မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၎င်းတို့၏နေအိမ်များ

၎င်းတို့၏နေအိမ်များ

ပထမရာစုခရစ်ယာန်များ၏ နေထိုင်မှုဘ၀ပုံစံ

၎င်းတို့၏နေအိမ်များ

‘ငါမထိမ်မဝှက်။ လူရှေ့သူရှေ့တွင်လည်းကောင်း၊ တစ်အိမ်မှတစ်အိမ်သွား၍လည်းကောင်း သင်တို့အား သွန်သင်ပေးခဲ့၏။’—တမန်တော် ၂၀:၂၀

သင်သည် အလွန်ကြီးမားသော ဂိတ်တံခါးကို ဖြတ်ကျော်လိုက်သည်နှင့် ချက်ချင်းပင် ပထမရာစုခေတ်ရှိ မြို့တစ်မြို့ထဲ ဝင်ရောက်သွားလေပြီ။ ထိုမြို့သည် အခြားမြို့များစွာကဲ့သို့ပင် တောင်ကုန်းပေါ်တွင် တည်ရှိပြီး မြို့၏အထက်ပိုင်းသည် တောင်ရိုးတစ်ခုပေါ်တွင် တည်ရှိသည်။ ထိုတွင် အဖြူရောင် ဇိမ်ခံအိမ်ကြီးများစွာကို တွေ့ရပြီး ခြံခတ်ထားသော ပန်းဥယျာဉ်များသည် နေရောင်အောက်တွင် တောက်ပနေ၏။ ထိုနေရာသည် လူချမ်းသာရပ်ကွက်ဖြစ်၏။ အောက်ဘက်ဆင်းလာမည်ဆိုလျှင် အရွယ်အစားအမျိုးမျိုးနှင့် ပုံစံအမျိုးမျိုးရှိသော အိမ်များစွာကို တွေ့ရသည်။ ယင်းတို့သည် လူလတ်တန်းစား ကုန်သည်များနှင့် မြေပိုင်ရှင်များ၏ အထပ်မြင့်ကျောက်တုံးအိမ်ကြီးများဖြစ်ပြီး ကျောက်ပြားခင်းထားသော လမ်းမများတစ်လျှောက် စီတန်းလျက်ရှိသည်။ တောင်ကုန်းအောက်ဘက်သို့ ထပ်၍ဆင်းလာမည်ဆိုလျှင် ဆင်းရဲသားရပ်ကွက်များကို တွေ့နိုင်သည်။ လေးထောင့်ပုံအိမ်မွဲမွဲလေးများသည် လမ်းကြိုလမ်းကြားများ သို့မဟုတ် ခြံဝင်းသေးသေးလေးများတွင် ပြွတ်သိပ်စွာ တည်ရှိနေကြသည်။

လူစည်ကားသော လမ်းမများတစ်လျှောက် သင်လျှောက်သွားသောအခါ အသံဗလံများနှင့် အနံ့များက သင်၏အာရုံများကို ဆွဲဆောင်ပေမည်။ အမျိုးသမီးများက ချက်ပြုတ်နေကြရာ ဟင်းရနံ့များက အိမ်နီးချင်းများ သွားရည်ကျလောက်အောင် မွှေးကြိုင်နေသည်။ တိရစ္ဆာန်များ၏အော်သံများနှင့် ဆော့ကစားနေကြသော ကလေးများ၏အသံများကိုလည်း သင် ကြားရမည်။ အမျိုးသားများသည် ဆူညံပြီး အနံ့အသက်ထွက်နေသော ဈေးဆိုင်များတွင် ပျာယာခတ်ကာ အလုပ်များနေကြသည်။

နေအိမ်များသည် ခရစ်ယာန်မိသားစုဘ၀၏ အဓိကအချက်အချာနေရာဖြစ်သည်။ နေ့စဉ်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ခြင်း၊ ကျမ်းစာသွန်သင်ချက်များခံယူခြင်းနှင့် ဝတ်ပြုခြင်းတို့အတွက် နေအိမ်များကို သူတို့အသုံးပြုကြသည်။

