မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အိမ်ထောင်ခိုင်မြဲဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ပါ

သင့်အိမ်ထောင်ခိုင်မြဲဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ပါ

သင့်အိမ်ထောင်ခိုင်မြဲဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ပါ

“အိမ်ထောင်သည်တို့အား ငါမဟုတ်ဘဲ သခင်ညွှန်ကြား တော်မူသည်။” —၁ ကော. ၇:၁၀

သင် ရှင်းပြနိုင်သလား

ဘုရားသခင်က ဘယ်လိုနည်းနဲ့ အိမ်ထောင်သည်မောင်နှံတွေကို တွဲဖက်ပေးထားသလဲ။

အိမ်ထောင်ရေးပြဿနာရှိတဲ့ ခရစ်ယာန်တွေကို အကြီးအကဲတွေ ဘယ်လိုကူညီပေးနိုင်သလဲ။

အိမ်ထောင်မင်္ဂလာကို ကျွန်ုပ်တို့ ဘယ်လို ရှုမြင်သင့်သလဲ။

၁။ ခရစ်ယာန်တွေက အိမ်ထောင်ကို ဘယ်လိုရှုမြင်ကြသလဲ။ ဘာကြောင့်လဲ။

ခရစ်ယာန်တွေ မင်္ဂလာဆောင်တဲ့အချိန်မှာ သူတို့က ဘုရားသခင်ရှေ့မှာ ကတိသစ္စာတစ်ခု ပြုကြတယ်။ ဒါက အရေးကြီးတဲ့ တာဝန်တစ်ခုဖြစ်တယ်။ (ဒေ. ၅:၄-၆) ယေဟောဝါက အိမ်ထောင်ကို အစပြုခဲ့သူဖြစ်တဲ့အတွက် ကိုယ်တော်က မင်္ဂလာမောင်နှံကို ပေါင်းဖက် ဒါမှမဟုတ် “တွဲဖက်” ပေးတဲ့သူဖြစ်တယ်။ (မာ. ၁၀:၉) အိမ်ထောင်မင်္ဂလာနဲ့ပတ်သက်ပြီး တိုင်းပြည်ရဲ့ဥပဒေက ဘယ်လိုပဲရှိနေပါစေ သူတို့က တွဲဖက်ထားသူတွေဖြစ်တယ်။ ယေဟောဝါရဲ့ကျေးကျွန်တွေက သူတို့ရဲ့ အိမ်ထောင်မင်္ဂလာကို တည်မြဲတဲ့အစီအစဉ်အဖြစ် ရှုမြင်သင့်တယ်။ သူတို့ အိမ်ထောင်ပြုတဲ့အချိန်တုန်းက ယေဟောဝါကို ဝတ်ပြုသူတွေမဟုတ်ဘူးဆိုရင်တောင် အဲဒီလိုရှုမြင်ရမှာဖြစ်တယ်။

၂။ ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

အိမ်ထောင်ကနေ ပျော်ရွှင်မှုများစွာ ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့အိမ်ထောင်ကနေ ပျော်ရွှင်မှုမခံစားရဘူးဆိုရင် ဘာလုပ်နိုင်သလဲ။ ဒီအိမ်ထောင်ကို တိုးတက်ကောင်းမွန်လာအောင် လုပ်လို့ရမလား။ အိမ်ထောင်သာယာမှုမရှိတဲ့ ဇနီးမောင်နှံတွေအတွက် ဘာအကူအညီရှိသလဲ။

ပျော်ရွှင်သာယာတဲ့အိမ်ထောင် ဖြစ်မလား၊ မဖြစ်ဘူးလား

၃၊ ၄။ အိမ်ထောင်ဖက်အရွေးမှားရင် ဘာဖြစ်နိုင်သလဲ။

ခရစ်ယာန်အိမ်ထောင်တစ်ခုက သာယာတယ်ဆိုရင် အဲဒါက တကယ်ပျော်စရာကောင်းပြီး ယေဟောဝါကို ဂုဏ်တင်မှုဖြစ်စေပါတယ်။ ဒါပေမဲ့ အိမ်ထောင်တစ်ခု မသာယာဘူးဆိုရင် တကယ့်ကို ဝမ်းနည်းကြေကွဲစရာပါပဲ။ အိမ်ထောင်ပြုဖို့စဉ်းစားနေတဲ့ တစ်ကိုယ်ရေခရစ်ယာန်တွေဟာ ဘုရားသခင့်လမ်းညွှန်မှုကို လိုက်နာခြင်းအားဖြင့် အိမ်ထောင်ကို အစကောင်းစေနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ဖက်အရွေးမှားတဲ့သူတစ်ဦးအတွက်ကတော့ စိတ်ပျက်ဝမ်းနည်းစရာ ဖြစ်နိုင်ပါတယ်။ ဥပမာ၊ တချို့လူငယ်တွေက အိမ်ထောင်တာဝန်တွေကို မယူနိုင်သေးဘဲနဲ့ စပြီး ပိုးပန်း၊ ချိန်းတွေ့ကြတယ်။ တချို့ကျတော့ အိမ်ထောင်ဖက်ကို အင်တာနက်ကနေ ရှာကြတယ်။ သူတို့က အလျင်စလိုအိမ်ထောင်ပြုလိုက်ကြပြီး သိပ်မကြာခင်မှာပဲ အိမ်ထောင်မှာ မသာမယာဖြစ်လာတော့တာပဲ။ တချို့ကျတော့ ချိန်းတွေ့ရင်းနဲ့ အပြစ်ကြီးတွေ ကျူးလွန်မိပြီး တစ်ယောက်ကိုတစ်ယောက် လေးစားမှုမရှိဘဲ အိမ်ထောင်ပြုလိုက်ကြတယ်။

