မိဘတို့ သင့်သားသမီးများအတွက် စံနမူနာဖြစ်ပါ
မိဘတို့ သင့်သားသမီးများအတွက် စံနမူနာဖြစ်ပါ
“စိတ်ပညာရှင်များသည် ကလေးများ လိမ္မာယဉ်ကျေးရန် အကောင်းဆုံးပြုစုပျိုးထောင်နည်းကို ရာစုနှစ်ချီကြာ ရှာဖွေလာခဲ့ရာမှ အနားယူနိုင်ပြီ။ ယင်းနည်းလမ်းကို သူတို့ရှာတွေ့သွား၍မဟုတ်၊ ရှိကိုမရှိ၍ဖြစ်၏။” ကလေးပြုစုပျိုးထောင်နည်း စာအုပ်တစ်အုပ်ကို တိုင်းမ်မဂ္ဂဇင်းတစ်စောင်က ထိုသို့ဝေဖန်သုံးသပ်ပြခဲ့သည်။ ကလေးများသည် အဓိကအားဖြင့် မိဘတို့၏စံနှုန်းကိုမဟုတ်ဘဲ ရွယ်တူချင်းတို့၏စံနှုန်းများကို ခံယူကြောင်း ထိုစာအုပ်က အခိုင်အမာဖော်ပြထားသည်။
ရွယ်တူချင်းဖိအားသည် အလွန်အစွမ်းထက်လှကြောင်း ကျွန်ုပ်တို့ ငြင်းဆိုဖွယ်ရာမရှိပါ။ (သု. ၁၃:၂၀; ၁ ကောရိန္သု ၁၅:၃၃) ပင်တိုင်ဆောင်းပါးရှင် ဝီလျံဘရောင်းက ဤသို့မှတ်ချက်ချ၏– “ဆယ်ကျော်သက်များအတွက် လောကဆိုင်ရာ ဘုရားသခင်တစ်ပါးသာရှိမည်ဆိုလျှင် ယင်းသည် လိုက်လျောညီထွေကျင့်တတ်ခြင်းဖြစ်မည်။ . . . ရွယ်တူချင်းတို့နှင့်မတူ တစ်မူထူးနေခြင်းသည် သူတို့အတွက် သေခြင်းထက် ပို၍ဆိုးရွားသည်။” အလွန်ဗျာများနေသည့် မျက်မှောက်လောကတွင် သမားရိုးကျဖြစ်နေသောအခြေအနေမှာ မိဘတို့က သာယာချမ်းမြေ့သော မိသားစုဘဝကို မဖန်တီးပေးခြင်း၊ သားသမီးများအား အချိန်မပေးခြင်းတို့ဖြစ်သည်။ အမှန်မှာ ယင်းတို့သည် ကလေးများကို ရွယ်တူချင်းတို့၏ မကောင်းသောဩဇာအောက် ရောက်သွားစေရန် လမ်းဖွင့်ပေးရာရောက်သည်။
ထို့ပြင် ဤ “နောက်ဆုံးကာလ” တွင် မိသားစုဘဝတိုက်ခိုက်ခံနေရခြင်းမှာ ကျမ်းစာတွင်ကြိုပြောထားသည့်အတိုင်း လူတို့သည် ငွေ၊ အပျော်အပါးနှင့် ကိုယ်ကျိုးကိုသာ အာရုံစိုက်နေကြသောကြောင့်ဖြစ်၏။ ထို့ကြောင့် သားသမီးများသည် “မိဘစကားနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သစ္စာမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ” ဖြစ်လာကြသည်ကို ကျွန်ုပ်တို့အံ့သြသင့်သလော။—၂ တိမောသေ ၃:၁-၃။
