မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အတွင်းမှအသံကို ဂရုပြုလော့

သင့်အတွင်းမှအသံကို ဂရုပြုလော့

သင့်အတွင်းမှအသံကို ဂရုပြုလော့

‘သာသနာပလူတို့သည် [ဘုရားသခင်၏] ပညတ်တရားတော်ကိုမသိဘဲ ကိုယ်အလိုအလျောက် တရားတော်ကိုကျင့်ကြ၏။’—ရောမ ၂:၁၄

၁၊ ၂။ (က) လူများစွာသည် သူတစ်ပါးအကျိုးကို မည်သို့သယ်ပိုးခဲ့ကြသနည်း။ (ခ) ကျမ်းစာမှ အဘယ်ပုံနမူနာများက သူတစ်ပါးအကျိုးသယ်ပိုးခြင်းအကြောင်း ဖော်ပြသနည်း။

သူတစ်ပါး၏အသက်ကို ကယ်တင်လိုက်သူများအကြောင်း ကျွန်ုပ်တို့ မကြာခဏ ကြားဖူးကြသည်။ ဖြစ်ရပ်များစွာတွင် ထိုသို့ကယ်တင်သူတို့သည် မိမိတို့အသက်ကိုပင် စွန့်လွှတ်ရန် လိုလိုလားလားရှိကြ၏။ ထိုသူတို့ကို အချို့က သူရဲကောင်းများအဖြစ် သမုတ်ကြသည်။ သို့သော် ရထားတိုက်ခါနီး လူတစ်ဦးကို အသက်စွန့်၍ကယ်တင်ခဲ့သူတစ်ဦး ဤသို့ပြောခဲ့၏– “မှန်ရာကို လုပ်ရမှာပဲ။ ကျွန်တော်က နာမည်ကောင်းလိုချင်လို့မဟုတ်ဘဲ အကြင်နာတရားအပြည့်နဲ့ ကူညီလိုက်တာပါ။”

သူတစ်ပါးအတွက် သက်စွန့်ဆံဖျားကူညီသူတစ်ဦးဦးကို သင်သိရှိပေမည်။ ဒုတိယကမ္ဘာစစ်အတွင်း လူများစွာသည် အသက်ဘေးကြုံနေရသူများကို ဝှက်ထားပေးခြင်းဖြင့် ထိုသို့လုပ်ဆောင်ခဲ့ကြသည်။ စစ္စလီကျွန်းအနီးရှိ မေလိတေကျွန်းတွင် သင်္ဘောပျက်ဘေးနှင့်ကြုံခဲ့ရသော တမန်တော်ပေါလုနှင့် လူ ၂၇၅ ဦး၏အဖြစ်ကိုလည်း ပြန်သုံးသပ်ကြည့်ပါ။ ထိုကျွန်းသားများသည် သူစိမ်းများဖြစ်သောသူတို့ကို ကူညီ၍ “အထူးသဖြင့်ကျေးဇူးပြုကြ၏။” (တမန်တော် ၂၇:၂၇–၂၈:၂) ဣသရေလမိန်းမငယ်တစ်ဦး၏ဖြစ်ရပ်တွင်ကော။ သူသည် အသက်အန္တရာယ်ကြုံရသည့်ကြားမှ ကူညီပေးခြင်းမဟုတ်သော်လည်း မိမိကိုဖမ်းခေါ်လာသော ရှုရိဗိုလ်ချုပ်၏ကောင်းကျိုးအတွက် စိုးရိမ်စိတ်တင်ပြခဲ့သည်။ (၄ ဓမ္မရာဇဝင် ၅:၁-၄) ယေရှုမိန့်ဆိုခဲ့သည့် လူသားချင်းမေတ္တာရှိသောရှမာရိလူပုံဥပမာကို သုံးသပ်ကြည့်ပါ။ သေလုမြောပါးဖြစ်နေသောဂျူးကို ယဇ်ပုရောဟိတ်နှင့်လေဝိလူက ဂရုမစိုက်သော်လည်း ရှမာရိလူမူကား အတိုင်းထက်အလွန် ကူညီပေးခဲ့သည်။ ထိုပုံဥပမာက ရာစုနှစ်များတစ်လျှောက် ယဉ်ကျေးမှုအသီးသီးမှ လူများ၏စိတ်နှလုံးကို ထိမိစေခဲ့သည်။—လုကာ ၁၀:၂၉-၃၇

၃၊ ၄။ နေရာအနှံ့တွေ့မြင်နေရသော ကိုယ်ကျိုးမဖက်မှုများက ဆင့်ကဲသီအိုရီအကြောင်း အဘယ်အရာဖော်ပြသနည်း။

“ပြင်းထန်သောသူ၊” “သူတော်ကောင်းကိုမုန်းသောသူ” များစွာရှိသော “ခဲယဉ်းသောကာလ” တွင် ကျွန်ုပ်တို့အသက်ရှင်နေရသည်။ (၂ တိမောသေ ၃:၁-၃) သို့တိုင် စေတနာမေတ္တာပါပါလုပ်ဆောင်မှုများကို ကျွန်ုပ်တို့ မြင်တွေ့နေရသည်မဟုတ်လော၊ ယင်းမှ ကျွန်ုပ်တို့ကိုယ်တိုင် အကျိုးခံစားရခြင်းလည်းဖြစ်ပေမည်။ သူတစ်ပါးအကျိုးအတွက် ကိုယ်ကျိုးစွန့်၍ ကူညီလိုသည့်သဘောကို နေရာအနှံ့တွေ့မြင်ရပြီး ယင်းသည် လူ့သဘာဝဖြစ်သည်ဟု အချို့ကဆိုကြ၏။

