက်​စေ​ကြသည်။

ကောင်းစွာ​နားထောင်​ပေးခြင်း​သည် သင့်​ကလေး​အား အဓိက​ကာကွယ်​ပေး​သူ​အဖြစ် လုပ်ဆောင်​ရမည့် နောက်တစ်နည်း​ဖြစ်၏။ ကလေး​များသည် မတရား​ပြုကျင့်​ခံ​ခဲ့​ရ​ကြောင်း ဖွင့်ပြော​ခဲ​၏။ ကလေး​များသည် အရှက်အကြောက်​ကြီး​ကာ အခြားသူများ မည်သို့​တုံ့ ပြန်​မည်​ကို စိုးရိမ်​တတ်ကြ​၏။ သို့ ဖြစ်၍ စကား​အရိပ်အမြွက်​ပြော​လှာ​လျှင်​ပင် ဂရုတစိုက်​နားထောင်ပေး​ပါ။ * သင့်​အား စိတ်ထင့်​စေ​မည့်​အရာ​တစ်ခုခု​ကို ကလေး​က​ပြော​လှာ​လျှင် တည်တည်ငြိမ်ငြိမ်​ဖြင့် မေးခွန်းများ​မေး၍ စကား​နှိုက်ထုတ်ပါ။ * ကလေးထိန်း​တစ်ဦး​ကို ပြန်​မလာ​စေ​လို​ကြောင်း​ပြော​ဆိုလျှင် အဘယ်ကြောင့်​ဖြစ်​ကြောင်း မေးပါ။ လူကြီး​တစ်ဦး​က သူနှင့်​အတူ ကစား​နည်း​အသစ်အဆန်း​များ​ကို ကစား​ကြောင်း ပြော​ဆိုလျှင် “ဘယ်လို​ကစား​နည်း​မျိုး​လဲ။ သူ ဘာတွေ​လုပ်သလဲ” ဟု​မေးပါ။ မိမိ​အား တစ်စုံ​တစ်ယောက်​က က​လိ​ထိုး​ကြောင်း တိုင်တန်း​လာ​လျှင် “ဘယ်​နေရာကို​လဲ” ဟု​မေးပါ။ ကလေး​၏​အဖြေ​များ​ကို ပေါ့ပေါ့တန်တန် သဘော​မထား​ပါ​နှင့်။ မတရား​ပြုကျင့်​သူများ​သည် ကလေး​အား ဘယ်သူမှ မင်းကို ယုံမှာ​မဟုတ်ဘူး​ဟူ၍ ပြောပြ​တတ်ကြ​သည်။ ယင်း​အတိုင်း​ဖြစ်နေ​ခြင်း​က ဝမ်းနည်းစရာပင်။ ကလေး​တစ်ဦး မတရား​ပြုကျင့်​ခံရ​လျှင် မိဘ​ဖြစ်သူ​အနေ​နှင့် အဖြစ်မှန်​ကို​လက်ခံ​ကာ ထောက်မ​ပေးခြင်း​က စိတ်ပိုင်း​အရ နာလန်ထူ​လာ​စေသည့် အရေးကြီးသော​ခြေလှမ်း​တစ်ရပ်​ဖြစ်၏။

