မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယနေ့ခေတ်မှ ‘အံ့ဖွယ်ကုသမှုများ’—ယင်းတို့သည် ဘုရားသခင်ထံမှလော

ယနေ့ခေတ်မှ ‘အံ့ဖွယ်ကုသမှုများ’—ယင်းတို့သည် ဘုရားသခင်ထံမှလော

ယနေ့ခေတ်မှ ‘အံ့ဖွယ်ကုသမှုများ’—ယင်းတို့သည် ဘုရားသခင်ထံမှလော

“ကုသ၍မရနိုင်သော” ရောဂါများကို ပျောက်ကင်းအောင်ကုသပေးသည်ဟု လူအများဆိုကြသည့် ဗိမာန်အဆောက်အအုံများသို့ လာရောက်လည်ပတ်သော ဘုရားဖူးခရီးသည်တို့ကို နိုင်ငံအချို့တွင် မြင်တွေ့နေကျပင်။ နိုင်ငံအချို့တွင်မူ နတ်ဆရာတို့သည် သဘာဝလွန်စွမ်းအားများဖြင့် လူနာများကိုကုသပေးသည်ဟုဆိုကြ၏။ အချို့ဒေသများတွင် စိတ်လှုပ်ရှားမှုကို ပြင်းထန်စေသော ဘာသာရေးစုဆုံမှုများ ရှိနေဆဲဖြစ်သည်၊ ထိုတွင် လူနာများသည် ဘီးတပ်ကုလားထိုင်ပေါ်မှ ထခုန်ကာ သို့မဟုတ် ချိုင်းထောက်များကို ပစ်ထုတ်ကာ ရောဂါပျောက်ကင်းပြီဟု ပြောဆိုကြပေမည်။

ထိုသို့ကုသပေးသူများသည် ဘာသာတရားအသီးသီးမှဖြစ်ပြီး လိမ်လည်လှည့်စားသူ၊ အယူမှားသူအဖြစ် တစ်ဦးကိုတစ်ဦး စွပ်စွဲလေ့ရှိသည်။ သို့ဆိုလျှင် ဘုရားသခင်သည် အချင်းချင်းအငြင်းပွားဆန့်ကျင်နေသော အဖွဲ့အစည်းများကို အံ့ဖွယ်ကုသနိုင်စွမ်းပေးထားသလောဟူ၍ မေးစရာပေါ်လာသည်။ “ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကိုပြုစုတော်မမူ။ . . . အသင့်အတင့်ငြိမ်ဝပ်ခြင်းကို ပြုစုတော်မူ၏” ဟုကျမ်းစာက ဖော်ပြသည်။ (၁ ကောရိန္သု ၁၄:၃၃) ထို့ကြောင့် ထို ‘အံ့ဖွယ်ကုသမှုများ’ သည် အမှန်ပင် ဘုရားသခင်ထံမှလော။ အချို့က ယေရှု၏တန်ခိုးဖြင့် မိမိတို့ကုသပေးသည်ဟုဆိုကြ၏။ သို့ဆိုလျှင် လူနာများကို ယေရှု မည်သို့ကုသပေးခဲ့ကြောင်း သုံးသပ်ကြည့်ကြစို့။

လူနာများကို ယေရှုကုသပေးပုံ

လူနာများကို ယေရှုကုသပေးပုံသည် ယခုခေတ်မှ ဆေးဆရာများ၏ကုသပေးပုံနှင့် အလွန်ကွာခြားသည်။ ဥပမာ၊ ယေရှုသည် မိမိထံရောက်လာသောလူနာတိုင်းကို ကုသပေးသည်။ ကိုယ်တော်သည် လူအုပ်ထဲမှ တစ်ဦးတစ်ယောက်ကို ရွေးထုတ်ကာ ကုသပေးပြီး အခြားသူများကိုမကုသပေးဘဲ ပြန်လွှတ်ခြင်းမရှိပါ။ ထို့ပြင် လူနာများကို လုံးဝသက်သာအောင် ချက်ချင်းကုသပေးခဲ့သည်။ “ကိုယ်တော်အထဲက တန်ခိုးထွက်၍ လူအပေါင်းတို့ကို သက်သာစေတော်မူသည်ဖြစ်၍ ပရိသတ်အပေါင်းတို့သည် ကိုယ်တော်ကိုတို့ခြင်းငှာ ရှာကြံကြ၏” ဟုကျမ်းစာတွင်ဖော်ပြသည်။—လုကာ ၆:၁၉

