မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဖာရိရှဲတို့၏ တဆေးကို သတိပြုကြလော့”

“ဖာရိရှဲတို့၏ တဆေးကို သတိပြုကြလော့”

“ဖာရိရှဲတို့၏ တဆေးကို သတိပြုကြလော့”

ယေရှုက မိမိရဲ့နောက်လိုက်တွေကို “အရေခြုံမှုတည်းဟူသော ဖာရိရှဲတို့၏တဆေးကို သတိပြုကြလော့” လို့ သတိပေးခဲ့တယ်။ (လု. ၁၂:၁) ဒီစကားတွေကိုမှတ်တမ်းတင်ထားတဲ့ နောက်ကျမ်းတစ်စောင်အရ ဖာရိရှဲတွေရဲ့ “သွန်သင်ချက်” ကို ယေရှုပြစ်တင်ရှုတ်ချနေကြောင်း ထင်ရှားတယ်။—မ. ၁၆:၁၂

သမ္မာကျမ်းစာမှာ တစ်ခါတလေ လူတစ်ယောက်ကို ပျက်စီးစေတဲ့အရာကို “တဆေး” နဲ့ ခိုင်းနှိုင်းတယ်။ ဘာကြောင့်လဲဆိုတော့ ဖာရိရှဲတွေရဲ့ အန္တရာယ်ရှိတဲ့ သွန်သင်ချက်ကိုနားထောင်တဲ့သူတွေက အတွေးအခေါ်လွဲမှားပြီး မကောင်းတာတွေကို လုပ်ကြလို့ပဲ။ ဖာရိရှဲတွေရဲ့သွန်သင်ချက်က ဘာကြောင့် အန္တရာယ်ရှိသလဲ။

၁ ဖာရိရှဲတွေက မာနကြီးတယ်၊ သူတို့ကိုယ်သူတို့ တခြားသူတွေထက် ပိုဖြောင့်မတ်တယ်လို့ ထင်နေကြတယ်။

ယေရှုက သူ့ရဲ့ပုံဥပမာတစ်ခုမှာ ဒီမကောင်းတဲ့သဘောထားအကြောင်း ပြောခဲ့တယ်။ သူ ဒီလိုပြောတယ်– “ဖာရိရှဲသည် ရပ်လျက် တစ်ကိုယ်တည်း ဤသို့ဆုတောင်း၏။ ‘အိုဘုရားသခင်၊ ကျွန်ုပ်သည် အခြားသူများကဲ့သို့ လုယက်သူ၊ မဖြောင့်မတ်သူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ မဟုတ်သည်သာမက ဤအခွန်ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတင်ပါ၏။ ကျွန်ုပ်သည် တစ်ပတ်လျှင် နှစ်ကြိမ်အစာရှောင်ပါ၏။ ရသမျှကို ဆယ်ဖို့တစ်ဖို့ လှူပါ၏။’ အခွန်ခံမူကား အဝေးကရပ်လျက် ကောင်းကင်သို့မော့၍ပင် မကြည့်ဝံ့ဘဲ ‘အို ဘုရားသခင်၊ အပြစ်သားဖြစ်သော ကျွန်ုပ်ကို သနားတော်မူပါ’ ဟု ရင်ဘတ်ကိုထုလျက် လျှောက်လေ၏။”—လု. ၁၈:၁၁-၁၃

ယေရှုက နှိမ့်ချတဲ့သဘောရှိတဲ့ အခွန်ခံကို ဒီလိုချီးမွမ်းခဲ့တယ်– “ငါဆိုသည်ကား ထိုသူသည် အိမ်ပြန်သော် ဖာရိရှဲထက် ဖြောင့်မတ်ရာသို့ ရောက်လေပြီ။ အကြောင်းမူကား ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်သူတိုင်း နှိမ့်ချခြင်းသို့ ရောက်လိမ့်မည်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသူမူကား ချီးမြှောက်ခြင်းသို့ ရောက်လိမ့်မည်။” (လု. ၁၈:၁၄) အခွန်ခံတွေက မရိုးသားဘူးလို့ လူတွေကယူဆကြတယ်၊ ဒါပေမဲ့ ယေရှုက ဒီလိုလူတွေကြားထဲမှာရှိတဲ့ မိမိရဲ့သွန်သင်ချက်ကို ကြိုက်နှစ်သက်သူတွေကို ကူညီပေးဖို့ ကြိုးစားခဲ့တယ်။ အနည်းဆုံးတော့ အခွန်ခံနှစ်ယောက်ဖြစ်တဲ့ မဿဲနဲ့ ဇက္ခဲက ယေရှုရဲ့နောက်လိုက်တွေဖြစ်လာတယ်။