သင့်​ကလေး​၏ အဓိက​ကာကွယ်​ပေး​သူ​ဖြစ်ပါ

သင့်​ကလေး​ကို လိင်​နှင့်​ပတ်သက်​၍ ပညာပေး​ပါ

ကလေး​မတော်မတရား​ပြုခြင်း​အကြောင်း စာအုပ်​တစ်အုပ်​တွင် “လိင်​အကြောင်း ဘာမှ​မသိတဲ့​ကလေး​တစ်ယောက်​ဟာ ကျွန်တော့်​ရဲ့​သားကောင်​ဖြစ်​ဖို့ လွယ်လွယ်လေး​ပဲ” ဟူသော ကလေး​ဗလက္ကာရပြု​မှု​ဖြင့် ပြစ်ဒဏ်ချ​မှတ်​ခံ​ခဲ့​ရသူ​တစ်ဦး၏​အဆိုကို ကိုးကား​ဖော်ပြ​ထား​၏။ အဆိုပါ​ကျောချမ်း​စ​ရာ​စကား​များသည် မိဘများ​အတွက် အသုံးဝင်​သော သတိပေး​ချက်​တစ်ရပ်​ပင်။ လိင်​အကြောင်း မသိ​နားမလည်​သော ကလေး​များသည် ကလေး​ဗလက္ကာရပြု​သူများ​အတွက် လှည့်ဖြား​ရ ပို​လွယ်ကူ​သည်။ အသိပညာနှင့် ဉာဏ်ပညာ​သည် ကျွန်ုပ်​တို့အား “ကောက်​သော​စကား​ကို ပြောတတ်​သော​သူ” ၏​လက်​မှ ကယ်တင်​နိုင်​ကြောင်း ကျမ်းစာ​က​ဆို​၏။ (သု. ၂:၁၀-၁၂) သင့်​ကလေး​အား ထိုသို့​သော အသိပညာနှင့် ဉာဏ်​ပညာရှိ​စေ​လို​သည်​မှာ သေချာ​ပါ​သည်။ ထို့နောက် သင်သည် သူ့ကို ကာကွယ်​ပေး​ရာ​တွင် အခြေခံကျ​သော ဒုတိယ​အဆင့်​အနေ​ဖြင့် ဤ​အရေးကြီးသော​အချက်​ကို သူ့​အား သွန်သင်ပေး​ရန် မတွန့်​ဆုတ်​ပါ​နှင့်။

သို့သော် ယင်းကို သင် မည်သို့ အောင်မြင်​ပြီးမြောက်​စေမည်​နည်း။ မိဘ​များစွာ​အတွက် သားသမီး​များနှင့်​အတူ လိင်​အကြောင်း ဆွေးနွေး​ပြောဆိုခြင်း​သည် အတော်ပင် ကသိကအောက်​နိုင်​လှ​၏။ သင့်​ကလေး​အတွက် ပို​၍​ပင် ကသိကအောက်​နိုင်​ပေမည်။ ထို့​အပြင် ယင်း​အကြောင်းကို သူ့​ဘက်​မှ​အစပြု​၍ သင်​နှင့်​ပြောဆို​လို​မည်​မဟုတ်​ချေ။ ထို့​ကြောင့် သင့်​ဘက်​မှ အစပြု​ပါ​လေ။ မယ်​လီဆာ​က ဤသို့​ဆို​၏– “ကိုယ်​အင်္ဂါ​အစိတ်အပိုင်း​တွေ​ရဲ့ အခေါ်အဝေါ်​နဲ့ ကျွန်မ​တို့ စောစော​ပဲ​စ​လိုက်ကြတယ်။ သူတို့​ကိုယ်ခန္ဓာ​မှာ ဘယ်​အစိတ်အပိုင်း​မှ မထူးဆန်း​ဘူး၊ ရှက်​စ​ရာ​လည်း မလိုဘူး​ဆိုတာ​ကို ကလေး​စကား​မ​သုံးဘဲ စကားလုံး​အမှန်​ကို​သုံးပြီး ဖော်​ပြပေး​တယ်။” ယင်း​သို့​ပြောပြ​ပြီး​နောက် မတော်မတရား​ပြု​သည့်​အကြောင်းကို ဆက်​ပြောဆို​ဖို့ ပို​လွယ်ကူ​ပေ​လိမ့်​မည်။ မိဘ​များစွာ​သည် သားသမီး​များ​အား အမြဲ​ဖုံး​ထား​ရသော ကိုယ်ခန္ဓာ​အစိတ်အပိုင်း​များသည် ကိုယ်ပိုင်​ဖြစ်​ပြီး သီးသန့်​ဖြစ်​ကြောင်း ပြောပြ​ထား​ကြသည်။