တချို့ခရစ်ယာန်တွေက “သခင်၌ရှိသောသူကို” လက်မထပ်တဲ့အတွက် စိတ်ဒုက္ခရောက်ကြရတယ်၊ အကြောင်းကတော့ သူတို့ရဲ့အိမ်ထောင်ဖက်တွေက ယေဟောဝါကို ဝတ်ပြုသူမဟုတ်လို့ပဲ။ (၁ ကော. ၇:၃၉) သင့်အခြေအနေက အဲဒီလိုဖြစ်နေတယ်ဆိုရင် ခွင့်လွှတ်မှုနဲ့ အကူအညီရဖို့ ယေဟောဝါထံ ဆုတောင်းပါ။ အရင်ကလုပ်ခဲ့တဲ့အမှားကြောင့် ဖြစ်ပေါ်လာတဲ့ပြဿနာတွေကိုတော့ ယေဟောဝါ ဖယ်ရှားပေးမှာမဟုတ်ဘူး၊ ဒါပေမဲ့ လူတစ်ယောက်က စိတ်ရင်းမှန်ရှိပြီး အမှားလုပ်ခဲ့တာကို ဝန်ခံမယ်ဆိုရင် ခံနိုင်ရည်ရှိဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။ (ဆာ. ၁၃၀:၁-၄) ဒါကြောင့် ဘုရားသခင့်စိတ်တော်နဲ့တွေ့ဖို့ အတတ်နိုင်ဆုံးကြိုးစားပါ၊ ‘ယေဟောဝါပေးတဲ့ဝမ်းမြောက်ခြင်း’ က သင့်ကို ခွန်အားရှိစေပါလိမ့်မယ်။—နေ. ၈:၁၀

အိမ်ထောင်မသာယာတဲ့အခါ

၅။ မသာယာတဲ့အိမ်ထောင်မှာ ဘယ်လို စဉ်းစားတွေးခေါ်တာမျိုးကို ရှောင်သင့်သလဲ။

အိမ်ထောင်မသာယာလို့ စိတ်ဆင်းရဲနေသူတစ်ယောက်က ဒီလိုစဉ်းစားမိနိုင်တယ်– ‘ငါ့အိမ်ထောင်ကို ပြန်အဖတ်ဆယ်နေလို့ရော အကျိုးရှိပါ့မလား။ တခြားတစ်ယောက်နဲ့သာ လက်ထပ်ခဲ့ရင် ငါပိုပျော်မှာ။’ သူတို့ရဲ့အိမ်ထောင်ဖက်ကို စွန့်ခွာဖို့ စိတ်ကူးရင်း ဒီလိုစဉ်းစားမိနိုင်တယ်– ‘ငါ ပြန် လွတ်လပ်သွားရင်ကောင်းမယ်။ ငါ ကွာရှင်းလို့ရမလား။ ကွာရှင်းဖို့ သမ္မာကျမ်းစာအကြောင်းပြချက် မရှိဘူးဆိုရင်တောင် ငါ့အိမ်ထောင်ဖက်နဲ့ခွဲနေပြီး ငါ့ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်မယ်။’ ခရစ်ယာန်တွေက အဲဒီလိုမစဉ်းစားသင့်ဘူး ဒါမှမဟုတ် တခြားတစ်ယောက်နဲ့သာဆိုရင် ငါ့ဘဝ အခုလိုဖြစ်နေမှာမဟုတ်ဘူးဆိုပြီး စိတ်ကူးယဉ်မနေသင့်ဘူး၊ အဲဒီအစား ဘုရားသခင့်လမ်းညွှန်မှုကို ရှာဖွေ၊ လိုက်နာခြင်းအားဖြင့် မိမိတို့ရဲ့အိမ်ထောင်အခြေအနေပြန်ကောင်းအောင် အတတ်နိုင်ဆုံး ကြိုးစားသင့်တယ်။

၆။ မဿဲ ၁၉:၉ မှာပါတဲ့ ယေရှုရဲ့စကားတွေက ဘာအဓိပ္ပာယ်ရှိသလဲ။

ကွာရှင်းထားတဲ့ခရစ်ယာန်တစ်ယောက်ဟာ နောက်ထပ်အိမ်ထောင်ပြုနိုင်တဲ့ ကျမ်းဆိုင်ရာလွတ်လပ်ခွင့် ရှိချင်မှချင်မယ်။ ယေရှု ဒီလိုပြောခဲ့တယ်– “မတရားမေထုန်ပြုခြင်းမှတစ်ပါး အခြားသောအကြောင်းကြောင့် မိမိမယားကိုကွာရှင်း၍ အခြားသူတစ်ဦးကို ထိမ်းမြားသူ မည်သူမဆိုသည် အိမ်ထောင်ရေးဖောက်ပြန်သူဖြစ်၏။” (မ. ၁၉:၉) လိင်အကျင့်ယိုယွင်းခြင်းမှာ အိမ်ထောင်ရေးဖောက်ပြန်တာနဲ့ တခြား ကြီးလေးတဲ့လိင်မှုကိစ္စ ကျူးလွန်တဲ့အပြစ်တွေ ပါဝင်တယ်။ ကိုယ့်ရဲ့အိမ်ထောင်ဖက်က လိင်အကျင့်ယိုယွင်းခြင်းမရှိဘဲ ကိုယ်က ကွာရှင်းဖို့ အတွေးဝင်လာပြီဆိုရင် ခရစ်ယာန်တစ်ဦးဟာ ဘုရားသခင့်လမ်းညွှန်မှုအတွက် ဆုတောင်းဖို့ အရေးကြီးတယ်။

