မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပင်ကိုစွမ်းရည်ကို အပြည့်အ၀ အသုံးချနိုင်ဖို့ တခြားသူတွေကို ကူညီပေးပါ

ပင်ကိုစွမ်းရည်ကို အပြည့်အ၀ အသုံးချနိုင်ဖို့ တခြားသူတွေကို ကူညီပေးပါ

‘သင့်ကို မျက်ခြည်မပြတ်ကြည့်ရှုပြီး အကြံဉာဏ်ပေးမယ်။’ —ဆာ. ၃၂:၈ကဘ။

၁၊ ၂။ ယေဟောဝါက သူ့ကျေးကျွန်တစ်ယောက်စီကို ဘယ်လိုရှုမြင်သလဲ။

မိဘတွေက သူတို့ရဲ့ကလေးတွေ ကစားနေတာကို ကြည့်တဲ့အခါ ကလေးတွေမှာရှိတဲ့ စွမ်းရည်တွေကိုကြည့်ပြီး အံ့သြကြရတယ်။ သင်လည်း အဲဒီလို ကြုံဖူးမှာပဲ။ ကလေးတစ်ယောက်က အားကစားမှာ ထူးချွန်ပြီး နောက်တစ်ယောက်က ပန်းချီဆွဲတာ ဒါမှမဟုတ် လက်မှုပညာတစ်ခုခုမှာ ထူးချွန်ကြတယ်။ သူတို့လေးတွေမှာ ဘယ်လိုစွမ်းရည်ပဲရှိပါစေ အဲဒီစွမ်းရည်တွေကို အပြည့်အဝအသုံးချနိုင်ဖို့ မိဘတွေက အတတ်နိုင်ဆုံး ကူညီပေးချင်ကြတယ်။

မေတ္တာရှိတဲ့မိဘတစ်ယောက်လိုပဲ ယေဟောဝါလည်း သူ့ရဲ့ကျေးကျွန်တွေကို စိတ်ဝင်စားတယ်။ အထူးသဖြင့် သူတို့ရဲ့ယုံကြည်ခြင်းနဲ့ သစ္စာရှိမှုကြောင့် သူတို့တွေဟာ ကိုယ်တော်အတွက် “တန်ဖိုးရှိ” တယ်။ (ဟဂ္ဂဲ ၂:၇ကဘ) ညီအစ်ကိုညီအစ်မတွေမှာလည်း ပင်ကိုအစွမ်းအစတွေ အမျိုးမျိုးရှိတယ်ဆိုတာ သင်တို့ သတိပြုမိပါလိမ့်မယ်။ ဥပမာအနေနဲ့ ညီအစ်ကိုတချို့က အဟောအပြောကောင်းတယ်၊ တချို့က စီစဉ်ဖွဲ့စည်းတဲ့နေရာမှာ တော်တယ်။ ညီအစ်မတော်တော်များများက ဘာသာစကားသင်ယူတဲ့နေရာမှာ အတတ်မြန်ကြတယ်၊ အဲဒါကို အမှုဆောင်လုပ်ငန်းမှာ အသုံးချကြတယ်။ တချို့ကျတော့လည်း လူနာပြုစုတဲ့နေရာမှာ တော်တယ် ဒါမှမဟုတ် အားပေးတဲ့နေရာမှာ တော်တယ်။ (ရော. ၁၆:၁၊ ၁၂) ဒီလိုညီအစ်ကိုညီအစ်မတွေနဲ့အတူ အသင်းတော်မှာရှိနေရတာကို ကျွန်ုပ်တို့ တကယ်တန်ဖိုးထားတယ်။

၃။ ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို လေ့လာကြမလဲ။

လူငယ်တွေနဲ့ နှစ်ခြင်းခံပြီးခါစ ညီအစ်ကိုတွေဟာ အသင်းတော်မှာ သူတို့အတွက်နေရာမရှိဘူးလို့ ခံစားရနိုင်တယ်။ သူတို့မှာရှိတဲ့ အစွမ်းအစတွေကို အပြည့်အဝအသုံးချတတ်ဖို့ ကျွန်ုပ်တို့ ဘယ်လိုကူညီပေးနိုင်သလဲ။ ယေဟောဝါကို တုပဖို့နဲ့ ညီအစ်ကိုတွေမှာရှိတဲ့ အရည်အသွေးကောင်းတွေကို မြင်တတ်ဖို့ ဘာကြောင့် ကြိုးစားသင့်သလဲ။