ရှေ့​ဆောင်းပါး​တွင်​ဖော်ပြ​ခဲ့​သော ဟက်​သာ​က ဤသို့​ဆို​၏– “စ​ကော့တ်​နဲ့ ကျွန်မ​ဟာ သားလေး​ကို သူ့ရဲ့​လိင်​အင်္ဂါ​ဟာ သူ့​ကိုယ်ပိုင်​ဖြစ်တယ်၊ သူနဲ့​ပဲ​ဆိုင်​တယ်၊ ကစားစရာ​မဟုတ်ဘူးလို့ ပြောပြ​ထား​ကြတယ်။ မေ​မေ့​အတွက်​မဟုတ်သလို ဖေ​ဖေ့​အတွက်​လည်း​မဟုတ်ဘူး။ ဆရာဝန်​အတွက်​တောင်​မဟုတ်ဘူးလို့ ပြောပြ​ထား​တယ်။ သားလေး​ကို ဆရာဝန်​ဆီ​ခေါ်​သွားတဲ့အခါ သားလေး နေကောင်း​အောင် ဆရာဝန်​က ကုပေး​မှာ​ဖြစ်​လို့ ဆရာဝန်​တော့ ကိုင်​လို့​ရတယ်​ဆိုပြီး ရှင်းပြတယ်။” မိဘ​နှစ်ပါး​သည် အခါ​အား​လျော်​စွာ ထိုသို့​အနည်း​အကျဉ်း​ပြောပြ​ထားပြီး တစ်ဦးဦး​က မတော်လျော်​သည့်​နည်းဖြင့် သူ့​အား ကိုင်တွယ်​လာ​လျှင် သို့​မဟုတ် အနေရခက်​စေ​လျှင် မိမိတို့​ထံ အမြဲ​လာရောက်​ပြောပြ​နိုင်​ကြောင်း ကလေး​အား သေသေချာချာ ပြောပြ​ထား​ကြသည်။ ကလေး​ပြုစု​စောင့်ရှောက်ရေး​နှင့် မတရား​ပြု​မှု​မှ​ကာကွယ်​ရေး​တွင် ကျွမ်းကျင်​သူများ​က မိဘများ​ကို မိမိတို့၏​သားသမီး​များနှင့် အလားတူ​ပြောဆို​ကြ​ရန် အကြံပြု​သည်။

ဤ​အကြောင်းအရာကို သားသမီး​များ​အား သွန်သင်ပေး​ရာ​တွင် ကြီးမြတ်သော​ဆရာ​ထံ​မှ သင်ယူပါ *  စာအုပ်​သည် အမှန်ပင် အထောက်အကူ​ရ​ကြောင်း များစွာသော​သူတို့ တွေ့ရှိ​ခဲ့​ကြပြီ။ အခန်း ၃၂ မှ “ယေရှု ကာကွယ်​ခံရ​ပုံ​အကြောင်း” သည် မတော်မတရား​ပြု​မှု​၏​အန္တရာယ်များ​နှင့် မိမိကိုယ်ကို​ကာကွယ်​ခြင်း​၏ အရေးကြီးမှု​တို့​နှင့်​ပတ်သက်​၍ ကလေး​များ​အတွက် တဲ့တိုး​ဖြစ်သော်လည်း အထောက်အကူ​ပြုသော​အကြောင်းအရာ​ဖြစ်၏။ “ကျွန်မ​တို့​ရဲ့​သားသမီးတွေကို ကိုယ်တိုင်​ကိုယ်​ကျ ပြောပြ​ထား​ရမယ့်​အရာ​နဲ့​ပတ်သက်ပြီး အထောက်အကူ​ပြု​တဲ့ အကောင်းဆုံးနည်း​တစ်နည်း​ကို ဒီ​စာအုပ်​က ဖော်​ပြပေး​တယ်” ဟု မယ်​လီဆာ​က​ဆို​၏။