အနစ်နာခံပေးဆက်ရသည့်တိုင် ကူညီဖို့အသင့်ရှိခြင်းကို လူမျိုးတိုင်း၊ ယဉ်ကျေးမှုတိုင်းတွင် တွေ့မြင်နေရ၏။ ထို့ကြောင့် ယင်းသည် “အသင့်လျော်ဆုံးသာ အသက်ရှင်ကျန်မှု” ဟူသောဆင့်ကဲအယူနှင့်ဆန့်ကျင်နေသည်။ * ဒီအင်အေကိုဖော်ထုတ်ရန် အမေရိကန်အစိုးရကို လမ်းခင်းပေးခဲ့သူ မျိုးရိုးဗီဇပညာရှင် ဖရန့်စ္စကော်လင်းစ်က ဤသို့ဆို၏– “ကိုယ်ကျိုးမဖက်ခြင်းသည် ဆင့်ကဲဝါဒီများအတွက် အဓိကပြဿနာတစ်ခုဖြစ်သည်။ . . . မိမိရှင်သန်ရေးကိုသာအဓိကထားသော အတ္တစိတ်က ယင်းကို မရှင်းပြနိုင်ပေ။” သူဤသို့လည်းဆို၏– “လူအချို့သည် မိမိတို့နှင့် မည်သို့မျှမပတ်သက်သူများ၊ မိမိတို့နှင့်လုံးဝအသွင်မတူသူများအတွက် ကိုယ်ကျိုးစွန့်ပေးဆက်ကြသည်။ . . . ယင်းကို ဒါဝင်၏သီအိုရီဖြင့် ရှင်းပြနိုင်မည့်ပုံမရှိပေ။”

“ကိုယ်ကိုကိုယ်သိသောစိတ်၏အသံ”

၅။ လူတို့တွင် အဘယ်အရာကို တွေ့မြင်ရလေ့ရှိသနည်း။

ဒေါက်တာကော်လင်းစ်က ကိုယ်ကျိုးမဖက်ခြင်း၏အသွင်အပြင်တစ်ရပ်ကို ဤသို့ဖော်ပြသည်– “ဘာမျှပြန်မရလျှင်ပင် သူတစ်ပါးကိုကူညီရန် ကိုယ်ကိုကိုယ်သိစိတ်၏အသံက တွန်းအားပေးနေသည်။” “ကိုယ်ကိုကိုယ်သိစိတ်” ဟူသော သူ၏အသုံးအနှုန်းက တမန်တော်ပေါလု၏ အောက်ပါစကားများကို အမှတ်ရစေသည်– “သာသနာပလူတို့သည် ပညတ်တရားတော်ကိုမသိဘဲ ကိုယ်အလိုအလျောက် တရားတော်ကိုကျင့်သောအခါ သူတို့သည် ပညတ်တရားတော်ကိုမသိဘဲ ကိုယ်ကျင့်တရားကို အမှီပြုသဖြင့်လည်းကောင်း၊ ကိုယ်ကိုကိုယ်သိသောစိတ်နှလုံးသည် သက်သေခံသဖြင့်လည်းကောင်း၊ အချင်းချင်းဆွေးနွေးဆင်ခြင်၍ အပြစ်တင်လျက်၊ လွှတ်လျက်နေသဖြင့်လည်းကောင်း မိမိတို့စိတ်နှလုံးထဲ၌မှတ်သားသော တရား၏အကျိုးကို ထင်ရှားစွာပြကြ၏။”—ရောမ ၂:၁၄၊ ၁၅

၆။ လူအားလုံးသည် ဖန်ဆင်းရှင်ထံ အဘယ်ကြောင့် စာရင်းရှင်းရမည်နည်း။

ရောမအသင်းတော်ထံရေးသော ပေါလု၏စာတွင် လူတို့သည် ဘုရားသခင်ထံ စာရင်းရှင်းရမည်ဟုဖော်ပြထားသည်။ အကြောင်းမှာ ကိုယ်တော်၏တည်ရှိမှုနှင့် ဂုဏ်ရည်တော်များသည် မြင်နေရသောအရာများတွင် ထင်ရှားလျက်ရှိသောကြောင့်ဖြစ်၏။ ယင်းတို့သည် “ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။” (ရောမ ၁:၁၈-၂၀; ဆာလံ ၁၉:၁-၄) သို့သော် လူများစွာသည် ဖန်ဆင်းရှင်ကို လျစ်လျူရှုထားကြပြီး ကိုယ်ကျင့်တရားပျက်ပြားသောလမ်းစဉ်ကို လိုက်နေကြသည်။ သို့တိုင် ဘုရားသခင်သည် မိမိ၏ဖြောင့်မတ်မှုကို လူတို့အသိအမှတ်ပြုကာ အကျင့်ဆိုးများကို နောင်တယူပြောင်းလဲရန် အလိုတော်ရှိသည်။ (ရောမ ၁:၂၂–၂:၆) ဂျူးလူမျိုးသည် မောရှေမှတစ်ဆင့် ဘုရားသခင့်ပညတ်တော်ကို ရရှိထားသောကြောင့် ထိုသို့ပြုရန် ခိုင်လုံသောအကြောင်းရင်းရှိသည်။ သို့သော် ‘ဘုရားသခင်၏မိန့်မြွက်ချက်များကို’ မရရှိသူများပင် ဘုရားသခင်တည်ရှိကြောင်း အသိအမှတ်ပြုသင့်သည်။—ရောမ ၂:၈-၁၃; ၃:၂

