မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အရက်ယမကာအပေါ် မှန်ကန်သောအမြင်ထားရှိခြင်း

အရက်ယမကာအပေါ် မှန်ကန်သောအမြင်ထားရှိခြင်း

အရက်ယမကာအပေါ် မှန်ကန်သောအမြင်ထားရှိခြင်း

အဖွင့်ဆောင်းပါးတွင် ဖော်ပြထားသော တိုနီသည် အရက်စွဲနေကြောင်း ဝန်ခံခဲ့မည်ဆိုလျှင် သူ့ဘ၀ တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်သည်။ သို့သော် သူသည် အရက်များစွာသောက်ထားလျှင်ပင် အရက်မူးသော လက္ခဏာမပြသောကြောင့် မိမိသည် အရက်စွဲမည်မဟုတ်ဟု ယူမှတ်ခဲ့သည်။ သူ၏ချင့်ချိန်နိုင်စွမ်း အဘယ်ကြောင့် ဤမျှလွဲချော်သွားရသနည်း။

အရက် အလွန်အကျွံသောက်ခြင်းကြောင့် သူ၏ချင့်ချိန်နိုင်စွမ်း လွဲမှားသွားခဲ့ရသည်။ ယင်းကို တိုနီ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူ၏ကိုယ်စိတ်နှစ်ပါးကို ထိန်းချုပ်ထားသော ဦးနှောက်သည် အရက်ကြောင့် ပုံမှန်မဟုတ်တော့ချေ။ အရက်ကို သူပိုသောက်လေလေ သူ၏အခြေအနေမှန်ကို ချင့်ချိန်နိုင်စွမ်း လျော့နည်းလေလေဖြစ်သည်။

တိုနီသည် မိမိကိုယ်ကို မှားယွင်းစွာ အကဲဖြတ်သည့် ဒုတိယအကြောင်းရင်းမှာ အရက်ကို ဆက်သောက်လိုသည့်ဆန္ဒပြင်းပြနေသောကြောင့်ဖြစ်သည်။ ရှေ့ဆောင်းပါးတွင် ဖော်ပြထားသည့် အယ်လန်သည် အရက်စွဲနေကြောင်း အစပိုင်း၌ ငြင်းဆန်ခဲ့သည်။ “အရက်ကို ကျွန်တော် ခွက်ပုန်းသောက်တယ်။ အရက်သောက်တာ ကျွန်တော့်အတွက် ဘာပြဿနာမှမရှိနိုင်ပါဘူးဆိုပြီး ဆင်ခြေဆင်လက်တွေပေးဖို့ ကြိုးစားတယ်။ အဲလိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ အရက်ကို ဆက်သောက်ဖို့ပဲ” ဟု သူဝန်ခံသည်။ ထိုသူနှစ်ဦးစလုံး အရက်စွဲနေသည်ကို အခြားသူများက သိသော်လည်း သူတို့ကမူ မိမိတို့ အရက်မစွဲပါဟုပြောနေဆဲပင်။ ထိုသူနှစ်ဦးစလုံးသည် အရက်၏ကျေးကျွန်မဖြစ်ရန် အရေးတယူလုပ်ဆောင်ဖို့လိုသည်။ သို့သော် မည်သို့လုပ်ဆောင်မည်နည်း။

အရေးတယူလုပ်ဆောင်ပါ

အရက်ဖြတ်ခဲ့သူများစွာသည် ယေရှုမိန့်ဆိုခဲ့သည့် ဤစကားများအတိုင်း လုပ်ဆောင်ခဲ့ကြသည်– “ညာဘက်မျက်စိသည် သင့်ကို တိုက်မိ၍လဲစေလျှင် ထုတ်ပစ်လိုက်လော့။ တစ်ကိုယ်လုံး ဂေဟင်နာအရပ် [လုံးလုံးလျားလျားပျက်စီးခြင်း] သို့ ရောက်သည်ထက် ကိုယ်အင်္ဂါတစ်ခု အဆုံးရှုံးခံရခြင်းက ပို၍ကောင်း၏။”—မဿဲ ၅:၂၉

