မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မာနထောင်လွှားခြင်းကို သတိပြုလော့

မာနထောင်လွှားခြင်းကို သတိပြုလော့

မာန​ထောင်လွှား​ခြင်း​ကို သတိပြု​လော့

“မာန​ထောင်လွှား​သော​သူတို့ကို ဘုရားသခင်​ဆီးတား​တော်​မူ​၏။”—ယာကုပ် ၄:၆၊ သမ္မာ။

၁။ ဂုဏ်ယူ​ခြင်း​သည် သင့်လျော်​ကြောင်း ဥပမာ​ပေး​ပါ။

သင် ဂုဏ်ယူ​သည့်​ဖြစ်ရပ်​တချို့ ရှိ​ဖူး​သလော။ ကျွန်ုပ်​တို့​အများစု​တွင် ထိုသို့​ကြည်နူး​စ​ရာ​ခံစားချက်​မျိုး ရှိ​ဖူး​ပေမည်။ ဂုဏ်ယူ​တတ်​သည့်​သဘော​ရှိ​ခြင်း​သည် မမှား​ပါ။ ဥပမာ၊ ခရစ်ယာန်​မောင်နှံ​တစ်စုံ​သည် သမီး​ဖြစ်သူ​၏ ပညာ​ရည်​တိုးတက်မှု​မှတ်တမ်း​တွင် အမူအကျင့်ကောင်း​မွန်​ကြောင်း၊ အလုပ်​ကြိုးစား​ကြောင်း ဖတ်​ရသည့်​အခါ သမီး​၏​ထူးချွန်မှု​များ​အတွက် အလွန်​ပီတိဖြာ​ခဲ့​ကြ​ပေမည်။ တမန်​တော်​ပေါလု​နှင့် သူ၏​အပေါင်းပါ​တို့သည် ၎င်း​တို့​ဝိုင်းဝန်း​တည်ထောင်​ခဲ့​သော အသင်းတော်​အသစ်​အတွက် ဂုဏ်ယူ​ခဲ့​ကြ​၏။ အကြောင်း​မှာ ထို​အသင်းတော်​ရှိ ညီအစ်ကို​များသည် နှိပ်စက်​ညှဉ်းပန်း​ခြင်း​ကို သစ္စာရှိ​ရှိ​ခံရပ်​ခဲ့​ကြ​ခြင်း​ကြောင့် ဖြစ်သည်။—၁ သက်သာလောနိတ် ၁:၁၊ ၆; ၂:၁၉၊ ၂၀; ၂ သက်သာလောနိတ် ၁:၁၊

၂။ ဘဝင်မြင့်​ခြင်း​သည် အများအားဖြင့် အဘယ်ကြောင့် နှစ်သက်ဖွယ်​မကောင်း​သနည်း။

အထက်ပါ​နမူနာ​များ​အရ ဂုဏ်ယူ​မာန်​တက်​ခြင်း​ဟူသည် အချို့​သော​လုပ်ဆောင်မှု သို့​မဟုတ် ပိုင်ဆိုင်ရာ​များ​ကြောင့် ရွှင်လန်း​အားရ​ခြင်း​ကို ဆိုလို​နိုင်​ကြောင်း သိရှိ​ရသည်။ သို့သော် လူတစ်ဦး​၏​အစွမ်းအစ၊ ရုပ်ရည်၊ စည်းစိမ်၊ အဆင့်အတန်း​တို့​ကြောင့် ကိုယ့်​ကိုယ်ကို အလွန်​အထင်ကြီး​ခြင်း​နှင့် ဘဝင်မြင့်​ခြင်း​တို့သည် မာန်​တက်​ခြင်း​ပင်​ဖြစ်သည်။ ယင်း​စိတ်ထား​ကို မောက်မာ​ထောင်လွှား​သည့် ပြုမူ​ပြောဆို​ပုံ​ဖြင့် ဖော်ပြ​လေ့​ရှိသည်။ ထိုသို့​ဘဝင်မြင့်​ခြင်း​ကို ခရစ်ယာန်​များ အမှန်ပင်​သတိပြု​ရှောင်ရှား​သင့်​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ကျွန်ုပ်​တို့​တွင် ဘိုးဘေး​အာဒံ​ထံ​မှ အမွေ​ရခဲ့​သော မွေးရာပါ​တစ်ကိုယ်ကောင်း​စိတ် ရှိ​ထား​ကြ​၍​ဖြစ်သည်။ (ကမ္ဘာဦး ၈:၂၁) ထို့​ကြောင့် ကျွန်ုပ်​တို့ အလွယ်တကူ​မာန်​တက်လာ​နိုင်​သည်။ ဥပမာ၊ ခရစ်ယာန်​များသည် လူမျိုး​ဂုဏ်၊ ဥစ္စာ​ဂုဏ်၊ ပညာ​ဂုဏ်​မော​က်​ခြင်း၊ ပင်ကို​အစွမ်းအစ သို့​မဟုတ် လုပ်ရည်ကိုင်ရည်​တို့​ကြောင့် ဘဝင်မြင့်​ခြင်း​တို့ကို ချိုးနှိမ်​ရ​ပေမည်။ ထို​အရာများ​ကြောင့် မာန​တက်​ခြင်း​သည် မသင့်​လျော်​သကဲ့သို့ ယင်းကို ယေဟောဝါ​လည်း နှစ်သက်​တော်​မ​မူ​ပါ။—ယေရမိ ၉:၂၃; တမန်​တော် ၁၀:၃၄၊ ၃၅; ၁ ကောရိန္သု ၄:၇; ဂလာတိ ၅:၂၆; ၆:၃၊ ၄