၇။ ခရစ်ယာန်အိမ်ထောင်တစ်ခုက မသာယာဘူးဆိုရင် လူတွေက ဘယ်လိုထင်ကြမလဲ။

အိမ်ထောင်မသာယာတော့ဘူးဆိုရင် ဒါက အိမ်ထောင်ဖက်တွေနဲ့ ဘုရားသခင်ကြားမှာရှိတဲ့ဆက်ဆံရေး အားနည်းနေကြောင်း ဖော်ပြနေတာဖြစ်နိုင်တယ်။ တမန်တော်ပေါလုက ဒီအရေးကြီးတဲ့မေးခွန်း မေးခဲ့တယ်– “မိမိအိမ်ထောင်စုကို မဦးစီးတတ်သောသူဖြစ်လျှင် ဘုရားသခင်၏အသင်းတော်ကို မည်သို့ ကြည့်ရှုစောင့်ရှောက်နိုင်မည်နည်း။” (၁ တိ. ၃:၅) အိမ်ထောင်ဖက်နှစ်ဦးစလုံးက ခရစ်ယာန်တွေဖြစ်ပြီး အိမ်ထောင်ကမသာယာဘူးဆိုရင် ဒီလင်မယားက သူတို့ဟောတဲ့အတိုင်း မကျင့်ကြဘူးလို့ လူတွေက ထင်ကြမယ်။—ရော. ၂:၂၁-၂၄

၈။ ခရစ်ယာန်မောင်နှံက ခွဲနေဖို့ ဒါမှမဟုတ် ကွာရှင်းဖို့ ဆုံးဖြတ်တယ်ဆိုရင် ဘာမှားနေတာဖြစ်မလဲ။

ခရစ်ယာန်မောင်နှံတစ်စုံက ကျမ်းစာနဲ့ညီတဲ့ အကြောင်းပြချက်မရှိဘဲ ခွဲနေဖို့ ဒါမှမဟုတ် ကွာရှင်းဖို့ စီစဉ်နေတယ်ဆိုရင် ယေဟောဝါနဲ့ သူတို့ရဲ့ဆက်ဆံရေးမှာ ပြဿနာရှိနေတာ ဖြစ်ရမယ်။ အိမ်ထောင်ဖက်တစ်ဦး ဒါမှမဟုတ် နှစ်ဦးစလုံးက သမ္မာကျမ်းစာမှာပါတဲ့ မူတွေကို မလိုက်နာလို့ဖြစ်မယ်။ သူတို့နှစ်ဦးစလုံးက ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးစားမယ်ဆိုရင် သူတို့ရဲ့အိမ်ထောင် ပြန်ပျော်ရွှင်သာယာလာအောင် လုပ်ဆောင်နိုင်မှာဖြစ်တယ်။—သုတ္တံ ၃:၅၊ ၆ ကိုဖတ်ပါ။

၉။ အိမ်ထောင်ဖက်နဲ့အတူဆက်နေတဲ့အတွက် ခရစ်ယာန်တချို့ ဘယ်လိုကောင်းချီးခံစားရသလဲ။

အိမ်ထောင်တော်တော်များများက အစပိုင်းမှာ မအောင်မြင်ဘူးလို့ထင်ရပေမဲ့ နောက်ပိုင်းမှာ ပျော်ရွှင်သာယာလာတယ်။ အိမ်ထောင်မှာ ပြဿနာတွေရှိနေပေမဲ့ အိမ်ထောင်ဖက်ကိုစွန့်ခွာဖို့ အလျင်စလို မဆုံးဖြတ်ခဲ့တဲ့ ခရစ်ယာန်တွေက ကောင်းချီးခံစားရလေ့ရှိတယ်။ ဥပမာအနေနဲ့ ခင်ပွန်းက မယုံကြည်သူဆိုရင် ဘာဖြစ်နိုင်သလဲဆိုတာ စဉ်းစားကြည့်ပါ။ တမန်တော်ပေတရု ဒီလိုရေးခဲ့တယ်– “ဇနီးတို့ ကိုယ့်ခင်ပွန်းကို လက်အောက်ခံကြလော့။ သို့ပြုခြင်းဖြင့် တရားစကားတော်ကို မနာခံသူအချို့ရှိလျှင်ပင် တစ်ခွန်းမျှပြောရန်မလိုဘဲ သင်တို့၏အမူအကျင့်အားဖြင့် သူတို့ကိုရလိမ့်မည်။ အကြောင်းမူကား သင်တို့၏စင်ကြယ်သောအမူအကျင့်နှင့် အလွန်ရိုသေလေးစားမှုကို သူတို့မြင်သောကြောင့်ဖြစ်၏။” (၁ ပေ. ၃:၁၊ ၂) အိမ်ထောင်ဖက်ရဲ့ အမူအကျင့်ကောင်းကြောင့် မယုံကြည်သူက အမှန်တရားကို လက်ခံလာနိုင်တယ်။ အိမ်ထောင်ကို ပျော်ရွှင်သာယာအောင်လုပ်ပြီး အိမ်ထောင်ဖက်နဲ့အတူနေထိုင်တဲ့ ခရစ်ယာန်တွေက ဘုရားသခင်ကို ဂုဏ်တင်ပြီး မိသားစုတစ်ခုလုံးကို ကောင်းချီးခံစားရစေနိုင်တယ်။