ကျမ်းစာတွင်အသုံးပြုထားသည့် “ပကတိကြင်နာစုံမက်ခြင်း” ဟူသောစကားလုံးက မိသားစုမေတ္တာကို ဖော်ပြသည်။ ယင်းမေတ္တာသည် မိဘတို့က သားသမီးများကို ဂရုစိုက်စောင့်ရှောက်ရန်၊ သားသမီးများကလည်း မိဘတို့ကို သံယောဇဉ်တွယ်နေရန် လှုံ့ဆော်ပေးသော ပကတိအနှောင်အဖွဲ့ဖြစ်သည်။ သို့သော် မိဘတို့တွင် ပကတိကြင်နာစုံမက်ခြင်းမရှိလျှင် ကလေးများသည် အခြားနေရာမှ၊ အများအားဖြင့် ရွယ်တူချင်းများထံမှ စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှု ရှာယူကာ သူတို့၏စံနှုန်းများနှင့် သဘောထားများကို ခံယူလာနိုင်စရာရှိသည်။ သို့သော် မိဘတို့သည် မိသားစုဘဝတွင် ကျမ်းစာမူများကို ကျင့်သုံးမည်ဆိုလျှင် အဆိုပါအခြေအနေကို အများအားဖြင့် ရှောင်နိုင်ကြသည်။—သု. ၃:၅၊ ၆။
ဘုရားသခင်အစပြုခဲ့သော မိသားစုအစီအစဉ်
ဘုရားသခင်သည် အာဒံနှင့်ဧဝကို ပေါင်းဖက်ပေးပြီးနောက် “အချင်းတို့၊ များပြားစွာ မွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့” ဟုမိန့်မှာခဲ့၏။ ဤသို့ဖြင့် ဖခင်၊ မိခင်နှင့် သားသမီးများပါဝင်သော မိသားစုဖြစ်ပေါ်လာသည်။ (ကမ္ဘာဦး ၁:၂၈; ၅:၃၊ ၄; ဧဖက် ၃:၁၄၊ ၁၅) ယေဟောဝါသည် သားသမီးပြုစုပျိုးထောင်ခြင်းဆိုင်ရာ သဘာဝအသိစိတ်ကို လူတို့တွင် ထည့်သွင်းပေးထားသည်။ သို့သော် တိရစ္ဆာန်များနှင့်မတူဘဲ လူတို့သည် ထပ်ဆင့်အကူအညီများ လိုအပ်သောကြောင့် ယေဟောဝါသည် သူတို့အတွက် လမ်းညွှန်ချက်များ ရေးသားစေခဲ့သည်။ ယင်းတွင် ကျင့်ဝတ်ပိုင်း၊ ဝိညာဉ်ရေးပိုင်းနှင့် ကလေးများကို နည်းလမ်းတကျ ဆုံးမပဲ့ပြင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ ပါရှိသည်။—သု. ၄:၁-၄။
ဘုရားသခင်သည် အထူးသဖြင့် ဖခင်များကို ဤသို့မိန့်မှာခဲ့၏– “ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။” (တရားဟောရာ ၆:၆၊ ၇; သု. ၁:၈၊ ၉) ဘုရားသခင့်ပညတ်ကို မိဘများနှလုံးထဲ ဦးဆုံးသွင်းရန်ဖြစ်ကြောင်း သတိပြုပါ။ ယင်းသို့လုပ်ဆောင်ရန် အဘယ်ကြောင့် အရေးကြီးသနည်း။ အခြားသူများကို အမှန်တကယ် လှုံ့ဆော်ပေးသောသွန်သင်မှုသည် အပြောသက်သက်မျှမဟုတ်ဘဲ နှလုံးထဲမှလာသည်။ မိဘတို့သည် မိမိတို့နှလုံးထဲရှိသောအရာကို သွန်သင်မှသာ ကလေးများ၏နှလုံးထဲရောက်ပေမည်။ အရေခြုံဟန်ဆောင်မှုကို သိမြင်လွယ်သော ကလေးများအတွက် အဆိုပါမိဘများသည် စံနမူနာများဖြစ်ပါလိမ့်မည်။—ရောမ ၂:၂၁။
