မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကြွင်းမဲ့ ခွင့်လွှတ်ကြပါ

အကြွင်းမဲ့ ခွင့်လွှတ်ကြပါ

“အချင်းချင်း ဆက်၍သည်းခံလျက် အကြွင်းမဲ့ခွင့်လွှတ်ကြလော့။”—ကော. ၃:၁၃

၁၊ ၂။ သင့်မှာ လိုလိုလားလား ခွင့်လွှတ်လိုတဲ့သဘော ရှိမရှိ စဉ်းစားသုံးသပ်ဖို့ ဘာကြောင့်အရေးကြီးသလဲ။

အပြစ်ကို ယေဟောဝါ ဘယ်လိုရှုမြင်တယ်၊ ကျွန်ုပ်တို့ အပြစ်လုပ်တဲ့အခါ ကိုယ်တော် ဘယ်လိုတုံ့ပြန်တယ်ဆိုတာ သမ္မာကျမ်းစာကနေ ကျွန်ုပ်တို့ သိရတယ်။ ဒါ့အပြင် ကိုယ်တော်ဟာ လိုလိုလားလား ခွင့်လွှတ်တယ်ဆိုတာလည်း သိရတယ်။ ပြီးခဲ့တဲ့ဆောင်းပါးမှာ ယေဟောဝါက ဒါဝိဒ်နဲ့ မနာရှေကို ဘာကြောင့်ခွင့်လွှတ်တယ်ဆိုတာ လေ့လာခဲ့ကြတယ်။ သူတို့က သူတို့လုပ်ခဲ့တာတွေအတွက် တကယ်ဝမ်းနည်းပြီး ယေဟောဝါထံမှာ ဝန်ခံခဲ့ကြတယ်၊ နောက်ထပ် အမှားမလုပ်ဖို့ အခိုင်အမာ စိတ်ပိုင်းဖြတ်ခဲ့ကြတယ်။ သူတို့ တကယ်နောင်တရခဲ့ကြလို့ ယေဟောဝါ သူတို့ကို ပြန်မျက်နှာသာပေးခဲ့တယ်။

အခု ကျွန်ုပ်တို့ရဲ့ တလိုတလားခွင့်လွှတ်မှုအကြောင်း ဆွေးနွေးကြည့်ကြစို့။ အကယ်၍ သင့်ဆွေမျိုးတစ်ယောက်က မနာရှေလက်ချက်နဲ့ သေဆုံးသွားတယ်ဆိုရင် သင် ဘယ်လိုခံစားရမလဲ။ မနာရှေကို သင်ခွင့်လွှတ်နိုင်ပါ့မလား။ ဒီမေးခွန်းက ဒီနေ့အချိန်မှာ မေးသင့်တဲ့မေးခွန်း ဖြစ်တယ်၊ အကြောင်းကတော့ ကျွန်ုပ်တို့ဟာ တရားမဲ့၊ အကြမ်းဖက်၊ တစ်ကိုယ်ကောင်းဆန်တဲ့လောကမှာ အသက်ရှင်နေကြရလို့ပဲ။ ကျွန်ုပ်တို့ ဘာကြောင့် ခွင့်လွှတ်ဖို့ သင်ယူသင့်သလဲ။ သင် ဆိုးဆိုးဝါးဝါ ပြုမူခံရတယ်ဆိုရင် သင့်စိတ်ကိုထိန်းဖို့၊ ယေဟောဝါ တုံ့ပြန်စေလိုတဲ့နည်းနဲ့ တုံ့ပြန်ဖို့၊ လိုလိုလားလား ခွင့်လွှတ်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

ခွင့်လွှတ်ဖို့လို

၃-၅။ (က) ကျွန်ုပ်တို့ ခွင့်လွှတ်ဖို့လိုတယ်ဆိုတာ ဖော်ပြဖို့ ယေရှု ဘယ်ပုံဥပမာ ပြောပြခဲ့သလဲ။ (ခ) မဿဲ ၁၈:၂၁–၃၅ မှာပါတဲ့ ယေရှုပြောတဲ့ပုံဥပမာရဲ့ အဓိကအချက်က ဘာလဲ။

ကျွန်ုပ်တို့ကို ထိခိုက်နစ်နာအောင်လုပ်သူက အသင်းတော်အတွင်းကဖြစ်စေ၊ အပြင်ကဖြစ်စေ လိုလိုလားလား ခွင့်လွှတ်ရမှာဖြစ်တယ်။ ခွင့်လွှတ်ခြင်းက ကျွန်ုပ်တို့ရဲ့မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ တခြားလူတွေအပါအဝင် ယေဟောဝါနဲ့ပါ ငြိမ်သက်တဲ့ဆက်ဆံရေး ရရှိစေတယ်။ တခြားလူတွေက ကျွန်ုပ်တို့ကို ဘယ်နှစ်ကြိမ်ပဲ ထိခိုက်နစ်နာအောင် လုပ်ပါစေ ခွင့်လွှတ်ရမယ်လို့ သမ္မာကျမ်းစာက ဖော်ပြတယ်။ သခင်ကို အကြွေးအများကြီး ဆပ်စရာရှိတဲ့ ကျွန်တစ်ယောက်ရဲ့ပုံဥပမာကို ယေရှု ပြောပြခဲ့တယ်၊ ကျွန်ုပ်တို့ဘာကြောင့် ခွင့်လွှတ်ရမယ်ဆိုတာ သိမြင်ဖို့ ဒီပုံဥပမာက ကူညီပေးတယ်။