၇၊ ၈။ တရားမျှတစိတ်သည် မည်မျှပျံ့နှံ့နေသနည်း၊ ယင်းက အဘယ်အချက်ကို ညွှန်ပြသနည်း။

လူအားလုံးသည် ဘုရားသခင်ကို အသိအမှတ်ပြုပြီး ယင်းနှင့်အညီလုပ်ဆောင်သင့်သည့် အခိုင်လုံဆုံးအကြောင်းရင်းမှာ လူတို့၏မှားမှန်သိစိတ်ကြောင့်ဖြစ်၏။ ကျွန်ုပ်တို့၏တရားမျှတစိတ်က ကျွန်ုပ်တို့တွင် ကိုယ်ကိုကိုယ်သိစိတ်ရှိကြောင်း ဖော်ပြနေသည်။ ကလေးအချို့သည် ဒန်းစီးရန် တန်းစီစောင့်နေသည်ဟု မြင်ယောင်ကြည့်ပါ။ ထိုအခိုက် ကလေးတစ်ဦးက တန်းစီနေသူများကိုကျော်တက်ပြီး ရှေ့ဆုံးတွင် သွားတန်းစီသည်။ ကျန်ကလေးအများစုက ‘ဒါ လုံးဝမတရားဘူး’ ဟုတုံ့ပြန်ကြသည်။ ‘ကလေးတွေမှာတောင် တရားမျှတတဲ့သိစိတ် ဘယ်လိုရှိနေတာလဲ’ ဟုသင့်ကိုယ်ကိုမေးပါ။ ကလေးများ၏တုံ့ပြန်ပုံက သူတို့၏ကိုယ်ကျင့်တရားနှင့်ဆိုင်သော အသိစိတ်ကို ဖော်ပြနေသည်။ “သာသနာပလူတို့သည် ပညတ်တရားတော်ကိုမသိဘဲ ကိုယ်အလိုအလျောက် တရားတော်ကိုကျင့်သောအခါ” ဟုတမန်တော်ပေါလုဆိုသည်။ ပေါလုသည် တစ်ခါတစ်ရံသာဖြစ်ပျက်ခြင်းကို ဖော်ပြသောစကားလုံးဖြစ်သည့် “ခဲ့လျှင်” ကိုမသုံးဘဲ မကြာခဏဖြစ်ပျက်ခြင်းကို ဖော်ပြသည့် “သောအခါ” ကိုသုံးခဲ့သည်။ လူတို့သည် ‘ကိုယ်အလိုအလျောက် တရားတော်ကိုကျင့်ကြ၏’ ဟုဆိုရာတွင် ဘုရားသခင့်ပညတ်တော်တွင် ကျွန်ုပ်တို့ဖတ်ရှုရသောအရာများကို သူတို့မဖတ်ရှုရသော်လည်း ယင်းတို့ကို ကျင့်ကြံရန် သူတို့၏ကိုယ်ကိုကိုယ်သိသောစိတ်က လှုံ့ဆော်ပေးခြင်းကို ဆိုလိုသည်။

နိုင်ငံများစွာတွင် ကိုယ်ကျင့်တရားဆိုင်ရာ ထိုသဘောထားကို တွေ့မြင်နေရသည်။ ဗာဗုလုန်၊ အီဂျစ်၊ ဂရိ၊ ဩစတြေးလျတိုင်းရင်းသားနှင့် အမေရိကန်တိုင်းရင်းသားများ၏စံနှုန်းများတွင် “ဖိနှိပ်မှု၊ လူသတ်မှု၊ သစ္စာဖောက်မှု၊ လိမ်လည်မှုတို့ကို အတိအလင်းရှုတ်ချခြင်းပါဝင်ပြီး သက်ကြီးရွယ်အို၊ လူငယ်နှင့် အားနည်းသူများကို သနားကြင်နာရမည်ဟူသော တူညီသည့်စံနှုန်းများရှိကြ၏” ဟု ကဲမ်ဘရစ်ခ်ျတက္ကသိုလ်မှ ပါမောက္ခတစ်ဦးရေးခဲ့၏။ ထို့ပြင် “လူ့မျိုးနွယ်တိုင်းတွင် အမှားနှင့်အမှန်ဟူသောအယူအဆ ရှိဟန်တူသည်” ဟုဒေါက်တာကော်လင်းစ်ရေးခဲ့၏။ ယင်းက ရောမ ၂:၁၄ ကို အမှတ်ရစေသည်မဟုတ်လော။

ကိုယ်ကိုကိုယ်သိသောစိတ်—မည်သို့လုပ်ဆောင်သနည်း

၉။ ကိုယ်ကိုကိုယ်သိသောစိတ်ဟူသည် အဘယ်နည်း။ ယင်းက လုပ်ရပ်တစ်ခုကို သင်မလုပ်ဆောင်မီ မည်သို့ကူညီပေးနိုင်သနည်း။