မျက်မှောက်​လောကတွင် ကလေး​များ​ကို တို့​ထိ​ကိုင်တွယ်​လို​သူတချို့ သို့​မဟုတ် မတော်လျော်​သော​နည်းများဖြင့် မိမိတို့​အား ကိုင်တွယ်​စေ​လို​သူ​လူကြီး​တချို့​ရှိကြောင်း ကလေး​များ​သိထား​ရန်လို​သည်။ အဆိုပါ​သတိပေး​ချက်​များ​ကြောင့် ကလေး​များသည် ကြောက်ရွံ့​ရန်​မလို​သကဲ့သို့ လူကြီး​အားလုံး​ကို မယုံ​သင်္ကာ​ဖြစ်​ရန်​လည်း​မလို​ချေ။ “ဒါက အကာအကွယ်​ဖြစ်စေ​တဲ့ သတိပေး​ချက်​တစ်ခု​ပဲ​ဖြစ်တယ်။ ဒီ​သတိပေး​ချက်​က မတော်မတရား​ပြု​မှု​နဲ့ မပတ်သက်တဲ့ သတိပေး​ချက်​အများကြီး​ထဲ​က တစ်ခု​ပဲ။ အဲဒါ​က ကျွန်မ​သားကို ကြောက်စိတ်​မဖြစ်စေ​ခဲ့​ဘူး” ဟု ဟက်​သာ​က​ဆို​၏။

နာခံမှု​နှင့်​စပ်လျဉ်း၍ မျှမျှတတ​ရှုမြင်​ရန်​လည်း သင့်​ကလေး​အား သင်ပေး​သင့်​၏။ ကလေး​တစ်ဦး​အား နာခံ​တတ်​ရန်​သင်ပေးခြင်း​သည် အရေးကြီး​ပြီး ခက်ခဲ​သော သင်ခန်းစာ​တစ်ရပ်​ဖြစ်၏။ (ကောလောသဲ ၃:၂၀) သို့သော် ယင်း​သို့​သော​သင်ခန်းစာများ​သည် အစွန်းရောက်​သွား​နိုင်​သည်။ ကလေး​တစ်ဦး​အား အခြေအနေ​တိုင်း​တွင် လူကြီး​တိုင်း​၏​စကား​ကို အမြဲ​နာခံ​ရမည်ဟု သင်ပေး​မည်​ဆိုလျှင် ကလေး​အနေ​နှင့် အလွယ်တကူ မတော်မတရား​ပြု​ခံရ​နိုင်၏။ ကလေး​များသည် အဘယ်​အချိန်တွင် အလျှော့ပေး​လိုက်လျော​လွန်း​တတ်​သည်ကို ဗလက္ကာရပြု​သူများ လျင်မြန်​စွာ သတိပြုမိ​ကြ​၏။ ပညာ​ရှိသော​မိဘများသည် နာခံခြင်း​တွင် အကန့်အသတ်​ရှိကြောင်း မိမိတို့၏​သားသမီး​များ​ကို သင်ပေး​ကြ​၏။ ခရစ်ယာန်​များ​အတွက်​မူ ယင်းသည် ထင်​သလော​က် မ​ရှုပ်ထွေး​ပေ။ သူတို့​လေး​များ​ကို ဤသို့​ရိုးရိုးလေး​ပြောပြ​ရုံ​သာ​ဖြစ်၏– “ယေဟောဝါ​ဘုရားသခင်​က မှားတယ်လို့​ပြော​တဲ့​အရာ​ကို တစ်ယောက်ယောက်​က မင်းကို​လုပ်​ခိုင်းရင် မလုပ်ရဘူး​နော်။ ယေဟောဝါ​က မှားတယ်လို့​ပြော​တဲ့​အရာ​ကို ဖေဖေ​နဲ့ မေမေ​တောင် မင်းကို မ​လုပ်​ခိုင်း​သင့်​ဘူး။ တစ်ယောက်ယောက်​က မင်းကို အမှား​တစ်ခုခု​လုပ်​ခိုင်းရင် မေမေကို​ဖြစ်ဖြစ်၊ ဖေဖေ​ကို​ဖြစ်ဖြစ် အမြဲ​လာ​ပြောပြ​ရမယ်။”