၁၀၊ ၁၁။ အိမ်ထောင်မှာ မမျှော်လင့်တဲ့ ဘယ်လိုပြဿနာတွေ ပေါ်လာနိုင်သလဲ။ ခရစ်ယာန်တစ်ယောက်က ဘာအကူအညီရနိုင်သလဲ။

၁၀ ယေဟောဝါရဲ့နှစ်သက်မှုကို လိုချင်တဲ့ တစ်ကိုယ်ရေခရစ်ယာန်အများစုက သူတို့အိမ်ထောင်ပြုတဲ့အခါ နှစ်ခြင်းခံပြီးသား ခရစ်ယာန်ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ကြတယ်။ အဲဒါတောင်မှ နောက်ပိုင်းမှာ အခြေအနေတွေက မမျှော်လင့်ဘဲ ပြောင်းလဲသွားနိုင်တယ်။ ဥပမာ၊ အိမ်ထောင်ဖက်တစ်ယောက်ယောက်မှာ စိုးရိမ်ရတဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတွေ စဖြစ်လာနိုင်တယ်။ ဒါမှမဟုတ် အိမ်ထောင်ဖက်တစ်ယောက်ယောက်က ဟောပြောခြင်းလုပ်ငန်းမှာ မပါဝင်တော့ဘဲ မလှုပ်ရှားတဲ့ကြေညာသူ ဖြစ်သွားနိုင်တယ်။ ထက်သန်တဲ့ကြေညာသူတစ်ယောက်ဖြစ်ပြီး ချစ်ခင်ကြင်နာတတ်တဲ့ မိခင်ဖြစ်တဲ့ သူဇာ အဲဒီအတိုင်းဖြစ်ခဲ့တယ်။ * သူ့ရဲ့ခင်ပွန်းက အမှားတွေ စကျူးလွန်တဲ့အခါ သူ့မှာ အားကိုးရာမဲ့သလို ခံစားခဲ့ရတယ်။ ခင်ပွန်းဖြစ်သူက သူလုပ်ခဲ့တဲ့အမှားအတွက် နောင်တမရလို့ နှင်ထုတ်ခံလိုက်ရတယ်။ အဲဒီလိုအခြေအနေမျိုးကြုံရတဲ့ ခရစ်ယာန်တွေဟာ သူတို့ရဲ့အိမ်ထောင်က မျှော်လင့်ချက်မရှိတော့ဘူးလို့ ခံစားရနိုင်တယ်။ သူတို့ ဘာလုပ်သင့်သလဲ။

၁၁ ‘ဘာပဲဖြစ်ဖြစ် ငါ့အိမ်ထောင်မပြိုကွဲဖို့ ဆက်ကြိုးစားရမလား’ လို့ သင်စဉ်းစားမိမယ်။ ဘယ်သူကမှ သင့်ကိုယ်စား မဆုံးဖြတ်ပေးနိုင်ပါဘူး၊ ဆုံးလည်း မဆုံးဖြတ်ပေးသင့်ဘူး။ ဒါပေမဲ့ မျှော်လင့်ချက်မရှိတော့ဘူးလို့ ထင်ရရင်တောင် လက်မလျှော့သင့်တဲ့ အကြောင်းရင်းတွေရှိပါတယ်။ ဩတ္တပ္ပစိတ်က အိမ်ထောင်ဖက်ကို စွန့်ပစ်ဖို့ခွင့်မပြုတဲ့အတွက် အိမ်ထောင်ရေးပြဿနာတွေကို သည်းခံတဲ့ ခရစ်ယာန်တွေဟာ ဘုရားသခင်ရှေ့မှာ အရမ်းအဖိုးတန်သူတွေဖြစ်တယ်။ (၁ ပေတရု ၂:၁၉၊ ၂၀ ကိုဖတ်ပါ။) မိမိတို့ရဲ့အိမ်ထောင်ဆက်ဆံရေးခိုင်ခံ့အောင် အားထုတ်ကြိုးပမ်းနေတဲ့ ခရစ်ယာန်တွေကို ယေဟောဝါက သူ့ရဲ့တရားစကားတော်နဲ့ စွမ်းအားတော်အားဖြင့် ကူညီပေးမှာဖြစ်တယ်။

သင့်ကို ကူညီဖို့ သူတို့အသင့်ရှိ

၁၂။ ကျွန်ုပ်တို့က အကြီးအကဲတွေဆီမှာ အကူအညီတောင်းမယ်ဆိုရင် သူတို့ ဘယ်လိုရှုမြင်မလဲ။