ကိုယ်ကိုကိုယ်သိသောစိတ်ဟူသည် သင့်လုပ်ရပ်များကို သတိပြုပြီး ဝေဖန်အကဲဖြတ်ပေးသော စိတ်စွမ်းရည်ဖြစ်ကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ သင့်အတွင်းမှအသံက သင်၏လုပ်ရပ်တစ်ခုကို မှားသည်၊ မှန်သည်ဟူ၍ ပြောနေသကဲ့သို့ဖြစ်၏။ ယင်းအသံကို ပေါလုက “ငါ့ကိုယ်ကိုကိုယ်သိသောစိတ်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်တကွ ငါ့ဘက်၌သက်သေခံ” သည်ဟုဖော်ပြ၏။ (ရောမ ၉:၁) ဥပမာ၊ ကိုယ်ကျင့်တရားနှင့်ဆိုင်သည့်အရာ တစ်စုံတစ်ခုကိုလုပ်ဆောင်မည်၊ မလုပ်ဆောင်မည်နှင့်ပတ်သက်၍ သင်သုံးသပ်သောအခါ ထိုအသံက သင့်ကိုကြိုတင်ပြောဆိုပြီးဖြစ်ပေမည်။ သင်၏ကိုယ်ကိုကိုယ်သိသောစိတ်က သင်လုပ်ဆောင်မည့်လုပ်ရပ်တစ်ခုကို ဝေဖန်အကဲဖြတ်ရန် ကူညီပေးပြီး ယင်းကိုလုပ်ဆောင်ပါက မည်သို့ခံစားရမည်ကို အသိပေးပေမည်။

၁၀။ ကိုယ်ကိုကိုယ်သိသောစိတ်သည် အဘယ်နည်းဖြင့် လုပ်ဆောင်လေ့ရှိသနည်း။

၁၀ များသောအားဖြင့် တစ်စုံတစ်ခုကို သင်လုပ်ဆောင်ပြီးနောက်တွင် ကိုယ်ကိုကိုယ်သိသောစိတ် အလုပ်လုပ်သည်။ ဒါဝိဒ်သည် ဘုရားသခင့်ခန့်အပ်ခံဘုရင်ရှောလုလက်မှ ထွက်ပြေးနေရချိန်တွင် ရှောလုကို မထီလေးစားပြုရန် အခွင့်အရေးရခဲ့သည်။ ထိုသို့ပြုပြီးနောက် “ဒါဝိဒ်သည် နောက်တစ်ဖန်နောင်တရ” လေသည်။ (၁ ဓမ္မရာဇဝင် ၂၄:၁-၅; ဆာလံ ၃၂:၃၊) ဤတွင် “ကိုယ်ကိုကိုယ်သိသောစိတ်” ဟူသောစကားလုံးကို မသုံးနှုန်းထားသော်လည်း ယင်းသည် ဒါဝိဒ်၏ကိုယ်ကိုကိုယ်သိသောစိတ် အနှောင့်အယှက်ပေးခြင်းဖြစ်၏။ ကျွန်ုပ်တို့အားလုံးလည်း ကိုယ်ကိုကိုယ်သိသောစိတ်၏ အနှောင့်အယှက်ပေးမှုကို ခံစားကြရသည်။ ကျွန်ုပ်တို့သည် တစ်စုံတစ်ခုကိုလုပ်ဆောင်ပြီးနောက် ယင်းနှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်ဖြစ်မိသည်။ လူအချို့က အခွန်မပေးဆောင်သည့်အတွက် သူတို့၏သိစိတ် မကြည်မလင်ဖြစ်ပြီး နောက်ပိုင်းတွင် ထိုအကြွေးကို ပြန်ပေးဆောင်ခဲ့သည်။ အချို့က အိမ်ထောင်ရေးဖောက်ပြန်ခဲ့ကြောင်း မိမိတို့၏အိမ်ထောင်ဖက်များကို ဝန်ခံရန် စေ့ဆော်ခံရသည်။ (ဟေဗြဲ ၁၃:၄) သို့တိုင် လူတစ်ဦးသည် ကိုယ်ကိုကိုယ်သိသောစိတ်နှင့်အညီ လုပ်ဆောင်သောအခါ ကျေနပ်ပျော်ရွှင်မှုနှင့် စိတ်ငြိမ်သက်မှု ရရှိနိုင်သည်။

၁၁။ ‘သင်၏ကိုယ်ကိုကိုယ်သိသောစိတ်၏ လမ်းညွှန်မှု’ အတိုင်းသာ ပြုလုပ်ခြင်းသည် အဘယ်ကြောင့် အန္တရာယ်ရှိနိုင်သနည်း။ ဥပမာပေးပါ။

