မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့သည် ‘ထူးဆန်းစွာဖန်ဆင်းခံရ’

ကျွန်ုပ်တို့သည် ‘ထူးဆန်းစွာဖန်ဆင်းခံရ’

ကျွန်ုပ်တို့သည် ‘ထူးဆန်းစွာဖန်ဆင်းခံရ’

“အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်။”—⁠ဆာလံ ၁၃၉:၁၄

၁။ စဉ်းစားတတ်သူများစွာသည် ကမ္ဘာ့အံ့ဖွယ်များအတွက် ဘုရားသခင်ကို အဘယ်ကြောင့် ဂုဏ်တင်ကြသနည်း။

သဘာဝလောကသည် အံ့ဖွယ်ဖန်ဆင်းခြင်းလက်ရာများဖြင့် ပြည့်နှက်နေသည်။ ယင်းတို့ မည်သို့ဖြစ်တည်လာသနည်း။ ဉာဏ်တော်ကြီးမားသော ဖန်ဆင်းရှင်တစ်ပါးမပါဘဲ ထိုမေးခွန်း၏အဖြေကိုရှာတွေ့နိုင်သည်ဟု အချို့ယူဆကြ၏။ အချို့ကမူ ဖန်ဆင်းရှင်အကြောင်း ထည့်မသုံးသပ်ပါက သဘာဝအကြောင်း အကန့်အသတ်ဖြင့်သာ နားလည်မည်ဟုယူဆကြ၏။ ကမ္ဘာပေါ်ရှိသက်ရှိများသည် ရှုပ်ထွေးများပြားလွန်းပြီး ဆန်းကြယ်လွန်းသဖြင့် မတော်တဆတိုက်ဆိုင်၍ ဖြစ်ပေါ်လာခြင်း မဖြစ်နိုင်ဟု သူတို့ယူဆကြသည်။ တန်ခိုးကြီး၍ မေတ္တာရှိသော ဉာဏ်ကြီးရှင်တစ်ပါးက စကြဝဠာကို ပြုလုပ်ခဲ့သည့် အထောက်အထားရှိကြောင်း သိပ္ပံပညာရှင်အချို့အပါအဝင် လူများစွာ လက်ခံကြသည်။ *

၂။ ယေဟောဝါအားချီးမွမ်းရန် ဒါဝိဒ်ကို အဘယ်အရာကလှုံ့ဆော်ပေးသနည်း။

အံ့ဖွယ်ဖန်ဆင်းခြင်းလက်ရာများအတွက် ဖန်ဆင်းရှင်ကို ဂုဏ်တင်ထိုက်သည်ဟု ယုံကြည်သူများတွင် ရှေးဣသရေလဘုရင်ဒါဝိဒ်လည်း ပါဝင်၏။ ယနေ့ သိပ္ပံခေတ်မတိုင်မီ နှစ်များစွာတွင် ဒါဝိဒ်အသက်ရှင်ခဲ့သော်လည်း သူ့ပတ်လည်ရှိ ဘုရားသခင့်အံ့ဖွယ်ဖန်ဆင်းခြင်းလက်ရာများကို သူသိမြင်ခဲ့သည်။ မိမိ၏ခန္ဓာကိုယ်အကြောင်း ဒါဝိဒ်စဉ်းစားကြည့်ရုံဖြင့် ဘုရားသခင်၏ဖန်ဆင်းနိုင်စွမ်းကို အလွန်အံ့သြမိန်းမောကာ စိုးရွံ့ခဲ့သည်။ “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကိုချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့သြဖွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အမှန်သိပါ၏” ဟုသူရေးသားခဲ့သည်။—⁠ဆာလံ ၁၃၉:၁၄

၃၊ ၄။ ယေဟောဝါ၏ဖန်ဆင်းခြင်းလက်ရာများအကြောင်း အလေးအနက်တွေးတောဆင်ခြင်ရန် အဘယ်ကြောင့် အရေးကြီးသနည်း။

ဒါဝိဒ်သည် လေးလေးနက်နက်တွေးတောခြင်းကြောင့် ထိုသို့အခိုင်အမာယုံကြည်နိုင်ခဲ့၏။ ယနေ့ ကျောင်းသင်ခန်းစာများနှင့် သတင်းမီဒီယာများတွင် လူ့မူလအစနှင့်ပတ်သက်သည့် ယုံကြည်ခြင်းကို ပျက်စီးစေသော သီအိုရီများ ပြည့်နှက်နေ၏။ ဒါဝိဒ်ကဲ့သို့ ယုံကြည်ခြင်းမျိုးရှိနိုင်ရန် ကျွန်ုပ်တို့လည်း လေးလေးနက်နက်တွေးတောရမည်။ အထူးသဖြင့် ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း၊ ကိုယ်တော်၏အခန်းကဏ္ဍအကြောင်းစသည့် အခြေခံအကြောင်းအရာများနှင့်  ပတ်သက်လာလျှင် ကိုယ်တိုင်မတွေးတောမဆင်ခြင်ဘဲ သူတစ်ပါးယုံကြည်သည့်အတိုင်း ယုံကြည်လက်ခံခြင်းသည် အလွန်အန္တရာယ်ရှိ၏။