ယေရှုသည် ပကတိကိုယ်အင်္ဂါ ဖြတ်တောက်ခြင်းကို ဆိုလိုနေခြင်းမဟုတ်ပါ။ ယင်းအစား ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်ဝေးကွာသွားစေမည့် အဘယ်အရာကိုမဆို အဆက်ဖြတ်လိုစိတ်ရှိသင့်ကြောင်း ယေရှု တင်စား၍ မိန့်ဆိုနေခြင်းဖြစ်သည်။ မှန်ပါသည်၊ ကျွန်ုပ်တို့ စတင်လုပ်ဆောင်သည့်အခါ နာကျင်ပေမည်။ သို့သော် ယင်းက ကျွန်ုပ်တို့ကို အရက်အလွန်အကျွံသောက်မိစေနိုင်သော ဆိုးရွားသည့် အခြေအနေများနှင့် အတွေးအခေါ်တို့မှ ကာကွယ်ပေးမည်။ ထို့ကြောင့် သင်သည် အရက်အလွန်အကျွံ သောက်နေပြီဟု တချို့က စိုးရိမ်စိတ်ဖြင့် သတိပေးလျှင် သင်အရက်သောက်သုံးသည့်ပမာဏကို ထိန်းချုပ်ပါ။ * ထိုပမာဏကို မထိန်းချုပ်နိုင်ကြောင်း ထင်ရှားနေပါက အရက်ဖြတ်ဖို့ လိုလိုလားလားရှိပါ။ ထိုသို့ပြုခြင်းက နာကျင်စေနိုင်သော်လည်း ဘ၀ပျက်ရသည်ထက်စာလျှင် နာကျင်မှုမှာ ဘာမျှမဟုတ်တော့ချေ။

သင်သည် အရက်ချိုးမဟုတ်သော်လည်း အရက်ကို အလွန်အကျွံ သောက်လေ့ရှိပါသလော။ ရှိသည်ဆိုလျှင် အရက်ယမကာအပေါ် မှန်ကန်သောအမြင်ရှိနိုင်ရန် အဘယ်လက်တွေ့ကျအချက်များကို သင် လုပ်ဆောင်နိုင်သနည်း။

အကူအညီရရှိနိုင်သည့်နေရာ

၁။ လှိုက်လှဲစွာ ထပ်တလဲလဲဆုတောင်းခြင်းက လိုအပ်သောအစွမ်းကို ပေးနိုင်ကြောင်းယုံကြည်ပါ။ ယေဟောဝါဘုရားသခင်၏စိတ်တော်နှင့် တွေ့လိုသူအားလုံးအတွက် ကျမ်းစာတွင် ဤသို့အကြံပေးထားသည်– “အရာရာတွင် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်း၊ တိုးလျှိုးအသနားခံခြင်းအားဖြင့် သင်တို့အသနားခံလိုသောအရာများကို ဘုရားသခင်ထံ ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် ဉာဏ်တို့ကို စောင့်ရှောက်လိမ့်မည်။” (ဖိလိပ္ပိ ၄:၆၊ ၇) စိတ်ငြိမ်သက်မှုရရှိရန် သင် မည်သို့ဆုတောင်းနိုင်သနည်း။

သင်အရက်စွဲနေကြောင်း ရိုးရိုးသားသား ဝန်ခံပါ၊ ယင်းသည် သင်ကိုယ်တိုင် ဖြေရှင်းရမည့်တာဝန်ဖြစ်သည်။ ထိုပြဿနာကို ကျော်လွှားနိုင်ရန် သင်မည်သို့လုပ်ဆောင်မည်ကို ယေဟောဝါဘုရားသခင်ထံ ဆုတောင်း၍ ပြောပြပါ။ ထိုသို့ပြုပါက စိတ်သက်သာရာရစေရန်နှင့် ပို၍ကြီးလေးသော ပြဿနာများကို ရှောင်ကြဉ်ရန် သင်၏ကြိုးပမ်းမှုအပေါ် ကိုယ်တော် ကောင်းချီးပေးပါလိမ့်မည်။ “မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား ကရုဏာတော်ကို ခံရလိမ့်မည်။” (သု. ၂၈:၁၃) ထို့ပြင် “အပြစ်သွေးဆောင်ရာနောက်သို့ မလိုက်ပါစေဘဲ ဆိုးညစ်သူ၏လက်မှ ကယ်နုတ်တော်မူပါ” ဟူ၍ဆုတောင်းနိုင်ကြောင်း ယေရှုမိန့်ဆိုခဲ့သည်။ (မဿဲ ၆:၁၃) သို့သော် ထိုဆုတောင်းချက်များနှင့်အညီ သင် အဘယ်သို့လုပ်ဆောင်နိုင်ပြီး သင်၏တိုးလျှိုးအသနားခံချက်များအတွက် အဖြေများကို အဘယ်နေရာမှ ရရှိနိုင်သနည်း။