အဲဒီကျွန် ဆပ်ရမယ့်အကြွေးက ရက်ပေါင်း သန်း ၆၀ လုပ်အားခနဲ့ညီတယ်၊ ဒါပေမဲ့ သခင်က အဲဒီအကြွေးတွေ မဆပ်နဲ့တော့လို့ ပြောလိုက်တယ်။ အဲဒီနောက် ဒီကျွန်ဟာထွက်သွားပြီး သူ့ကို အကြွေးပေးစရာရှိတဲ့ ဒုတိယကျွန်ကို တွေ့တယ်။ သူရမယ့်အကြွေးက ရက် ၁၀၀ လုပ်အားခနဲ့ညီတယ်။ ဒုတိယကျွန်က ခဏစောင့်ပေးပါလို့ တောင်းပန်ပေမဲ့ ပထမကျွန်က ဒုတိယကျွန်ကို ထောင်ထဲထည့်လိုက်တယ်။ ဒါကို ကြားတဲ့အခါ သခင် အရမ်းဒေါသထွက်တယ်။ သခင်က ပထမကျွန်ကို အချင်းချင်း သနားကြင်နာမှု ပြသင့်တယ်လို့ ပြောပြီး အကြွေးတွေအားလုံး ပြန်မဆပ်မချင်း ပထမကျွန်ကို ထောင်ထဲထည့်ထားဖို့ ပြောလိုက်တယ်။—မ. ၁၈:၂၁–၃၄

ယေရှုပြောခဲ့တဲ့ ဒီပုံဥပမာရဲ့ ဆိုလိုရင်းကဘာလဲ

ဒီပုံဥပမာကနေ ယေရှု ကျွန်ုပ်တို့ကို ဘာ သင်ယူစေချင်သလဲ။ ကျွန်ုပ်တို့က တခြားသူတွေကို ခွင့်လွှတ်လိုစိတ် မရှိဘူးဆိုရင် ယေဟောဝါကလည်း ကျွန်ုပ်တို့ကို ခွင့်လွှတ်မှာမဟုတ်ဘူးလို့ ယေရှု ရှင်းပြတယ်။ (မ. ၁၈:၃၅) ကျွန်ုပ်တို့က မစုံလင်သူတွေဖြစ်ပြီး မကြာခဏ အပြစ်လုပ်ကြတယ်။ အပြစ်ဆိုဖွယ်မရှိတဲ့အထိ ယေဟောဝါစကား နားထောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကိုယ်တော် ကျွန်ုပ်တို့ကို လိုလိုလားလား ခွင့်လွှတ်တယ်။ ကျွန်ုပ်တို့ တစ်ခါမှ အပြစ်မလုပ်ခဲ့သလိုပုံစံမျိုးနဲ့ ကိုယ်တော် ကျွန်ုပ်တို့ကို ဆက်ဆံတယ်။ ဒါကြောင့် ကျွန်ုပ်တို့က ယေဟောဝါရဲ့မိတ်ဆွေဖြစ်ချင်တယ်ဆိုရင် တခြားသူတွေကို ခွင့်လွှတ်ရမယ်။ ဒါက ယေရှုဟောခဲ့တဲ့ ဒီတောင်ပေါ်တရားတော်ရဲ့ ဆိုလိုရင်းပဲ– “သင်တို့သည် သူတစ်ပါး၏ပြစ်မှားမှုများကို ခွင့်လွှတ်လျှင် ကောင်းကင်ဘုံရှိ သင်တို့၏အဖသည်လည်း သင်တို့၏ပြစ်မှားမှုများကို ခွင့်လွှတ်တော်မူလိမ့်မည်။ သူတစ်ပါး၏ပြစ်မှားမှုများကို ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံရှိ သင်တို့၏အဖသည် သင်တို့၏ပြစ်မှားမှုများကို ခွင့်လွှတ်တော်မမူ။”—မ. ၆:၁၄၊ ၁၅