ထို့ပြင် ယေဟောဝါ၏လက်ရာတော်များအကြောင်း တွေးတောဆင်ခြင်ခြင်းက ကိုယ်တော့်ကို ပို၍ကျေးဇူးတင်မြတ်နိုးလာစေပြီး အနာဂတ်ကတိတော်များကို ပို၍ယုံကြည်စိတ်ချစေသည်။ ယင်းကတစ်ဖန် ယေဟောဝါအကြောင်း ပိုသိလိုစိတ်၊ ပိုအမှုဆောင်လိုစိတ် ဖြစ်စေနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ‘ထူးဆန်းစွာဖန်ဆင်းခံရ’ သည်ဟူသော ဒါဝိဒ်၏ကောက်ချက်ကို ခေတ်သစ်သိပ္ပံပညာက မည်သို့ထောက်ခံကြောင်း သုံးသပ်ကြည့်ကြစို့။

အံ့ဖွယ်ကောင်းလှသော ခန္ဓာကိုယ်ကြီးထွားမှု

၅၊ ၆။ (က) ကျွန်ုပ်တို့အားလုံး၏အသက် မည်သို့စတင်ခဲ့သနည်း။ (ခ) ကျောက်ကပ်၏လုပ်ဆောင်မှုများကား အဘယ်နည်း။

“ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်ကပ်ကိုပင် ဖန်ဆင်း၍ အမိဝမ်းထဲမှာ အကျွန်ုပ်ကိုဖုံးအုပ်တော်မူပြီ။” (ဆာလံ ၁၃၉:၁၃) ကျွန်ုပ်တို့အားလုံးသည် မိခင်၏ခန္ဓာကိုယ်ထဲတွင် သေးငယ်သောအစက်ကလေးထက်ပင် ပိုသေးသောဆဲလ်တစ်ခုမှ အစပြုခဲ့ကြသည်။ အဏုကြည့်ကိရိယာဖြင့်သာမြင်နိုင်သော ထိုဆဲလ်သည် ရှုပ်ထွေးလွန်းရာ ဓာတုဗေဒဓာတ်ခွဲခန်းအသေးစားပင်ဖြစ်၏။ ယင်းသည် အလျင်အမြန်ကြီးထွားလာပြီး နှစ်လအရွယ်ရောက်သောအခါ အဓိကကိုယ်အင်္ဂါများ ဖွံ့ ဖြိုးလာ၏။ ယင်းတို့တွင် ကျောက်ကပ်များပါဝင်သည်။ သင်မွေးဖွားချိန်တွင် ယင်းတို့သည် သွေးထဲရှိအဆိပ်နှင့်ပိုနေသောရေများကို ဖယ်ရှားပေးကာ အရေးပါသောဓာတ်ပစ္စည်းများကို စုဆောင်းပေးခြင်းဖြင့် သွေးကိုသန့်စင်စစ်ထုတ်ပေးရန် အသင့်ဖြစ်နေသည်။ သင့်ကျောက်ကပ်နှစ်ခုသည် ကောင်းမွန်ပါက လူကြီးတစ်ဦးတွင် သွေးထဲရှိရေ ၅ လီတာခန့်ကို ၄၅ မိနစ်တစ်ကြိမ် စစ်ထုတ်ပေးသည်!

ကျောက်ကပ်များသည် သင့်သွေးတွင်ပါဝင်သော သတ္တုနှင့်အက်ဆစ်ဓာတ်အပြင် သွေးဖိအားကို ထိန်းညှိပေးသည်။ အခြားအရေးပါလုပ်ငန်းအများအပြားကိုလည်း ထမ်းဆောင်သည်။ ဗီတာမင်ဒီကို အရိုးကြီးထွားဖွံ့ ဖြိုးရန် လိုအပ်သောပုံစံအဖြစ် ပြောင်းလဲပေးသည်။ အရိုးတွင် သွေးဆဲလ်နီထုတ်လုပ်မှုကို နှိုးဆွပေးသည့် အီရီသရိုပွိုင်တင်ဟုခေါ်သော ဟော်မုန်းတစ်မျိုးကိုလည်း ကျောက်ကပ်များက ထုတ်ပေးသည်။ ထို့ကြောင့် ကျောက်ကပ်များကို “ခန္ဓာကိုယ်၏ ကျွမ်းကျင်သောဓာတုဗေဒပညာရှင်များ” ဟုခေါ်ဆိုခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ *

၇၊ ၈။ (က) မမွေးသေးသောကလေး စတင်ကြီးထွားလာပုံကို ဖော်ပြပါ။ (ခ) ကြီးထွားနေသောကလေးတစ်ဦးသည် မည်သည့်နည်းဖြင့် “မြေကြီးအောက်အရပ်၌ စေ့စပ်စွာပြုပြင်” ခြင်းခံရသနည်း။