၂။ သမ္မာကျမ်းစာမှ ခွန်အားရယူပါ။ “ဘုရားသခင်၏တရားစကားတော်သည် အသက်ရှင်၍ တန်ခိုးရှိ၏။ . . . စိတ်နှလုံးအကြံအစည်များကိုလည်း ပိုင်းခြားသိမြင်တတ်၏။” (ဟေဗြဲ ၄:၁၂) အရက်ချိုးဖြစ်ခဲ့သူများစွာတို့သည် ကျမ်းစာကို နေ့စဉ်ဖတ်ရှုကာ တွေးတောဆင်ခြင်ခြင်းအားဖြင့် အကူအညီရရှိခဲ့ကြပြီ။ ‘မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက်၊ . . . ထာ၀ရဘုရားသခင်၏ တရားစကားတော်ကို မွေ့လျော်၍ နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ . . . ပြုလေသမျှတို့၌ အောင်လိမ့်မည်’ ဟု ဘုရားသခင်အား ကြောက်ရွံ့သူ ဆာလံဆရာက ရေးသားခဲ့သည်။—ဆာလံ ၁:၁-၃

ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာသောကြောင့် အရက်အလွန်အကျွံသောက်ခြင်းကို အနိုင်ယူခဲ့သူ အယ်လန်က “သမ္မာကျမ်းစာနဲ့ ကျမ်းစာမူတွေကိုသာမသိခဲ့ရင် ကျွန်တော် အရက်သမားဘဝနဲ့ ကိစ္စချောတာကြာပြီ” ဟုဆိုသည်။

၃။ ချုပ်တည်းခြင်းကို မွေးမြူပါ။ ခရစ်ယာန်အသင်းတော်ရှိအချို့သည် ယခင်က အရက်ချိုးဖြစ်ခဲ့ကြသော်လည်း “ဘုရားသခင်၏စွမ်းအားတော်အားဖြင့်” ဆေးကြောသန့်စင်ခြင်းခံရကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ (၁ ကောရိန္သု ၆: ၉-၁၁) မည်သို့အားဖြင့်နည်း။ တစ်နည်းမှာ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်၏ အကူအညီဖြင့် ချုပ်တည်းခြင်း အရည်အသွေးကို မွေးမြူ၍ သောက်စားမူးယစ်ခြင်းနှင့် ဆူဆူညံညံပွဲခံခြင်းတို့ကို သူတို့ စွန့်လွှတ်နိုင်ခဲ့ကြခြင်းဖြစ်သည်။ “လွန်ကျူးစေတတ်သောဝိုင်နှင့် မူးယစ်ခြင်းကို ရှောင်ကြလော့။ ဘုရားသခင့်စွမ်းအားတော်နှင့် ပြည့်နေကြလော့။” (ဧဖက် ၅:၁၈; ဂလာတိ ၅:၂၁-၂၃) ‘ကောင်းကင်ဘုံရှိအဖသည် တောင်းသောသူတို့အား သန့်ရှင်းသောစွမ်းအားတော်ကို ပေးတော်မူမည်’ ဖြစ်ကြောင်း ယေရှုခရစ် ကတိပြုခဲ့သည်။ သို့ဖြစ်၍ “တောင်းမြဲတောင်းကြလော့။ တောင်းလျှင်ရလိမ့်မည်။”—လုကာ ၁၁:၉၊ ၁၃

ယေဟောဝါဘုရားသခင် နှစ်သက်လက်ခံသည့်နည်းအတိုင်း ဝတ်ပြုလိုသူတို့သည် သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာခြင်းနှင့် လှိုက်လှဲစွာ ထပ်တလဲလဲဆုတောင်းခြင်းတို့ဖြင့် ချုပ်တည်းခြင်းကို မွေးမြူနိုင်ကြသည်။ စိတ်ပျက်အားလျော့လိုက်မည့်အစား သမ္မာကျမ်းစာတွင်ဖော်ပြထားသော ဤကတိပြုချက်ကို လက်ခံပါ– “စွမ်းအားတော်အတွက် မျိုးစေ့ကြဲသူမူကား ဘုရားသခင့်စွမ်းအားတော်အားဖြင့် ထာ၀ရအသက်ကို ရိတ်သိမ်းရလိမ့်မည်။ ထို့ကြောင့် ငါတို့သည် လက်မလျှော့ဘဲ ကောင်းသောအမှုကို ပြုနေကြစို့။ အကြောင်းမူကား နွမ်းလျခြင်းမရှိဘဲနေလျှင် အချိန်တန်သော် ရိတ်သိမ်းကြရလိမ့်မည်။”—ဂလာတိ ၆:၈၊ ၉