၆။ ဘာကြောင့် ခွင့်လွှတ်ဖို့ အမြဲမလွယ်ကူသလဲ။

ခွင့်လွှတ်သင့်တယ်ဆိုတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ အပြောထက် အလုပ်ခက်တယ်လို့ သင်ယူဆမိနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ တစ်ယောက်ယောက်က ကျွန်ုပ်တို့ကို ထိခိုက်နစ်နာအောင် လုပ်တဲ့အခါမှာ ကျွန်ုပ်တို့ရဲ့ ခံစားချက် အရမ်းပြင်းထန်နိုင်လို့ပဲ။ ဥပမာ၊ ကျွန်ုပ်တို့က ဒေါသထွက်နိုင်တယ်၊ ဒါမှမဟုတ် သစ္စာဖောက်ခံရတယ်လို့ ခံစားမိနိုင်တယ်။ အဲဒီလူကို အပြစ် ပေးကိုပေးရမယ်လို့ ယူဆပြီး ကျွန်ုပ်တို့ ခံရတဲ့အတိုင်း သူကို ပြန်ခံစားစေချင်မှာဖြစ်တယ်။ ကိုယ့်ကို ထိခိုက်နစ်နာအောင်လုပ်တဲ့သူကို ဘယ်တော့မှာ ခွင့်လွှတ်နိုင်မှာမဟုတ်ဘူးလို့ ခံစားရနိုင်တယ်။ သင် အဲဒီလိုခံစားနေရတယ်ဆိုရင် ယေဟောဝါ တောင်းဆိုသလို တခြားသူတွေကို လိုလိုလားလား ခွင့်လွှတ်နိုင်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

ကိုယ့်ခံစားချက်ကို ပြန်ဆန်းစစ်ပါ

၇၊ ၈။ တစ်ယောက်ယောက်က သင့်ကို မစာမနာဆက်ဆံတယ်ဆိုရင် ခွင့်လွှတ်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

ကျွန်ုပ်တို့ ဆိုးဆိုးဝါးဝါး ဆက်ဆံခံရတဲ့အခါဖြစ်စေ ဒါမှမဟုတ် အဲဒီလိုဆက်ဆံခံရတယ်လို့ ထင်တဲ့အခါပဲဖြစ်စေ ကျွန်ုပ်တို့ အရမ်းဒေါသထွက်နိုင်တယ်။ လူငယ်တစ်ယောက်က သူအရမ်းဒေါသထွက်ခဲ့တုန်းက ဖြစ်ပျက်တဲ့ အဖြစ်အပျက်ကို ပြောပြတယ်– “တစ်ခါတုန်းက . . . ကျွန်တော် အရမ်းဒေါသထွက်လို့ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ သန္နိဋ္ဌာန်ချပြီး အိမ်ကနေထွက်ခဲ့တယ်။ အဲဒီနေ့က နေသာတဲ့နေ့ဖြစ်တယ်၊ ကျွန်တော်ဟာ သာယာလှပတဲ့ လမ်းကျဉ်းလေးအတိုင်း လျှောက်လာခဲ့တယ်။ ဒီနေရာရဲ့ အေးချမ်းဆိတ်ငြိမ်မှုနဲ့ သာယာမှုက ကျွန်တော့်စိတ်ကို တဖြည်းဖြည်း ငြိမ်သက်လာစေတယ်။ နာရီအနည်းငယ်ကြာပြီးတဲ့နောက်မှာ ကျွန်တော်နောင်တရလာပြီး စိတ်ပြေသွားတယ်။” ဒီလူငယ်လိုပဲ သင့်စိတ်ငြိမ်သက်သွားဖို့ အချိန်ပေးလိုက်မယ်ဆိုရင် သင့်အခြေအနေကို ပိုပြီး ရှင်းရှင်းလင်းလင်း သိမြင်လာမယ်၊ အဲဒီအခါ နောက်မှ နောင်တရ,ရမယ့်လုပ်ရပ်မျိုးကို သင်ရှောင်နိုင်မှာဖြစ်တယ်။—ဆာ. ၄:၄; သု. ၁၄:၂၉; ယာ. ၁:၁၉၊ ၂၀