အဆုံး​တွင်​မူ မိဘများ​မသိအောင် ဖုံးကွယ်​ထား​ဖို့ တစ်ဦး​တစ်ယောက်​က တောင်းဆို​လာ​လျှင် လက်မခံ​သင့်​ကြောင်း သင့်​ကလေး​အား သိရှိ​စေပါ။ မိဘ​မသိအောင် တစ်ခုခု ဖုံးကွယ်​ထားရန် တစ်ဦး​တစ်ယောက်​က တောင်းဆို​လှာ​လျှင် မိဘ​အား အမြဲ​လာ​အသိပေး​သင့်​ကြောင်း သူ့ကို ပြောပြ​ထား​ပါ။ ခြိမ်းခြောက်​မှု​ဖြစ်စေ၊ မတော်မတရား​ပြုသူ​၏ မည်သည့်​စကား​ပင်​ဖြစ်စေ သို့​မဟုတ် ကလေး​ကိုယ်တိုင် အမှား​တစ်ခုခု​ပြု​မိ​သည်​ဖြစ်စေ အမေ သို့​မဟုတ် အဖေ​ထံ​လာ၍ အမြဲ​ပင် ပြောပြ​၍​ရသည်။ သို့သော် သူ့ကို သွန်သင်ပေး​သည့်​အခါ အထိတ်တလန့်​မဖြစ်စေ​သင့်​ပေ။ လူ​အများစုမှာ​မူ မကိုင်​သင့်​သည့်​နေရာကို ကိုင်​ကြ​မည်​မဟုတ်​ကြောင်း၊ ဘုရားသခင်​၏​စကား​ကို နားမထောင်​ဖို့၊ ဖုံးကွယ်​ထား​ဖို့ တိုက်တွန်း​မည်​မဟုတ်​ကြောင်း သင့်​ကလေး​အား စိတ်ချ​စေနိုင်​ပါ​သည်။ မီးလောင်​လျှင် ပြေး​ရန်​ထွက်ပေါက်​တစ်ခု ကြိုတင်​စီစဉ်​ထား​သကဲ့သို့ အဆိုပါ​ပြောပြချက်​များသည်​လည်း “ကြိုတင်​ကာကွယ်​မှု” တစ်ရပ်​မျှ​သာ​ဖြစ်​ရာ ယင်း​သတိပေး​ချက်​များ​ကို အသုံးပြု​ဖို့ အမြဲ​လိုအပ်​ချင်​မှ လိုအပ်​ပေမည်။

သင့်​ကလေး​ကို လိင်​နှင့်​ပတ်သက်​၍ ပညာပေး​ပါ

အခြေခံ​ကာကွယ်​နည်း​တချို့​ကို ကလေး​အား သင်ပေးပါ

ကျွန်ုပ်​တို့​သုံးသပ်​မည့်​တတိယ​အဆင့်​မှာ တစ်ဦးဦး​က သင်​မရှိ​တုန်း အခွင့်​အရေးယူ​ရန်​ကြိုးစား​ခဲ့​သော် လုပ်ဆောင်​ရမည့်​အချက်​တချို့​ကို ကလေး​အား သင်ပေး​ထားခြင်း​ဖြစ်သည်။ အကြံပြု​ထား​သည့်​နည်း​တစ်နည်း​မှာ ကစား​နည်း​ပုံစံ​ဖြင့် သင်ပေးခြင်း​ဖြစ်သည်။ မိဘများ​က “တကယ်လို့ . . . ဆိုရင်၊ ဘာလုပ်​မလဲ” ဟု​မေး​ကာ ကလေး​အား ဖြေ​ခိုင်းပါ။ “တကယ်လို့ ဈေး​ထဲမှာ မေမေ​တို့ လူ​ကွဲ​သွားတယ်​ဆိုရင်၊ မေမေ့ကို သား ဘယ်လို​ရှာ​မလဲ” ဟူ၍ သင်​မေး​နိုင်​ပေ​သည်။ ကလေး​သည် သင်​မျှော်လင့်​ထား​သည့်​အဖြေကို အတိအကျ​ပေး​နိုင်​မည်​မဟုတ်သော်လည်း “ပို​ပြီး​တော့ အန္တရာယ်ကင်း​အောင် သား​လုပ်နိုင်တဲ့​အရာ​တစ်ခုခု​ကို စဉ်းစားမိ​သလား” ဟူသော​ထပ်ဆင့်​မေးခွန်းများ မေး​ခြင်း​ဖြင့် သူ့​အား သင်ပေး​နိုင်​ပါ​သည်။