၄။ အပေါင်းအသင်းကောင်းများကို ရွေးချယ်ပါ။ “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။” (သု. ၁၃:၂၀) သောက်မည့်အရက်ပမာဏကို ကန့်သတ်ထားကြောင်း သင့်မိတ်ဆွေများကို ပြောပြထားပါ။ သို့သော် “ဝိုင်သောက်ကြူးခြင်း၊ ဆူဆူညံညံပွဲခံခြင်း၊ အပြိုင်အဆိုင်သောက်ကြူးခြင်း” တို့ကို သင်စွန့်လိုက်သည့်အခါ သောက်ဖော်သောက်ဖက်ဟောင်းတချို့က သင့်ကို “အံ့ဩ၍ ကဲ့ရဲ့” မည်ဖြစ်ကြောင်း သမ္မာကျမ်းစာတွင် ကြိုသတိပေးထားပါသည်။ (၁ ပေတရု ၄: ၃၊ ၄) အကန့်အသတ်ဖြင့်သာ သောက်မည်ဟူသော သင့်ဆုံးဖြတ်ချက်ကို ပျက်ပြားစေမည့် အပေါင်းအသင်းများနှင့် အဆက်ဖြတ်လိုစိတ်ရှိပါ။

၅။ သောက်မည့်ပမာဏကို အတိအကျသတ်မှတ်ပါ။ “သင်တို့သည် လောကစနစ်၏ပုံစံကို မလိုက်ကြနှင့်တော့။ ဘုရားသခင့်အလိုတော်အတိုင်း ကောင်းမြတ်တော်မူသောအရာ၊ လက်ခံတော်မူဖွယ်သောအရာ၊ စုံလင်တော်မူသောအရာတို့ကို သိမှတ်နိုင်မည်အကြောင်း သင်တို့၏စိတ်သဘောကို ပြုပြင်ပြောင်းလဲကြလော့။” (ရောမ ၁၂:၂) သင်သောက်မည့် အရက်ပမာဏကို သတ်မှတ်ရန် အပေါင်းအသင်းများကို သို့မဟုတ် “လောကစနစ်” ကို အကူအညီတောင်းမည့်အစား ကျမ်းစာမူများကို ကျင့်သုံးမည်ဆိုလျှင် ဘုရားသခင်နှစ်သက်လက်ခံမည့် ဘ၀လမ်းစဉ်ကို ရရှိပါလိမ့်မည်။ သို့သော် သင့်အတွက် အန္တရာယ်အကင်းဆုံး အရက်ပမာဏကို သင် မည်သို့သတ်မှတ်နိုင်မည်နည်း။

သင်၏ချင့်ချိန်နိုင်စွမ်းကို ထိခိုက်စေပြီး သင်၏စဉ်းစားဆင်ခြင်နိုင်စွမ်းကို နှေးကွေးစေသော မည်သည့်အရက်ပမာဏမဆိုသည် သင့်အတွက် များလွန်းနေပြီ။ ထို့ကြောင့် သင်သည် အရက်သောက်မည်ဆိုလျှင် အရက်ပမာဏကို အတိအကျ မသတ်မှတ်ခြင်းက ပညာရှိရာမရောက်ပါ။ အရက်ပမာဏမည်မျှသည် သင့်အတွက် အသင့်တော်ဆုံးဖြစ်မည်ကို ရိုးသားစွာ ဆန်းစစ်ပါ။ ကိုယ့်ကိုယ်ကိုယ် မလှည့်စားပါနှင့်။ အလွန်အကျွံမဖြစ်စေရန် သင်သောက်မည့်အရက်ပမာဏကို အတိအကျသတ်မှတ်ထားပါ။ ထိုသတ်မှတ်ချက်ထက် ကျော်လွန်ပြီး မသောက်မိပါစေနှင့်။