စိတ်ငြိမ်သက်မှုရဖို့ အချိန်ပေးပေမဲ့ စိတ်ဆိုးနေတုန်းပဲဆိုရင် သင် ဘာလုပ်သင့်သလဲ။ သင် ဘာကြောင့် စိတ်ဆိုးတယ်ဆိုတာကို စဉ်းစားပါ။ မတရားဆက်ဆံခံရလို့လား။ တစ်ယောက်ယောက်က သင့်ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံလိုက်လို့လား။ တစ်ယောက်ယောက်က သင့်ကို တမင်တကာ ထိခိုက်နစ်နာအောင်လုပ်တယ်လို့ သင်ထင်နေလို့လား။ တစ်ဖက်သားရဲ့ လုပ်ရပ်က တကယ့်ကို ဆိုးဝါးနေသလား။ သင် စိတ်ဆိုးရတဲ့အကြောင်းရင်းကို သိတယ်ဆိုရင် သင့်ခံစားချက်ကို ပြောင်းလဲစေနိုင်တဲ့ ကျမ်းစာမူတွေကိုလည်း သင် သိမှာဖြစ်တယ်။ အဲဒီအခါ ယေဟောဝါနှစ်သက်တဲ့နည်းနဲ့ သင် တုံ့ပြန်နိုင်မယ်။ (သု. ၁၅:၂၈; ၁၇:၂၇ ကိုဖတ်ပါ။) သင့်ခံစားချက်ကိုမဟုတ်ဘဲ အဖြစ်အပျက်မှန်ကို သင် သေချာစဉ်းစားမယ်ဆိုရင် ပိုပြီး တလိုတလား ခွင့်လွှတ်နိုင်ပါလိမ့်မယ်။ အဲဒီလိုလုပ်ဖို့ ခက်ခဲတယ်ဆိုပေမဲ့ သင့်ခံစားချက်အမှန်ကို နားလည်ဖို့၊ ယေဟောဝါရဲ့ လိုလိုလားလားခွင့်လွှတ်မှုကို တုပဖို့ သမ္မာကျမ်းစာက သင့်ကို ကူညီပေးနိုင်ပါတယ်။—ဟေဗြဲ ၄:၁၂

သင် စိတ်ဆိုးသင့်သလား

၉၊ ၁၀။ (က) သင်စိတ်ဆိုးလာတဲ့အခါ ဘယ်လို တုံ့ပြန်မိနိုင်သလဲ။ (ခ) သင်က အလွယ်တကူ ဒေါသမထွက်ဘဲ တလိုတလားခွင့်လွှတ်တတ်တယ်ဆိုရင် ဘယ်လိုခံစားရမလဲ။

လူတစ်ယောက်ကို ဒေါသထွက်စေနိုင်တဲ့ အခြေအနေအမျိုးမျိုးရှိတယ်။ ဥပမာ၊ သင် စက်ဘီးစီးနေတဲ့အခါ တစ်ယောက်ယောက် စီးလာတဲ့စက်ဘီးက သင့်စက်ဘီးကို တိုက်မိတော့မလိုဖြစ်သွားတယ်။ သင် ဘယ်လိုတုံ့ပြန်မလဲ။ တချို့လူတွေက အဲဒီလိုဖြစ်ရင် အရမ်းဒေါသထွက်ပြီး တစ်ဖက်လူကို ရန်မူတတ်ကြတယ်။ ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ သင်ဟာ အဲဒီလို ဒေါသမထွက်သင့်ဘူး။

၁၀ တစ်ခုခုမတုံ့ပြန်ခင် အရင် စဉ်းစားတာ ကောင်းပါတယ်။ သင်ကိုယ်တိုင် စက်ဘီးစီးနေရင်း တစ်နေရာရာကို အာရုံရောက်နေတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် တစ်ဖက်လူရဲ့စက်ဘီးက ရုတ်တရက် တစ်ခုခု ချွတ်ယွင်းသွားတာဖြစ်မယ်။ ဘာကြောင့် အဲဒီလိုဖြစ်သွားတယ်ဆိုတာကို နားလည်ဖို့ ကြိုးစားမယ်၊ သဘောထားကြီးမယ်၊ တလိုတလားခွင့်လွှတ်မယ်ဆိုရင် ကျွန်ုပ်တို့ ဒေါသပြေသွားမှာဖြစ်တယ်။ ကျွန်ုပ်တို့ဟာ စိတ်ဆိုးလွယ်သူ မဖြစ်သင့်ဘူး။ သမ္မာကျမ်းစာမှာ “ထစ်ခနဲဆို စိတ်မဆိုးနဲ့။ စိတ်ဆိုးတာက လူမိုက်တွေရဲ့ရင်ထဲမှာ ကိန်းအောင်းနေတဲ့အရာ ဖြစ်လို့ပဲ” လို့ ပြောတယ်။ (ဒေ. ၇:၉ကဘ) တခြားသူတွေက ကျွန်ုပ်တို့ကို တမင်တကာ ထိခိုက်နစ်နာအောင်လုပ်တယ်လို့ ယူဆမိနိုင်တဲ့ အချိန်အခါ များစွာရှိတယ်။ ဒါပေမဲ့ သူတို့က မစုံလင်သူတွေဖြစ်လို့ အမှားလုပ်မိတာဖြစ်တယ်။ ဒါမှမဟုတ် ကျွန်ုပ်တို့ဘက်က နားလည်မှုလွဲတာ ဖြစ်နိုင်တယ်။ တခြားသူတွေရဲ့ မစာနာတဲ့ အပြုအမှု၊ အပြောအဆိုနဲ့ပတ်သက်ပြီး သဘောထားကြီးပါ၊ မေတ္တာပြပြီး တလိုတလားခွင့်လွှတ်လိုစိတ်ရှိပါ။ အဲဒီလိုလုပ်မယ်ဆိုရင် သင်ပိုပြီး ပျော်ရွှင်ပါလိမ့်မယ်။—၁ ပေတရု ၄:၈ ကိုဖတ်ပါ။