၁၂ သင့်အိမ်ထောင်မှာပြဿနာတွေ ရှိနေတယ်ဆိုရင် အတွေ့အကြုံရှိတဲ့ ခရစ်ယာန်တွေဆီမှာ အကူအညီတောင်းနိုင်ပါတယ်။ အကြီးအကဲတွေက အသင်းတော်ရဲ့သိုးထိန်းတွေဖြစ်တယ်၊ သူတို့က သမ္မာကျမ်းစာမှာပါတဲ့ ဘုရားသခင့်သွန်သင်ချက်တွေကို သင့်ကို ပြပေးပါလိမ့်မယ်။ (တ. ၂၀:၂၈; ယာ. ၅:၁၄၊ ၁၅) သင်နဲ့ သင့်အိမ်ထောင်ဖက်က သင်တို့ရဲ့အိမ်ထောင်ရေးပြဿနာတွေကို ပြောပြပြီး အကူအညီတောင်းလို့ အကြီးအကဲတွေက သင်တို့ကို အထင်သေးမှာမဟုတ်ဘူး။ ပိုပြီးတော့တောင် ချစ်ခင်၊ လေးစားမှာဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သင်တို့က ဘုရားသခင့်နှစ်သက်မှု တကယ်ရချင်တယ်ဆိုတာ သူတို့သိလို့ပဲ။

၁၃။ ၁ ကောရိန္သု ၇:၁၀-၁၆ မှာ ဘယ်သွန်သင်ချက်ကို တွေ့ရသလဲ။

၁၃ မယုံကြည်သူအိမ်ထောင်ဖက်ရှိတဲ့ ခရစ်ယာန်တစ်ဦးက အကူအညီတောင်းတဲ့အခါ အကြီးအကဲတွေက ပေါလုရဲ့အကြံပြုချက်ကို အသုံးပြုနိုင်ပါတယ်– “အိမ်ထောင်သည်တို့အား ငါမဟုတ်ဘဲ သခင်ညွှန်ကြားတော်မူသည်ကား ဇနီးသည် ခင်ပွန်းနှင့် မခွဲခွာသင့်။ ခွဲခွာလျှင်မူကား အိမ်ထောင်မပြုဘဲ နေစေ။ သို့မဟုတ်လျှင် မိမိခင်ပွန်းနှင့် ပြန်လည်ပေါင်းသင်းပါစေ။ ခင်ပွန်းသည်လည်း ဇနီးကို ပစ်မထားသင့်။ အခြားသောသူတို့ကို သခင်မိန့်ဆိုသည်မဟုတ်ဘဲ ဤသို့ငါဆို၏။ မည်သည့်ညီအစ်ကို၌မဆို မယုံကြည်သူဇနီးရှိ၍ ထိုဇနီးသည် မိမိနှင့်ပေါင်းသင်းနေထိုင်လိုလျှင် ပစ်မထားနှင့်။ အမျိုးသမီးတစ်ဦး၌လည်း မယုံကြည်သူခင်ပွန်းရှိ၍ ထိုခင်ပွန်းသည် မိမိနှင့်ပေါင်းသင်းနေထိုင်လိုလျှင် မိမိခင်ပွန်းကို ပစ်မထားနှင့်။ . . . အကြောင်းမူကား အသင်ဇနီးဖြစ်သူ၊ သင်သည် ကိုယ့်ခင်ပွန်းကို ကယ်တင်နိုင်မည်ဟု မည်သို့သိသနည်း။ အသင်ခင်ပွန်းဖြစ်သူ၊ သင်သည် ကိုယ့်ဇနီးကို ကယ်တင်နိုင်မည်ဟု မည်သို့သိသနည်း။” (၁ ကော. ၇:၁၀-၁၆) ကိုယ့်ရဲ့မယုံကြည်သူအိမ်ထောင်ဖက် ယေဟောဝါရဲ့ကျေးကျွန်တစ်ဦးဖြစ်လာတာက တကယ့်ကောင်းချီးပဲ။

၁၄၊ ၁၅။ ခရစ်ယာန်ဇနီးသည်တစ်ဦးက အိမ်ထောင်ဖက်နဲ့ ဘယ်အချိန်မှာခွဲနေဖို့ ဆုံးဖြတ်နိုင်သလဲ။ ခရစ်ယာန်တစ်ဦးက ဒီကိစ္စအတွက်ဆုတောင်းပြီး ကိုယ့်ရဲ့ခံစားချက်ကို ဘာကြောင့် ရိုးရိုးသားသားဆန်းစစ်သင့်သလဲ။

၁၄ ခရစ်ယာန်ဇနီးသည်တစ်ဦးက ဘယ်လိုအခြေအနေမျိုးမှာ ခင်ပွန်းဖြစ်သူကို “ခွဲခွာ” နိုင်သလဲ။ မိသားစုကို ရှာဖွေမကျွေးမွေးတဲ့အတွက်၊ အသက်အန္တရာယ်ထိခိုက်တဲ့အထိ ရိုက်နှက်တဲ့အတွက်၊ ဒါမှမဟုတ် ဘုရားသခင်ကို ဆက်ဝတ်မပြုနိုင်အောင် နှောင့်ယှက်တဲ့အတွက်ကြောင့်ဆိုတဲ့ ဆိုးရွားတဲ့အခြေအနေတွေကိုကြုံရလို့ တချို့သူတွေက သူတို့ရဲ့အိမ်ထောင်ဖက်နဲ့ခွဲနေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