၁၁ သို့ဆိုလျှင် ‘ကိုယ်ကိုကိုယ်သိသောစိတ်၏ လမ်းညွှန်မှု’ အတိုင်းသာ ပြုလုပ်နိုင်သလော။ ကိုယ်ကိုကိုယ်သိသောစိတ်၏အသံကို နားထောင်ခြင်းသည် အကျိုးရှိသော်လည်း ယင်းသည် ကျွန်ုပ်တို့ကို အကြီးအကျယ်လမ်းလွဲစေနိုင်၏။ မှန်ပါသည်၊ “အတွင်းလူ” ၏အသံသည် ကျွန်ုပ်တို့ကိုလမ်းလွဲစေနိုင်သည်။ (၂ ကောရိန္သု ၄:၁၆) အောက်ပါဥပမာကို သုံးသပ်ကြည့်ပါ။ ခရစ်တော်၏နောက်လိုက် သတေဖန်သည် “ကျေးဇူးတော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်းပြည့်စုံ” သူဖြစ်၏။ သို့သော် ဂျူးအချို့က သူ့ကို ယေရုရှလင်မြို့ပြင်ထုတ်၍ ကျောက်ခဲနှင့်ပေါက်သတ်ခဲ့သည်။ (နောက်ပိုင်းတွင် တမန်တော်ပေါလုဖြစ်လာသော) ရှောလုသည် အနီးတွင်ရပ်နေပြီး ‘ထိုကွပ်မျက်သောအမှု၌ သဘောတူလျက်ရှိ၏။’ မှန်ရာကိုလုပ်ဆောင်နေသည်ဟု ဂျူးတို့ယုံကြည်စိတ်ချသောကြောင့် သူတို့၏ကိုယ်ကိုကိုယ်သိသောစိတ် အနှောင့်အယှက်ဖြစ်ခဲ့ပုံမရပေ။ ရှောလုလည်း ထိုသို့ဖြစ်ခဲ့ပုံရသည်။ အကြောင်းမှာ နောက်ပိုင်းတွင် “သခင်၏တပည့်တော်တို့ကို ခြိမ်းခြောက်၍ သတ်ဖြတ်လိုစိတ် ပြင်းပြနေသေး” ၍ဖြစ်သည်။ ရှင်းနေသည်မှာ သူ၏ကိုယ်ကိုကိုယ်သိသောစိတ်သည် မှန်ကန်စွာမပြောဆိုခဲ့ပေ။—တမန်တော် ၆:၈; ၇:၅၇–၈:၁; ၉:၁ကဘ။

၁၂။ ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိစိတ်ကို ဩဇာလွှမ်းနိုင်သည့် အရာတစ်ခုကား အဘယ်နည်း။

၁၂ အဘယ်အရာက ရှောလု၏ကိုယ်ကိုကိုယ်သိစိတ်ကို ထိုသို့ဖြစ်စေခဲ့သနည်း။ အကြောင်းရင်းတစ်ခုမှာ သူ၏ရင်းနှီးသောအပေါင်းအသင်းများကြောင့် ဖြစ်နိုင်သည်။ ဥပမာ၊ တယ်လီဖုန်းဖြင့် ကျွန်ုပ်တို့စကားပြောဆိုသူတစ်ဦး၏အသံသည် ထိုသူ၏ဖခင်နှင့်အလွန်တူသည်ကို ကြုံဖူးပေမည်။ ယင်းသည် မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်နိုင်သော်လည်း ဖခင်၏လေယူလေသိမ်းက သူ့ကိုသြဇာလွှမ်းနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ အလားတူ၊ ရှောလုလည်း ယေရှုကိုမုန်းတီးပြီး ကိုယ်တော့်သွန်သင်ချက်များကိုဆန့်ကျင်သော ဂျူးများနှင့် ရင်းနှီးစွာပေါင်းသင်းခြင်းကြောင့် ဖြစ်နိုင်သည်။ (ယောဟန် ၁၁:၄၇-၅၀; ၁၈:၁၄; တမန်တော် ၅:၂၇၊ ၂၈၊ ၃၃) မှန်ပါသည်၊ ထိုအပေါင်းအသင်းများသည် ရှောလု၏အတွင်းမှအသံကို ဩဇာလွှမ်းခဲ့ပေမည်။

၁၃။ ဝန်းကျင်အသိုင်းအဝိုင်းသည် ကိုယ်ကိုကိုယ်သိစိတ်ကို မည်သို့သြဇာလွှမ်းနိုင်သနည်း။

၁၃ လူတစ်ဦး၏လေယူလေသိမ်းနှင့် ဘာသာစကားသည် ဝန်းကျင်အသိုင်းအဝိုင်း၏ပုံသွင်းမှု ခံရနိုင်သည့်နည်းတူ ကိုယ်ကိုကိုယ်သိသောစိတ်သည်လည်း ယဉ်ကျေးမှု သို့မဟုတ် ဝန်းကျင်အသိုင်းအဝိုင်း၏ပုံသွင်းမှု ခံရနိုင်သည်။ (မဿဲ ၂၆:၇၃) ရှေးအာရှုရိလူမျိုးတွင် ထိုသို့ဖြစ်ခဲ့သည်။ သူတို့သည် စစ်မက်အင်အားကြောင့် နာမည်ကြီးပြီး သူတို့၏ပန်းချီပန်းပုများတွင် သုံ့ပန်းတို့ကို ညှဉ်းပန်းသည့်ပုံများ သရုပ်ဖော်ထားသည်။ (နာဟုံ ၂:၁၁၊ ၁၂; ၃:၁) ယောနလက်ထက် နိနေဝေမြို့သားများကို “ကိုယ်လက်ယာလက်နှင့် လက်ဝဲလက်ကိုမျှ ပိုင်းခြား၍မသိသောသူ” အဖြစ် ဖော်ပြထားသည်။ ယင်းက သူတို့တွင် ဘုရားသခင့်အမြင်အရ တော်မှန်ရာ၊ မတော်မှန်ရာကို ပိုင်းခြားနိုင်ရန် မှန်ကန်သောစံနှုန်းမရှိခြင်းကို ဆိုလိုသည်။ နိနေဝေမြို့ရှိ ဝန်းကျင်အသိုင်းအဝိုင်းက ထိုတွင်ကြီးပြင်းလာသူတစ်ဦး၏ ကိုယ်ကိုကိုယ်သိစိတ်အပေါ် မည်မျှသြဇာလွှမ်းမည်ကို စဉ်းစားကြည့်ပါ။ (ယောန ၃:၄၊ ၅; ၄:၁၁) ယနေ့လည်း ဝန်းကျင်ရှိလူတို့၏သဘောထားသည် လူတစ်ဦး၏ ကိုယ်ကိုကိုယ်သိစိတ်ကို ဩဇာလွှမ်းနိုင်သည်။