‘သင်၏ငြိမ်သက်ခြင်း သင့်ထံပြန်လာပါစေ’

၁၁။ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်တဲ့အခါ လူတွေက ဘယ်လိုပဲဆက်ဆံပါစေ ကျွန်ုပ်တို့ ဘယ်လိုတုံ့ပြန်သင့်သလဲ။

၁၁ သင်ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်နေတဲ့အခါ တစ်ယောက်ယောက်က သင့်ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတယ်ဆိုရင် သင့်ကိုသင် ဘယ်လိုထိန်းချုပ်နိုင်သလဲ။ ဟောပြောသူ ၇၀ ကို ယေရှု စေလွှတ်လိုက်တုန်းက အိမ်တိုင်းကို “ဤအိမ်၌ ငြိမ်သက်ခြင်းရှိပါစေ” လို့နှုတ်ဆက်ဖို့ မိန့်မှာတယ်။ အဲဒီနောက် ဒီလိုဆက်ပြောတယ်– “ထိုအိမ်၌ ငြိမ်သက်ခြင်းကို လိုလားသူရှိလျှင် သင်တို့မြွက်သော ငြိမ်သက်ခြင်းသည် သူ့အပေါ် တည်လိမ့်မည်။ ထိုသို့မဟုတ်လျှင် သင်တို့ထံ ပြန်လာလိမ့်မည်။” (လု. ၁၀:၁၊ ၅၊ ၆) ကျွန်ုပ်တို့ဟောပြောတဲ့သတင်းကောင်းကို လူတွေလက်ခံတယ်ဆိုရင် ကျွန်ုပ်တို့ ဝမ်းသာကြတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီကနေ သူတို့အကျိုးရရှိနိုင်လို့ပဲ။ ဒါပေမဲ့ တစ်ခါတလေ လူတွေမှာ သင့်သင့်မြတ်မြတ် နေလိုတဲ့သဘော မရှိကြဘူး။ အဲဒီအခါ ကျွန်ုပ်တို့ ဘာလုပ်သင့်သလဲ။ ကျွန်ုပ်တို့ကတော့ ငြိမ်သက်မှုရှိသင့်တယ်လို့ ယေရှု ပြောခဲ့တယ်။ အိမ်ရှင်တွေက ကျွန်ုပ်တို့ကို ဘယ်လိုပဲဆက်ဆံပါစေ ကျွန်ုပ်တို့ဟာ အိမ်တံခါးတိုင်းကနေ ငြိမ်သက်မှုရှိရှိ ထွက်သွားသင့်တယ်။ အိမ်ရှင်က ကျွန်ုပ်တို့ကို ကောင်းကောင်းမွန်မွန် မဆက်ဆံလို့ ကျွန်ုပ်တို့က စိတ်ဆိုးတယ်ဆိုရင် ကျွန်ုပ်တို့မှာ ယေရှုပြောတဲ့ငြိမ်သက်ခြင်းမျိုး ရှိတော့မှာမဟုတ်ဘူး။

၁၂။ ဧဖက် ၄:၃၁၊ ၃၂ မှာပါတဲ့ ပေါလုရဲ့စကားအရ ကျွန်ုပ်တို့ ဘယ်လို ပြုမူသင့်သလဲ။

၁၂ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်နေချိန်သာမက အခြေအနေတိုင်းမှာ ငြိမ်သက်မှုရှိဖို့ ကြိုးစားပါ။ တခြားသူတွေကို တလိုတလားခွင့်လွှတ်တယ်ဆိုတာက သူတို့ရဲ့ မှားယွင်းတဲ့လုပ်ရပ်ကို သဘောကျတာ ဒါမှမဟုတ် သူတို့ရဲ့အမှားက တခြားသူကို ထိခိုက်နစ်နာမှုမရှိစေဘူးလို့ ဆိုလိုတာ မဟုတ်ဘူး။ သူတို့ရဲ့ မှားယွင်းတဲ့လုပ်ရပ်ကြောင့် ဆက်ပြီး ဒေါသမထွက်နဲ့တော့လို့ ဆိုလိုတာဖြစ်တယ်။ သင့်အတွင်းမှာ ငြိမ်သက်မှုရှိဖို့ ကြိုးစားရမှာဖြစ်တယ်။ တချို့သူတွေက သူတို့ ဘယ်လောက် ဆိုးဆိုးဝါးဝါး ပြုမူဆက်ဆံခံရတယ် ဆိုတာကိုပဲ တနုံ့နုံ့တွေးနေလို့ စိတ်ငြိမ်သက်မှု မခံစားရဘူး။ ဒေါသစိတ်ရဲ့လွှမ်းမိုးမှုကို မခံပါနဲ့။ သင့်ဒေါသမပြေသရွေ့ သင် ပျော်ရွှင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ခွင့်လွှတ်ဖို့ တလိုတလားရှိပါ။—ဧဖက် ၄:၃၁၊ ၃၂ ကိုဖတ်ပါ။