၁၅ ကိုယ့်ရဲ့အိမ်ထောင်ဖက်နဲ့ ဆက်ပေါင်းသင်းမလား၊ ခွဲနေမလားဆိုတာက ကိုယ်ပိုင်ဆုံးဖြတ်ချက် ဖြစ်တယ်။ ဒါပေမဲ့ ခရစ်ယာန်တွေက ဒီကိစ္စအတွက် ဆုတောင်းပြီး သူတို့ရဲ့ခံစားချက်တွေကို ရိုးရိုးသားသားဆန်းစစ်သင့်တယ်။ ဥပမာ၊ ခရစ်ယာန်ဖြစ်သူအတွက် ယေဟောဝါကိုအမှုဆောင်ဖို့ အတားအဆီးဖြစ်နေတာက မယုံကြည်သူအိမ်ထောင်ဖက် တစ်ဦးတည်းကြောင့်လား။ ဒါမှမဟုတ် ကိုယ်ပိုင်ကျမ်းစာလေ့လာမှု မှန်မှန်မပြုလုပ်နိုင်တာ၊ အစည်းအဝေးတွေကို မှန်မှန်မတက်ရောက်နိုင်တာ၊ ဟောပြောခြင်းလုပ်ငန်းမှာ ပုံမှန်မပါဝင်နိုင်တာဟာ အိမ်ထောင်ဖက်ကြောင့်သာမဟုတ်ဘဲ ခရစ်ယာန်ဖြစ်သူကိုယ်တိုင်ကော တစ်နည်းနည်းနဲ့ တာဝန်ရှိနေသလား။

၁၆။ ခရစ်ယာန်တွေက ကွာရှင်းဖို့ ဘာကြောင့် အလျင်စလိုမဆုံးဖြတ်သင့်တာလဲ။

၁၆ ကွာရှင်းဖို့ အလျင်စလိုမဆုံးဖြတ်သင့်ဘူး။ ဘုရားသခင်နဲ့ကျွန်ုပ်တို့ရဲ့ ဆက်ဆံရေးက ကျွန်ုပ်တို့အတွက် တန်ဖိုးရှိတယ်၊ ကျွန်ုပ်တို့က အိမ်ထောင်မင်္ဂလာဆုကျေးဇူးကို ကျေးဇူးတင်လေးမြတ်ပြီး တန်ဖိုးထားကြတယ်။ ယေဟောဝါရဲ့ကျေးကျွန်တွေအနေနဲ့ ကျွန်ုပ်တို့က တခြားသူတွေ ယေဟောဝါအပေါ် အဆိုးမြင်စေမယ့် ဆုံးဖြတ်ချက်တွေမချခြင်းအားဖြင့် နာမတော် သန့်ရှင်းမြင့်မြတ်ရေးကို အလေးထားကြတယ်။ ဒါကြောင့် ကျွန်ုပ်တို့က ကိုယ့်ရဲ့အိမ်ထောင်ဖက်ကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူး၊ နောက်တစ်ယောက်နဲ့အိမ်ထောင်ပြုနိုင်ဖို့ ကိုယ့်ရဲ့အိမ်ထောင်ဖက်ကို စွန့်ပစ်ဖို့ ကြံစည်တာမျိုးလည်း ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။—ယေ. ၁၇:၉; မာလ. ၂:၁၃-၁၆

၁၇။ “ဘုရားသခင်သည် သင်တို့ကို ငြိမ်သက်ခြင်း၌ ခေါ်တော်မူပြီ” ဆိုတဲ့စကားကို ဘယ်အချိန်မှာ ပြောနိုင်သလဲ။

၁၇ မယုံကြည်သူကိုလက်ထပ်ထားတဲ့ ခရစ်ယာန်တွေက သူတို့ရဲ့အိမ်ထောင်ရေးနှောင်ကြိုး ခိုင်မြဲဖို့ လုပ်ဆောင်နိုင်ရာမှန်သမျှကို လုပ်ဆောင်သင့်တယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်နေတဲ့ကြားမှာ မယုံကြည်သူအိမ်ထောင်ဖက်က စွန့်ခွာသွားဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ခရစ်ယာန်ဖြစ်သူက အပြစ်ရှိတယ်လို့ မခံစားသင့်ဘူး။ “မယုံကြည်သူသည် ခွဲခွာလိုလျှင် ခွဲခွာသွားပါစေ” ဆိုပြီး ပေါလုရေးခဲ့တယ်။ “ထိုသို့သောအခြေအနေမျိုးတွင် ညီအစ်ကိုဖြစ်စေ၊ ညီအစ်မဖြစ်စေ ချည်နှောင်ခြင်းမရှိ။ ဘုရားသခင်သည် သင်တို့ကို ငြိမ်သက်ခြင်း၌ ခေါ်တော်မူပြီ။”—၁ ကော. ၇:၁၅ *

ယေဟောဝါကို ယုံကြည်ကိုးစားပါ

၁၈။ အိမ်ထောင်မပြိုကွဲအောင် ကြိုးစားပေမဲ့ အရာမထင်ဘူးဆိုရင်တောင် ဘယ်ရလဒ်ကောင်းတွေ ရနိုင်သလဲ။