ကျွန်ုပ်တို့မှာရှိတဲ့ အရည်အသွေးကောင်းတွေကို ယေဟောဝါမြင်

၄၊ ၅။ ဂိဒေါင်မှာရှိတဲ့ ဘယ်စွမ်းရည်တွေကို ယေဟောဝါမြင်သလဲ။ ယေဟောဝါဆီကနေ ဘာသင်ယူနိုင်သလဲ။

ယေဟောဝါဟာ မိမိရဲ့ကျေးကျွန်တွေမှာရှိတဲ့ အရည်အသွေးကောင်းတွေကိုပဲ မြင်တာမဟုတ်ဘူး၊ သူတို့ရဲ့အလားအလာကောင်းတွေကိုလည်း မြင်တယ်။ ဥပမာ၊ ယေဟောဝါက မိဒျန်လူတွေလက်ကနေ အစ္စရေးတွေကို ကယ်တင်ဖို့ ဂိဒေါင်ကို ရွေးချယ်ခဲ့တယ်။ ဂိဒေါင်က သူ့ကိုယ်သူ အရေးမပါတဲ့သူလို့ ယူဆခဲ့တယ်၊ ဒါကြောင့် ကောင်းကင်တမန်က ‘ခွန်အားကြီးတဲ့စစ်သူရဲ၊ မင်းနဲ့အတူ ယေဟောဝါရှိတယ်’ လို့ပြောတဲ့အခါ သူ ထိတ်လန့်အံ့သြသွားမှာပဲ။ ဂိဒေါင်က သူ့ကိုယ်သူ ‘ခွန်းအားကြီး’ တယ်လို့ မယူဆဘူး၊ ဘုရားသခင့်လူမျိုးကို မကယ်တင်နိုင်ဘူးလို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ယေဟောဝါက အဲဒီလိုမမြင်ဘူး။ ဂိဒေါင်လုပ်နိုင်တဲ့အရာကို ကိုယ်တော်မြင်တယ်၊ အစ္စရေးတွေကိုကယ်တင်ဖို့ ဂိဒေါင်ကို သုံးလို့ရတယ်ဆိုတာ သိတယ်။—တရားသူကြီး ၆:၁၁–၁၆ ကိုဖတ်ပါ။

ယေဟောဝါဟာ မိမိကျေးကျွန်တွေမှာရှိတဲ့ အရည်အသွေးကောင်းတွေထက်မက ပိုမြင်တယ်

ယေဟောဝါက ဂိဒေါင်မှာရှိတဲ့ အလားအလာကောင်းတွေကိုမြင်လို့ သူ့ကို အပြည့်အဝယုံကြည်တယ်။ ဥပမာ၊ ဂိဒေါင်က သူ့ရဲ့ခွန်အားရှိသမျှကိုသုံးပြီး ဂျုံစပါးတွေကို ရိုက်ခြွေနေတာကို ယေဟောဝါမြင်တယ်။ လယ်သမားတွေက ကွင်းပြင်မှာ အလုပ်လုပ်လေ့ရှိတယ်၊ ဒါပေမဲ့ ဂိဒေါင်က သူ့ရဲ့ဂျုံစပါးတွေကို မိဒျန်လူတွေ မြင်ပြီး ခိုးမသွားအောင် စပျစ်သီးနယ်တဲ့ကျင်းထဲမှာ ဂျုံစပါးတွေကို ရိုက်ခြွေတယ်။ ဂိဒေါင်ဟာ အလုပ်ကြိုးစားတဲ့သူလောက်ပဲ မဟုတ်ဘူး၊ အခြေအနေကိုနားလည်ပြီး အန္တရာယ်ကိုရှောင်ဖို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချနိုင်သူဖြစ်တယ်။ ယေဟောဝါက ဂိဒေါင်ရဲ့ အဲဒီစွမ်းရည်တွေကို မြင်ပြီး သူ့ကို လေ့ကျင့်ပေးခဲ့တယ်။

၆၊ ၇။ (က) အာမုတ်နဲ့ပတ်သက်ပြီး အစ္စရေးတချို့ရဲ့အမြင်နဲ့ ယေဟောဝါရဲ့အမြင် ဘယ်လိုကွာခြားသလဲ။ (ခ) အာမုတ်ကိုရွေးတာ မမှားဘူးဆိုတာ ဘယ်လိုသိရသလဲ။