ယုံကြည်ခြင်းကုထုံးဖြင့်ကုသပေးသူများသည် လူနာများ ရောဂါမပျောက်ကင်းသည့်အခါ သူတို့တွင်ယုံကြည်ခြင်းမရှိ၍ဖြစ်သည်ဟု အပြစ်တင်လေ့ရှိသော်လည်း ယေရှုသည် မိမိအား မယုံကြည်သူအချို့ကိုပင် ကုသပေးခဲ့သည်။ ဥပမာ၊ တစ်ကြိမ်တွင် ယေရှုသည် ကုသပေးရန်မတောင်းဆိုသော မျက်မမြင်တစ်ဦးထံသွား၍ ကုသပေးခဲ့သည်။ ထို့နောက် “သင်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်သလော” ဟုကိုယ်တော်မေးတော်မူ၏။ ထိုသူက “သခင်၊ အကျွန်ုပ်ယုံကြည်ရမည်အကြောင်း ဘုရားသခင်၏သားတော်ကား အဘယ်သူနည်း” ဟုမေးသော် ယေရှုက “သင်နှင့်ယခုစကားပြောသောသူသည် ဘုရားသခင်၏သားတော်ဖြစ်၏” ဟုမိန့်တော်မူသည်။—ယောဟန် ၉:၁-၇၊ ၃၅-၃၈

‘ယေရှု၏ကုသမှုခံရရန် ယုံကြည်ခြင်းရှိဖို့မလိုအပ်ပါက “သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ” ဟုကိုယ်တော် အဘယ်ကြောင့်ပြောလေ့ရှိသနည်း’ ဟုသင်တွေးမိပေမည်။ (လုကာ ၈:၄၈; ၁၇:၁၉; ၁၈:၄၂) ယုံကြည်ခြင်းကြောင့် ယေရှုထံရောက်လာသူတို့သည် ရောဂါပျောက်ကင်းသွားပြီး ယုံကြည်ခြင်းမရှိသောကြောင့် ကိုယ်တော့်ထံမလာသူအချို့မူ ကုသခံရမည့်အခွင့်အရေး လက်လွတ်သွားသည်ကို ထောက်ပြလို၍ ထိုသို့ပြောခြင်းဖြစ်၏။ လူတို့ရောဂါပျောက်ကင်းရခြင်းမှာ သူတို့ယုံကြည်ခြင်းကြောင့်မဟုတ်ဘဲ ဘုရားသခင်၏တန်ခိုးတော်ကြောင့်ဖြစ်၏။ ကျမ်းစာက ယေရှုနှင့်ပတ်သက်၍ ဤသို့ဆိုသည်– ‘ဘုရားသခင်သည် သန့်ရှင်းသောစွမ်းအားတော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း . . . ဘိသိက်ပေးတော်မူသဖြင့် ထိုသူသည် ဘုရားသခင်၏အခွင့်တော်နှင့် ကျေးဇူးပြုလျက် စာတန်ညှဉ်းဆဲသောသူအပေါင်းတို့အား ချမ်းသာကိုပေးလျက် လှည့်လည်တော်မူ၏။’—တမန်တော် ၁၀:၃၈

ယနေ့၊ ရောဂါပျောက်ကင်းသည်ဟုဆိုကြသော ကုထုံးများအတွက် ငွေကြေး မရှိမဖြစ်လိုအပ်လေ့ရှိသည်။ ယုံကြည်ခြင်းကုထုံးဖြင့်ကုသပေးသူများသည် ငွေလက်ဖျားသီးအောင် အဆွယ်ကောင်းသူများအဖြစ် လူသိများသည်။ ယုံကြည်ခြင်းကုထုံးဖြင့်ကုသပေးသူတစ်ဦးသည် ကမ္ဘာတစ်ဝန်းထုတ်လွှင့်သော သူ၏တီဗွီအစီအစဉ်မှတစ်ဆင့် တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၈၉ သန်း ဝင်ငွေရရှိခဲ့သည်ဟုဆို၏။ ချာ့ခ်ျအဖွဲ့အစည်းများလည်း ရောဂါကုသရန် ရောက်လာသော ဘုရားဖူးခရီးသည်များထံမှ အမြတ်အစွန်းများရရှိနေသည်။ သို့သော် ယေရှုမူကား မိမိကုသပေးသူများထံမှ ငွေမကောက်ခံခဲ့ပါ။ တစ်ကြိမ်တွင်၊ သူတို့အတွက် အစားအစာကိုပင် ပြင်ဆင်ပေးခဲ့သည်။ (မဿဲ ၁၅:၃၀-၃၈) ယေရှုသည် မိမိတပည့်များအား ဟောပြောရန်စေလွှတ်လိုက်သောအခါ “နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုးမပေးဘဲ ကျေးဇူးတော်ကို ခံရကြပြီဖြစ်၍ အဖိုးမခံဘဲပေးကမ်းကြလော့” ဟုမိန့်မှာသည်။ (မဿဲ ၁၀:၈) ယခုခေတ်ကုသပေးသူများ၏နည်းလမ်းသည် ယေရှု၏နည်းလမ်းနှင့် အဘယ်ကြောင့် ဤမျှကွာခြားရသနည်း။