၆။ ငြင်းဆိုတတ်ရန် သင်ယူပါ။ “သင်တို့၏စကားမှာ အဟုတ်ကိုအဟုတ်၊ မဟုတ်ကို မဟုတ်ဖြစ်စေကြလော့။” (မဿဲ ၅: ၃၇) တလွဲစေတနာဖြင့် သင့်ကို အရက်အတင်းတိုက်နေသော အိမ်ရှင်ကို ယဉ်ယဉ်ကျေးကျေးနှင့် ငြင်းဆိုတတ်ရန် သင်ယူပါ။ “လူအသီးသီးတို့အား မည်ကဲ့သို့ဖြေကြားရမည်ကို သိနိုင်မည်အကြောင်း သင်တို့၏စကားသည် ဆားခတ်ထားသကဲ့သို့ အစဉ်နှစ်လို့ဖွယ်ဖြစ်ပါစေ။”—ကောလောသဲ ၄:၆

၇။ အကူအညီရှာယူပါ။ အကန့်အသတ်ဖြင့်သာ သောက်မည်ဟူသော သင်၏ဆုံးဖြတ်ချက်ကို ခိုင်မာစေရန်၊ ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေးရှိရန် ကူညီပေးနိုင်သော မိတ်ဆွေများထံ အကူအညီတောင်းခံပါ။ “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ ကောင်း၏။ ကြိုးစားအားထုတ်လျှင် ကောင်းသောအကျိုးကိုရတတ်၏။ တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်။” (ဒေ. ၄:၉၊ ၁၀; ယာကုပ် ၅:၁၄၊ ၁၆) အလားတူ၊ အမေရိကန်နိုင်ငံရှိ အရက်စွဲခြင်းနှင့် အလွဲသုံးခြင်းဆိုင်ရာ အမျိုးသားအဖွဲ့ကလည်း ဤသို့အကြံပေးသည်– “အရက်ဖြတ်ခြင်းသည် တစ်ခါတစ်ရံ ခက်ခဲနိုင်၏။ ထို့ကြောင့် သင် အရက်ဖြတ်နိုင်ရန် မိသားစုနှင့် မိတ်ဆွေများထံ အကူအညီတောင်းခံပါ။”

၈။ သင့်ဆုံးဖြတ်ချက်အတိုင်း စွဲစွဲမြဲမြဲ လုပ်ဆောင်ပါ။ “တရားစကားတော်ကို ကျင့်သုံးသူများဖြစ်ကြလော့။ ကြားနာရုံမျှသာဖြစ်ပြီး မှားယွင်းသောအတွေးအခေါ်ဖြင့် မိမိကိုယ်ကို လှည့်စားသူများ မဖြစ်စေကြနှင့်။ သို့သော် လွတ်လပ်ခြင်းနှင့်ဆိုင်သော ပြည့်၀စုံလင်သည့်တရားကို ဇွဲရှိရှိ စေ့စေ့ကြည့်ရှုသူသည် ကြားနာ၍ မေ့လျော့သောသူမဟုတ်ဘဲ ကျင့်သုံးသူဖြစ်၏။ သူသည် ထိုသို့ပြုသောကြောင့် ပျော်ရွှင်လိမ့်မည်။”—ယာကုပ် ၁: ၂၂၊ ၂၅

အရက်ဖြတ်ခြင်း

အရက်ကို အလွန်အကျွံသောက်သုံးသူတိုင်း အရက်ချိုးတစ်ဦးမဖြစ်လာပေ။ သို့သော် မကြာခဏ အရက်အလွန်အကျွံသောက်လာသူတချို့သည် အရက်စွဲသွားနိုင်သည်။ အကြောင်းမှာ ကိုယ်ခန္ဓာရော စိတ်ကပါ အာနိသင်ပြင်းသောအရာကို မမှီဝဲရမနေနိုင်သည်အထိ တောင့်တနေ၍ဖြစ်သည်။ ထိုသူတို့သည် အရက်ဖြတ်ရန် စိတ်စွမ်းအားနှင့် ဘုရားသခင့်ကူညီမစမှုတို့ထက်မက လိုအပ်ပေမည်။ “ကျွန်တော် အရက်ဖြတ်တုန်းက အရက်နာကျတဲ့ဝေဒနာကို အရမ်းခံစားခဲ့ရတယ်။ ဒါကြောင့် ဘုရားသခင့်ကူညီမစမှုအပြင် ဆေးဝါးကုသဖို့လည်း လိုတယ်ဆိုတာ သိလိုက်ရတယ်” ဟုအယ်လန်က ပြန်ပြောပြသည်။