မထင်ရှားသောအရပ်၌ အကျွန်ုပ်ကိုဖန်ဆင်း၍ မြေကြီးအောက်အရပ်၌ စေ့စပ်စွာပြုပြင်တော်မူသောအခါ အကျွန်ုပ်၏ [“အရိုးတို့၊” ကဘ] သည် ရှေ့တော်၌ထင်ရှားလျက်ရှိပါ၏။” (ဆာလံ ၁၃၉:၁၅) တစ်ခုတည်းသောမူရင်းဆဲလ်ကွဲပြီးနောက် ဆဲလ်အသစ်များဖြစ်လာသည်။ ယင်းတို့က တစ်ဖန် နဗ်ကြောဆဲလ်၊ ကြွက်သားဆဲလ်၊ အရေပြားဆဲလ် စသည်ဖြင့် အမျိုးအစားအလိုက် ကွဲလာကြသည်။ အမျိုးအစားတူသောဆဲလ်အုပ်စုများ စုပေါင်း၍ တစ်ရှူးများ၊ ယင်းမှတစ်ဖန် အင်္ဂါအစိတ်အပိုင်းများ ဖြစ်လာသည်။ ဥပမာ၊ သန္ဓေတည်ပြီး သုံးပတ်အကြာတွင် အရိုးစုစနစ် စတင်ဖြစ်ပေါ်လာသည်။ လူကြီးတစ်ဦးအနေနှင့် သင့်တွင်ရှိသော အရိုး ၂၀၆ ချောင်းသည် သင် ခုနစ်ပတ်သားအရွယ်၊ တစ်လက်မအရှည်သာရှိသေးချိန်တွင် အရိုးမဖြစ်သေးသော်လည်း သူ့နေရာနှင့်သူရှိနေပြီဖြစ်သည်။

ထိုအံ့ဖွယ်ဖြစ်စဉ်များသည် လူသားတို့ရှေ့ မထင်ရှားသောအရပ်၊ မြေကြီးအောက်အရပ်ကဲ့သို့သော မိခင်၏သားအိမ်အတွင်း ဖြစ်ပျက်နေသည်။ အမှန်မှာ၊ ကျွန်ုပ်တို့ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ လူတို့မသိသောအရာများစွာ ရှိသေးသည်။ ဥပမာ၊ ဆဲလ်များ၏လုပ်ငန်းအသီးသီးကို ခွဲထုတ်ပေးရန် သင့်ဆဲလ်အတွင်းရှိ မျိုးရိုးဗီဇများကို မည်သည့်အရာက လှုံ့ဆော်ပေးသနည်း။ နောက်ဆုံးတွင် သိပ္ပံပညာက ထိုအဖြေကို တွေ့ကောင်းတွေ့ပေမည်။ သို့သော် ဒါဝိဒ်အသိအမှတ်ပြုသည့်အတိုင်း ယင်းတို့အားလုံးကို ဖန်ဆင်းရှင်ယေဟောဝါသာလျှင် အပြည့်အဝနားလည်တော်မူသည်။

၉၊ ၁၀။ ဘုရားသခင်သည် သန္ဓေသားလောင်း၏အင်္ဂါအစိတ်အပိုင်းများ ဖြစ်ပေါ်လာပုံကို မည်သည့်နည်းဖြင့် “စာရင်း၌ အကုန်အစင်မှတ်သား” ထားသနည်း။

“မစုံလင်သေးသော အကျွန်ုပ်၏အလုံးအထွေးကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍မြင်တော်မူပြီ။ ထိုအရာတို့ကိုပြုပြင်၍ တစ်စုံတစ်ခုမျှမရှိမီကာလတွင် ကိုယ်တော်၏စာရင်း၌ အကုန်အစင် မှတ်သားလျက်ရှိကြပါ၏။” (ဆာလံ ၁၃၉:၁၆) ဦးဆုံးဖြစ်လာသော မူရင်းဆဲလ်တစ်ခုတွင် သင့်ခန္ဓာကိုယ်တစ်ခုလုံး၏ပုံစံအပြည့်အစုံ ပါဝင်ပြီးဖြစ်သည်။ ထိုပုံစံသည် မမွေးဖွားမီ ကိုးလအတွင်း ကြီးထွားမှုကိုသာမက လူကြီးအဖြစ်ကြီးပြင်းစဉ် နှစ်ပေါင်းနှစ်ဆယ်ကျော်အထိ ညွှန်ကြားပေးသည်။ ထိုအတောအတွင်း သင့်ခန္ဓာကိုယ်သည် အဆင့်များစွာကို ဖြတ်ကျော်ခဲ့၏။ ထိုအဆင့်အားလုံးကို မူရင်းဆဲလ်အတွင်းရှိ ပုံစံရေးဆွဲထားသောအချက်အလက်များက ညွှန်ကြားသည်။