ယေဟောဝါနှစ်သက်တဲ့နည်းနဲ့ တုံ့ပြန်ပါ

၁၃။ (က) ခရစ်ယာန်တစ်ယောက်ဟာ ဘယ်လိုနည်းနဲ့ ရန်သူရဲ့ “ခေါင်းပေါ်၌ မီးခဲကို ပုံထား” သလဲ။ (ခ) ဒေါသထွက်နေသူတစ်ယောက်ကို နူးညံ့သိမ်မွေ့စွာ ဆက်ဆံတယ်ဆိုရင် ဘာအကျိုး ရနိုင်သလဲ။

၁၃ ခရစ်ယာန်မဟုတ်သူတစ်ယောက်က သင့်ကို ဆိုးဆိုးဝါးဝါး ဆက်ဆံတာမျိုး ကြုံရနိုင်တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာသွန်သင်ချက်တွေကို သူစိတ်ဝင်စားလာအောင် သင်ကူညီပေးကောင်း ကူညီပေးနိုင်ပါလိမ့်မယ်။ တမန်တော်ပေါလု ဒီလိုရေးခဲ့တယ်– “သင်၏ရန်သူသည် ဆာမွတ်လျှင် ကျွေးမွေးလော့။ ရေငတ်လျှင် သောက်စရာပေးလော့။ ထိုသို့ပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကို ပုံထားရာရောက်လိမ့်မည်။ အဆိုးအားဖြင့် အရှုံးမခံနှင့်။ အကောင်းအားဖြင့် အဆိုးကို ဆက်၍ အနိုင်ယူနေလော့။” (ရော. ၁၂:၂၀၊ ၂၁) လူတွေ သင့်ကို ဒေါသနဲ့ဆက်ဆံတဲ့အခါမှာတောင် သင်က ယဉ်ယဉ်ကျေးကျေး တုံ့ပြန်တယ်ဆိုရင် သူတို့ရဲ့သဘောထား ပြောင်းလဲသွားနိုင်ပြီး သင့်ကို ကောင်းကောင်းမွန်မွန် ပြန်ဆက်ဆံနိုင်တယ်။ သင့်ကို ဆိုးဆိုးဝါးဝါးဆက်ဆံသူကို သင်က နားလည်ပေးပြီး မေတ္တာပြတယ်ဆိုရင် သူ ကျမ်းစာအမှန်တရားအကြောင်း သိလိုစိတ်ရှိလာအောင် သင်ကူညီပေးကောင်း ကူညီပေးနိုင်ပါလိမ့်မယ်။ သူ ဘယ်လိုပဲတုံ့ပြန်ပါစေ သင့်ရဲ့ နူးညံ့သိမ်မွေ့မှုနဲ့ ကြင်နာမှုလုပ်ရပ်တွေကို ကြည့်ပြီး သင် ဘာကြောင့် တစ်မူထူးခြားနေတာလဲဆိုတာ သူစဉ်းစားမိနိုင်တယ်။—၁ ပေ. ၂:၁၂; ၃:၁၆

၁၄။ တစ်ယောက်ယောက်က သင့်ကို ဆိုးဆိုးဝါးဝါး ဆက်ဆံတယ်ဆိုရင်တောင် သင် ဘာကြောင့် တလိုတလားခွင့်လွှတ်သင့်သလဲ။