“ကုသမှု”—မည်သူ့ထံမှအရင်းခံ

နှစ်များတစ်လျှောက် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူအချို့သည် ဘာသာရေးအဖွဲ့မှ ရောဂါကုသပေးသူများ၏အဆိုကို ဆန်းစစ်ခဲ့ကြသည်။ သူတို့ အဘယ်အရာတွေ့ရှိရသနည်း။ လန်ဒန်ထုတ်သတင်းစာတစ်စောင် (Daily Telegraph) အရ ယင်းကိစ္စကို အနှစ် ၂၀ တိုင် စစ်ဆေးစုံစမ်းခဲ့သော အင်္ဂလန်နိုင်ငံရှိဆရာဝန်တစ်ဦးက “အံ့ဖွယ်နည်းဖြင့်ကုသပေးနိုင်သည်ဟူသော သတင်းမှတ်တမ်းများကို ထောက်ခံသည့် ဆေးဘက်ဆိုင်ရာအထောက်အထားမရှိပါ” ဟုဆို၏။ သို့တိုင်၊ လူများစွာက အဆောင်ပစ္စည်းတစ်ခုခု၊ ဗိမာန်အဆောက်အအုံ သို့မဟုတ် ယုံကြည်ခြင်းကုထုံးနှင့်ကုသပေးသူ၏ တန်ခိုးဖြင့် ရောဂါပျောက်ကင်းသွားသည်ဟု စိတ်ရင်းမှန်ဖြင့်ယုံကြည်ထားကြသည်။ သူတို့သည် လှည့်စားခံရခြင်းဖြစ်နိုင်မည်လော။

ဘာသာရေးအရေခြုံများက “သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် . . . များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လော” ဟုလျှောက်မည်ဖြစ်ကြောင်း ကျော်ကြားသောတောင်ပေါ်တရားတော်တွင် ယေရှုမိန့်ဆိုခဲ့သည်။ ထိုသို့လျှောက်ကြသောအခါ ‘သင်တို့ကို ငါအလျှင်းမသိ။ မတရားသောအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြ’ ဟုကိုယ်တော်မိန့်ဆိုမည်။ (မဿဲ ၇:၂၂၊ ၂၃) ထိုသူတို့ရရှိသောတန်ခိုးနှင့်ပတ်သက်၍ တမန်တော်ပေါလု ဤသို့ဆိုသည်– ‘ထို[တရားမဲ့]သူ၏လာခြင်းအကြောင်းဟူမူကား စာတန်ပြုပြင်သောအားဖြင့် မုသာနှင့်စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုအမျိုးမျိုးနှင့်လည်းကောင်း၊ . . . မတရားသော လှည့်ဖြားခြင်းအမျိုးမျိုးနှင့်လည်းကောင်း လာလိမ့်မည်။’—၂ သက်သာလောနိတ် ၂:၉၊ ၁၀

ထို့ပြင် ဘာသာရေးအဆောင်လက်ဖွဲ့များနှင့်ဆက်နွှယ်နေသော “ကုထုံးများ” သည် ဘုရားသခင်ထံမှအရင်းခံခြင်း မဖြစ်နိုင်ပါ။ အဘယ်ကြောင့်နည်း။ ယင်းတို့ကို “ကြဉ်ရှောင်ကြလော့၊” “ကြဉ်ရှောင်ကြလော့” ဟုကျမ်းစာတွင် ရှင်းလင်းစွာမိန့်မှာထားသောကြောင့်ဖြစ်သည်။ (၁ ကောရိန္သု ၁၀:၁၄; ၁ ယောဟန် ၅:၂၁) ထိုသို့သော “ကုထုံးများ” သည် စစ်မှန်သောဝတ်ပြုရေးမှ လူတို့ဝေးကွာသွားစေရန် စာတန်အသုံးပြုသော ပါးနပ်သည့်နည်းတစ်နည်းဖြစ်၏။ “စာတန်ပင်လျှင် လင်းသောကောင်းကင်တမန် ဖြစ်ယောင်ဆောင်တတ်၏” ဟုကျမ်းစာက ဆိုသည်။—၂ ကောရိန္သု ၁၁:၁၄