၁၈ ကျွန်ုပ်တို့ရဲ့အိမ်ထောင်မှာ ပြဿနာရှိတဲ့အခါ ရဲစွမ်းသတ္တိပေးဖို့ ဆုတောင်းသင့်ပြီး ယေဟောဝါကို အမြဲယုံကြည်ကိုးစားသင့်တယ်။ (ဆာလံ ၂၇:၁၄ ကိုဖတ်ပါ။) ဒီဆောင်းပါးရဲ့အစပိုင်းမှာ သူဇာအကြောင်း သုံးသပ်ခဲ့ကြတယ်။ သူက သူ့ရဲ့အိမ်ထောင်မပြိုကွဲအောင် နှစ်ပေါင်းများစွာကြိုးစားခဲ့တယ်၊ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ့အိမ်ထောင်က ကွာရှင်းခြင်းနဲ့နိဂုံးချုပ်ခဲ့တယ်။ သူကြိုးစားအားထုတ်ခဲ့တာတွေက အချိန်ဖြုန်းနေတာပဲလို့ သူဇာ ခံစားရသလား။ “အဲဒီလို လုံးဝမခံစားခဲ့ရဘူး” လို့ သူပြောတယ်။ “ကျွန်မရဲ့ကြိုးစားအားထုတ်မှုတွေက တခြားသူတွေအတွက် သက်သေခံချက်ကောင်း ဖြစ်ခဲ့တယ်။ ကျွန်မမှာ ကြည်လင်တဲ့သြတ္တပ္ပစိတ်ရှိတယ်။ ဒါပေမဲ့ အကောင်းဆုံးရလဒ်ကတော့ အဲဒီနှစ်တွေက ကျွန်မတို့ရဲ့သမီးကို အမှန်တရားထဲမှာ အခိုင်အမာစွဲမြဲနေဖို့ ကူညီပေးခဲ့တယ်။ ကျွန်မသမီးက ယေဟောဝါထံအပ်နှံထားတဲ့ ထက်သန်တဲ့ သက်သေခံတစ်ဦး ဖြစ်လာတယ်” လို့ သူပြောပြတယ်။

၁၉။ ကျွန်ုပ်တို့ရဲ့အိမ်ထောင် မပြိုကွဲအောင် ကြိုးစားတယ်ဆိုရင် ဘာရလဒ်တွေ ရလာနိုင်သလဲ။

၁၉ မာရီလင်းဆိုတဲ့ ခရစ်ယာန်အမျိုးသမီးတစ်ဦးဟာ ဘုရားသခင်ကို ယုံကြည်ကိုးစားပြီး သူ့အိမ်ထောင်မပြိုကွဲအောင် အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့တဲ့အတွက် ပျော်ရွှင်နေတယ်။ သူ့ခင်ပွန်းက သူ့ကို ငွေကြေးမထောက်ပံ့တဲ့အပြင် ယေဟောဝါနဲ့သူ့ရဲ့ဆက်ဆံရေးကိုတောင် ပျက်ပြားအောင်ပြုလုပ်ခဲ့တဲ့အတွက် ခင်ပွန်းဖြစ်သူနဲ့ခွဲနေဖို့ စိတ်ကူးပေါက်ခဲ့တယ်လို့ ပြောခဲ့တယ်။ အရင်တုန်းက သူ့ခင်ပွန်းဟာ အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်ခဲ့တယ်၊ အဲဒီနောက် သူက အမြော်အမြင်မရှိဘဲ စီးပွားရေးလုပ်ငန်းတချို့မှာ ပါဝင်ခဲ့တယ်။ ခင်ပွန်းဖြစ်သူက အစည်းအဝေးတွေ စပျက်လာပြီး သူတို့နှစ်ဦးကြားမှာ ပြောဆိုဆက်သွယ်တာလည်း မရှိတော့ဘူး။ သူတို့နေထိုင်တဲ့မြို့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုကြောင့် ညီအစ်မက အရမ်းကြောက်လန့်ပြီး လူတွေနဲ့ခပ်ခွာခွာနေခဲ့တယ်။ ဒါပေမဲ့ အခုကြုံနေရတဲ့ပြဿနာအတွက် သူ့မှာလည်း တာဝန်ရှိတယ်၊ သူလည်း ပြုပြင်ပြောင်းလဲဖို့လိုတယ်ဆိုတာကို ညီအစ်မ သဘောပေါက်လာတယ်။ သူနဲ့သူ့ခင်ပွန်းက စကားပြန်ပြောခဲ့ကြတယ်၊ မိသားစုဝတ်ပြုမှုကို ပြန်အစပြုခဲ့ကြပြီး အစည်းအဝေးတွေကို ပုံမှန်တက်ခဲ့ကြတယ်။ အကြီးအကဲတွေက ကြင်နာမှုပြပြီး ဝိုင်းဝန်းဖေးမပေးကြတယ်။ မကြာခင်မှာပဲ သူတို့ရဲ့အိမ်ထောင်က အသစ်စက်စက်အိမ်ထောင်အလား ပြန်ဖြစ်ခဲ့တယ်။ သူတို့ အရမ်းပျော်ရွှင်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ခင်ပွန်းဖြစ်သူက အသင်းတော်တာဝန်တွေ ပေးအပ်ခံခဲ့ရတယ်။ ဒါက အထိနာပြီးမှရတဲ့ သင်ခန်းစာပဲ၊ ဒါပေမဲ့ ရလဒ်ကောင်းတွေရခဲ့တယ်လို့ မာရီလင်းပြောခဲ့တယ်။