၁၀ ဆဲလ်နှင့်မျိုးရိုးဗီဇများအကြောင်း ဒါဝိဒ်မသိသည့်အပြင် အဏုကြည့်ကိရိယာလည်း သူ့တွင်မရှိပေ။ သို့သော် သူ့ခန္ဓာကိုယ်ကြီးထွားပုံကိုကြည့်ခြင်းဖြင့် ယင်းကို ကြိုတင်ပုံစံရေးဆွဲထားကြောင်း နားလည်ခဲ့၏။ သန္ဓေသားလောင်း ကြီးထွားလာပုံနှင့်ပတ်သက်၍ ဒါဝိဒ်အနည်းငယ် သိရှိပေမည်။ ထို့ကြောင့် ကြိုတင်ရေးဆွဲထားသောပုံစံနှင့် အချိန်ဇယားအတိုင်း တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်လာကြောင်း သူဆင်ခြင်နိုင်ခဲ့သည်။ ထိုပုံစံသည် ဘုရားသခင်၏ “စာရင်း၌ အကုန်အစင်မှတ်သားလျက်ရှိကြပါ၏” ဟုကဗျာဆန်ဆန် သူရေးဖွဲ့ခဲ့သည်။

၁၁။ ကျွန်ုပ်တို့၏ ရုပ်ပိုင်းကြန်အင်လက္ခဏာများ မည်သို့ဖြစ်ပေါ်လာသနည်း။

၁၁ သင့်မိဘနှင့် ဘိုးဘေးများထံမှ အမွေရခဲ့သော ကြန်အင်လက္ခဏာများဖြစ်သည့် အရပ်အမောင်း၊ မျက်နှာပေါက်၊ မျက်လုံးနှင့်ဆံပင်အရောင်စသည်တို့အပြင် အခြားစရိုက်များစွာကို သင့်မျိုးရိုးဗီဇက ဆုံးဖြတ်ပေးသည်။ သင့်ဆဲလ်တစ်ခုစီတွင် သောင်းနှင့်ချီသောမျိုးရိုးဗီဇများပါဝင်ပြီး ထိုမျိုးရိုးဗီဇတစ်ခုစီသည် ဒီအင်အေ (ဒီအောက်ဆီရိုင်ဗိုနယူကလီအစ်အက်ဆစ်) ဖြစ်စဉ်ကြီးတွင် ပါဝင်သည်။ သင့်ခန္ဓာကိုယ်တည်ဆောက်ပုံနှင့်ပတ်သက်သော ညွှန်ကြားချက်များကို ဒီအင်အေဖွဲ့စည်းတည်ဆောက်ပုံတွင် “မှတ်သား” ပြီးဖြစ်၏။ ဆဲလ်အသစ်များဖြစ်ပေါ်စေရန် သို့မဟုတ် အိုမင်းသောဆဲလ်များကို အစားထိုးရန် ဆဲလ်များကွဲပွားသည့်အခါတိုင်း ဒီအင်အေသည် ထိုညွှန်ကြားချက်များကို လက်ဆင့်ကမ်းပေး၏။ သို့ဖြင့် သင့်ကို အသက်ဆက်စေသည့်အပြင် သင့်မူလရုပ်သွင်ကို ထိန်းသိမ်းပေးသည်။ ဖန်ဆင်းရှင်၏ တန်ခိုးနှင့်ဉာဏ်ပညာသည် အံ့သြမိန်းမောဖွယ်ပါတကား!

ထူးဆန်းသော ဦးနှောက်

၁၂။ အထူးသဖြင့် အဘယ်အရာက လူကို တိရစ္ဆာန်များနှင့် ကွာခြားစေသနည်း။

၁၂ “အိုဘုရားသခင်၊ အကျွန်ုပ်၌ ကိုယ်တော်၏အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။ အလွန်များပြားကြပါ၏။ ထိုအကြံအစည်တော်တို့ကိုရေတွက်လျှင် သဲလုံးနှင့်အမျှမက သာ၍များပြားကြပါ၏။” (ဆာလံ ၁၃၉:၁၇၊ ၁၈) တိရစ္ဆာန်များလည်း ထူးဆန်းစွာ ဖန်ဆင်းခံရ၏။ တိရစ္ဆာန်အချို့တွင် လူ့ထက်သာလွန်သော အာရုံခံသတ္တိနှင့် စွမ်းရည်များရှိကြသည်။ သို့သော် ဘုရားသခင်သည် လူကို စဉ်းစားတွေးခေါ်နိုင်စွမ်းထည့်ပေးထားသဖြင့် မည်သည့်တိရစ္ဆာန်ထက်မဆို သာလွန်သည်။ “လူသားတို့သည် အခြားမျိုးစိတ်များနှင့် ကဏ္ဍများစွာတွင် ဆင်တူသော်လည်း ဘာသာစကားပြောနိုင်စွမ်းနှင့် စဉ်းစားနိုင်စွမ်းတို့တွင်မူ ကမ္ဘာ့သက်ရှိများထက် ထူးခြားသည်။ ငါတို့ ကိုယ်ခန္ဓာကို ဘယ်လိုဖွဲ့စည်းတည်ဆောက်ထားသလဲ။ ငါတို့ကို ဘယ်လိုပုံစံပြုထားသလဲစသည်ဖြင့် မိမိတို့အကြောင်းနှင့်ပတ်သက်၍ အလွန်သိလိုစိတ်ရှိရာတွင်လည်း ထူးခြား၏” ဟုသိပ္ပံပြဋ္ဌာန်းစာအုပ်တစ်အုပ်ကဆိုသည်။ ထိုမေးခွန်းများကို ဒါဝိဒ်လည်း စဉ်းစားခဲ့သည်။