ကလေးများကို နို့စို့အရွယ်ကတည်းက ‘ဘုရားသခင်၏အလိုတော်နှင့်အညီ လေ့ကျင့်၊ သွန်သင်၊ ဆုံးမ၍ တိုက်တွန်းလော့’ ဟုခရစ်ယာန်မိဘများကို မိန့်မှာထား၏။ (ဧဖက် ၆:၄၊ အကျယ်ဖွင့်ဆိုသည့်သမ္မာကျမ်း; ၂ တိမောသေ ၃:၁၅) နို့စို့အရွယ်မှစ၍လော။ မှန်ပါသည်။ မိခင်တစ်ဦး ဤသို့ရေးခဲ့၏– “တစ်ခါတလေ မိဘဖြစ်တဲ့ကျွန်မတို့ဟာ ကလေးတွေရဲ့အစွမ်းအစကို အသိအမှတ်မပြုဘဲ လျှော့တွက်တတ်ကြတယ်။ တကယ်တော့ သူတို့လေးတွေမှာ စွမ်းရည်ရှိကြတယ်။ ဒါကို မိဘဖြစ်တဲ့ကျွန်မတို့ အသုံးချတတ်ရမယ်။” မှန်ပါသည်၊ ကလေးများသည် သင်ယူလိုစိတ်ရှိကြပြီး ဘုရားသခင်ကိုကြောက်ရွံ့သော မိဘများက သွန်သင်ပေးသည့်အခါ သူတို့လည်း မေတ္တာပြတတ်လာပေမည်။ အဆိုပါကလေးများသည် သူတို့အတွက်ချမှတ်ထားသော စည်းကမ်းဘောင်အတွင်းတွင် ဘေးကင်းလုံခြုံမှု ခံစားရပေမည်။ ထို့ကြောင့် အောင်မြင်သောမိဘများသည် မေတ္တာရှိသောအပေါင်းအဖော်များ၊ ဆက်သွယ်ရေးကောင်းသူများ၊ စိတ်ရှည်သော်လည်း ခိုင်မာပြတ်သားသောသွန်သင်သူများဖြစ်ရန် ကြိုးစားပြီး မိမိတို့ကလေးများ တိုးတက်ကောင်းစားမည့် အကျိုးဖြစ်ထွန်းစေသော အသိုင်းအဝိုင်းကို ဖန်တီးပေးကြ၏။ *
သင့်ကလေးကို ကာကွယ်စောင့်ရှောက်ပါ
ယင်းကိစ္စကိုစိတ်ဝင်စားသော ဂျာမနီနိုင်ငံမှ ကျောင်းအုပ်ဆရာတစ်ဦးက ကျောင်းသားမိဘများထံ ဤသို့ရေးခဲ့သည်– “မိဘတွေကို ကျွန်တော်တို့အားပေးချင်တာက ကိုယ့်သားသမီးတွေကို ပြုစုပျိုးထောင်ရေးမှာ စိတ်ရောကိုယ်ပါ ကြိုးစားကြပါ၊ ကလေးတွေရဲ့ ပင်ကိုအရည်အသွေး ဖွံ့ဖြိုးလာရေးအတွက် သင့်တာဝန်ကို တီဗွီ ဒါမှမဟုတ် မကောင်းတဲ့အပေါင်းအသင်းတွေဆီ လက်မလွှဲကြပါနဲ့။”
မိမိတို့ကလေးကို ရုပ်မြင်သံကြား သို့မဟုတ် မကောင်းသောအပေါင်းအသင်းများနှင့် လွှတ်ထားခြင်းသည် အမှန်အားဖြင့် လောကစိတ်ဓာတ် လွှမ်းမိုးမှုအောက် ကြီးပြင်းစေရာရောက်သည်။ (ဧဖက် ၂:၁၊ ၂) ဘုရားသခင်၏စိတ်သဘောတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သော ဤလောကစိတ်ဓာတ်သည် လေပြင်းမုန်တိုင်းကဲ့သို့ “မြေကြီးပညာ၊ ဇာတိပကတိပညာ၊ နတ်ဆိုးပညာ” နှင့်ဆိုင်သည့် အတွေးအခေါ်မျိုးစေ့ကို သယ်ဆောင်ကာ အတွေ့အကြုံမရှိ၊ မိုက်မဲသူ၏စိတ်နှလုံးတွင် နေရာကျစေသည်။ (ယာကုပ် ၃:၁၅) ပေါင်းပင်နှင့်တူသော ယင်းအတွေးအခေါ်များသည် နောက်ဆုံးတွင် နှလုံးကို ယိုယွင်းစေသည်။ ကျွန်ုပ်တို့၏ နှလုံးယိုယွင်းလာသောအခါ ဖြစ်ပေါ်လာသည့်အကျိုးဆက်များကို ယေရှုဤသို့ရှင်းပြ၏– “ကောင်းသောသူသည် ကောင်းသောမိမိစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာကို ထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသောမိမိစိတ်နှလုံးဘဏ္ဍာတိုက်ထဲက မကောင်းသောအရာကို ထုတ်ဖော်တတ်၏။ အကြောင်းမူကား၊ စိတ်နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။” (လုကာ ၆:၄၅) ထို့ကြောင့် သမ္မာကျမ်းစာက ဤသို့တိုက်တွန်း၏– “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့။”—သု. ၄:၂၃။