ကျွန်ုပ်တို့မှာ တခြားသူတွေမရှိတဲ့ အစွမ်းအစတွေရှိနေမယ်၊ ယေဟောဝါရဲ့အဖွဲ့အစည်းမှာ အခွင့်ထူးတွေရရှိထားမယ်။ ဒါမှမဟုတ် တခြားသူတွေရဲ့အားနည်းချက်ကို သတိထားမိမယ်။ ဒါကြောင့် ကျွန်ုပ်တို့က တခြားသူတွေထက် ပိုသာတယ်လို့ ထင်နေတယ်ဆိုရင် ကျွန်ုပ်တို့ ဘာလုပ်သင့်သလဲ။ ဒီအတွေးတွေကို ချက်ချင်း ထုတ်ပစ်လိုက်သင့်တယ်၊ တခြားသူတွေအပေါ် မေတ္တာထားတဲ့သူတွေက စိတ်ရှည်တယ်၊ ကြင်နာတယ်၊ မနာလိုခြင်းမရှိဘူးလို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ သူတို့မှာ ဝါကြွားခြင်းမရှိဘူး၊ မာန်မာနမရှိဘူး။ တစ်ကိုယ်ကောင်းမဆန်ဘူး၊ တခြားသူတွေ အပြစ်လုပ်တဲ့အခါ ဝမ်းမသာဘူး။—၁ ကော. ၁၃:၄-၆

ကျွန်ုပ်တို့က တမန်တော်ပေါလုလို စိတ်ဓာတ်မျိုးရှိသင့်ပါတယ်။ “ခရစ်တော်ယေရှုသည် အပြစ်ရှိသောသူတို့ကို ကယ်တင်ရန် ဤလောကသို့ကြွလာတော်မူသည်” လို့ သူပြောပြီးတဲ့နောက်မှာ “အပြစ်ရှိသောသူတို့တွင် ငါသည် အထင်ရှားဆုံးဖြစ်၏” လို့ ဆက်ပြောခဲ့တယ်။—၁ တိ. ၁:၁၅

စဉ်းစားတွေးတောရမယ့်မေးခွန်းများ–

ငါက အပြစ်သားတစ်ယောက်ဖြစ်တယ်၊ ယေဟောဝါရဲ့မဟာကရုဏာကြောင့်သာ ကယ်တင်ခံရမှာဖြစ်တယ်ဆိုတာ ငါသဘောပေါက်သလား။ ဒါမှမဟုတ် ငါ နှစ်ပေါင်းများစွာ သစ္စာရှိခဲ့လို့၊ ဘုရားသခင့်အဖွဲ့အစည်းမှာ အခွင့်ထူးတွေရထားလို့၊ တခြားသူတွေမှာမရှိတဲ့ အစွမ်းအစတွေရှိလို့ ငါ့ကိုယ်ငါ တခြားသူတွေထက်သာတယ်လို့ ထင်နေသလား။

ဖာရိရှဲတွေက တခြားသူတွေအထင်ကြီးအောင် လူတွေရှေ့မှာ ကောင်းမှုတွေလုပ်ပြကြတယ်။ သူတို့က ထင်ပေါ်ကျော်ကြားမှုနဲ့ မြှောက်ပင့်ချီးမွမ်းတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကို နှစ်သက်ကြတယ်။