၁၃။ (က) ဒါဝိဒ်သည် ဘုရားသခင့်အတွေးအခေါ်ကို မည်သို့ဆင်ခြင်နိုင်ခဲ့သနည်း။ (ခ) ဒါဝိဒ်၏ပုံသက်သေကို မည်သို့တုပနိုင်သနည်း။

၁၃ တိရစ္ဆာန်များနှင့်ကွာခြားသည့် အဓိကအချက်မှာ ကျွန်ုပ်တို့သည် ဘုရားသခင့်အတွေးအခေါ်ကို  ဆင်ခြင်နိုင်စွမ်းရှိခြင်းဖြစ်သည်။ * ထိုအထူးလက်ဆောင်သည် “ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ” ဖန်ဆင်းခံရခြင်းတွင် ပါဝင်သောအရာတစ်ခုဖြစ်၏။ (ကမ္ဘာဦး ၁:၂၇) ထိုလက်ဆောင်ကို ဒါဝိဒ် ကောင်းစွာအသုံးပြုခဲ့သည်။ ဘုရားသခင်တည်ရှိကြောင်း အထောက်အထားနှင့် သူ့ပတ်လည်ရှိ မြေကမ္ဘာတွင် ထင်ရှားပေါ်လွင်နေသော ကိုယ်တော့်အရည်အသွေးကောင်းများကို သူတွေးတောဆင်ခြင်ခဲ့သည်။ ဘုရားသခင်နှင့် ကိုယ်တော့်လက်ရာတော်များအကြောင်း ဖော်ပြထားသော အစောပိုင်းကျမ်းစာစောင်များလည်း ဒါဝိဒ်တွင်ရှိသည်။ ထိုမှုတ်သွင်းခံစာစောင်များကြောင့် ဘုရားသခင့်အတွေးအခေါ်၊ ဥပဓိရုပ်နှင့် ရည်ရွယ်တော်မူချက်တို့ကို ဒါဝိဒ် သိနားလည်ခဲ့သည်။ ကျမ်းစာ၊ ဖန်ဆင်းခြင်း၊ မိမိနှင့်ဘုရားသခင်ဆက်ဆံပုံတို့ကို ဒါဝိဒ် တွေးတောဆင်ခြင်ခြင်းက ဖန်ဆင်းရှင်ကို ချီးမွမ်းဂုဏ်တင်ရန် သူ့ကိုလှုံ့ဆော်ပေး၏။

ယုံကြည်ခြင်းတွင်ပါဝင်သည့်အရာ

၁၄။ ဘုရားသခင်ကိုယုံကြည်ရန် ကိုယ်တော့်အကြောင်းအားလုံးသိဖို့ အဘယ်ကြောင့်မလိုသနည်း။

၁၄ ဖန်ဆင်းခြင်းအကြောင်းနှင့် ကျမ်းစာကို တွေးတောဆင်ခြင်လေ ဘုရားသခင့်အသိပညာနှင့် စွမ်းပကားကို အပြည့်အဝနားလည်ရန် မဖြစ်နိုင်ကြောင်း ဒါဝိဒ်နားလည်လေဖြစ်သည်။ (ဆာလံ ၁၃၉:⁠၆) ကျွန်ုပ်တို့လည်း ထပ်တူပင်ဖြစ်၏။ ဘုရားသခင့်ဖန်ဆင်းခြင်းလက်ရာအားလုံးအကြောင်းကို ကျွန်ုပ်တို့ မည်သည့်အခါမျှနားလည်မည်မဟုတ်ပါ။ (ဒေ. ၃:၁၁; ၈:၁၇) သို့သော် ဘုရားသခင်သည် သမ္မာကျမ်းစာနှင့် သဘာဝလောကအားဖြင့် အသိပညာကို ‘ဖော်ပြတော်မူခဲ့ရာ’ ခေတ်အသီးသီးမှ အမှန်တရားရှာဖွေသူတို့သည် အထောက်အထားအပေါ်အခြေပြုသော ယုံကြည်ခြင်းရရှိနိုင်ကြ၏။—⁠ရောမ ၁:၁၉၊ ၂၀; ဟေဗြဲ ၁၁:၁၊