အိမ်ငယ်လေးများ ယနေ့ခေတ် အိမ်များကဲ့သို့ပင် အရွယ်အစားနှင့်ပုံစံများသည် တည်နေရာနှင့် မိသားစု၏ငွေကြေးအခြေအနေအရ အမျိုးမျိုးကွဲပြားသည်။ အသေးဆုံးအိမ်များ (၁) တွင် အလင်းရောင်မရှိသော အခန်းကျဉ်းတစ်ခုရှိပြီး မိသားစုတစ်စုလုံး ထိုအခန်း၌ စုပြုံနေထိုင်ကြသည်။ အိမ်ငယ်များစွာကို နေလှန်းရွှံ့အုတ်များဖြင့် ဆောက်လုပ်ထားပြီး တချို့ကိုမူ မညီမညာဖြတ်တောက်ထားသော ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသည်။ ထိုအိမ်နှစ်မျိုးစလုံးကို ကျောက်အုတ်မြစ်ပေါ်တွင် အများအားဖြင့် ဆောက်လုပ်ကြသည်။

အတွင်းနံရံများကို အင်္ဂတေကိုင်ထားပြီး ကြမ်းပြင်ကို ကျောက်၊ အုတ်စသည်တို့ဖြင့် ခင်းထားကာ အမြဲ ပြုပြင်ထိန်းသိမ်းပေးရသည်။ အိမ်ခေါင်မိုး သို့မဟုတ် နံရံတွင် သေးငယ်သော မီးခိုးထွက်ပေါက်ရှိသည်။ ပရိဘောဂများမှာ မရှိမဖြစ်လိုအပ်သော အိမ်သုံးပစ္စည်းများသာဖြစ်သည်။

တိုင်များဖြင့် ထောက်မထားသော ထုပ်တန်းများပေါ်တွင် ဒိုင်းများ၊ ကျူရိုးများ၊ သစ်ကိုင်းများကို ဖြာယှက်တင်ကာ ခေါင်မိုးမိုးထားသည်။ ထိုခေါင်မိုးကို မြေစေးဖြင့် မံထားရာ အတော်အသင့် မိုးလုံစေသည်။ အိမ်အပြင်ဘက်တွင် ထောင်ထားသော လှေကားဖြင့် ခေါင်မိုးပေါ်တက်နိုင်သည်။

ခရစ်ယာန်နေအိမ်များသည် အိမ်ခြေထူထပ်သော ရပ်ကွက်များတွင် တည်ရှိသော်လည်း နှစ်သက်ဖွယ်ကောင်းသော နေရာများဖြစ်ပြီး ဆင်းရဲသောမိသားစုများပင် ဘုရားသခင့်ကောင်းချီးခံစားရကာ ပျော်ရွှင်နိုင်ကြသည်။

လူလတ်တန်းစားနေအိမ်များ လူလတ်တန်းစားများနေထိုင်သော ပိုမိုကြီးမားသည့် နှစ်ထပ်ကျောက်တုံးအိမ်များ (၂) တွင် ဧည့်ခန်းတစ်ခန်းရှိသည်။ (မာကု ၁၄:၁၃-၁၆; တမန်တော် ၁:၁၃၊ ၁၄) ကျယ်ကျယ်ဝန်းဝန်းရှိသော ထိုအထက်ခန်းတွင် အစည်းအဝေးများနှင့် ပွဲတော်အခါသမယများကို ကျင်းပလေ့ရှိ၏။ (တမန်တော် ၂:၁-၄) ထိုအိမ်များနှင့် ကုန်သည်များ၊ မြေပိုင်ရှင်များနေထိုင်သည့် ပိုမိုကြီးမားသောအိမ်များ (၃) ကို ထုံးကျောက်တုံးများဖြင့် ဆောက်လုပ်ထားပြီး အင်္ဂတေဖြင့် မံထားသည်။ ကျောက်ပြားခင်းထားသော ကြမ်းပြင်များနှင့် အတွင်းနံရံများကိုလည်း အင်္ဂတေကိုင်ထားပြီး အပြင်နံရံများကို ထုံးဖြူသုတ်ထားသည်။