အဲဒီလိုပဲ ပရောဖက်အာမုတ်ရဲ့စွမ်းရည်တွေကို ယေဟောဝါမြင်တယ်။ လူတွေကတော့ သူ့ကို အရေးမပါတဲ့လူအေးတစ်ယောက်လို့ မြင်ကြတယ်။ သူက သာမန်သိုးကျောင်းသားနဲ့ ခြံလုပ်သားဖြစ်တယ်။ ဒါပေမဲ့ ယေဟောဝါက မိမိကို ဝတ်မပြုတော့တဲ့ အစ္စရေးဆယ်နွယ်နိုင်ငံကို ဆုံးမဖို့ အာမုတ်ကို တာဝန်ပေးခဲ့တယ်။ အစ္စရေးလူတချို့ကတော့ အာမုတ်ကို ရွေးတာမှားတယ်လို့ ယူဆကြမယ်။ ဘာကြောင့်လဲ။—အာမုတ် ၇:၁၄၊ ၁၅ ကိုဖတ်ပါ။

အာမုတ်ဟာ တော်တော်ခေါင်တဲ့ရွာမှာ နေတယ်။ ဒါပေမဲ့ သူ့ရွာကိုလာတဲ့ ကုန်သည်တွေဆီကနေတစ်ဆင့် လူတွေရဲ့ဓလေ့ထုံးစံတွေအကြောင်း၊ ပတ်ဝန်းကျင်နိုင်ငံက အုပ်ချုပ်သူတွေအကြောင်း အများကြီးသိထားတယ်။ ဥပမာ၊ အာမုတ်က အိမ်နီးချင်းနိုင်ငံတွေအကြောင်းနဲ့ အစ္စရေးနိုင်ငံရဲ့ အခြေအနေဆိုးတွေအကြောင်း အများကြီးသိတယ်။ (အာ. ၁:၆၊ ၉၊ ၁၁၊ ၁၃; ၂:၈; ၆:၄-၆) အာမုတ်က အရေးအသားကောင်းသူလည်း ဖြစ်တယ်။ ရိုးရှင်းပြီး ထိမိတဲ့စကားလုံးတွေကို သုံးနိုင်တယ်။ အကျင့်ပျက်တဲ့ ယဇ်ပုရောဟိတ်အာမဇိကို မကြောက်မရွံ့ အပြစ်တင်ခဲ့တယ်။ အမှန်ပါပဲ၊ ယေဟောဝါဟာ မိမိရဲ့သတင်းကိုကြေညာဖို့ သင့်တော်တဲ့သူကို ရွေးချယ်ခဲ့တယ်။ တခြားသူတွေမမြင်တဲ့ အာမုတ်ရဲ့အရည်အသွေးတွေကို ကိုယ်တော်မြင်ခဲ့တယ်။—အာ. ၇:၁၂၊ ၁၃၊ ၁၆၊ ၁၇

ကျွန်ုပ်တို့တစ်ယောက်စီမှာရှိတဲ့ အရည်အသွေးကောင်းတွေကို အပြည့်အဝအသုံးချနိုင်ဖို့ ယေဟောဝါ ကူညီပေးချင်တယ်

၈။ (က) ဒါဝိဒ်ကို ယေဟောဝါ ဘာကတိပေးခဲ့သလဲ။ (ခ) ကိုယ့်အရည်အသွေးကို ယုံကြည်စိတ်ချမှုမရှိသူအတွက် ဆာလံ ၃၂:၈ က ဘာကြောင့်အားပေးမှုဖြစ်စေသလဲ။

ယေဟောဝါက မိမိကျေးကျွန်တစ်ဦးစီရဲ့ အရည်အသွေးတွေကို သတိထားမိတယ်၊ အဲဒါတွေကို အကောင်းဆုံးအသုံးချနိုင်ဖို့ ကိုယ်တော်ကူညီပေးချင်တယ်။ ဥပမာ၊ ယေဟောဝါက ဒါဝိဒ်ကို လမ်းညွှန်ပေးမယ်၊ လိုအပ်တဲ့အကြံဉာဏ်ပေးမယ်လို့ ကတိပေးခဲ့တယ်။ (ဆာလံ ၃၂:၈ ကိုဖတ်ပါ။) ဒီအချက်က ကျွန်ုပ်တို့အတွက် ဘာကြောင့်အားပေးမှု ဖြစ်စေသလဲ။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုမရှိရင်တောင် ကျွန်ုပ်တို့ထင်တာထက် ပိုလုပ်နိုင်အောင် ယေဟောဝါကူညီပေးနိုင်ပါတယ်။ ဆရာကောင်းတစ်ယောက်က အတွေ့အကြုံမရှိတဲ့ကျောင်းသားကို တစ်ဆင့်ချင်း လေ့ကျင့်ပေးသလိုပဲ ယေဟောဝါက ကျွန်ုပ်တို့မှာရှိတဲ့စွမ်းရည်တွေကို အပြည့်အဝအသုံးချနိုင်အောင် လေ့ကျင့်ပေးတယ်။ အဲဒီလိုလေ့ကျင့်ပေးဖို့ တခြားညီအစ်ကိုညီအစ်မတွေကို ကိုယ်တော် အသုံးပြုနိုင်တယ်။ ဘယ်လိုနည်းလမ်းတွေနဲ့လဲ။