အတွင်းမှအသံကို တိုးတက်ကောင်းမွန်စေခြင်း

၁၄။ ကမ္ဘာဦး ၁:၂၇ သည် ကိုယ်ကိုကိုယ်သိစိတ်နှင့်ပတ်သက်၍ အဘယ်အရာကိုညွှန်ပြသနည်း။

၁၄ ယေဟောဝါသည် အာဒံနှင့်ဧဝတို့အား ကိုယ်ကိုကိုယ်သိစိတ်ကို ဆုကျေးဇူးအဖြစ်ပေးခဲ့ပြီး ယင်းကို ကျွန်ုပ်တို့အမွေခံရသည်။ ကမ္ဘာဦး ၁:၂၇ တွင် လူတို့ကို ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားသည်ဟုဖော်ပြ၏။ ယင်းသည် ဘုရားသခင်၏ပကတိရုပ်သွင်ကို မဆိုလိုပါ။ အကြောင်းမှာ ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်ပြီး ကျွန်ုပ်တို့မူကား အသွေးအသားခန္ဓာရှိသောကြောင့်ဖြစ်၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီဟုဆိုရာတွင် ကောင်းစွာအလုပ်လုပ်သော ကိုယ်ကိုကိုယ်သိစိတ်အပါအဝင် ဘုရားသခင်၌ရှိသောအရည်အသွေးများ ကျွန်ုပ်တို့တွင်ရှိခြင်းဖြစ်သည်။ ယင်းက ကိုယ်ကိုကိုယ်သိစိတ်ကို ပို၍ကောင်းမွန်စေကာ ပို၍စိတ်ချအားထားစေရန် လုပ်ဆောင်နိုင်သောနည်းတစ်နည်းရှိကြောင်း ဖော်ပြသည်။ ယင်းမှာ ဖန်ဆင်းရှင်အကြောင်း ပိုလေ့လာကာ ကိုယ်တော့်ထံချဉ်းကပ်ခြင်းဖြစ်၏။

၁၅။ ကျွန်ုပ်တို့၏ကောင်းကင်ဖခင်အကြောင်း သိရှိလာခြင်းမှ မည်သည့်နည်းဖြင့် အကျိုးခံစားနိုင်မည်နည်း။

၁၅ ယေဟောဝါသည် အသက်ပေးရှင်ဖြစ်သောကြောင့် ကျွန်ုပ်တို့အားလုံး၏ဖခင်အဖြစ် ကျမ်းစာကဖော်ပြသည်။ (ဟေရှာယ ၆၄:၈) သစ္စာရှိခရစ်ယာန်များ၏မျှော်လင့်ချက်မှာ ကောင်းကင်တွင်ဖြစ်စေ၊ မြေကြီးပရဒိသုတွင်ဖြစ်စေ သူတို့သည် ဘုရားသခင်ကို ဖခင်အဖြစ်ယူမှတ်နိုင်ကြသည်။ (မဿဲ ၆:၉) ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဖခင် ယေဟောဝါနှင့် ပိုနီးကပ်လိုသင့်ပြီး ကိုယ်တော်၏ရှုမြင်ချက်နှင့် စံနှုန်းများကို လေ့လာသင်ယူသင့်သည်။ (ယာကုပ် ၄:၈) လူအများစုမှာ ထိုသို့မလုပ်ဆောင်လိုကြပေ။ ‘ခမည်းတော်၏စကားသံကို သင်တို့သည် မကြား၊ သဏ္ဌာန်တော်ကိုမမြင်၊ နှုတ်မြွက်တော်သည်လည်း သင်တို့၌မတည်’ ဟုယေရှုမိန့်ဆိုခဲ့သော ဂျူးများနှင့်တူကြသည်။ (ယောဟန် ၅:၃၇၊ ၃၈) ကျွန်ုပ်တို့သည် ဘုရားသခင်၏ပကတိအသံကို ကြားနိုင်မည်မဟုတ်သော်လည်း ကိုယ်တော့်နှုတ်မြွက်တော်ကိုဖတ်ရှုခြင်းဖြင့် ကိုယ်တော့်အသံကို ကြားနိုင်ပြီး ကိုယ်တော်ကိုတုပနိုင်ကာ ကိုယ်တော့်နည်းတူ ခံစားနိုင်မည်ဖြစ်သည်။

၁၆။ ယောသပ်ဖြစ်ရပ်က ကိုယ်ကိုကိုယ်သိစိတ်ကို လေ့ကျင့်ပေးခြင်း၊ ယင်း၏သတိပေးချက်ကို တုံ့ပြန်ခြင်းနှင့်ပတ်သက်၍ အဘယ်အရာဖော်ပြသနည်း။