၂၀၊ ၂၁။ ကျွန်ုပ်တို့ရဲ့အိမ်ထောင်မှာ ဘာလုပ်ဖို့ စိတ်ဆုံးဖြတ်ထားသင့်သလဲ။

၂၀ ကျွန်ုပ်တို့က လူလွတ်ပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် အမြဲပဲသတ္တိရှိပြီး ယေဟောဝါကို ယုံကြည်ကိုးစားသင့်တယ်။ ကျွန်ုပ်တို့ရဲ့အိမ်ထောင်မှာ ပြဿနာရှိလာတဲ့အခါ ဖြေရှင်းဖို့အတွက် အတတ်နိုင်ဆုံး လုပ်ဆောင်သင့်ပြီး အိမ်ထောင်သည်မောင်နှံတွေဟာ “နှစ်ဦးမဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်းဖြစ်” တယ်ဆိုတဲ့အချက်ကို သတိရသင့်တယ်။ (မ. ၁၉:၆) ကျွန်ုပ်တို့က မယုံကြည်တဲ့အိမ်ထောင်ဖက်နဲ့အတူ နေထိုင်နေရတယ်ဆိုရင် အခက်အခဲတွေရှိမှာဖြစ်တယ်၊ ဒါပေမဲ့ ကိုယ့်ရဲ့အိမ်ထောင်ဖက် ယေဟောဝါကိုဝတ်ပြုသူတစ်ဦး ဖြစ်လာတာကို မြင်တွေ့ရလို့ ပျော်ရွှင်မှု ခံစားရနိုင်ပါတယ်။

၂၁ ကျွန်ုပ်တို့ရဲ့အခြေအနေ ဘယ်လိုပဲရှိနေပါစေ၊ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ကို အကဲခတ်ကြည့်ရှုနေတဲ့ မယုံကြည်သူတွေအတွက် ကောင်းတဲ့သက်သေခံချက်ဖြစ်စေမယ့်နည်းနဲ့ အမြဲ ပြုမူကျင့်ကြံသင့်ပါတယ်။ ကျွန်ုပ်တို့ရဲ့အိမ်ထောင်မှာ အရမ်းဆိုးရွားတဲ့ပြဿနာတွေ ရှိတဲ့အတွက် ကျွန်ုပ်တို့ရဲ့အိမ်ထောင်ဖက်နဲ့ ခွဲခွာဖို့လိုတယ်လို့ခံစားရတယ်ဆိုရင် ခွဲခွာလိုတဲ့အကြောင်းရင်းတွေကို ရိုးရိုးသားသား ဆန်းစစ်ရမယ်။ စိတ်အားထက်သန်မှုအပြည့်နဲ့လည်း ဆုတောင်းသင့်တယ်၊ ကျမ်းစာကို သေချာလေ့လာသုံးသပ်ပြီး အကြီးအကဲတွေဆီကနေ အကူအညီတောင်းခံသင့်တယ်။ ဒါပေမဲ့ အရေးအကြီးဆုံးကတော့ ကျွန်ုပ်တို့လုပ်ကိုင်လေသမျှ အရာရာတိုင်းမှာ ယေဟောဝါဘုရားသခင်ရဲ့စိတ်တော်ကို ကျေနပ်စေဖို့နဲ့ ကိုယ်တော်ပြင်ဆင်ပေးတဲ့ အိမ်ထောင်မင်္ဂလာဆုကျေးဇူးကို လေးစားမှုရှိကြောင်းတင်ပြဖို့ စိတ်ဆုံးဖြတ်ထားသင့်တယ်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 10 နာမည်တွေကို ပြောင်းထား။

^ အပိုဒ်၊ 17 ဘုရားသခင့်မေတ္တာတော်၌ တည်နေလော့” စာအုပ်၊ စာမျက်နှာ ၂၁၉-၂၂၁; ကင်းမျှော်စင် နိုဝင်ဘာ ၁၊ ၁၉၈၉၊ စာမျက်နှာ ၂၀-၂၁; စက်တင်ဘာ ၁၅၊ ၁၉၇၅၊ စာမျက်နှာ ၅၇၅ [အင်္ဂလိပ်] ကို ကြည့်ပါ။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ အကျဉ်းဖော်ပြချက်]

အခြေအနေတင်းမာနေတဲ့ အိမ်ထောင်ကို လက်မလျှော့လိုက်တဲ့ ခရစ်ယာန်တွေက ရလဒ်ကောင်းတွေ ဆုချခံရလေ့ရှိ

[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]

ယေဟောဝါကို အမြဲမျှော်လင့်ပြီး ရဲစွမ်းသတ္တိပေးဖို့ ကိုယ်တော့်ထံဆုတောင်းပါ

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

မိမိတို့ရဲ့အိမ်ထောင် ဆက်ဆံရေးခိုင်ခံ့အောင် အားထုတ်ကြိုးပမ်းနေတဲ့ ခရစ်ယာန်အိမ်ထောင်ဖက်တွေကို ယေဟောဝါ ကောင်းချီးပေး

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ခရစ်ယာန်အသင်းတော်က နှစ်သိမ့်မှုနဲ့ ကျမ်းစာအားဖြင့် ကူညီမှု ပေးနိုင်တဲ့နေရာဖြစ်