ကလေးများသည် ကလေးပီပီ ပြုမူကြမည်ဖြစ်ပြီး အချို့မှာ ကလန်ကဆန်လုပ်ကာ ထင်ရာစိုင်းသည့်အထိ ဖြစ်တတ်သည်။ (ကမ္ဘာဦး ၈:၂၁) မိဘများ အဘယ်အရာလုပ်ဆောင်နိုင်သနည်း။ “မိုက်သောသဘောသည် သူငယ်၏စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း ဆုံးမသောကြိမ်လုံးသည် ထိုသဘောကို ဝေးစွာနှင်တတ်၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (သု. ၂၂:၁၅) ယင်းသည် ကြမ်းတမ်းခက်ထန်သောဆုံးမနည်းဖြစ်ပြီး ခေတ်နောက်ကျနေပြီဟု အချို့က ရှုမြင်ကြသည်။ အမှန်မှာ၊ ကြမ်းတမ်းစွာပြုမူပြောဆိုခြင်းကို သမ္မာကျမ်းစာက တားမြစ်ထားသည်။ “ကြိမ်လုံး” ဟုဆိုရာ၌ တစ်ခါတစ်ရံ ရိုက်နှက်ဆုံးမခြင်းပါဝင်သည်။ သို့သော် သားသမီးတို့၏ထာဝရကောင်းကျိုးကို လိုလားသောကြောင့် ခိုင်မာပြတ်သားသော်လည်း မေတ္တာပါပါ အုပ်ထိန်းပေးသည့် မိဘတို့၏အခွင့်အာဏာကိုလည်း ပုံဆောင်သည်။—ဟေဗြဲ ၁၂:၇-၁၁။
သားသမီးများနှင့်အတူ အပန်းဖြေရာတွင် ပျော်မွေ့ပါ
ကလေးများ ကောင်းစွာဖွံ့ဖြိုးကြီးထွားရန် ကစားခြင်းနှင့် အပန်းဖြေခြင်းတို့ လိုအပ်ကြောင်းကို အများသိရှိပြီးဖြစ်၏။ ပညာရှိသောမိဘများသည် အခွင့်အရေးရတိုင်း ကလေးများနှင့်အတူ အပန်းဖြေခြင်းဖြင့် မိမိတို့သားသမီးနှင့် သံယောဇဉ်နှောင်ကြိုးခိုင်မြဲနေစေရန် အခွင့်ကောင်းယူလုပ်ဆောင်ကြသည်။ ဤနည်းဖြင့် မိဘတို့သည် တော်မှန်သောအပန်းဖြေမှု ရွေးချယ်ရာတွင် သားသမီးများကို လမ်းညွှန်နိုင်သည့်အပြင် သူတို့နှင့်ပေါင်းသင်းရခြင်းကို အလွန်တန်ဖိုးထားကြောင်း ဖော်ပြနိုင်ပါသည်။
သက်သေခံဖခင်တစ်ဦးသည် အလုပ်မှပြန်ရောက်ချိန်တွင် သားနှင့်အတူ ဘောလုံးကစားလေ့ရှိကြောင်း ပြောပြသည်။ မိခင်တစ်ဦးကမူ သူ၏ကလေးများနှင့်အတူ ကျားကွက်စသည်တို့ ကစားရသည်ကို အနှစ်သက်ဆုံးဖြစ်ကြောင်း ပြောပြ၏။ အရွယ်ရောက်အမျိုးသမီးတစ်ဦးက ကလေးဘဝတွင် ၎င်းတို့မိသားစုလိုက် စက်ဘီးစီးကြသည်ကို နှစ်ခြိုက်ကြောင်း ပြန်အမှတ်ရမိသည်။ ယခုအခါ ထိုကလေးတို့သည် အရွယ်ရောက်နေကြပြီဖြစ်သော်လည်း မိဘများနှင့် ယေဟောဝါအပေါ်ထားရှိသော ၎င်းတို့၏မေတ္တာသည် ခိုင်မာနေမြဲဖြစ်သည်။