၁၆ ပေါတိဖာအိမ်တွင် နေထိုင်ခဲ့သော ယောသပ်၏ဖြစ်ရပ်က ယင်းကိုဖော်ပြနေသည်။ ပေါတိဖာ၏ဇနီးက ယောသပ်ကို ဖြားယောင်းသွေးဆောင်ခဲ့သည်။ ကျမ်းစာမရေးသားသေးသော၊ ပညတ်တော်ဆယ်ပါး မပေးသေးသောအချိန်တွင် သူအသက်ရှင်ရသော်လည်း “အပြစ်ကြီးသောဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်း” ဟုဆိုခဲ့သည်။ (ကမ္ဘာဦး ၃၉:၉) သူသည် မိသားစုကို ပျော်ရွှင်စေရန်သာ ထိုသို့လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပေ၊ အကြောင်းမှာ သူတို့သည် ရပ်ဝေးတွင် နေထိုင်ကြ၍ဖြစ်သည်။ အဓိကအားဖြင့် ဘုရားသခင်၏စိတ်တော်ကို ပျော်ရွှင်စေလိုသောကြောင့်ဖြစ်သည်။ ယောက်ျားတစ်ဦးအတွက် မိန်းမတစ်ဦးကိုသာဖန်ဆင်းပေး၍ ထိုသူနှစ်ဦးသည် “တစ်သားတစ်ကိုယ်တည်း” ဖြစ်၏ဟူသော အိမ်ထောင်မင်္ဂလာနှင့်ပတ်သက်သည့် ဘုရားသခင့်စံနှုန်းကို ယောသပ် ကောင်းစွာသိရှိထားသည်။ ရေဗက္ကသည် အိမ်ထောင်ရှင်ဖြစ်ကြောင်း အဘိမလက်မင်းသိရှိသောအခါ ရေဗက္ကကိုသိမ်းပိုက်မည်ဆိုလျှင် မှားယွင်းပြီး မိမိလူမျိုးအပေါ် အပြစ်ဒဏ်သင့်ရောက်စေမည်ဟု ခံစားခဲ့ရကြောင်း ယောသပ်ကြားဖူးပေမည်။ ထိုဖြစ်ရပ်၏နောက်ဆုံးရလဒ်ကို ယေဟောဝါကောင်းချီးပေးခဲ့ခြင်းက အိမ်ထောင်ရေးဖောက်ပြန်မှုအပေါ် ကိုယ်တော့်ရှုမြင်ချက်ကို ဖော်ပြသည်။ ထိုဖြစ်ရပ်အားလုံးကို ယောသပ်သိရှိခဲ့ခြင်းက သူ၏ကိုယ်ကိုကိုယ်သိစိတ် ကောင်းစွာသတိပေးနိုင်ရန် တွန်းအားပေးခဲ့ပုံရပြီး လိင်အကျင့်ယိုယွင်းခြင်းကို ငြင်းဆန်ရန် လှုံ့ဆော်ပေးခဲ့သည်။—ကမ္ဘာဦး ၂:၂၄; ၁၂:၁၇-၁၉; ၂၀:၁-၁၈; ၂၆:၇-၁၄

၁၇။ ကောင်းကင်ဖခင်နှင့်တူရန် ကြိုးစားရာတွင် ကျွန်ုပ်တို့၏အခြေအနေသည် ယောသပ်၏အခြေအနေထက် အဘယ်ကြောင့် ပို၍ကောင်းမွန်သနည်း။

၁၇ ကျွန်ုပ်တို့၏အခြေအနေမှာ ပို၍သာလွန်ကောင်းမွန်ပါသည်။ ကျွန်ုပ်တို့ကောင်းကင်ဖခင်၏ အတွေးအခေါ်၊ ခံစားချက်များအပါအဝင် ကိုယ်တော်နှစ်သက်ရာ၊ မနှစ်သက်ရာများကို ဖော်ပြပေးသော ကျမ်းစာတစ်အုပ်လုံး ရရှိထားသည်။ သမ္မာကျမ်းစာကို ပို၍ရင်းနှီးကျွမ်းဝင်လာလေ ကိုယ်တော့်ထံ ပို၍ချဉ်းကပ်နိုင်ပြီး ကိုယ်တော်ကို တုပနိုင်လေဖြစ်မည်။ ထိုသို့ပြုသည်နှင့်အမျှ ကိုယ်ကိုကိုယ်သိစိတ်၏လှုံ့ဆော်မှုသည် ကောင်းကင်ဖခင်၏အတွေးအခေါ်၊ အလိုတော်နှင့် ပို၍ကိုက်ညီလာပေမည်။—ဧဖက် ၅:၁-၅

၁၈။ အတိတ်က ဩဇာလွှမ်းမှုများရှိသည့်ကြားမှ ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိစိတ်ကို ပို၍စိတ်ချအားထားနိုင်ရန် အဘယ်အရာလုပ်ဆောင်နိုင်သနည်း။