တခြားသူတွေရဲ့ အရည်အသွေးကောင်းတွေကို ရှာပါ

၉။ ညီအစ်ကိုညီအစ်မတွေရဲ့ အကျိုးကို ဘယ်လို “အာရုံစိုက်” နိုင်သလဲ။

ပေါလုက ခရစ်ယာန်အားလုံးကို ညီအစ်ကိုညီအစ်မတွေရဲ့ အကျိုးကို “အာရုံစိုက်” ဖို့ အားပေးခဲ့တယ်။ (ဖိလိပ္ပိ ၂:၃၊ ၄ ကိုဖတ်ပါ။) ဒီအချက်က ဘာကိုဆိုလိုတာလဲ။ ညီအစ်ကိုတွေရဲ့အရည်အချင်းတွေကို သိမြင်ပြီး သူတို့ကို ပြောပြသင့်တယ်။ သင့်မှာရှိတဲ့အရည်အချင်းကောင်းတစ်ခုကို တစ်ယောက်ယောက်က သတိပြုမိတယ်ဆိုရင် ဘယ်လိုခံစားရမလဲ။ ပိုတိုးတက်ချင်စိတ်ရှိလာတယ်။ ညီအစ်ကိုတွေလည်း အဲဒီလိုပဲ။ သူတို့ရဲ့ကြိုးစားမှုတွေကို သိမြင်ဖို့ အချိန်ပေးမယ်ဆိုရင် သူတို့တွေ တိုးတက်ဖို့နဲ့ ယေဟောဝါရဲ့အမှုတော်မှာ အောင်မြင်ဖို့ အားပေးမှုဖြစ်စေပါလိမ့်မယ်။

၁၀။ ဘယ်သူတွေကို အထူးသဖြင့် အာရုံစိုက်ဖို့လိုသလဲ။

၁၀ ကျွန်ုပ်တို့အားလုံးဟာ တခြားသူတွေရဲ့အာရုံစိုက်မှု ခံရဖို့လိုတယ်။ အထူးသဖြင့် လူငယ်တွေ ဒါမှမဟုတ် နှစ်ခြင်းခံပြီးခါစ ညီအစ်ကိုတွေဟာ အသင်းတော်လုပ်ဆောင်မှုတွေက သူတို့နဲ့လည်းသက်ဆိုင်တယ်လို့ ခံစားရဖို့လိုတယ်။ အဲဒါက သူတို့လည်း ယေဟောဝါရဲ့လူမျိုးအလယ်မှာ အသုံးဝင်သူတွေဖြစ်တယ်ဆိုတာ နားလည်ဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ ထပ်ဆင့်တာဝန်တွေအတွက် အရည်အချင်းပြည့်မီအောင် ကြိုးစားဖို့ ကျမ်းစာက ဒီညီအစ်ကိုတွေကို အားပေးထားတယ်။ (၁ တိ. ၃:၁) ဒါပေမဲ့ သူတို့လုပ်နေတဲ့အလုပ်တွေ တန်ဖိုးထားမခံရဘူးဆိုရင် ယေဟောဝါရဲ့အမှုတော်မှာ ဆက်မလုပ်ချင်တော့ဘဲ စိတ်ဓာတ်ကျလာနိုင်တယ်။

၁၁။ (က) အကြီးအကဲတစ်ယောက်က လူငယ်ညီအစ်ကိုတစ်ယောက်ကို တိုးတက်ဖို့ ဘယ်လိုကူညီပေးခဲ့သလဲ။ (ခ) ယူလျန်ရဲ့တွေ့ကြုံမှုကနေ ဘာသိရှိရသလဲ။

၁၁ ညီအစ်ကိုတစ်ယောက်ဟာ အာရုံစိုက်ခံရတဲ့အခါမှာ မြန်မြန်ဆန်ဆန်တိုးတက်လာတယ်လို့ အကြီးအကဲတစ်ဦးဖြစ်တဲ့ လူဒိုဗစ်က ပြောတယ်။ ယူလျန်ဟာ အဲဒီလိုညီအစ်ကိုမျိုးပဲ။ သူက ရှက်တတ်တယ်၊ တစ်ခုခုလုပ်ဖို့ ကြိုးစားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုမရှိဘဲ တလွဲဖြစ်နေတတ်တယ်။ “ဒါပေမဲ့ သူက ကြင်နာတတ်တယ်၊ တခြားသူတွေကို ကူညီပေးချင်တယ်ဆိုတာ ကျွန်တော်မြင်တယ်” လို့ လူဒိုဗစ်က ပြောတယ်။ အဲဒါကြောင့် ယူလျန်ကို အပြစ်တင်ဝေဖန်မယ့်အစား သူ့ရဲ့အရည်အချင်းကောင်းတွေကိုပဲ အာရုံစိုက်ပြီး အားပေးခဲ့တယ်။ ရလဒ်အနေနဲ့ ယူလျန်ဟာ အမှုထမ်းဖြစ်ဖို့ အရည်အချင်းပြည့်မီလာတယ်၊ အခုဆိုရင် မှန်မှန်ရှေ့ဆောင်ဖြစ်နေပြီ။