အရက်သောက်သူများစွာတို့သည် အရက်ဖြတ်ရန်နှင့် တလွဲမသုံးမိရန် အပြင်းအထန်ကြိုးစားနေစဉ် ဆေးဝါးကုသမှုခံယူဖို့လိုသည်။ * တချို့သည် ပြင်းထန်သောဆေးဖြတ်လက္ခဏာများကို ကြံ့ကြံ့ခံနိုင်ရန် သို့မဟုတ် အရက်သောက်ချင်စိတ်ပြင်းပြမှုကို လျော့နည်းစေပြီး အရက်ကိုဆက်၍ရှောင်နိုင်ဖို့ ဆေးဝါးကုသမှုခံယူရန် ဆေးရုံတက်ရပေမည်။ အံ့ဖွယ်အမှုများကို လုပ်ဆောင်ခဲ့သော ဘုရားသခင့် သားတော်က ဤသို့မိန့်ဆိုခဲ့သည်– “ကျန်းမာသူတို့သည် သမားတော်ကို မလိုကြ။ ဖျားနာသူတို့သာ လိုကြ၏။”—မာကု ၂:၁၇

ဘုရားသခင့်လမ်းညွှန်ချက်ကိုလိုက်နာခြင်းမှ အကျိုးခံစားရ

အရက်ယမကာနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏ အားထားလောက်သည့်အကြံပြုချက်သည် စစ်မှန်သောဘုရားသခင်ထံမှလာသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို လက်ရှိအချိန်တွင် ပျော်ရွှင်စေလိုသည်သာမက ထာ၀စဉ်လည်း အကျိုးခံစားစေလိုတော်မူသည်။ အရက်ဖြတ်ခဲ့သည်မှာ နှစ်ဆယ့်လေးနှစ်ရှိပြီဖြစ်သော အယ်လန်က ဤသို့ပြန်ပြောပြသည်– “ကျွန်တော်အရက်ဖြတ်နိုင်တာ၊ ယေဟောဝါဘုရားသခင်က ကျွန်တော့်ရဲ့အမှားတွေကို ပြုပြင်တည့်မတ်ပေးချင်တာကို သိရလို့ ဝမ်းသာမိတယ်။ ဘုရားသခင်က . . .” သူသည် အတိတ်က အမှတ်ရစရာများကို ပြန်သတိရပြီး ငိုချင်လာသောကြောင့် စကားဆက်မပြောနိုင်တော့ဘဲ ရပ်သွားသည်။ “ဘုရားသခင်က နားလည်ပေးပြီး ဂရုစိုက်ပေးတတ်တယ်။ လိုအပ်နေသူကို ကူညီပေးတယ်ဆိုတာ သိရလို့ အံ့ဩမိတယ်” ဟု သူ ဆက်ပြောပြသည်။

ထို့ကြောင့် သင်သည် အရက်တလွဲသုံးနေသည် သို့မဟုတ် အရက်စွဲနေသည်ဆိုလျှင် ချက်ချင်းအရှုံးမပေးလိုက်ပါနှင့် သို့မဟုတ် မျှော်လင့်ချက်မရှိတော့ဟု ကောက်ချက်မချလိုက်ပါနှင့်။ အယ်လန်နှင့် အခြားသူများစွာတို့သည် သင် ယခုကြုံနေသည့် အခြေအနေမျိုးကို ကြုံခဲ့ပြီး အရက်ကို လျှော့သောက်နိုင်ခဲ့ကြသည် သို့မဟုတ် လုံး၀ဖြတ်နိုင်ခဲ့ကြသည်။ ယင်းအတွက် သူတို့ နောင်တမရခဲ့ကြချေ။ သင်လည်း နောင်တရမည်မဟုတ်ချေ။

သင်သည် အရက်ကို တော်သင့်ရုံသောက်ဖို့ ရွေးချယ်သည်ဖြစ်စေ၊ လုံး၀မသောက်ဖို့ ရွေးချယ်သည်ဖြစ်စေ ဘုရားသခင်၏ ဤမေတ္တာရပ်ခံချက်ကို သတိရပါ– ‘သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်လျှင် သင်၏ငြိမ်သက်ခြင်းသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။’—ဟေရှာယ ၄၈:၁၈

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 စာမျက်နှာ ၈ ရှိ  “ငါ အရက်ရဲ့ကျေးကျွန်ဖြစ်နေပြီလား” လေးထောင့်ကွက်ကို ကြည့်ပါ။