တစ်ဦး​တစ်ယောက်​က မတော်မလျော်​သည့်​နည်းဖြင့် မိမိကို တို့​ထိ​ကိုင်တွယ်​ဖို့ ကြိုးစား​လာ​လျှင် အန္တရာယ်​အ​ကင်း​ဆုံး တုံ့ ပြန်​မှု​မှာ အဘယ်အရာ​ဖြစ်​မည်​နည်း​ဟူသော မေးခွန်းများကို​အသုံးပြု၍​လည်း ကလေး​အား မေးမြန်း​နိုင်​ပါ​သည်။ အဆိုပါ​မေးခွန်းများ​ကြောင့် ကလေး​စိတ်ရှုပ်​ထွေး​လာ​လျှင် အခြား​ကလေး​တစ်ယောက်​အကြောင်း ကြိုး​စား၍ ပြောပြ​နိုင်​ပါ​သည်။ ဥပမာ– “မိန်းကလေး​တစ်ယောက်​ဟာ သူ​ခင်မင်​တဲ့ ဆွေမျိုး​တစ်ယောက်​နဲ့​အတူ ရှိနေတယ်။ အဲဒီနောက် အဲဒီ​ဆွေမျိုး​က မကိုင်​သင့်တဲ့​နေရာကို ကိုင်​ဖို့​ကြိုးစား​တယ်။ အန္တရာယ်​မရှိ​အောင် အဲဒီ​မိန်းကလေး ဘာ​လုပ်သင့်တယ်​လို့ ထင်​သလဲ။”

အခြေခံ​ကာကွယ်​နည်း​တချို့​ကို ကလေး​အား သင်ပေးပါ

အထက်ပါ​အခြေအနေ​မျိုး​တွင် အဘယ်အရာ​ပြုလုပ်​ဖို့ သင့်​ကလေး​ကို သင်ပေး​သင့်​သနည်း။ စာရေး​ဆရာ​တစ်ဦး​က ဤသို့​ဖော်ပြ​သည်– “ ‘မလုပ်နဲ့’ သို့​မဟုတ် ‘လာ​မနှောင့်ယှက်​နဲ့’ ဟူ၍ လေသံ​မာ​မာ​နှင့်​ပြောဆိုခြင်း​က ပရိယာယ်​များသော​ပြစ်မှုကျူးလွန်​သူကို နောက်ဆုတ်​သွား​စေ​သည် သို့​မဟုတ် တွေဝေ​သွား​စေ​သည်။” အသံ​ကျယ်ကျယ်​နှင့် ငြင်းဆို​၍ အမြန်ဆုံး​ထွက်ပြေး​ကာ ဖြစ်ပျက်​ခဲ့​သမျှ​ကို ပြောပြ​ဖို့ သေချာ​စေရန် ဇာတ်လမ်း​ဆင်​ပြီး သင့်​ကလေး​ကို ခဏ​တစ်​ဖြုတ် သရုပ်ဆောင်​စေပါ။ အဆိုပါ​လေ့ကျင့်ပေး​မှု​ကို ကောင်းစွာ​သဘောပေါက်​သွား​ပုံ ရသော ကလေး​တစ်ဦး​သည် ရက်သတ္တပတ်​အနည်းငယ် သို့​မဟုတ် လအနည်းငယ်​အတွင်း အလွယ်တကူ မေ့လျော့​သွားပေ​မည်။ သို့​ဖြစ်၍ ထပ်ခါတလဲ​လဲ လေ့ကျင့်ပေး​ပါ​လေ။