၁၈ ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိစိတ်ကို ပုံသွင်းနေသည့် ဝန်းကျင်အသိုင်းအဝိုင်းနှင့်ပတ်သက်၍ကော။ ကြီးပြင်းလာသောဝန်းကျင်အသိုင်းအဝိုင်းနှင့် ဆွေမျိုးများ၏ အတွေးအခေါ်၊ အပြုအမူများက ကျွန်ုပ်တို့ကို ဩဇာလွှမ်းနိုင်သည်။ ထိုအခါ ကိုယ်ကိုကိုယ်သိသောစိတ်၏အသံသည် ပိတ်ဆို့ခံရနိုင်သည် သို့မဟုတ် မှားယွင်းနိုင်သည်။ ယင်းသည် ကျွန်ုပ်တို့ဝန်းကျင်ရှိလူများ၏ “လေယူလေသိမ်း” အတိုင်း ဖြစ်လာနိုင်သည်။ မှန်ပါသည်၊ ကျွန်ုပ်တို့၏အတိတ်ကို မပြောင်းလဲနိုင်သော်လည်း ကိုယ်ကိုကိုယ်သိသောစိတ်ကို အကျိုးပြုမည့် အပေါင်းအသင်းနှင့် ဝန်းကျင်အသိုင်းအဝိုင်းကို ရွေးချယ်ရန် စိတ်ပိုင်းဖြတ်နိုင်သည်။ အဓိကခြေလှမ်းမှာ ကောင်းကင်ဖခင်ကို ကြိုးစားတုပနေကြသော သစ္စာရှိခရစ်ယာန်များနှင့် မှန်မှန်ပေါင်းသင်းခြင်းဖြစ်၏။ အသင်းတော်အစည်းအဝေးများတွင်၊ အစည်းအဝေးမတိုင်မီနှင့်ပြီးနောက်တွင် ထိုသို့ပေါင်းသင်းရန် အကောင်းဆုံးအခွင့်အလမ်းရရှိသည်။ ခရစ်ယာန်ချင်းများ၏ ကျမ်းစာအခြေပြုအတွေးအခေါ်နှင့် လုပ်ရပ်များကို သတိပြုကြည့်နိုင်သည်။ ထို့ပြင် ဘုရားသခင့်ရှုမြင်ပုံ၊ နည်းလမ်းတော်များနှင့်အညီ သူတို့၏ကိုယ်ကိုကိုယ်သိစိတ်က အသံပေးသည့်အခါ ချက်ချင်းနားထောင်လိုက်နာခြင်းကို အကဲခတ်မှတ်သားနိုင်သည်။ ယင်းက ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိစိတ်ကို ကျမ်းစာမူများနှင့်ကိုက်ညီစေပြီး ဘုရားသခင့်ပုံသဏ္ဌာန်နှင့် ပို၍တူညီစေနိုင်သည်။ ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိစိတ်ကို ဘုရားသခင်၏မူများနှင့် ကိုက်ညီစေပြီး ခရစ်ယာန်ချင်းများ၏ပုံသက်သေကောင်းကို အတုယူသောအခါ ထိုသိစိတ်သည် ပို၍စိတ်ချအားထားစရာဖြစ်လာပြီး ယင်း၏စကားသံကို ပို၍နားထောင်လိုက်နာလိုပေလိမ့်မည်။—ဟေရှာယ ၃၀:၂၁

၁၉။ ကိုယ်ကိုကိုယ်သိစိတ်၏ အဘယ်အသွင်အပြင်များကိုလည်း အာရုံစိုက်သင့်သနည်း။

၁၉ သို့သော် အချို့သည် ကိုယ်ကိုကိုယ်သိစိတ်၏လှုံ့ဆော်မှုကို တုံ့ပြန်နိုင်ရန် နေစဉ်နှင့်အမျှ တိုက်လှန်နေရသည်။ ခရစ်ယာန်များရင်ဆိုင်နေရသည့် အခြေအနေအချို့နှင့်ပတ်သက်၍ နောက်ဆောင်းပါးတွင် သုံးသပ်ပါမည်။ ထိုအခြေအနေများကို ဆန်းစစ်ခြင်းဖြင့် ကိုယ်ကိုကိုယ်သိစိတ်၏အခန်းကဏ္ဍ၊ ကိုယ်ကိုကိုယ်သိစိတ် ကွဲပြားခြားနားနိုင်သည့်အကြောင်းရင်း၊ ကိုယ်ကိုကိုယ်သိစိတ်၏လှုံ့ဆော်မှုကို ပို၍တုံ့ပြန်နိုင်ပုံကို ရှင်းလင်းစွာသိရှိလာပေမည်။—ဟေဗြဲ ၆:၁၁၊ ၁၂

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ယင်းသည် ဒါဝင်၏အဆိုဖြစ်၏။ သက်ရှိများသည် မိမိတို့အသက်ရှင်ကျန်ရေးအတွက် ယှဉ်ပြိုင်ပြီး အသန်မာဆုံးသူကျန်ရစ်ကာ အားနည်းသူမှာ သေဆုံးပျက်စီးသွားသည်။ ယင်းသည် သဘာဝတရားဖြစ်ပြီး ယင်းမှ လူတို့ဆင့်ကဲဖြစ်လာသည်ဟု သူယူဆသည်။

သင်အဘယ်အရာ သိရှိခဲ့သနည်း

• ယဉ်ကျေးမှုတိုင်းတွင် မှားမှန်သိစိတ် သို့မဟုတ် ကိုယ်ကိုကိုယ်သိစိတ်ကို အဘယ်ကြောင့် တွေ့ မြင်ရသနည်း။

• ကိုယ်ကိုကိုယ်သိစိတ်၏ လမ်းညွှန်မှုအတိုင်းသာပြုလုပ်ခြင်းကို အဘယ်ကြောင့် သတိပြုဖို့လိုသနည်း။

• ကျွန်ုပ်တို့အတွင်းမှအသံကို တိုးတက်ကောင်းမွန်စေနိုင်သည့်နည်းအချို့ကား အဘယ်နည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံများ]

ဒါဝိဒ်၏ကိုယ်ကိုကိုယ်သိစိတ် အနှောင့်အယှက်ဖြစ်ခဲ့ . . .

သို့သော် တာရှုမြို့သား ရှောလု၏ကိုယ်ကိုကိုယ်သိစိတ် အနှောင့်အယှက်မဖြစ်ခဲ့

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ကျွန်ုပ်တို့၏ကိုယ်ကိုကိုယ်သိစိတ်ကို လေ့ကျင့်ပေးနိုင်