၁၄ ကျွန်ုပ်တို့ မပေါင်းသင့်တဲ့ သူတချို့ ရှိတယ်။ ဥပမာ၊ နှင်ထုတ်ထားသူနဲ့ အပေါင်းအသင်း မလုပ်သင့်ဘူး။ သူတို့က ကြီးလေးတဲ့အပြစ်တွေကို ကျူးလွန်ပြီး နောင်တမရတဲ့အတွက် အသင်းတော်ကနေ နှင်ထုတ်ခံရတာဖြစ်တယ်။ အကယ်၍ သင်ဟာ တစ်စုံတစ်ယောက်ရဲ့ ကြီးလေးတဲ့အမှားကြောင့် ထိခိုက်နစ်နာသူဖြစ်တယ်ဆိုရင် သူ့ကိုခွင့်လွှတ်ဖို့ အရမ်းခက်မယ်။ သူပြန်နောင်တရလာတဲ့အခါမှာတောင် သူ့လုပ်ရပ်ကြောင့် သင်စိတ်ထိခိုက်နေမှာပဲ။ သင် အဲဒီလိုဖြစ်နေတယ်ဆိုရင် အပြစ်ကျူးလွန်ခဲ့သူကို တလိုတလားခွင့်လွှတ်လိုစိတ်ရှိဖို့ ကူညီပေးပါလို့ ယေဟောဝါထံ ဆုတောင်းသင့်တယ်။ အဲဒီလိုလုပ်ဖို့ အရမ်းအရေးကြီးတယ်၊ ဘာကြောင့်လဲဆိုတော့ တခြားသူတွေ ဘယ်လို စဉ်းစားတွေးတောတယ်၊ ဘယ်လိုခံစားနေရတယ်ဆိုတာ သင် ဘယ်တော့မှ မသိနိုင်ဘူး။ ယေဟောဝါကတော့ သိတယ်။ ကိုယ်တော်က လူတစ်ယောက်စီရဲ့ အတွင်းအကျဆုံး ခံစားချက်တွေကို သိရှိပြီး အပြစ်ကျူးလွန်သူအပေါ် စိတ်ရှည်တယ်။ (ဆာ. ၇:၉; သု. ၁၇:၃) ဒါကြောင့် သမ္မာကျမ်းစာက ဒီလိုပြောတယ်– “မည်သူ့ကိုမျှ အဆိုးကိုအဆိုးဖြင့် မတုံ့ပြန်ကြနှင့်။ လူအပေါင်းတို့ရှေ့တွင် ကောင်းမွန်ရာကို ပြုကြလော့။ သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအားလုံးနှင့် သင့်မြတ်စွာနေကြလော့။ ချစ်သူတို့၊ ကိုယ်တိုင်လက်စားမချေကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ‘လက်စားချေခြင်းသည် ငါ၏အမှုဖြစ်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ယေဟောဝါဘုရား မိန့်တော်မူ၏။’” (ရော. ၁၂:၁၇-၁၉) ကျွန်ုပ်တို့က ယေဟောဝါ သိသလောက် မသိနိုင်ဘူး၊ တခြားသူတွေကို တရားမစီရင်ဖို့ သမ္မာကျမ်းစာက ပြောတယ်။ (မ. ၇:၁၊ ၂) ဒါပေမဲ့ ယေဟောဝါကတော့ မှန်မှန်ကန်ကန် စီရင်မယ်ဆိုတာ သင် ယုံကြည်စိတ်ချနိုင်တယ်။

၁၅။ ကျွန်ုပ်တို့ကို ဆိုးဆိုးဝါးဝါးဆက်ဆံတဲ့သူတစ်ယောက်အပေါ် ဒေါသအရမ်းမထွက်မိဖို့ ဘာက ကူညီပေးနိုင်သလဲ။

၁၅ သင့်ကို ဆိုးဆိုးဝါးဝါး ဆက်ဆံသူတစ်ယောက်ကို ခွင့်လွှတ်ဖို့ အခက်တွေ့နေတယ်ဆိုရင် သူကိုယ်တိုင်လည်း အလွန်ခက်ခဲတဲ့အရာတစ်ခုနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ သတိရသင့်တယ်။ သူလည်း သင့်လိုပဲ မစုံလင်မှုနဲ့ မွေးဖွားလာသူဖြစ်တယ်။ (ရော. ၃:၂၃) ယေဟောဝါက မစုံလင်သူလူသားအားလုံးကို သနားကြင်နာတယ်။ ဒါကြောင့် ကျွန်ုပ်တို့ကို ထိခိုက်နစ်နာအောင်လုပ်တဲ့သူအတွက် ဆုတောင်းပေးသင့်တယ်။ ကျွန်ုပ်တို့က လူတစ်ယောက်အတွက် ဆုတောင်းပေးတယ်ဆိုရင် သူ့အပေါ်ထားရှိတဲ့ဒေါသလည်း လျော့နည်းလာမယ်။ လူတွေက ကျွန်ုပ်တို့ကို ဆိုးဆိုးဝါးဝါးဆက်ဆံတယ်ဆိုရင်တောင် သူတို့ကြောင့် ဒေါသထွက်မနေသင့်ဘူးဆိုတာကို ယေရှု ဒီလိုရှင်းရှင်းလင်းလင်း ပြောခဲ့တယ်– “ငါဆိုသည်ကား သင်တို့၏ရန်သူကို ချစ်မြဲချစ်ကြလော့။ သင်တို့ကို ညှဉ်းဆဲသူတို့အတွက် ဆက်၍ ဆုတောင်းပေးကြလော့။”—မ. ၅:၄၄

၁၆၊ ၁၇။ အပြစ်ကျူးလွန်ထားသူ နောင်တရတယ်လို့ အကြီးအကဲတွေက ဆုံးဖြတ်တယ်ဆိုရင် သင် ဘယ်လို တုံ့ပြန်သင့်သလဲ။ ဘာကြောင့်လဲ။