၁၅။ ယုံကြည်ခြင်းနှင့် ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေးရှိခြင်းတို့ မည်သို့ဆက်စပ်ကြောင်း ဥပမာပေးပါ။

၁၅ ယုံကြည်ခြင်းရှိသည်ဟုဆိုရာတွင် သက်ရှိနှင့်စကြဝဠာကို ဉာဏ်ကြီးရှင်တစ်ပါး ပြုလုပ်ခဲ့ကြောင်း အသိအမှတ်ပြုရုံထက်မကပေ။ ယင်းတွင် ယေဟောဝါဘုရားသခင်သည် အခြားသူများကို မိမိအကြောင်းသိရှိစေလိုပြီး မိမိနှင့်ရင်းနှီးသောဆက်ဆံရေးရှိစေလိုသည့် ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း ယုံကြည်ခြင်းပါဝင်သည်။ (ယာကုပ် ၄:⁠၈) မေတ္တာရှိသောဖခင်တစ်ဦးကို ယုံကြည်အားကိုးခြင်းနှင့်ပတ်သက်၍ စဉ်းစားကြည့်နိုင်သည်။ သင်ဒုက္ခရောက်ချိန်တွင် သင့်ဖခင် ကူညီမည်၊ မကူညီမည်နှင့်ပတ်သက်၍ သံသယရှိသူတစ်ဦးက မေးလာသည်ဆိုပါစို့။ သင့်ဖခင်၏ မေတ္တာပါထောက်မမှုကို မခံစားခဲ့ရပါက သူယုံကြည်လာအောင် ပြောပြနိုင်မည်မဟုတ်ပေ။ သို့သော် သင့်ဖခင်၏ မေတ္တာပါထောက်မမှုကို သင်ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရပါက သင့်ကိုပစ်ထားမည်မဟုတ်ကြောင်း ယုံကြည်စိတ်ချစွာ ပြောဆိုရဲမည်ဖြစ်သည်။ အလားတူ၊ ကျမ်းစာလေ့လာခြင်း၊ ဖန်ဆင်းရာများအကြောင်း တွေးတောဆင်ခြင်ခြင်း၊ ဆုတောင်းချက်များ ဖြေကြားခံရခြင်းဖြင့် ယေဟောဝါအကြောင်းသိလာသောအခါ ကိုယ်တော့်ကို ယုံကြည်ကိုးစားလာသည်။ ယင်းက ကိုယ်တော့်အကြောင်း ပိုသိလိုစိတ်ဖြစ်စေပြီး ကိုယ်ကျိုးမရှာသည့်မေတ္တာနှင့် ဆည်းကပ်မြှုပ်နှံမှုတို့ဖြင့် ထာဝစဉ်ချီးမွမ်းလိုစိတ် ဖြစ်ပေါ်စေသည်။ ယင်းသည် လူတစ်ဦး လုပ်ဆောင်နိုင်သည့် အမြင့်မြတ်ဆုံးအရာပင်ဖြစ်၏။—⁠ဧဖက် ၅:၁၊ ၂

ဖန်ဆင်းရှင်၏လမ်းညွှန်မှုကို ရှာယူလော့

၁၆။ ယေဟောဝါနှင့် ဒါဝိဒ်ရင်းနှီးသောဆက်ဆံရေးရှိခြင်းမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။

၁၆ “အိုဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည်မလိုက်သည်ကိုကြည့်ရှု၍ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။” (ဆာလံ ၁၃၉:၂၃၊ ၂၄) မိမိ၏အတွေးအခေါ်၊ အပြောအဆို၊ အပြုအမူအားလုံးကို ယေဟောဝါ အကုန်အစင်သိကြောင်း၊ ယင်းတို့သည် ဖန်ဆင်းရှင်၏အမြင်တွင် ထင်ရှားလျက်ရှိကြောင်း ဒါဝိဒ်သိသည်။ (ဆာလံ ၁၃၉:၁-၁၂; ဟေဗြဲ ၄:၁၃) ထိုသို့သိထားခြင်းဖြင့် မေတ္တာရှိသောမိဘ၏အရိပ်အာဝါသအောက်တွင် လုံခြုံမှုခံစားရသော ကလေးငယ်ကဲ့သို့ ဒါဝိဒ်ခံစားရသည်။ ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးကို ဒါဝိဒ် တန်ဖိုးထားမြတ်နိုးပြီး ကိုယ်တော့်ဖန်ဆင်းခြင်းလက်ရာများအကြောင်း လေးလေးနက်နက် တွေးတောဆင်ခြင်ခြင်းနှင့် ဆုတောင်းခြင်းအားဖြင့် ယင်းကိုထိန်းသိမ်းရန် ကြိုးစားခဲ့သည်။ ဆာလံ ၁၃၉ အပါအဝင် ဒါဝိဒ်၏ဆာလံသီချင်းများစွာသည် ဆုတောင်းစကားများဖြစ်၏။ တွေးတောဆင်ခြင်ခြင်းနှင့် ဆုတောင်းခြင်းက ကျွန်ုပ်တို့ကိုလည်း ယေဟောဝါနှင့်ရင်းနှီးစေနိုင်ပါသည်။