အထက်ခန်းများနှင့် ခေါင်မိုးပေါ်သို့ လှေကားဖြင့်တက်နိုင်သည်။ ခေါင်မိုးပြန့်ပေါ်မှ လိမ့်ကျခြင်းမရှိစေရန်နှင့် မတော်တဆမှုများမှကာကွယ်ရန် ခေါင်မိုးတိုင်း၏ ပတ်လည်တွင် အရံအတားများဖြင့် ကာထားရသည်။ (တရားဟောရာ ၂၂:၈) ပူပြင်းသောနေ့အချိန်တွင် ခေါင်မိုးပေါ်ရှိ ယာယီဆောက်လုပ်ထားသော အမိုးအကာသည် အလွန်သင့်တော်သောနေရာဖြစ်ပေမည်။ ထိုအမိုးအကာအောက်တွင် လေ့လာခြင်း၊ တွေးတောဆင်ခြင်ခြင်း၊ ဆုတောင်းခြင်း သို့မဟုတ် အနားယူခြင်းများ ပြုလုပ်နိုင်သည်။—တမန်တော် ၁၀:၉

ကျယ်ဝန်းပြီး ခိုင်ခံ့သော ထိုအိမ်များတွင် မိသားစုဝင်များ စုပေါင်းနေထိုင်လေ့ရှိပြီး ဧည့်ခန်းအပိုအပြင် သီးသန့်အိပ်ခန်းများ၊ ကျယ်ဝန်းသော မီးဖိုချောင်နှင့် စားသောက်ခန်းတို့ရှိသည်။

ဇိမ်ခံအိမ်ကြီးများ ရောမအိမ်ပုံစံများ (၄) သည် အရွယ်အစား၊ ဒီဇိုင်းနှင့် ဆောက်လုပ်ပုံတို့တွင် အတော်အတန်ကွဲပြားကြသည်။ အခန်းကျယ်များ၏အလယ်တွင် စားသောက်ခန်းမကြီးတစ်ခုရှိပြီး ယင်းသည် မိသားစုလုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာ အဓိကနေရာဖြစ်သည်။ တချို့အိမ်များသည် နှစ်ထပ် သို့မဟုတ် သုံးထပ် (၅) ဖြစ်ပြီး ဝင်းခတ်ထားသော ပန်းဥယျာဉ်များဖြင့် အလှဆင်ထားကြသည်။

ဇိမ်ခံအိမ်ကြီးများတွင် လက်ရာမြောက်သော ပရိဘောဂများဖြင့် အလှဆင်ထားပြီး တချို့ကို ဆင်စွယ်နှင့်ရွှေတို့ဖြင့် မွမ်းမံစီခြယ်ထားသည်။ အဆိုပါအိမ်များတွင် ရေပိုက်လိုင်းများနှင့် ရေချိုးကန်များကဲ့သို့သော ဇိမ်ခံအသုံးအဆောင်များရှိသည်။ ကြမ်းပြင်များကို သစ်သား သို့မဟုတ် ရောင်စုံစကျင်ကျောက်ဖြင့် ခင်းထားပြီး နံရံများကို သစ်ကတိုးသားဖြင့် အကွက်ဖော်ထားတတ်သည်။ အနွေးဓာတ်ရရှိစေရန် မီးသွေးမီးဖိုများကို အသုံးပြုကြသည်။ လုံခြုံရေးအတွက် ပြတင်းပေါက်များတွင် သစ်သားတန်းများကို မှန်ကူကွက်ပုံ တပ်ဆင်ထားပြီး ခန်းဆီးများ ကာထားသည်။ ထူထဲသောကျောက်နံရံများကိုထွင်း၍ ပြတင်းပေါက်ဘောင်များ ဖောက်လုပ်ထားသည်။—တမန်တော် ၂၀:၉၊ ၁၀

အိမ်အရွယ်အစားနှင့်ပုံစံ မည်သို့ပင်ရှိနေပါစေ အစောပိုင်းခရစ်ယာန်များသည် ဧည့်ဝတ်ကျေပွန်ကြပြီး မိမိတို့ပိုင်ဆိုင်ရာများကို ရက်ရောစွာ ပေးကမ်းကြသည်။ ထို့ကြောင့် နယ်လှည့်ကြီးကြပ်မှူးများသည် တာဝန်ကျရာမြို့တွင် ဓမ္မအမှုလုပ်ငန်းမပြီးမချင်း နေထိုင်ခွင့်ရရန် နွေးထွေးပျူငှာသောမိသားစုတစ်စုကို ရှာတွေ့ ဖို့ မခဲယဉ်းချေ။—မဿဲ ၁၀:၁၁; တမန်တော် ၁၆:၁၄၊ ၁၅

