ယောဟန် ၉:၁-၄၁

  • မွေးရာပါ မျက်မမြင်ကို ယေရှုကုသပေး (၁-၁၂)

  • မျက်စိပြန်မြင်လာသူကို ဖာရိရှဲတွေမေးမြန်း (၁၃-၃၄)

  • ဖာရိရှဲတွေ မျက်စိကွယ် (၃၅-၄၁)

 ယေရှု ဖြတ်လျှောက်သွားချိန်မှာ မွေးရာပါ မျက်မမြင်တစ်ယောက်ကို တွေ့တယ်။ ၂  အဲဒီအခါ တပည့်တွေက “ရဗ္ဗိ၊+ သူ မျက်စိမမြင်ဘဲ မွေးလာတာ သူ့အပြစ်ကြောင့်လား။ မိဘရဲ့အပြစ်ကြောင့်လား” လို့မေးတော့၊ ၃  ယေရှုက “သူ့အပြစ်ကြောင့် မဟုတ်ဘူး။ မိဘရဲ့အပြစ်ကြောင့်လည်း မဟုတ်ဘူး။ သူအဲဒီလိုဖြစ်နေတာဟာ ဘုရားသခင်ရဲ့ လုပ်ဆောင်မှုကို လူတွေ မြင်ခွင့်ရစေဖို့ပဲ။+ ၄  ကျွန်တော့်ကိုစေလွှတ်တဲ့အရှင်ရဲ့ အလုပ်ကို နေ့အချိန်မှာ ကျွန်တော်တို့ လုပ်ရမယ်။+ ဘယ်သူမှ  အလုပ်လုပ်လို့မရတဲ့  ညအချိန် ရောက်လာလိမ့်မယ်။ ၅  ကျွန်တော်ဟာ ဒီလောကမှာ ရှိနေသရွေ့ လောကရဲ့အလင်းပဲ”+ လို့ဖြေတယ်။ ၆  အဲဒီနောက် မြေပေါ် တံတွေးထွေးပြီး တံတွေးနဲ့ ရွှံ့ဖြစ်အောင် လုပ်တယ်။ ရွှံ့ကို အဲဒီလူရဲ့မျက်စိမှာ  လိမ်းပေးပြီး၊+ ၇  “ရှိလောင်ရေကန်မှာ  သွားဆေးလိုက်ပါ” လို့ပြောတယ်။  (ရှိလောင်ဆိုတာ “ဒလဟောစီးဆင်းတယ်”  လို့ အဓိပ္ပာယ်ရတယ်။) သူ သွားဆေးလိုက်တော့ မျက်စိမြင်ပြီး ပြန်လာတယ်။+ ၈  အဲဒီလူဟာ  သူတောင်းစားဖြစ်မှန်း အိမ်နီးချင်းတွေ၊ သူ့ကိုမြင်ဖူးတဲ့သူတွေ သိနေတော့ “ဒီလူက ထိုင်ပြီးတောင်းစားနေတဲ့သူ မဟုတ်လား” ဆိုပြီး  ပြောကြတယ်။ ၉  တချို့က “ဟုတ်တယ်။ အဲဒီလူပဲ၊” တချို့က “မဟုတ်ဘူး။ သူနဲ့တူတာ” လို့ တစ်ယောက်တစ်မျိုး ပြောကြတယ်။ သူကိုယ်တိုင်ကတော့ “ဟုတ်တယ်။ ကျွန်တော်ဟာ အဲဒီတစ်ယောက်ပါ” လို့ ဝန်ခံတယ်။ ၁၀  ဒါနဲ့ “မင်း ဘယ်လိုလုပ် မျက်စိမြင်လာတာလဲ” လို့ မေးတော့၊ ၁၁  သူက “ယေရှုလို့ခေါ်တဲ့လူက ရွှံ့လုပ်ပြီး ကျွန်တော့်မျက်စိကို လိမ်းပေးတယ်။ ပြီးတော့ ‘ရှိလောင်ရေကန်မှာ သွားဆေးပါ’+ ပြောလို့ သွားဆေးလိုက်တာ ကျွန်တော် မျက်စိမြင်လာတယ်” လို့ဖြေတယ်။ ၁၂  “အဲဒီလူ ဘယ်မှာလဲ” လို့မေးတော့ “ကျွန်တော် မသိဘူး” လို့ဖြေတယ်။ ၁၃  အဲဒီအခါ သူတို့က မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဖာရိရှဲတွေဆီ ခေါ်သွားတယ်။ ၁၄  ရွှံ့လုပ်ပြီး သူ့မျက်စိပြန်မြင်အောင် ယေရှုလုပ်ပေးတဲ့နေ့ဟာ+ ဥပုသ်နေ့ ဖြစ်နေတယ်။+ ၁၅  ဖာရိရှဲတွေက မျက်စိ ဘယ်လိုပြန်မြင်လာတာလဲလို့  မေးတော့ သူက “ကျွန်တော့်မျက်စိကို ရွှံ့နဲ့လိမ်းပေးတယ်။ ရေဆေးလိုက်တဲ့အခါ မျက်စိမြင်လာတယ်”  လို့ဖြေတယ်။ ၁၆  ဒါနဲ့  ဖာရိရှဲတချို့က  “ဒီလူ ဥပုသ်ပညတ်+  ချိုးဖောက်တယ်ဆိုတော့ ဘုရားသခင်ဆီက လာတဲ့သူ မဖြစ်နိုင်ဘူး၊” တချို့ကျတော့လည်း “အပြစ်သားဆိုရင် ဒီလိုအံ့ဖွယ်အမှုကို ဘယ်လုပ်နိုင်ပါ့မလဲ”+ လို့ပြောကြတယ်။  ဒီလိုနဲ့ သူတို့ အချင်းချင်း  စိတ်ဝမ်းကွဲသွားကြတယ်။+ ၁၇  မျက်မမြင်ဖြစ်ခဲ့ဖူးသူကို “မင်းကို မျက်စိမြင်အောင် သူလုပ်ပေးခဲ့တာဆိုတော့ မင်းပဲ ပြောကြည့်စမ်း။ သူ ဘယ်သူဖြစ်မလဲ” လို့ထပ်မေးတဲ့အခါ “သူဟာ ပရောဖက်ပဲ” လို့ဖြေတယ်။ ၁၈  ဒါပေမဲ့ ဂျူးတွေက အဲဒီလူ မျက်မမြင်ဖြစ်ခဲ့ဖူးတာ၊ အခု မျက်စိမြင်လာတာကို မယုံတဲ့အတွက် သူ့မိဘတွေကို ခေါ်ပြီး၊ ၁၉  “ဒီတစ်ယောက်က မျက်စိမမြင်ဘဲ မွေးလာတဲ့ ခင်ဗျားတို့ရဲ့သား ဟုတ်သလား။ ဒါဆို သူ ဘယ်လိုလုပ်  မျက်စိပြန်မြင်လာတာလဲ”  လို့မေးတယ်။ ၂၀  မိဘတွေက “ဒါ ကျုပ်တို့သား ဟုတ်ပါတယ်။ မွေးကတည်းက မျက်စိမမြင်ဘူးဆိုတာလည်း မှန်ပါတယ်။ ၂၁  ဒါပေမဲ့ သူ အခု ဘယ်လို မျက်စိမြင်လာတယ်ဆိုတာကိုတော့ မသိပါဘူး။ မျက်စိမြင်အောင် လုပ်ပေးတဲ့လူကိုလည်း မသိပါဘူး။ သူလည်း အရွယ်ရောက်နေပြီပဲ။ သူ့ကိုသာ မေးကြည့်လိုက်ပါ”  လို့ပြောတယ်။ ၂၂  သူ့မိဘတွေက ဂျူးတွေကိုကြောက်လို့ အဲဒီလို ဖြေလိုက်တာ။+ ယေရှုကို ခရစ်တော်အဖြစ် အသိအမှတ်ပြုတဲ့သူကို တရားဇရပ်ကနေ နှင်ထုတ်ရမယ်လို့ ဂျူးတွေ ဆုံးဖြတ်ထားကြတယ်။+ ၂၃  ဒါကြောင့် မိဘတွေက “သူ အရွယ်ရောက်နေပြီ။ သူ့ကိုပဲ မေးကြည့်ပါ” လို့ဖြေလိုက်တာ။ ၂၄  ဒါနဲ့  မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဒုတိယအကြိမ်ခေါ်ပြီး “ဘုရားသခင်ရှေ့မှာ အမှန်အတိုင်း ပြောပါ။ အဲဒီလူဟာ အပြစ်သားပဲဆိုတာ ငါတို့သိတယ်” လို့ပြောတော့၊ ၂၅  သူက “အဲဒီလူအပြစ်သား ဟုတ်မဟုတ်တော့ မသိဘူး။ အရင်က ကျွန်တော် မျက်စိမမြင်ဘူး၊ အခု မြင်ရတယ်။ ဒါပဲ ကျွန်တော်သိတယ်” လို့ဖြေတယ်။ ၂၆  သူတို့က “သူ မင်းကို ဘာလုပ်ပေးသလဲ။ မင်းမျက်စိမြင်အောင် ဘယ်လိုလုပ်ပေးလိုက်တာလဲ” လို့မေးတဲ့အခါ၊ ၂၇  သူက “ကျွန်တော်ပြောပြီးပြီပဲ။ ခင်ဗျားတို့မှ နားမထောင်တာ။ ဘာလို့ ထပ်ကြားချင်ရတာလဲ။ ခင်ဗျားတို့လည်း သူ့တပည့်ဖြစ်ချင်တာလား” လို့ဖြေတယ်။ ၂၈  အဲဒီအခါ သူတို့က ဒေါသတကြီးနဲ့ “မင်းကသာ  အဲဒီလူရဲ့တပည့်ကွ။  ငါတို့က  မောရှေရဲ့တပည့်။ ၂၉  မောရှေကို ဘုရားသခင် ဗျာဒိတ်ပေးခဲ့မှန်း ငါတို့သိတယ်။ ဒီလူကတော့ ဘယ်ကလာမှန်း ငါတို့မသိဘူး”  ဆိုပြီး  ကဲ့ရဲ့ကြတယ်။ ၃၀  သူက “ကျွန်တော့်ကို မျက်စိမြင်အောင် လုပ်ပေးတာတောင်  သူဘယ်ကလာမှန်း  ခင်ဗျားတို့မသိတာ  အံ့သြတယ်။ ၃၁  ဘုရားသခင်က အပြစ်သားတွေ ပြောတာကို နားမထောင်ဘူး။+ ဘုရားသခင်ကို ကြောက်ရွံ့ ပြီး အလိုတော်ဆောင်တဲ့သူ  ပြောတာကိုပဲ နားထောင်တယ်ဆိုတာ ကျွန်တော်တို့ သိကြတာပဲ။+ ၃၂  တစ်ယောက်ယောက်က မွေးရာပါမျက်မမြင်ကို မျက်စိမြင်အောင် လုပ်ပေးခဲ့တယ်ဆိုတဲ့အကြောင်း ရှေးအချိန်ကတည်းက  မကြားဖူးဘူး။ ၃၃  အဲဒီလူဟာ ဘုရားသခင်ဆီကလာတာ မဟုတ်ရင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”+ လို့ပြောတော့၊ ၃၄  “မွေးကတည်းက အပြစ်ပါလာတဲ့ မင်းလိုလူက ငါတို့ကို သွန်သင်နေရသလား” ဆိုပြီး သူ့ကို မောင်းထုတ်ပစ်ကြတယ်။+ ၃၅  သူ့ကို  မောင်းထုတ်လိုက်တဲ့သတင်း ယေရှုကြားတော့ သူနဲ့တွေ့တဲ့အခါ “လူသားကို ယုံကြည်သလား” လို့မေးတယ်။ ၃၆  သူက “သခင်၊ လူသားက ဘယ်သူလဲ၊ ပြောပြပါ။ ဒါမှ ကျွန်တော် ယုံကြည်လို့ရမှာပါ” လို့ ပြန်မေးတယ်။ ၃၇  ယေရှုက “သူ့ကို ခင်ဗျားမြင်ဖူးပါတယ်။ တကယ်တော့ အခု ခင်ဗျားနဲ့ စကားပြောနေတာ လူသားပဲ” လို့ဖြေတယ်။ ၃၈  အဲဒီအခါ သူက “သခင်၊  ကျွန်တော်  ယုံကြည်ပါတယ်”  ဆိုပြီး  ယေရှုကို  ဦးညွှတ်တယ်။ ၃၉  ယေရှုက “ဘုရားသခင် စီရင်ဆုံးဖြတ်နိုင်ဖို့ ဒီလောကကို ကျွန်တော်လာတာ။ မျက်မမြင်တွေ မြင်လာဖို့၊+ မျက်စိမြင်တဲ့သူတွေ မျက်စိကွယ်သွားဖို့ပဲ”+ လို့ပြောတော့၊ ၄၀  အဲဒီမှာရှိနေတဲ့ ဖာရိရှဲတွေက “ငါတို့က မျက်မမြင်မှ မဟုတ်တာ” လို့ ပြောတယ်။ ၄၁  ယေရှုက “ခင်ဗျားတို့ဟာ မျက်မမြင်ဖြစ်နေရင် အပြစ်မရှိဘူး။ အခုတော့ ‘ငါတို့ မျက်စိမြင်တယ်’ လို့ပြောတဲ့အတွက် ခင်ဗျားတို့အပြစ် ခွင့်လွှတ်ခံရမှာ မဟုတ်ဘူး” လို့ပြောလိုက်တယ်။+

အောက်ခြေမှတ်ချက်များ