ယေရှုနှင့်တမန်တော်များသည် လူတို့ကို အဘယ်ကြောင့်ကုသပေးခဲ့

ခရစ်ယာန်ဂရိကျမ်းစောင်များတွင် မှတ်တမ်းတင်ထားသော အံ့ဖွယ်ကုသမှုများက ယေရှုနှင့်တမန်တော်များသည် ဘုရားသခင်ထံမှရရှိသောတန်ခိုးဖြင့် ကုသပေးကြောင်း ရှင်းလင်းစွာဖော်ပြသည်။ (ယောဟန် ၃:၂; ဟေဗြဲ ၂:၃၊ ၄) ယေရှု၏အံ့ဖွယ်ကုသမှုများသည် ကိုယ်တော်ဟောသောသတင်းတရားကို ထောက်ခံပေးခဲ့သည်– ‘ယေရှုသည် တရားဇရပ်တို့၌ ဆုံးမသွန်သင်လျက် [ဘုရားသခင်၏]နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောလျက်၊ လူတို့တွင် အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက် ဂါလိလဲပြည်တစ်ပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။’ (မဿဲ ၄:၂၃) လူနာများကို ကုသပေးရုံမက လူအုပ်ကိုကျွေးမွေးခြင်း၊ ရာသီဥတုကိုထိန်းချုပ်ခြင်း၊ လူသေများကိုပင် ရှင်ပြန်ထမြောက်စေခြင်းစသော ယေရှု၏အံ့ဖွယ်လုပ်ရပ်များက ကိုယ်တော့်နိုင်ငံတော်အုပ်ချုပ်မှုအောက် နာခံမှုရှိသောလူသားများအတွက် လုပ်ဆောင်ပေးမည့်အရာများကို ဖော်ပြသည်။ သတင်းကောင်းပါတကား။

သို့သော် ထိုသို့သောအံ့ဖွယ်လုပ်ဆောင်မှုများ သို့မဟုတ် ဝိညာဉ်ဆုကျေးဇူးများသည် ယေရှုနှင့်တမန်တော်များအပြင် ယင်းဆုကျေးဇူးများကို လက်ဆင့်ကမ်းခံရသူတို့ ကွယ်လွန်သွားပြီးနောက် ကွယ်ပျောက်သွားသည်။ ‘ပရောဖက်ဉာဏ်သော်လည်းကောင်း၊ အမျိုးမျိုးသောဘာသာစကားကို [အံ့ဖွယ်နည်းဖြင့်] ပြောနိုင်သော အခွင့်သော်လည်းကောင်း၊ [ဘုရားသခင်ဖွင့်ပြသော အသိပညာ] သော်လည်းကောင်း ကွယ်ပျောက်လိမ့်မည်’ ဟုတမန်တော်ပေါလုရေးခဲ့သည်။ (၁ ကောရိန္သု ၁၃:၈) အဘယ်ကြောင့်နည်း။ အံ့ဖွယ်အမှုများ၏ရည်ရွယ်ချက်မှာ ယေရှုသည် ကတိထားရာမေရှိယအစစ်အမှန်ဖြစ်ကြောင်း၊ ခရစ်ယာန်အသင်းတော်ကို ဘုရားသခင်မျက်နှာသာပေးကြောင်း သိမြင်နိုင်ရန်ဖြစ်သည်။ ယင်းရည်ရွယ်ချက်ပြီးမြောက်ခဲ့ပြီဖြစ်ရာ ရောဂါကုသပေးခြင်းအပါအဝင် အံ့ဖွယ်အမှုများသည် လုံးဝမလိုအပ်တော့ဘဲ “ကွယ်ပျောက်လိမ့်မည်။”

သို့တိုင်၊ ယေရှု၏အံ့ဖွယ်ကုသမှုများသည် ယနေ့ ကျွန်ုပ်တို့အတွက် အရေးပါသောသတင်းတစ်ရပ်ကို ဖော်ပြနေသည်။ ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သော ယေရှု၏သွန်သင်ချက်ကို အာရုံစိုက်၍ ယုံကြည်ကြောင်း တင်ပြမည်ဆိုလျှင် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးတွင်ရော၊ ရုပ်ခန္ဓာပိုင်းတွင်ပါ “မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ” ဟူသော ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံလာမည့်အချိန်ကို ကျွန်ုပ်တို့စောင့်မျှော်နိုင်ပါသည်။—ဟေရှာယ ၃၃:၂၄; ၃၅:၅၊ ၆; ဗျာ. ၂၁:၄