၁၇။ (က) ဒါဝိဒ်သည် မိမိစိတ်နှလုံးကို ယေဟောဝါအား အဘယ်ကြောင့်စစ်ဆေးစေလိုသနည်း။ (ခ) လွတ်လပ်စွာရွေးချယ်နိုင်စွမ်းကို အသုံးပြုပုံက ကျွန်ုပ်တို့၏အသက်တာကို မည်သို့အကျိုးသက်ရောက်သနည်း။

၁၇ ကျွန်ုပ်တို့သည် ဘုရားသခင့်ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခံရသောကြောင့်  လွတ်လပ်စွာ  ရွေးချယ်ခွင့်ရှိ၏။ အကောင်း၊ အဆိုးကို ရွေးချယ်ပြုလုပ်နိုင်၏။ ထိုလွတ်လပ်ခွင့်နှင့်အတူ စာရင်းရှင်းရမည့်တာဝန်လည်း လိုက်ပါလာသည်။ ဒါဝိဒ်သည် လူဆိုးတို့နှင့်တစ်တန်းစားတည်း မဖြစ်လိုခဲ့ပေ။ (ဆာလံ ၁၃၉:၁၉-၂၂) နာကြည်းဖွယ်အမှားများကို သူမပြုလုပ်လိုပေ။ ထို့ကြောင့် ယေဟောဝါ၏ ကြီးမားကျယ်ပြန့်လှသောအသိပညာအကြောင်း သူတွေးတောဆင်ခြင်ချိန်တွင် မိမိ၏အတွင်းလူကို စစ်ဆေးပေးပါရန်နှင့် အသက်သို့ပို့ဆောင်သောလမ်းသို့ လမ်းညွှန်ပေးပါရန် ဘုရားသခင်ထံ နှိမ့်ချစွာ အသနားခံခဲ့သည်။ ဘုရားသခင်၏ ဖြောင့်မတ်သောကိုယ်ကျင့်တရားစံနှုန်းများသည် လူတိုင်းနှင့်သက်ဆိုင်သောကြောင့် ကျွန်ုပ်တို့လည်း မှန်ကန်စွာရွေးချယ်ရန်လိုအပ်သည်။ ကျွန်ုပ်တို့အားလုံး နာခံမှုတင်ပြရန် ယေဟောဝါတိုက်တွန်းထား၏။ ထိုသို့ပြုခြင်းဖြင့် ကိုယ်တော့်မျက်နှာသာနှင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပေမည်။ (ယောဟန် ၁၂:၅၀; ၁ တိမောသေ ၄:၈) ယေဟောဝါနှင့်နေ့စဉ်လျှောက်လှမ်းခြင်းက ဆိုးရွားလှသောပြဿနာများ ရင်ဆိုင်ရချိန်တွင်ပင် စိတ်ငြိမ်သက်မှုရရှိစေသည်။—⁠ဖိလိပ္ပိ ၄:၆၊ ၇

ကောင်းမြတ်သောဖန်ဆင်းရှင်ကို လက်အောက်ခံလော့

၁၈။ ဖန်ဆင်းခြင်းအကြောင်း တွေးတောဆင်ခြင်ခြင်းမှ ဒါဝိဒ်အဘယ်ကောက်ချက်ချခဲ့သနည်း။

၁၈ ဒါဝိဒ်ငယ်စဉ်က အိမ်အပြင်ဘက်တွင် သိုးကျောင်းလေ့ရှိ၏။ သိုးများ ခေါင်းငုံ့၍မြက်စားနေစဉ် သူသည် ကောင်းကင်ကြီးကို မော့ကြည့်ကာ ညချမ်းချိန်၌ ကြီးမားကျယ်ပြောလှသည့် စကြဝဠာနှင့် ယင်းတို့၏အဓိပ္ပာယ်ကို တွေးတောခဲ့သည်။ “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကို ပြသ၏။ တစ်နေ့ကိုတစ်နေ့မြွက်ဆို၍ တစ်ညကိုတစ်ညသွန်သင်၏” ဟုဒါဝိဒ်ရေးသားခဲ့သည်။ (ဆာလံ ၁၉:၁၊ ၂) အရာခပ်သိမ်းကို ထူးဆန်းစွာဖန်ဆင်းရှင်အား ရှာဖွေရန်နှင့် လက်အောက်ခံရန်လိုအပ်ကြောင်း ဒါဝိဒ်နားလည်ခဲ့သည်။ ကျွန်ုပ်တို့လည်း ထပ်တူပြုဖို့လို၏။