ပင်ကိုစွမ်းရည်ကို အပြည့်အ၀အသုံးချနိုင်ဖို့ သူတို့ကို ကူညီပေးပါ

၁၂။ ညီအစ်ကိုတွေကို ကူညီပေးဖို့ ကျွန်ုပ်တို့ ဘာလုပ်ရမလဲ။ ဥပမာပေးပါ။

၁၂ ပင်ကိုစွမ်းရည်တွေကို အပြည့်အဝအသုံးချနိုင်ဖို့ ညီအစ်ကိုတွေကို ကူညီပေးချင်တယ်ဆိုရင် သူတို့ရဲ့အားနည်းချက်တွေထက်မက မြင်တတ်ဖို့လိုတယ်။ သူတို့ရဲ့အရည်အသွေးကောင်းတွေကို ရှာဖွေဖို့လိုတယ်။ တမန်တော်ပေတရုနဲ့ပတ်သက်ပြီး ယေရှု အဲဒီလိုလုပ်ခဲ့တယ်။ ပေတရုကို ယုံကြည်စိတ်ချလို့မရဘူးလို့ ထင်ရတဲ့အချိန်တွေရှိခဲ့တယ်။ ဒါပေမဲ့ ယေရှုက သူ့ရဲ့အရည်အသွေးကောင်းတွေကို မြင်ခဲ့တယ်၊ ကျောက်ဆောင်လို့အဓိပ္ပာယ်ရှိတဲ့ ကေဖ ဒါမှမဟုတ် ပေတရုလို့ နာမည်ပေးခဲ့တယ်။ ဒီလိုနည်းနဲ့ ပေတရုဟာ ခိုင်မာတဲ့ကျောက်ဆောင်လို ဖြစ်လာမယ်လို့ ယေရှု ကြိုပြောခဲ့တယ်။—ယော. ၁:၄၂

ညီအစ်ကိုတွေမှာရှိတဲ့ အရည်အသွေးကောင်းတွေကို မြင်တတ်ဖို့လိုတယ်

၁၃၊ ၁၄။ (က) လူငယ်မာကုကို ဗာနဗ ဘယ်လိုရှုမြင်ခဲ့သလဲ။ (ခ) အကြီးအကဲတစ်ယောက်ရဲ့ ကူညီပေးမှုကနေ အလက်ဇန်းဒါး ဘယ်လိုအကျိုးရခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။)

၁၃ ဗာနဗနဲ့ မာကုတို့ရဲ့ပုံနမူနာကို ပြန်သုံးသပ်ကြည့်ကြစို့။ (တ. ၁၂:၂၅) ပေါလုနဲ့ဗာနဗတို့ရဲ့ ပထမသာသနာပြုခရီးစဉ်မှာ မာကုက ကူဖော်လောင်ဖက်အနေနဲ့ သူတို့ရဲ့လိုအပ်ရာတွေကို လုပ်ဆောင်ပေးခဲ့ရပုံရှိတယ်။ ဒါပေမဲ့ ပံဖုလိပြည်ကိုရောက်တဲ့အခါ မာကုက သူတို့ကိုထားပြီး ရုတ်တရက်ထွက်သွားခဲ့တယ်။ ပေါလုနဲ့ဗာနဗ နှစ်ယောက်တည်းပဲ အန္တရာယ်ရှိတဲ့ဒေသကို သွားခဲ့ရတယ်။ (တ. ၁၃:၅၊ ၁၃) နောက်ပိုင်း ဗာနဗ ဘာလုပ်ခဲ့သလဲ။ မာကုရဲ့အားနည်းချက်ကိုမဟုတ်ဘဲ အရည်အသွေးကောင်းတွေကို အာရုံစိုက်ခဲ့ပုံရတယ်။ မာကုကို အားကိုးလို့မရတဲ့သူလို့ မရှုမြင်ခဲ့ဘူး။ အဲဒီအစား နောက်ပိုင်းမှာ ဗာနဗက မာကုကို လေ့ကျင့်ပေးခဲ့တယ်၊ ရလဒ်အနေနဲ့ မာကုဟာ ရင့်ကျက်တဲ့ခရစ်ယာန်တစ်ယောက် ဖြစ်လာတယ်။ (တ. ၁၅:၃၇-၃၉) နောက်ပိုင်းနှစ်တွေမှာ မာကုဟာ ရောမမှာအကျဉ်းကျနေတဲ့ ပေါလုကို ကူညီပေးခဲ့တယ်။ ကောလောသဲအသင်းတော်ကို ပေါလု စာရေးတဲ့အခါ မာကုအကြောင်း အကောင်းပြောခဲ့တယ်။ (ကော. ၄:၁၀) ပေါလုက မာကုရဲ့အကူအညီကိုတောင်းခံတဲ့အခါ ဗာနဗ ဘယ်လောက်ဝမ်းသာမယ်ဆိုတာ စဉ်းစားကြည့်ပါ။—၂ တိ. ၄:၁၁