၁၆ ကြီးလေးတဲ့အပြစ်ကျူးလွန်သူတစ်ယောက် တကယ်နောင်တရ၊ မရဆိုတာကို ဆုံးဖြတ်ဖို့ ခရစ်ယာန်အကြီးအကဲတွေကို ယေဟောဝါ တာဝန်ပေးထားတယ်။ ဒီညီအစ်ကိုတွေက အခြေအနေအရပ်ရပ်ကို ယေဟောဝါသိသလောက် သိမှာမဟုတ်ဘူး၊ ဒါပေမဲ့ သူတို့က သမ္မာကျမ်းစာရဲ့လမ်းညွှန်မှုကို အခြေခံပြီး သန့်ရှင်းတဲ့စွမ်းအားတော်အကူအညီနဲ့ ဆုံးဖြတ်ချက်ချကြတယ်။ သူတို့က ဆုံးဖြတ်ချက်ချဖို့ ယေဟောဝါထံ ဆုတောင်းပြီး အကူအညီတောင်းတဲ့အတွက်ကြောင့် သူတို့ရဲ့ဆုံးဖြတ်ချက်က ယေဟောဝါရဲ့ရှုမြင်ပုံနဲ့ ကိုက်ညီတယ်ဆိုတာ ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်တယ်။—မ. ၁၈:၁၈

တလိုတလားခွင့်လွှတ်ဖို့ ခရစ်ယာန်တွေကို တောင်းဆိုထား

၁၇ အဲဒီလိုအခြေအနေမျိုးမှာ ကျွန်ုပ်တို့ဘက်က သစ္စာရှိကြောင်း ပြရမှာဖြစ်တယ်။ ယေဟောဝါ ပြဿနာကိုင်တွယ်တဲ့နည်းလမ်းကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချသင့်ပြီး အကြီးအကဲတွေချတဲ့ ဆုံးဖြတ်ချက်ကို လက်ခံသင့်တယ်။ အပြစ်လုပ်တဲ့လူ နောင်တရတယ်လို့ အကြီးအကဲတွေက ဆုံးဖြတ်တယ်ဆိုရင် သင်က သူ့ကိုခွင့်လွှတ်ပြီး သူ့ကို ချစ်နေဆဲဖြစ်ကြောင်း တင်ပြမလား။ (၂ ကော. ၂:၅-၈) အဲဒီလိုလုပ်ဖို့ မလွယ်ဘူး၊ အထူးသဖြင့် အဲဒီလူရဲ့အပြစ်က သင် ဒါမှမဟုတ် သင့်မိသားစုဝင်တစ်ဦးဦးကို ထိခိုက်နစ်နာစေတဲ့အခါမှာဖြစ်တယ်။ ဒါပေမဲ့ သင်က ယေဟောဝါကို ယုံကြည်စိတ်ချတယ်၊ အသင်းတော်ကတစ်ဆင့် ယေဟောဝါ ပြဿနာကိုင်တွယ်တဲ့ နည်းလမ်းကို ယုံကြည်စိတ်ချတယ်ဆိုရင် မှန်ရာကို သင်လုပ်ပါလိမ့်မယ်။ တခြားသူတွေကို သင် တကယ်ပဲ တလိုတလားခွင့်လွှတ်ကြောင်း ဖော်ပြပါလိမ့်မယ်။—သု. ၃:၅၊ ၆

၁၈။ သင့်မှာ တလိုတလားခွင့်လွှတ်လိုစိတ်ရှိတယ်ဆိုရင် ဘာအကျိုးကျေးဇူး ခံစားရမလဲ။

၁၈ ကျွန်ုပ်တို့က တလိုတလား ခွင့်လွှတ်တယ်ဆိုရင် အကျိုးကျေးဇူးများစွာ ခံစားရမှာဖြစ်တယ်။ ကျွန်ုပ်တို့မှာ ဒေါသစိတ်၊ ဝမ်းနည်းစိတ် မရှိတော့တဲ့အတွက် ပိုပြီးနေလို့ကောင်းလာမယ်။ ဒါက တခြားသူတွေနဲ့ ကျွန်ုပ်တို့ရဲ့ဆက်ဆံရေးကို ပိုကောင်းစေတယ်။ ကျွန်ုပ်တို့မှာ တလိုတလားခွင့်လွှတ်လိုစိတ် မရှိဘူးဆိုရင်တော့ ကျွန်ုပ်တို့ နေထိုင်မကောင်းဖြစ်လာပြီး စိတ်ဖိစီးမှု ခံစားရနိုင်တယ်။ တခြားသူတွေနဲ့ သင့်မြတ်ဖို့ ခက်ခဲနိုင်တယ်။ တလိုတလားခွင့်လွှတ်လိုစိတ်ကြောင့် ရရှိမယ့် အကြီးမြတ်ဆုံး အကျိုးကျေးဇူးကတော့ ကျွန်ုပ်တို့ရဲ့ ကောင်းကင်ဖခင် ယေဟောဝါနဲ့ ကောင်းတဲ့ဆက်ဆံရေး ရှိခြင်းဖြစ်တယ်။—ကောလောသဲ ၃:၁၂-၁၄ ကိုဖတ်ပါ။