၃။ မာန​ထောင်လွှား​ခြင်း​ဟူသည် အဘယ်နည်း။ ယင်း​နှင့်​ပတ်သက်​၍ ယေရှု အဘယ်အရာ​မိန့်ဆိုခဲ့​သနည်း။

ဂုဏ်​မာန်​တက်​ခြင်း​ကို ဖယ်ရှား​ရသည့်​အကြောင်းရင်း နောက်တစ်ခု​ရှိပါ​သည်။ ယင်း​မာနစိတ်ကို ဆက်​မွေးမြူ​ထား​ပါ​က သူတစ်ပါးကို အလွန်​အထင်အမြင်​သေး​တတ်သော မာန​ထောင်လွှား​သည့်​သဘော ရှိလာနိုင်​သည်။ မာန​ထောင်လွှား​ခြင်း​ဟူသည် အဘယ်နည်း။ မာန​ထောင်လွှား​သူသည် ဘဝင်မြင့်​သည့်​အပြင် မိမိ​ထက်​နိမ့်​သည်​ဟု သူ​ယူမှတ်​သူတို့ကို အထင်အမြင်​သေး​သည်။ (လုကာ ၁၈:၉; ယောဟန် ၇:၄၇-၄၉) ယေရှု​က “ထောင်လွှား​စော်ကားခြင်း” ကို “နှလုံး​တွင်း​မှ​ထွက်​လာ၍ လူကို​ညစ်ညူး​စေသော” ဉာဉ်ဆိုး​များနှင့် တစ်တန်း​တစ်စားတည်း ဖော်ပြ​ခဲ့​သည်။ (မာကု ၇:၂၀-၂၃) ထို့​ကြောင့် ခရစ်ယာန်​များသည် မာန​ထောင်လွှား​ခြင်း​ကို ရှောင်ကြဉ်​ရန် မည်မျှ​အရေးကြီးကြောင်း သိရှိ​ကြသည်။

၄။ မာန​ထောင်လွှား​သူတို့​အကြောင်း ကျမ်းစာ​ပုံ​နမူနာ​များ​ကို သုံးသပ်ခြင်းက မည်သို့​အကူအညီ​ဖြစ်စေ​သနည်း။

ကျမ်းစာ​မှတ်တမ်းများ​ပါ မာန​ထောင်လွှား​သူတို့​အကြောင်း သုံးသပ်ခြင်း​ဖြင့် မာန​ထောင်လွှား​ခြင်း​ကို ရှောင်ကြဉ်​ရန် အကူအညီ​ရနိုင်​သည်။ သို့ဖြင့် သင်၌​ရှိနေ​သည့် သို့​မဟုတ် နောင်​တစ်ချိန်​တွင် ရှိလာနိုင်​သည့် မာန​တက်​ခြင်း​ကို သတိပြု​ရှောင်ရှား​နိုင်​လိမ့်​မည်။ ယင်းက မာန​ထောင်လွှား​စေနိုင်​သည့် အတွေးအခေါ်​နှင့် သဘောထား​တို့ကို ချိုးနှိမ်​နိုင်​ရန် ကူညီပေး​ပါ​လိမ့်​မည်။ ရလဒ်​အနေ​နှင့် “ဝါကြွား​သော​သူတို့ကို သင့်​အလယ်​၌ ငါ​ပယ်ရှား​မည်။ သင်သည်​လည်း ငါ​၏​သန့်ရှင်းသော​တောင်​ကို အမှီပြု၍ နောက်​တစ်ဖန် မာန​မ​ထောင်လွှား​ရ” ဟူ​သည့်​သတိပေး​ချက်​အတိုင်း ဘုရားသခင်​လုပ်ဆောင်​တော်​မူ​သည့်​အခါ သင်​အကျိုး​ခံစားရ​လိမ့်​မည်။—ဇေဖနိ ၃:၁၁