ဒါပေမဲ့ ယေရှု ဒီလိုသတိပေးခဲ့တယ်– “သူတို့သည် ပြုလေသမျှကို လူများမြင်သာစေရန် ပြုတတ်ကြ၏။ ကျမ်းစာအဆောင်လက်ဖွဲ့များကို အပြားကြီးစေ၍ မိမိတို့ဝတ်လုံအမြိတ်များကိုလည်း ရှည်စေတတ်ကြ၏။ ပွဲသဘင်များတွင် အထင်ပေါ်ဆုံးနေရာ၊ တရားဇရပ်များတွင် ရှေ့ဆုံးနေရာများကို နှစ်သက်ကြ၏။ ဈေးတွင် ရိုသေစွာနှုတ်ဆက်ခြင်း၊ ရဗ္ဗိဟု လူတို့၏ခေါ်ဝေါ်ခြင်းကို ခံလိုကြ၏။” (မ. ၂၃:၅-၇) ယေရှုရဲ့သဘောထားနဲ့ တခြားစီပါပဲ။ ယေရှုက ဘုရားသခင်ရဲ့သားဖြစ်ပြီး စုံလင်ပေမဲ့ နှိမ့်ချမှုရှိတယ်။ လူတစ်ယောက်က သူ့ကို “ကောင်းမြတ်သောသူ” လို့ခေါ်တဲ့အခါမှာ “ငါ့ကို ကောင်းမြတ်သောသူဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်မှတစ်ပါး ကောင်းမြတ်သောသူ တစ်စုံတစ်ဦးမျှမရှိ” လို့ ပြန်ပြောခဲ့တယ်။ (မာ. ၁၀:၁၈) တစ်ခါကဆိုရင် ယေရှုက တပည့်တွေရဲ့ခြေထောက်ကို ဆေးပေးခဲ့တယ်၊ ဒီလိုနည်းနဲ့ သူ့နောက်လိုက်တွေကို နှိမ့်ချခြင်းပုံသက်သေ ပြခဲ့တယ်။—ယော. ၁၃:၁-၁၅

ခရစ်ယာန်စစ်တွေဟာ ယုံကြည်သူချင်းတွေအတွက် အမှုဆောင်သင့်တယ်။ (ဂလ. ၅:၁၃) အထူးသဖြင့် အသင်းတော်မှာ ကြီးကြပ်မှူးဖြစ်ဖို့ ကြိုးစားနေသူတွေဖြစ်တယ်။ “ကြီးကြပ်မှူးဖြစ်ဖို့ ကြိုးစား” တာက သင့်တော်ပါတယ်၊ ဒါပေမဲ့ ကြီးကြပ်မှူးဖြစ်ချင်တဲ့အကြောင်းရင်းက တခြားသူတွေကို ကူညီပေးဖို့ဖြစ်သင့်တယ်။ “ကြီးကြပ်မှူး” ဆိုတာက ထင်ပေါ်ကျော်ကြားမှု ဒါမှမဟုတ် အခွင့်အာဏာရစေတဲ့ ရာထူးတစ်ခုမဟုတ်ဘူး။ ကြီးကြပ်မှူးတွေအဖြစ် အမှုဆောင်တဲ့သူတွေက ယေရှုလို “စိတ်နှိမ့်ချသောသဘော” ရှိဖို့လိုတယ်။—၁ တိ. ၃:၁၊ ၆; မ. ၁၁:၂၉

စဉ်းစားတွေးတောရမယ့်မေးခွန်းများ–

ငါဟာ ထပ်ဆင့်အခွင့်အရေးတွေရဖို့ အသင်းတော်မှာရှိတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကို မျက်နှာလိုမျက်နှာရ လုပ်နေသလား။ ငါဟာ အသိအမှတ်ပြုခံရပြီး ချီးမွမ်းခံရပုံပေါက်တဲ့ လုပ်ငန်းတော်ကဏ္ဍတွေကိုပဲ အဓိကအာရုံစိုက်သလား။ ငါဟာ တခြားသူတွေရှေ့မှာ ထင်ပေါ်ဖို့ ကြိုးစားနေတာလား။

၃ ဖာရိရှဲတွေရဲ့စည်းမျဉ်းနဲ့ ထုံးတမ်းစဉ်လာတွေက သာမန်လူတွေအတွက် ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်စေတယ်။