အဖေ၊ ပထွေး၊ အခြား​အမျိုးသား​ဆွေမျိုး​များ အပါအဝင် ကလေး​ကို အနီးကပ်​ကြည့်ရှု​စောင့်ရှောက်​သူအား​လုံး ဤ​ဆွေးနွေးမှု​များ​တွင် ပါဝင်​သင့်​၏။ အဘယ်ကြောင့်​နည်း။ အမှန်ဆိုလျှင် ယင်း​သို့​သော​သင်ကြား​ပေး​မှု​တွင် ပါဝင်​ခဲ့​သူ အားလုံး​သည် အဆိုပါ​မတော်လျော်​သော​လုပ်ရပ်များ​ကို ဘယ်တော့​မျှ ကျူးလွန်​မည်​မဟုတ်​ကြောင်း ကလေး​အား စိတ်ချ​စေသော​ကြောင့်​ဖြစ်သည်။ သို့သော် လိင်ဆိုင်ရာ​မတော်မတရား​ပြု​မှုများ​စွာ​သည် မိသားစု​အတွင်း​၌ ဖြစ်ပျက်​နေခြင်း​မှာ ဝမ်းနည်းစရာပင်။ မတော်မလျော်​ပြုမူ​နေသည့်​လောကတွင် မိမိ၏​မိသားစုကို ဘေးကင်း​လုံခြုံ​သော​ရိပ်မြုံ မည်သို့ ဖြစ်စေ​နိုင်​ကြောင်း နောက်​ဆောင်းပါး​တွင် ဆွေးနွေး​ပါ​မည်။

^ အပိုဒ်၊ 10 မတရား​ပြု​ခံရ​သည့် ကလေး​များစွာ​သည် တစ်ခုခု မှား​နေသည်​ကို အသံတိတ်​လက္ခဏာများ​ဖြင့် ပြ​တတ်ကြ​သည်​ဟု ပညာရှင်​များ​က မှတ်ချက်ချ​သည်။ ဥပမာ၊ ကလေး​တစ်ဦး​သည် အိပ်ရာ​တွင်​ဆီးသွားခြင်း၊ မိဘများ​ကို တွယ်ကပ်​လွန်း​ခြင်း၊ တစ်ဦးတည်း​နေရ​သည်ကို ကြောက်ရွံ့ ခြင်း အစ​ရှိသည့် ငယ်​မူ​ငယ်​ကျင့်​များ​ပြန်​ပေါ်လာ​လျှင် ထူးခြားသော​အရာ​တစ်ခုခု​က သူ့ကို စိတ်​အနှောင့်အယှက်​ပေး​နေကြောင်း အချက်ပြ​နေ​ပေမည်။ အဆိုပါ​လက္ခဏာများ​ကို ကလေး​မတော်မတရား​ပြု​ခံရ​သည့် တိကျသော အထောက်အထား​အဖြစ် မယူမှတ်​သင့်​ချေ။ သင့်​ကလေး​အား စိတ်​အနှောင့်အယှက်​ပေး​နေသည့်​အကြောင်းရင်းကို သိရှိ​ရန် အေးအေးဆေးဆေး​ဖြင့် ထုတ်ဖော်​ပြောဆို​စေမည်​ဆိုလျှင် သင့်​အနေ​နှင့် နှစ်သိမ့်မှု၊ ယုံကြည်​စိတ်ချမှု​နှင့် ကာကွယ်​မှု​ပေး​နိုင်​မည်။

^ အပိုဒ်၊ 10 ဤ​တွင် ရိုးရှင်း​လွယ်ကူ​စေရန် မတရား​ပြုသူ​ရော ပြု​ခံရ​သူကို​ပါ အမျိုးသားများ​အဖြစ် ရည်ညွှန်း​ထား​သည်။ သို့သော် ဤ​မူများ​သည် အမျိုးသား​နှင့်​ရော အမျိုးသမီးနှင့်​ပါ သက်ဆိုင်​သည်။

^ အပိုဒ်၊ 15 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည်။