မာန​ထောင်လွှား​သူတို့ကို ယေဟောဝါ အရေးယူ​စီရင်

၅၊ ၆။ ဖာရော​သည် မာန​ထောင်လွှား​ကြောင်း မည်သို့​ဖော်ပြ​ခဲ့​သနည်း။ အဘယ်​အကျိုး​ရခဲ့​သနည်း။

ဖာရော​ကဲ့သို့​သော အင်အားကြီး​အုပ်စိုးရှင်​များ​ကို ယေဟောဝါ အရေးယူ​စီရင်​ခဲ့​ပုံ​မှ မာန​ထောင်လွှား​ခြင်း​ကို ကိုယ်တော် မည်သို့​ရှုမြင်​ကြောင်း သိ​နားလည်​နိုင်​သည်။ ဖာရော​၌ မာန​ထောင်လွှား​စိတ် အမှန်​ရှိသည်​မှာ ထင်ရှား​၏။ သူသည် မိမိကိုယ်ကို ကိုးကွယ်​ခံထိုက်သော ဘုရားသခင်​တစ်ပါး​အဖြစ်​ယူမှတ်​ပြီး ဣသရေလ​ကျွန်​တို့ကို အထင်အမြင်​သေး​ခဲ့​သည်။ ယေဟောဝါ​အတွက် “ပွဲခံ​ရန်” တော​ထဲ​သွားခွင့်​ပြု​ဖို့ ဣသရေလလူ​တို့​က ဖာရော​အား တောင်းဆို​ကြ​သည့်​အခါ ‘ထာဝရ​ဘုရားသခင်​၏​စကား​ကို နားထောင်​၍ ဣသရေလ​အမျိုးသား​တို့ကို ငါ​လွှတ်​စေခြင်း​ငှာ ထို​ဘုရားသခင်​ကား အဘယ်သူ​နည်း’ ဟု​မောက်မာ​စွာ တုံ့ပြန်​ခဲ့​သည်ကို​သာ ကြည့်​ပါ။—ထွက်မြောက်ရာ ၅:၁၊ ၂

ကပ်ဘေး​ကြီး​ခြောက်​ခု​ကို ဖာရော​ကြုံ​တွေ့ခဲ့​ပြီး​နောက် ယေဟောဝါ​က အီဂျစ်​အုပ်စိုးရှင်​အား သင်သည် ငါ့​လူမျိုး​ကို​မလွှတ်​ဘဲ သူတို့​အပေါ် မောက်မာ​နေ​သေး​သလော​ဟု​မေး​ရန် မောရှေ​ကို မိန့်မှာ​ခဲ့​သည်။ (ထွက်မြောက်ရာ ၉:၁၇) ထို့နောက် မိုးသီး​ဖြင့် လယ်​မြေ​ကို​ပျက်စီး​စေသည့် ခု​နစ်​ခု​မြောက်​ကပ်ဘေး​ဖြစ်​မည်​ဟု မောရှေ​ကြေညာ​သည်။ ဖာရော​သည် ဆယ်ခု​မြောက်​ကပ်ဘေး​ဖြစ်​ပြီး​နောက် ဣသရေလလူ​တို့ကို သွားခွင့်​ပြု​လိုက်​သော်လည်း တစ်ဖန် စိတ်ပြောင်း​ကာ သူတို့ကို ပြန်​လိုက်​ဖမ်း​လေ​သည်။ နောက်ဆုံး ဖာရော​နှင့်​သူ၏​စစ်တပ်​သည် ပင်လယ်နီ​ထဲ​တွင် ပိတ်မိ​ပြီး သူတို့​အပေါ် ရေ​ဖုံးလွှမ်း​ချိန်​တွင် အဘယ်​သို့​စဉ်းစား​ခဲ့​ကြ​မည်​ကို တွေးတော​ကြည့်​ပါ​လေ။ ဖာရော​သည် ထောင်လွှား​ခဲ့​သောကြောင့် အဘယ်​အကျိုး​ရခဲ့​သနည်း။ သူ၏​လက်​ရွေး​စဉ်​စစ်တပ်​က ‘ဣသရေလလူ​တို့​ထံ​မှ ပြေးကြ​စို့။ ထာဝရ​ဘုရားသခင်​သည် သူတို့​ဘက်၊ အဲဂုတ္တု​လူ​တို့​တစ်ဖက်၌ စစ်တိုက်​သည်’ ဟု​ပြောဆို​ကြ​၏။—ထွက်မြောက်ရာ ၁၄:၂၅