ယေဟောဝါက အစ္စရေးလူတွေ သူ့ကို ဘယ်လိုဝတ်ပြုရမယ်ဆိုတာ သိစေဖို့ ပညတ်တရား ပေးခဲ့တယ်။ ဒါပေမဲ့ အသေးစိတ်အချက်အလက်တွေကို အတိအကျ မဖော်ပြပေးခဲ့ဘူး။ ဥပမာ၊ ဥပုသ်နေ့မှာ အလုပ်မလုပ်ဖို့ တားမြစ်ထားတယ်၊ ဒါပေမဲ့ အဲဒီနေ့မှာ ဘယ်အလုပ်ကို လုပ်ရမယ်၊ ဘယ်အလုပ်ကို မလုပ်ရဘူးဆိုပြီး အသေးစိတ် မဖော်ပြပေးဘူး။ (ထွ. ၂၀:၁၀) ယေဟောဝါရဲ့ပညတ်မှာ အလုံအလောက်မဖော်ပြဘူးဆိုပြီး ဖာရိရှဲတွေက သူတို့ရဲ့ စည်းမျဉ်းတွေနဲ့ ထုံးတမ်းစဉ်လာတွေကို ထပ်ထည့်ကြတယ်။ ယေရှုက ဖာရိရှဲတွေ စိတ်ထင်ရာထုတ်ထားတဲ့ စည်းမျဉ်းတွေကို မလိုက်ပေမဲ့ မောရှေပညတ်ကိုတော့ လိုက်နာခဲ့တယ်။ (မ. ၅:၁၇၊ ၁၈; ၂၃:၂၃) ယေရှုက ပညတ်တရားပေးရတဲ့အကြောင်းရင်းကို နားလည်ပြီး ဘုရားသခင်က လူတွေကို ကြင်နာမှု၊ ထောက်ထားစာနာမှုရှိစေလိုတယ်ဆိုတာ သိခဲ့တယ်။ သူ့ရဲ့နောက်လိုက်တွေက သူပြောတဲ့အတိုင်း မလိုက်နာနိုင်တဲ့အခါမှာတောင် အကျိုးသင့်အကြောင်းသင့်ရှိခဲ့တယ်။ ဥပမာ၊ ယေရှုက သူအဖမ်းခံရမယ့်ညမှာ တပည့်သုံးယောက်ကို မအိပ်ဘဲ နိုးနိုးကြားကြားနေကြဖို့ ပြောခဲ့ပေမဲ့ သူတို့ အကြိမ်ကြိမ် အိပ်ပျော်သွားတယ်။ ဒါတောင် ယေရှုက “စိတ်ဆန္ဒရှိသော်လည်း ခန္ဓာကိုယ်မူကား အားနည်း၏” လို့ စာနာစိတ်နဲ့ပြောခဲ့တယ်။—မာ. ၁၄:၃၄-၄၂

စဉ်းစားတွေးတောရမယ့်မေးခွန်းများ–

ငါဟာ တင်းကျပ်တဲ့စည်းမျဉ်းတွေထုတ်ပြီး အဲဒီစည်းမျဉ်းတွေကို တခြားလူတွေလိုက်နာအောင်လို့ ကြိုးစားသလား။ ငါမှန်တယ်လို့ ထင်တဲ့အရာကို တခြားလူတွေကို အမြဲလုပ်စေလိုသလား။ တခြားသူတွေဆီကနေ အကျိုးသင့်အကြောင်းသင့်ရှိရှိ မျှော်လင့်သလား။

ယေရှုရဲ့သွန်သင်ချက်နဲ့ ဖာရိရှဲတွေရဲ့သွန်သင်ချက် ကွာခြားပုံကို စဉ်းစားပါ။ သင် တိုးတက်နိုင်တဲ့နည်းလမ်းတွေကို တွေ့မြင်သလား။ တွေ့တယ်ဆိုရင် အဲဒီအတိုင်း လုပ်ဆောင်ပါ။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ဖာရိရှဲတွေက ကျမ်းချက်တွေရေးပြီး ထည့်ထားတဲ့ဘူးတွေကို ဝတ်ဆင်ကြတယ်။—မ. ၂၃:၂၊

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

နှိမ့်ချတဲ့အကြီးအကဲတွေက မာနကြီးတဲ့ ဖာရိရှဲတွေနဲ့မတူဘဲ တခြားသူတွေအတွက် အမှုဆောင်တယ်

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

သင်ဟာ ယေရှုလိုပဲ တခြားသူတွေဆီကနေ အကျိုးသင့်အကြောင်းသင့်ရှိရှိ မျှော်လင့်သလား