^ အပိုဒ်၊ 24 ဆေးကုဌာနများ၊ ဆေးရုံများနှင့် အကူအညီပေးနိုင်သော နာလန်ထူရေးအစီအစဉ်များရှိသည်။ ကင်းမျှော်စင်သည် ကုသမှုတစ်မျိုးမျိုးကို ထောက်ခံအားပေးနေခြင်းမဟုတ်ပါ။ လူတစ်ဦးစီသည် ဆေးဝါးကုသမှုနှင့်ပတ်သက်၍ ရွေးချယ်စရာများကို ဂရုတစိုက် သုံးသပ်ပြီးနောက် ကျမ်းစာမူများနှင့်မဆန့်ကျင်သော ဆုံးဖြတ်ချက်များကို ကိုယ်တိုင်ချသင့်သည်။

[စာမျက်နှာ ၈ ပါရုပ်ပုံနှင့်လေးထောင့်ကွက်]

 ငါ အရက်ရဲ့ကျေးကျွန် ဖြစ်နေပြီလား

ကိုယ့်ကိုယ်ကိုယ် ဤသို့မေးပါ–

ခါတိုင်းထက် ငါ အရက်ပိုသောက်သလား။

ခါတိုင်းထက် သောက်တဲ့အကြိမ် ပိုများနေသလား။

ပိုပြင်းတဲ့အရက်တွေ ငါသောက်နေပြီလား။

စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်ဖို့ ဒါမှမဟုတ် ပြဿနာတွေကို မေ့ပစ်နိုင်ဖို့ ငါအရက်သောက်တာလား။

မိတ်ဆွေတစ်ယောက်က ဒါမှမဟုတ် အိမ်သားတစ်ယောက်က ငါအရက်သောက်တာကို စိုးရိမ်တယ်လို့ ပြောဖူးသလား။

အိမ်မှာ၊ အလုပ်မှာ ဒါမှမဟုတ် အားလပ်ရက်တွေမှာ အရက်သောက်ရင် ပြဿနာတက်သလား။

တစ်ပတ်အထိ အရက်မသောက်ဘဲ နေနိုင်သလား။

သူများတွေ အရက်မသောက်ရင် ငါ အနေရခက်သလား။

သူများတွေမသိအောင် ငါခွက်ပုန်းသောက် နေသလား။

သင်သည် အဆိုပါမေးခွန်းတစ်ခု သို့မဟုတ် ထို့ထက်မကကို ဟုတ်ကဲ့ဟု ဖြေလျှင် အရက်သောက်ခြင်းကို ထိန်းချုပ်ဖို့လိုပေမည်။

[စာမျက်နှာ ၉ ပါရုပ်ပုံနှင့်လေးထောင့်ကွက်]

အရက်ယမကာနှင့်ပတ်သက်၍ ပညာရှိဆုံးဖြတ်ချက်များချခြင်း

အရက်မသောက်မီ ဤသို့ဆင်ခြင်သုံးသပ်ပါ–

• အရက်သောက်သင့်သလား ဒါမှမဟုတ် ရှောင်သင့်သလား။

အကြံပြုချက်– သောက်မည့်အရက်ပမာဏကို မကန့်သတ်နိုင်သူသည် အရက်ကို ရှောင်သင့်သည်။

ဘယ်လောက်သောက်သင့်သလဲ။

အကြံပြုချက်– အရက်က သင်၏ချင့်ချိန်နိုင်စွမ်းကို မထိခိုက်မီ သောက်မည့်အရက်ပမာဏကို သတ်မှတ်ထားပါ။

ဘယ်အချိန်မှာ သောက်ရမလဲ။

အကြံပြုချက်များ– ကားမမောင်းမီ၊ သတိနှင့်လုပ်ဆောင်ရမည့်အလုပ်ကို မလုပ်မီ၊ ဘာသာရေးလုပ်ဆောင်မှုများတွင် မပါဝင်မီ မသောက်ပါနှင့်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း မသောက်ပါနှင့်။ ဆေးဝါးတချို့နှင့်တွဲ၍ မသောက်ပါနှင့်။

ဘယ်နေရာမှာ သောက်ရမလဲ။

အကြံပြုချက်များ– သင့်မြတ်လျော်ကန်သော ဝန်းကျင်တွင် သောက်ပါ။ ခွက်ပုန်းမသောက်ပါနှင့်။ အရက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်သူများရှေ့ မသောက်ပါနှင့်။