၁၄ အဲဒီလိုပဲ အကြီးအကဲတစ်ယောက်ဖြစ်တဲ့ အလက်ဇန်းဒါးက ညီအစ်ကိုတစ်ယောက် သူ့ကို ဘယ်လိုကူညီပေးခဲ့တယ်ဆိုတာ သတိရပြီး ဒီလိုပြန်ပြောပြတယ်– “ကျွန်တော် အရင်ကဆိုရင် လူတွေရှေ့မှာ ဆုတောင်းရတာ အရမ်းခက်တယ်။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြင်ဆင်ရမယ်၊ သက်သောင့်သက်သာရှိအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ အကြီးအကဲတစ်ယောက်က သင်ပေးတယ်။ ဆုမတောင်းခိုင်းပဲနေမယ့်အစား လယ်ကွင်းစုဆုံမှုတွေမှာ ပုံမှန်ဆုတောင်းဖို့ အခွင့်အရေးပေးခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိလာတယ်။”

၁၅။ ညီအစ်ကိုညီအစ်မတွေကို တန်ဖိုးထားကြောင်း ပေါလု ဘယ်လိုဖော်ပြခဲ့သလဲ။

၁၅ တခြားညီအစ်ကိုညီအစ်မတွေမှာ အရည်အသွေးကောင်းတွေကို မြင်တဲ့အခါ သင်ဘာလုပ်သလဲ။ သူတို့ကို ချီးမွမ်းသလား။ ရောမအခန်းကြီး ၁၆ မှာ ညီအစ်ကိုညီအစ်မ ၂၀ ကျော်ရဲ့ အရည်အသွေးကောင်းတွေအကြောင်းကို ပေါလု အသိအမှတ်ပြု ဖော်ပြခဲ့တယ်။ (ရော. ၁၆:၃-၇၊ ၁၃) ဥပမာ၊ ပေါလုက သူ့ထက်အရင် အမှုဆောင်လုပ်ငန်းမှာ ခံနိုင်ရည်ရှိရှိပါဝင်ခဲ့တဲ့ အန္ဒြောနိတ်နဲ့ ယုနိကို ချီးမွမ်းခဲ့တယ်။ သူ့ကို ဂရုစိုက်ပေးခဲ့တဲ့ ရုဖုရဲ့အမေအကြောင်းကိုလည်း ပြောခဲ့တယ်။

ဖရက်ဒရစ် (ဘယ်) က ရီကို,ကို ယေဟောဝါရဲ့အမှုဆောင်ဖို့ စိတ်ပိုင်းဖြတ် နိုင်အောင် အားပေးခဲ့ (အပိုဒ် ၁၆ ကိုကြည့်ပါ)