ရှိမုန်နှင့် အန္ဒြေတို့အိမ်” ယေရှုသည် “ရှိမုန်နှင့် အန္ဒြေတို့အိမ်” တွင် နွေးထွေးပျူငှာစွာ ဧည့်ဝတ်ပြုခြင်းခံခဲ့ရသည်။ (မာကု ၁:၂၉- ၃၁) ထိုတံငါသည်တို့၏နေအိမ်သည် ကျောက်ပြားခင်းထားသော ခြံဝင်းတစ်ခုတွင် စုပြုံတည်ရှိနေသည့် အညတရအိမ်များ (၆) အနက် တစ်အိမ်ဖြစ်နိုင်သည်။

အိမ်တံခါးများနှင့် ပြတင်းပေါက်များကို ခြံဝင်း၏အလယ်ဘက်သို့ မျက်နှာမူလျက် ဖွင့်ထားသည်။ ချက်ပြုတ်ခြင်း၊ မုန့်ဖုတ်ခြင်း၊ ဂျုံစပါးကြိတ်ခြင်း၊ မိတ်ဆုံပေါင်းသင်းမှုပြုခြင်းနှင့် စားသောက်ခြင်းအပါအဝင် နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိုခြံဝင်းအတွင်း၌ပင် လုပ်ဆောင်လေ့ရှိသည်။

ကပေရနောင်မြို့ရှိ တစ်ထပ်အိမ်များကို ဒေသထွက်မီးတောင်ကျောက်ရိုင်းတုံးများဖြင့် ဆောက်လုပ်ထားသည်။ အပြင်ဘက်လှေကားမှတစ်ဆင့် ခေါင်မိုးပေါ် တက်နိုင်သည်။ ထုပ်တန်းများပေါ် ကျူရိုး သို့မဟုတ် ဒိုင်းများတင်ကာ ရွှံ့စေး သို့မဟုတ် အုတ်ကြွပ်ဖြင့် ထိုခေါင်မိုးများကို ပြုလုပ်ထားသည်။ (မာကု ၂:၁-၅) အိမ်တွင်းရှိကြမ်းပြင်ကို ကျောက်ပြားခင်းထားပြီး ယင်းအပေါ်တွင် ဖျာများခင်းထားလေ့ရှိသည်။

ဂါလိလဲအိုင်ကမ်းခြေတစ်လျှောက်တွင် လမ်းမများနှင့် နောက်ဖေးလမ်းများဖြင့် အကွက်ဖော်ထားသော အိမ်အစုအဝေးများရှိသည်။ ကပေရနောင်မြို့သည် ဂါလိလဲအိုင်ကိုအမှီပြု၍ အသက်မွေးဝမ်းကျောင်းနေသော တံငါသည်များအတွက် အသင့်တော်ဆုံးမြို့တစ်မြို့ ဖြစ်သည်။

တစ်အိမ်မှတစ်အိမ်” အတိုချုပ်ဆိုရလျှင် ပထမရာစုခေတ်မှခရစ်ယာန်များ နေထိုင်ရာအိမ်များသည် အခန်းတစ်ခန်းတည်းရှိသော ရွှံ့အုတ်အိမ်များမှသည် ဇိမ်ခံကျောက်တုံးအိမ်ကြီးများအထိ အမျိုးမျိုးရှိသည်။

ထိုအိမ်များသည် မိသားစုအတွက် နားခိုစရာ နေရာတစ်ခုမျှသာ မဟုတ်ချေ။ ဘုရားသခင်အကြောင်း၊ ပညတ်ကျမ်းများအကြောင်း သွန်သင်ပေးရာနေရာဖြစ်သည်။ မိသားစုအတူတကွ ဝတ်ပြုရာနေရာလည်းဖြစ်သည်။ ယုံကြည်သူချင်းများ၏နေအိမ်များတွင် ကျမ်းစာလေ့လာမှုနှင့် ပေါင်းသင်းမှုပြုရန် သူတို့ စုရုံးကြသည်။ သူတို့သည် အရေးကြီးဆုံးလုပ်ငန်းဖြစ်သော “တစ်အိမ်မှတစ်အိမ်” ဟောပြောခြင်းနှင့်သွန်သင်ခြင်းလုပ်ငန်းကို ရောမအင်ပါယာတစ်လျှောက် လုပ်ဆောင်သည့်အခါ အဆိုပါနေအိမ်များတွင် သင်ယူသိရှိခဲ့ရာများကို ကောင်းစွာအသုံးပြုခဲ့ကြသည်။—တမန်တော် ၂၀:၂၀