ဘယ်သူတွေနဲ့ သောက်ရမလဲ။

အကြံပြုချက်များ– သင့်အကျိုးကို လိုလားသော သူငယ်ချင်းများ သို့မဟုတ် အိမ်သားများနှင့်အတူ သောက်ပါ။ ပြဿနာရှာတတ်သော အရက်သမားများနှင့်အတူ မသောက်ပါနှင့်။

[စာမျက်နှာ ၁၀ ပါရုပ်ပုံနှင့်လေးထောင့်ကွက်]

အရက်သမားဖြစ်ခဲ့ဖူးသူတစ်ဦး သမ္မာကျမ်းစာမှ အကူအညီရရှိ

ထိုင်းနိုင်ငံမှ ဆူပေါ့တ်ဆိုသူသည် အရက်ကို အလွန် အကျွံသောက်သူဖြစ်သည်။ အစတွင် သူသည် ညနေခင်း၌သာ အရက်သောက်သည်။ သို့သော် မနက်ပိုင်းတွင် တဖြည်းဖြည်း သောက်စပြုလာပြီးနောက် နေ့လယ်ထမင်းစားချိန်တွင်လည်း သောက်လာသည်။ သူသည် အရက်မူးဖို့အတွက်သာ သောက်လေ့ရှိသည်။ များမကြာမီ သူသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာခဲ့၏။ သောက်ကြူးခြင်းကို ယေဟောဝါဘုရားသခင် မကြိုက်မှန်းသိလာသောအခါ ဆူပေါ့တ် အရက်ဖြတ်လိုက်သည်။ အတန်ကြာသော် သူသည် ယခင်ကအတိုင်း အရက်ပြန်သောက်လာသည့်အတွက် သူ့မိသားစုမှာ စိတ်ဆင်းရဲခဲ့ရပြန်သည်။

သို့သော် ဆူပေါ့တ်သည် ယေဟောဝါဘုရားသခင်ကို ချစ်မြတ်နိုးပြီး ကိုယ်တော်နှစ်သက်သောလမ်းစဉ်အတိုင်း ဝတ်ပြုလိုသည်။ မိတ်ဆွေများက သူ့ကို ဆက်ကူညီပေးခဲ့ကြသည်။ သူ့ကို အချိန်ပေး၍ ကူညီရာတွင် အားမလျှော့ကြရန် မိသားစုဝင်များကို မိတ်ဆွေများက အားပေးကြသည်။ တစ်ချိန်တွင် ဆူပေါ့တ်သည် ၁ ကောရိန္သု ၆:၁၀ ပါ ‘သောက်ကြူးသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံရမည်မဟုတ်’ ဟူသော ရှင်းလင်းတိကျသည့် ဖော်ပြချက်ကို သိရှိပြီးနောက် မိမိအခြေအနေကို အလေးအနက် သုံးသပ်လာသည်။ အရက်ဖြတ်ရန် မလျှော့သောဇွဲဖြင့် ကြိုးစားအားထုတ်ဖို့လိုကြောင်း သူသဘောပေါက်ခဲ့သည်။

ဤတစ်ကြိမ်တွင် အရက်ဖြတ်ရန် ဆူပေါ့တ် ယတိပြတ်ဆုံးဖြတ်ချက်ချလိုက်သည်။ နောက်ဆုံး၌ ဘုရားသခင့် သန့်ရှင်းသောစွမ်းအားတော်၊ သမ္မာကျမ်းစာ လမ်းညွှန်မှု၊ မိသားစုနှင့် အသင်းတော်၏ ထောက်မမှုတို့ဖြင့် ဘုရားသခင်နှင့် ဆက်ဆံရေး ပြန်ကောင်းလာပြီး အရက်ကို လုံးဝဖြတ်နိုင်ခဲ့သည်။ ဆူပေါ့တ်သည် ဘုရားသခင်ကို အပ်နှံကာ နှစ်ခြင်းခံလိုက်သောအခါ မိသားစုမှာ ပျော်ရွှင်ကြည်နူးခဲ့သည်။ ယခု သူအမြဲတောင့်တခဲ့သည့် ဘုရားသခင်နှင့်ရင်းနှီးသော ဆက်ဆံရေးကို ရရှိပြီး အခြားသူများလည်း ဘုရားသခင်နှင့် ရင်းနှီးလာရန် ကူညီပေးရာတွင် သူ၏အချိန်များကို အသုံးပြုလျက် ရှိသည်။