၁၆။ လူငယ်တွေကို ချီးမွမ်းပေးတဲ့အခါ ဘာအကျိုးရနိုင်သလဲ။

၁၆ ကျွန်ုပ်တို့လည်း တခြားသူတွေကို ချီးမွမ်းတယ်ဆိုရင် ရလဒ်ကောင်းတွေ ရရှိနိုင်ပါတယ်။ ပြင်သစ်ကလူငယ်လေး ရီကိုအကြောင်း စဉ်းစားကြည့်ပါ။ ယေဟောဝါသက်သေမဟုတ်တဲ့ သူ့အဖေက သူနှစ်ခြင်းခံမှာကို အတိုက်အခံလုပ်လို့ သူအရမ်းစိတ်ဓာတ်ကျခဲ့တယ်။ နှစ်ခြင်းခံဖို့အတွက် အရွယ်ရောက်တဲ့အထိ စောင့်ရမယ်လို့ထင်ခဲ့တယ်။ ကျောင်းမှာလည်း သူ့ရဲ့ယုံကြည်ချက်ကြောင့် ပြောင်လှောင်ခံရလို့ ဝမ်းနည်းခဲ့တယ်။ ဒါပေမဲ့ ဖရက်ဒရစ်ဆိုတဲ့အကြီးအကဲက ရီကိုဟာ သူ့ရဲ့ယုံကြည်ခြင်းကို သတ္တိရှိရှိဖော်ပြလို့ အဲဒီလို ပြောင်လှောင်ခံရတာဆိုပြီး သူ့ကို ချီးမွမ်းခဲ့တယ်။ ဒီကြင်နာတဲ့စကားတွေကြောင့် ရီကိုဟာ ဆက်ပြီးတိုးတက်အောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်နိုင်ခဲ့တယ်၊ သူ့အဖေနဲ့ဆက်ဆံရေးကောင်းရှိအောင်လည်း လုပ်ခဲ့တယ်။ ရီကိုဟာ ၁၂ နှစ်အရွယ်မှာပဲ နှစ်ခြင်းခံနိုင်ခဲ့တယ်။

ဇာရွမ် (ညာ) က ရိုင်ယန်ကို သာသနာပြုဖြစ်ဖို့ ပန်းတိုင်ချနိုင်အောင် ကူညီပေးခဲ့

(အပိုဒ် ၁၇ ကိုကြည့်ပါ)

၁၇။ (က) ညီအစ်ကိုညီအစ်မတွေ တိုးတက်အောင် ကျွန်ုပ်တို့ ဘယ်လိုကူညီပေးနိုင်သလဲ။ (ခ) သာသနာပြုတစ်ဦး လူငယ်တွေကို ဘယ်လိုကူညီပေးခဲ့သလဲ၊ ရလဒ်က ဘာလဲ။

၁၇ ညီအစ်ကိုညီအစ်မတွေကို သူတို့လုပ်ခဲ့တဲ့ ကောင်းတဲ့အရာတစ်ခုခုအတွက် ချီးမွမ်းပေးတဲ့အခါ ယေဟောဝါကို သူတို့အတတ်နိုင်ဆုံး အမှုဆောင်ဖို့ အားပေးမှုဖြစ်စေတယ်။ ပြင်သစ်ဗေသလမှာ နှစ်အတော်ကြာ အမှုဆောင်ခဲ့တဲ့ စေလ်ဗီက ညီအစ်မတွေလည်း ညီအစ်ကိုတွေကို ချီးမွမ်းပေးနိုင်တယ်လို့ ပြောတယ်။ * အဲဒီလိုလုပ်ဖို့ သူ့မှာတာဝန်ရှိတယ်လို့ ခံစားရတယ်။ (သု. ၃:၂၇) ညီအစ်မတွေက ညီအစ်ကိုတွေ သတိမထားမိတဲ့ အသေးစိတ်အချက်အလက်တွေကို မြင်တတ်တယ်။ ဒါကြောင့် ညီအစ်မတွေက ညီအစ်ကိုတွေရဲ့ကြိုးစားမှုတွေကို ချီးမွမ်းတဲ့အခါ အတွေ့အကြုံရှိတဲ့ ညီအစ်ကိုတွေရဲ့စကားအပြင် အဲဒီညီအစ်မတွေရဲ့စကားကလည်း အားပေးမှုဖြစ်စေနိုင်တယ်။ ပြင်သစ်ဂီယာနာက သာသနာပြုဖြစ်တဲ့ ဇာရွမ်က လူငယ်ညီအစ်ကိုများစွာကို သာသနာပြုပန်းတိုင်ထားဖို့ ကူညီပေးခဲ့တယ်။ လူငယ်တွေ အမှုဆောင်လုပ်ငန်းမှာ တစ်ခုခုလုပ်ဆောင်ခဲ့တဲ့အခါ ဒါမှမဟုတ် ထိရောက်တဲ့အဖြေတွေပေးတဲ့အခါ ချီးမွမ်းပေးတာက သူတို့ကိုသူတို့ ယုံကြည်စိတ်ချမှုရှိစေပြီး အရည်အသွေးတွေ တိုးတက်စေတယ်လို့ သူပြောတယ်။

ညီအစ်ကိုညီအစ်မတွေကို သူတို့လုပ်ခဲ့တဲ့ ကောင်းတဲ့အရာတစ်ခုခုအတွက် ချီးမွမ်းပေးတဲ့အခါ ယေဟောဝါကို သူတို့အတတ်နိုင်ဆုံး အမှုဆောင်ဖို့ အားပေးမှုဖြစ်စေတယ်