၇။ ဗာဗုလုန်​ဘုရင်​တို့သည် မည်သို့​မာန​ထောင်လွှား​ခဲ့​ကြ​သနည်း။

မာန​ထောင်လွှား​သော အခြား​အုပ်စိုးရှင်​များ​ကိုလည်း ယေဟောဝါ​ရှင် အရှက်ခွဲ​ခဲ့​၏။ တစ်ဦး​မှာ အာရှုရိရှင်ဘုရင် သ​နာ​ခ​ရိတ်​ဖြစ်သည်။ (ဟေရှာယ ၃၆:၁-၄၊ ၂၀; ၃၇:၃၆-၃၈) အဆုံး​၌ အာရှုရိ​ကို ဗာဗုလုန်​တို့​က သိမ်းပိုက်​နိုင်​ခဲ့​သော်လည်း မောက်မာ​သော ဗာဗုလုန်​ဘုရင်​နှစ်ပါး​ကိုယ်တိုင် အရှက်ခွဲ​ခံ​ခဲ့​ကြ​ရသည်။ ဘုရင်​ဗေလရှာဇာ​သည် ဗာဗုလုန်​နတ်​ဘုရား​များ​ကို ချီးမြှောက်​ရန် ယေဟောဝါ​၏​ဗိမာန်တော်​မှ သိမ်းယူ​ခဲ့​သော ခွက်ဖလား​များ အသုံးပြု၍ မှူးမတ်များ​နှင့်အတူ ပွဲခံ​ခဲ့​ချိန်​ကို သတိရပါ။ ရုတ်တရက် လူ့​လက်ချောင်း​ပေါ်လာ​ကာ နံရံ​ပေါ် စာရေး​ချ​လိုက်​သည်။ ထူးဆန်းသော​ထို​စာ​ကြောင်းကို ရှင်းပြ​ခိုင်း​သည့်​အခါ ပရောဖက်​ဒံယေလ​က ဗေလရှာဇာ​အား ဤသို့​ပြောကြား​ခဲ့​၏– ‘အမြင့်ဆုံး​သော​ဘုရားသခင်​သည် ခမည်းတော်​နေဗုခဒ်နေဇာ​မင်းကြီး​၌ နိုင်ငံတော် . . . ကို​ပေးသနား​တော်​မူ​၏။ . . . မာန်​မာန​စိတ်​နှင့် ထောင်လွှား​စော်ကားခြင်း​ရှိသော​အခါ ဘုန်း​တန်ခိုး အာဏာ​ကွယ်ပျောက်​၍ နန်းတော်​မှ​ကျ​၏။ . . . အရှင်​သားတော်​ဗေလရှာဇာ ကိုယ်တော်​သည် ထို​အမှု​အလုံးစုံ​တို့ကို သိ​သော်လည်း စိတ်နှလုံး​ကို မ​နှိမ့်ချ။’ (ဒံယေလ ၅:၃၊ ၁၈၊ ၂၀၊ ၂၂) ထို​ည​မှာ​ပင် မီဒို-ပါးရှား​စစ်တပ်​က ဗာဗုလုန်​ကို​သိမ်းပိုက်​လိုက်ပြီး ဗေလရှာဇာ အသတ်ခံခဲ့ရ​၏။—ဒံယေလ ၅:၃၀၊ ၃၁