ကလေးများကိုချစ်မြတ်နိုးကြောင်း၊ သူတို့နှင့်အတူရှိလိုကြောင်း အပြောရော အပြုအမူဖြင့်ပါ တင်ပြကြသော မိဘများသည် ကလေး၏ဘဝတစ်လျှောက်လုံးတွင် စိတ်စွဲမှတ်စရာဖြစ်စေသည်။ ဥပမာ၊ ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း၏ သင်တန်းတစ်ခုမှ ကျောင်းဆင်းများစွာက အချိန်ပြည့်အမှုဆောင်လုပ်ငန်းတွင် မိမိတို့ပါဝင်လိုခြင်းမှာ မိဘများ၏ ပုံသက်သေနှင့် အားပေးမှုကြောင့်ဟု ပြောပြခဲ့သည်။ သားသမီးများအတွက် အလွန်ကောင်းမွန်သော အမွေအနှစ်ဖြစ်ပြီး မိဘတို့အတွက်မူ ကောင်းချီးတစ်ရပ်ပါတကား။ ကြီးပြင်းလာသောအခါ သားသမီးအားလုံး အချိန်ပြည့်အမှုဆောင်နိုင်မည့် အခြေအနေ၌မရှိသည်မှာ မှန်သော်လည်း ၎င်းတို့၏ အရင်းနှီးဆုံးမိတ်ဆွေများနှင့် စံနမူနာရှင်များဖြစ်သည့်၊ ဘုရားသခင်ကိုကြောက်ရွံ့သော မိဘများထံမှအကျိုးရယူကာ သူတို့အား ဂုဏ်တင်ကြမည်မှာ သေချာသည်။—သု. ၂၂:၆; ဧဖက် ၆:၂၊ ၃။
ကြင်ဖော်မဲ့မိဘများ အောင်မြင်နိုင်
ယနေ့ သားသမီးများစွာသည် မိဘတစ်ဦးတည်းရှိသော မိသားစုများလက်အောက်တွင် ကြီးပြင်းလာကြသည်။ ယင်းက သားသမီးမွေးမြူရေးတွင် အခက်အခဲတိုးများစေသော်လည်း အောင်မြင်မှုရရှိနိုင်ပါသည်။ ကြင်ဖော်မဲ့မိဘများသည် သမ္မာကျမ်းစာပါ ပထမရာစုမှ ဂျူးခရစ်ယာန်အမျိုးသမီး ဥနိတ်၏ပုံသက်သေမှ အားယူနိုင်ကြသည်။ မယုံကြည်သူနှင့်အိမ်ထောင်ကျခဲ့သော ဥနိတ်သည် ခင်ပွန်းဖြစ်သူထံမှ ဝိညာဉ်ရေးထောက်မမှု လုံးဝရရှိခဲ့ဟန်မတူပေ။ မည်သို့ပင်ဖြစ်စေ၊ သူသည် တိမောသေကို သွန်သင်ရာတွင် စံထားလောက်သူဖြစ်ခဲ့သည်။ တိမောသေသည် နို့စို့အရွယ်ကတည်းက မိခင်နှင့် အဘွားဖြစ်သူ လောဣတို့၏ ကောင်းသောဩဇာအောက်ရှိခဲ့သည်။ ယင်းသည် တိမောသေ၏ရွယ်တူချင်းတချို့ထံမှ ရောက်လာနိုင်သည့် မကောင်းသောသြဇာထက် ပိုအစွမ်းထက်ခဲ့ကြောင်း ထင်ရှားသည်။—တမန်တော် ၁၆:၁၊ ၂; ၂ တိမောသေ ၁:၅; ၃:၁၅။