၁၉။ “ထူးဆန်းစွာဖန်ဆင်း” ခံရခြင်းမှ လူကြီးလူငယ်မရွေး အဘယ်သင်ခန်းစာများရရှိသနည်း။

၁၉ ဒါဝိဒ်၏ပုံသက်သေကောင်းကြောင့် နောက်ပိုင်းတွင် သားတော်ရှောလမုန်သည် လူငယ်များကို ဤသို့ဆုံးမခဲ့၏– “ယခုအသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းတော်မူသော အရှင်ကိုအောက်မေ့လော့။ . . . ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။” (ဒေ. ၁၂:၁၊ ၁၃) မိမိသည် “ထူးဆန်းစွာဖန်ဆင်း” ခံရကြောင်း လူငယ်ဒါဝိဒ် သဘောပေါက်ခဲ့၏။ ထိုသိနားလည်မှုနှင့်အညီ အသက်ရှင်ခြင်းဖြင့် သူ့အသက်တာတစ်လျှောက်လုံး အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ ကျွန်ုပ်တို့လည်း လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ ကြီးမြတ်သောဖန်ဆင်းရှင်ကို ချီးမွမ်းဝတ်ပြုနေပါက ကျွန်ုပ်တို့၏လက်ရှိနှင့် အနာဂတ်အသက်တာသည် ကျေနပ်ပျော်ရွှင်ဖွယ်ဖြစ်ပေလိမ့်မည်။ ယေဟောဝါနှင့်နီးကပ်စွာနေသူများ၊ ကိုယ်တော့်ဖြောင့်မတ်သောနည်းလမ်းများအတိုင်း အသက်ရှင်သူများနှင့်ပတ်သက်၍ ကျမ်းစာဤသို့ကတိပြု၏– ‘အသက်ကြီးသောကာလတွင်ပင် အသီးကိုသီး၍ ကြွယ်ဝစိမ်းလန်းကြလိမ့်မည်။ ထိုသို့သောအားဖြင့် ထာဝရဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ဟု ထင်ရှားလိမ့်သတည်း။’ (ဆာလံ ၉၂:၁၄၊ ၁၅) ထို့ပြင် ဖန်ဆင်းရှင်၏ အံ့ချီးဖွယ်လက်ရာများကို ထာဝစဉ်မွေ့လျော်ခံစားရမည့် မျှော်လင့်ချက်ရှိပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 1 ယေဟောဝါသက်သေများ ထုတ်ဝေသော ၂၀၀၄၊ ဇွန် ၂၂ နိုးလော့! [အင်္ဂလိပ်] ကိုရှု။

^ အပိုဒ်၊ 6 ၁၉၉၈၊ ဩဂုတ် ၈ နိုးလော့! “သင်၏ကျောက်ကပ်—⁠အသက်အတွက် စစ်ထုတ်ပေးသည့်ကိရိယာ” ဆောင်းပါးကိုရှု။

^ အပိုဒ်၊ 13 ဆာလံ ၁၃၉:၁၈ခ ပါစကားများက သူသည် အိပ်ရာဝင်ချိန်အထိ တစ်နေ့လုံး ယေဟောဝါ၏အတွေးအခေါ်ကို ဆင်ခြင်သည့်တိုင် နံနက်တွင် နိုးလာသည့်အခါ ဆင်ခြင်စရာ များစွာရှိနေသေးကြောင်း ဆိုလိုခြင်းဖြစ်ပုံရသည်။

သင်ရှင်းပြနိုင်သလော

• သန္ဓေသားလောင်းကြီးထွားလာပုံက ကျွန်ုပ်တို့သည် “ထူးဆန်းစွာဖန်ဆင်း” ခံရကြောင်း မည်သို့ဖော်ပြသနည်း။

• ယေဟောဝါ၏အတွေးအခေါ်ကို အဘယ်ကြောင့် ဆင်ခြင်သင့်သနည်း။

• ယုံကြည်ခြင်းနှင့် ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးရှိခြင်းတို့ မည်သို့ဆက်စပ်သနည်း။

[လေ့လာရန်မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

သားအိမ်အတွင်းရှိ ကလေးတစ်ဦးသည် ကြိုတင်ရေးဆွဲထားသောပုံစံအတိုင်း ကြီးထွားလာ

ဒီအင်အေ

[Credit Line]

သန္ဓေသား– Lennart Nilsson

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

မေတ္တာရှိသောဖခင်ကို ယုံကြည်ကိုးစားသည့်ကလေးငယ်နည်းတူ ကျွန်ုပ်တို့လည်းယေဟောဝါအား ယုံကြည်ကိုးစားကြ

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ယေဟောဝါ၏လက်ရာတော်များကို တွေးတောဆင်ခြင်ခြင်းကကိုယ်တော်အားချီးမွမ်းရန် ဒါဝိဒ်ကိုလှုံ့ဆော်ပေး