၁၈။ လူငယ်ညီအစ်ကိုတွေနဲ့အတူတူ အလုပ်လုပ်တာက ဘာကြောင့်ကောင်းသလဲ။

၁၈ ကျွန်ုပ်တို့လည်း ညီအစ်ကိုညီအစ်မတွေနဲ့ အတူတူလုပ်ဆောင်ခြင်းအားဖြင့် တိုးတက်ဖို့ အားပေးနိုင်ပါတယ်။ ဥပမာ၊ အကြီးအကဲတစ်ယောက်က ကွန်ပျူတာမရှိတဲ့အသက်ကြီးသူတွေအတွက် အကျိုးရှိမယ့်အကြောင်းအရာတွေကို အဖွဲ့အစည်းရဲ့ဝက်ဘ်ဆိုက် (jw.org) ကနေ ကူးပေးဖို့ လူငယ်ညီအစ်ကိုတစ်ယောက်ကို အကူအညီတောင်းနိုင်ပါတယ်။ ဒါမှမဟုတ် နိုင်ငံတော်ခန်းမကို သန့်ရှင်းရေးလုပ်ဖို့၊ ပြုပြင်ထိန်းသိမ်းဖို့ လူငယ်ညီအစ်ကိုတစ်ယောက်ကို အကူအညီတောင်းနိုင်ပါတယ်။ လူငယ်ညီအစ်ကိုတွေနဲ့အတူ အလုပ်လုပ်ဖို့ ကြိုးစားမယ်ဆိုရင် သူတို့ရဲ့အရည်အချင်းကောင်းတွေကို တွေ့မြင်ဖို့၊ သူတို့ကို ချီးမွမ်းဖို့၊ သူတို့ရဲ့တိုးတက်မှုကို မြင်တွေ့ဖို့ အခွင့်အရေးရစေတယ်။—သု. ၁၅:၂၃

အနာဂတ်အတွက် စီစဉ်ပါ

၁၉၊ ၂၀။ တခြားသူတွေတိုးတက်လာဖို့ဘာကြောင့်ကူညီပေးသင့်သလဲ။

၁၉ အစ္စရေးတွေကို ဦးဆောင်ဖို့ ယောရှုကို ယေဟောဝါ ရွေးချယ်ခဲ့တယ်။ အဲဒီအချိန်မှာ ယောရှုကို လေ့ကျင့်ပေးဖို့၊ “အားပေး” ဖို့နဲ့ “မစထောက်ပင့်” ဖို့ မောရှေကို ဘုရားသခင် မိန့်မှာခဲ့တယ်။ (တရားဟောရာ ၃:၂၈ ကိုဖတ်ပါ။) အခုချိန်မှာ ယေဟောဝါကို စတင်၀တ်ပြုလာသူတွေ အများကြီးရှိတယ်။ အဖွဲ့အစည်းမှာ ဦးဆောင်ဖို့ အရည်အချင်းပြည့်မီတဲ့ညီအစ်ကိုတွေ အများကြီးလိုအပ်တယ်။ ဒါကြောင့် အသင်းတော်မှာရှိသူအားလုံးက လူငယ်ညီအစ်ကိုတွေနဲ့ နှစ်ခြင်းခံပြီးခါစညီအစ်ကိုတွေကို သူတို့ရဲ့စွမ်းရည်တွေကို အပြည့်အဝအသုံးချနိုင်ဖို့ ကူညီပေးရမယ်။ ရလဒ်အနေနဲ့ အချိန်ပြည့်လုပ်ငန်းမှာပါဝင်တဲ့ညီအစ်ကိုတွေ များသထက်များလာမယ်၊ သူတို့တွေဟာ “အရည်အချင်းပြည့်မီစွာ သွန်သင်ပေးနိုင်” မယ့် သူတွေဖြစ်လာကြမယ်။—၂ တိ. ၂:၂

၂၀ ကျွန်ုပ်တို့က အတွေ့အကြုံရှိညီအစ်ကိုတွေများတဲ့ အသင်းတော်ကြီးမှာ နေသည်ဖြစ်စေ၊ အသင်းတော်မဖြစ်သေးတဲ့ အုပ်စုငယ်လေးမှာပဲ နေသည်ဖြစ်စေ အဖွဲ့အစည်းရဲ့ အနာဂတ်လိုအပ်ရာတွေကို ကူညီဖြည့်ဆည်းပေးနိုင်ပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့ ယေဟောဝါကိုတုပပြီး တခြားသူတွေရဲ့အရည်အသွေးကောင်းတွေကို မြင်တတ်ဖို့လိုတယ်။

^ စာပိုဒ်၊ 17 နာမည်ပြောင်းထား။