ယနေ့ မယုံကြည်သူမိဘတစ်ဦးနှင့် သို့မဟုတ် ကြင်ဖော်မဲ့မိဘတစ်ဦးလက်အောက်တွင် ကြီးပြင်းလာသော လူငယ်များစွာသည် လူငယ်တိမောသေကဲ့သို့ပင် အရည်အသွေးကောင်းများ တင်ပြကြသည်။ သာဓကအနေနှင့်၊ ယခု အချိန်ပြည့်အမှုဆောင်တစ်ဦးဖြစ်သော ၂၂ နှစ်အရွယ် ရိုင်ယန်းသည် သူ၏အစ်ကို၊ အစ်မတို့နှင့်အတူ ကြင်ဖော်မဲ့မိခင်လက်အောက်တွင် ကြီးပြင်းလာခဲ့သည်။ ဖခင်ဖြစ်သူမှာ အရက်သမားတဦးဖြစ်ပြီး ရိုင်ယန်း လေးနှစ်သားအရွယ်တွင် မိသားစုကို ပစ်ထားခဲ့သည်။ “ကျွန်တော်တို့မိသားစု ယေဟောဝါကို ဆက်ဝတ်ပြုသွားမယ်ဆိုပြီး အမေစိတ်ဆုံးဖြတ်ခဲ့တယ်။ အဲ့ဒီဆုံးဖြတ်ချက်အတိုင်း အမေ အစွမ်းကုန်လုပ်ဆောင်ခဲ့တယ်” ဟုရိုင်ယန်း ပြန်ပြောပြခဲ့သည်။
“ဥပမာ၊ အမေဟာ ကျွန်တော်တို့ကို ကောင်းတဲ့အပေါင်းအသင်းနဲ့ပဲ ပေါင်းသင်းစေခဲ့တယ်။ အပြင်လောကမှာဖြစ်စေ၊ အသင်းတော်ထဲမှာဖြစ်စေ မကောင်းတဲ့အပေါင်းအသင်းအဖြစ် ကျမ်းစာသတ်မှတ်ထားသူတွေနဲ့ လုံးဝပေါင်းသင်းခွင့်မပြုဘူး။ ပြီးတော့ လောကပညာရေးကို အမြင်မှန်ရှိဖို့လည်း သင်ပေးခဲ့တယ်” ဟု ရိုင်ယန်းပြောပြခဲ့သည်။ ရိုင်ယန်း၏မိခင်သည် မအားမလပ်နိုင်အောင်အလုပ်များပြီး ပင်ပန်းလေ့ရှိသည့်တိုင် ကလေးများကို မေတ္တာပါသော စိတ်ဝင်စားမှုမပြဘဲမနေခဲ့ပါ။ “အမေဟာ အမြဲတမ်း ကျွန်တော်တို့နဲ့အတူရှိနေချင်ပြီး စကားစမြည်ပြောချင်တယ်။ စိတ်ရှည်ပေမဲ့ ခိုင်မာပြတ်သားတဲ့သွန်သင်သူလည်းဖြစ်တယ်။ မိသားစုကျမ်းစာသင်အံမှု မှန်မှန်ပြုလုပ်ဖို့ အတတ်နိုင်ဆုံးကြိုးစားတယ်။ အမေဟာ ကျမ်းစာမူတွေနဲ့ပတ်သက်လာရင် အလျှော့ပေးရိုးထုံးစံ မရှိဘူး” ဟုရိုင်ယန်းပြောပြခဲ့၏။
အတိတ်ကိုပြန်တွေးကြည့်သည့်အခါ သူတို့မောင်နှမများ၏အသက်တာတွင် ဩဇာအညောင်းဆုံးသူမှာ ဘုရားသခင်နှင့် မိမိသားသမီးများကို အမှန်ချစ်မြတ်နိုးသော မိခင်ဖြစ်ကြောင်း ရိုင်ယန်းသိရှိခဲ့သည်။ ထို့ကြောင့် ကြင်ဖော်ရှိသည်ဖြစ်စေ၊ ကြင်ဖော်မဲ့ဖြစ်စေ၊ ယုံကြည်သူအိမ်ထောင်ဖက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အသင်ခရစ်ယာန်မိဘများအနေနှင့် သားသမီးများကို ကြိုးစားသွန်သင်ရာတွင် စိတ်ပျက်အားလျော့မှု သို့မဟုတ် အခိုက်အတန့်မအောင်မြင်မှုတို့ကြောင့် လက်မလျှော့လိုက်ပါနှင့်။ တစ်ခါတစ်ရံ လူငယ်အချို့သည် ဖြုန်းတီးသောသားကဲ့သို့ အမှန်တရားမှ လှည့်ထွက်သွားပေမည်။ သို့သော် လောကသည် အမှန်ပင် အနှစ်သာရကင်းမဲ့ကာ အေးတိအေးစက်နိုင်ကြောင်း သိရှိလာသည့်အခါ သူတို့ပြန်လှည့်လာပေမည်။ “ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းလမ်းသို့လိုက်၍ သူ၏သားစဉ်မြေးဆက်တို့သည် မင်္ဂလာရှိကြ၏။”—သု. ၂၀:၇; ၂၃:၂၄၊ ၂၅; လုကာ ၁၅:၁၁-၂၄။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 9 ယင်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များအတွက် ယေဟောဝါသက်သေများထုတ်ဝေထားသော မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်စာအုပ် စာမျက်နှာ ၅၅-၉ ကိုရှု။
[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ယေရှု၏မိဘများကို ဘုရားသခင်ရွေးချယ်
ယေဟောဝါသည် မိမိသားတော်အား လူသားတစ်ဦးအဖြစ် မွေးဖွားခြင်းခံရန် စေလွှတ်သည့်အခါ ယေရှု၏မိဘဖြစ်မည့်သူများကို ဂရုတစိုက်ရွေးချယ်ခဲ့သည်။ စိတ်ဝင်စားစရာမှာ ကိုယ်တော်သည် နှိမ့်ချစိတ်နှင့် ဝိညာဉ်ရေးစိတ်ထားရှိသော မောင်နှံတစ်စုံကို ရွေးချယ်ခဲ့ခြင်းဖြစ်၏။ သူတို့သည် ယေရှုကို အလိုလိုက်လွန်းခြင်းမရှိဘဲ သမ္မာကျမ်းစာကိုလည်းကောင်း၊ အလုပ်ကြိုးစားခြင်း၏တန်ဖိုးနှင့် တာဝန်သိတတ်သည့်စိတ်ရှိရန်လည်းကောင်း သွန်သင်ပေးခဲ့သည်။ (သု. ၂၉:၂၁; မြည်တမ်းစကား ၃:၂၇) ယောသပ်သည် ယေရှုအား လက်သမားအတတ် သင်ပေးခဲ့၏။ ယောသပ်နှင့်မာရိသည် ကျန်သားသမီး အနည်းဆုံးခြောက်ယောက်ကို ပြုစုစောင့်ရှောက်ရာတွင် သားဦးယေရှုကို ကူညီခိုင်းခဲ့မည်မှာ သေချာသည်။—မာကု ၆:၃။
ပသခါပွဲခံချိန်ရောက်လျှင် နှစ်စဉ်သွားနေကျဖြစ်သော ယေရုရှလင်မြို့သို့ ခရီးထွက်ရန် ယောသပ်၏မိသားစုပြင်ဆင်နေကြသည်ကို မြင်ယောင်နိုင်သည်။ ခေတ်မီသယ်ယူပို့ဆောင်ရေးစနစ်မရှိဘဲ အသွားအပြန် မိုင် ၁၃၀ ဝေးသောခရီးဖြစ်၏။ ကိုးယောက် သို့မဟုတ် ထိုထက်မကပါဝင်သော မိသားစုတစ်ခုသည် အဆိုပါခရီးရှည်အတွက် ကောင်းစွာစီစဉ်ခဲ့ရမည်မှာ သေချာသည်။ (လုကာ ၂:၃၉၊ ၄၁) အခက်အခဲများရှိလင့်ကစား ယောသပ်နှင့်မာရိသည် ထိုခရီးစဉ်များကို တန်ဖိုးထားကာ အတိတ်မှ ကျမ်းစာဆိုင်ရာအဖြစ်အပျက်များကို သားသမီးတို့အား သွန်သင်နိုင်ရန် အခွင့်ကောင်းယူခဲ့ကြပေမည်။
မိဘအိမ်တွင်ရှိနေစဉ် ယေရှုသည် မိဘစကားကို “နားထောင်လျက်နေ” ကာ “အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက် ဘုရားသခင့်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏။” (လုကာ ၂:၅၁၊ ၅၂) မှန်ပါသည်၊ ယောသပ်နှင့်မာရိသည် ယေဟောဝါ၏ယုံကြည်စိတ်ချမှုကို ရထိုက်သူများဖြစ်ကြောင်း တင်ပြခဲ့ကြသည်။ ယနေ့မိဘများအတွက် အလွန်ကောင်းသောစံနမူနာပါတကား။—ဆာလံ ၁၂၇:၃။