၈။ မာန​ထောင်လွှား​သူများကို ယေဟောဝါ မည်သို့​အရေးယူ​စီရင်​ခဲ့​သနည်း။

ယေဟောဝါ​၏​လူမျိုးတော်ကို စော်ကား​ခဲ့​ကြ​သည့် အခြား​မာန​ထောင်လွှား​သူများကို​လည်း သတိရပါ။ ဖိလိတ္တိ​လူ့​ဘီလူးကြီး ဂေါ​လျက်၊ ပါရှား​နန်းရင်းဝန် ဟာမန်၊ ယုဒနယ်ကို အုပ်စိုး​သော ဘုရင် ဟေရုဒ်အန္တိပ​တို့​ဖြစ်​ကြသည်။ ဤ​ပုဂ္ဂိုလ်​သုံးဦး​စ​လုံး​သည် မာန​ထောင်လွှား​သောကြောင့် ဘုရားသခင်​စီရင်ချက်​ဖြင့် အရှက်တကွဲ သေဆုံး​ခဲ့​ကြ​ရသည်။ (၁ ဓမ္မ​ရာဇဝင် ၁၇:၄၂-၅၁; ဧသတာ ၃:၅၊ ၆; ၇:၁၀; တမန်​တော် ၁၂:၁-၃၊ ၂၁-၂၃) ထို​မာန​ထောင်လွှား​သူတို့ကို ယေဟောဝါ​အရေးယူ​စီရင်​ခဲ့​ပုံ​က “မာန​သည် ပျက်စီးခြင်း​အရင်၊ ထောင်လွှား​သော​သဘော​သည် ရှုတ်ချခြင်း​အရင်​၌ နေရာကျ​တတ်၏” ဟူသော​စကား​မှန်​ကြောင်း အလေးအနက်​ဖော်ပြ​သည်။ (သု. ၁၆:၁၈) “မာန​ထောင်လွှား​သော​သူတို့ကို ဘုရားသခင်​ဆီးတား​တော်​မူ” သည်​မှာ သေချာ​သည်။—ယာကုပ် ၄:၆

၉။ တုရု​မင်း​များသည် မည်သို့ သစ္စာဖောက်​များ​ဖြစ်သွား​ကြ​သနည်း။

တုရု​မင်း​သည် အီဂျစ်၊ အာရှုရိ၊ ဗာဗုလုန်​အုပ်စိုးရှင်​တို့​နှင့်​မတူဘဲ ဘုရားသခင့်​လူမျိုးတော်ကို တစ်ချိန်က အကူအညီ​ပေး​ခဲ့​သည်။ ဘုရင်​ဒါဝိဒ်​နှင့်​ရှောလမုန်​တို့ အုပ်စိုး​ခဲ့​ချိန်​က နန်းတော်​နှင့် ဘုရားသခင်​၏​ဗိမာန်တော်​ဆောက်​ရန် ကျွမ်းကျင်​သော​အတတ်ပညာ​သည်​များနှင့် အသုံးအဆောင်​များ​ကို​ပါ ဆက်သ​ခဲ့​သည်။ (၂ ဓမ္မ​ရာဇဝင် ၅:၁၁; ၂ ရာဇဝင်ချုပ် ၂:၁၁-၁၆) ဝမ်းနည်းစရာမှာ နောက်ပိုင်း​တွင် တုရု​လူမျိုး​သည် ယေဟောဝါ​၏​လူမျိုးတော်ကို ရန်ဘက်ပြု​ခဲ့​ကြ​ခြင်း​ဖြစ်သည်။ အဘယ်ကြောင့် ယင်း​သို့​ဖြစ်သွား​သနည်း။—ဆာလံ ၈၃:၃-၇; ယောလ ၃:၄-၆; အာမုတ် ၁:၉၊ ၁၀

သင်သည် ထောင်လွှား​လာ

၁၀၊ ၁၁။ (က) အဘယ်သူ​ကို တုရု​မင်း​များနှင့် နှိုင်းယှဉ်​နိုင်​သနည်း။ (ခ) တုရု​မြို့သား​များသည် ဣသရေလလူ​မျိုး​အပေါ် အဘယ်ကြောင့်​စိတ်ပြောင်း​လဲသွား​သနည်း။

၁၀ တုရု​မင်းဆက်​၏​အပြစ်ကို ဖော်ထုတ်​ရှုတ်ချ​ရန် ပရောဖက်​ယေဇကျေလ​ကို ယေဟောဝါ လှုံ့ဆော်​ခဲ့​သည်။ “တုရု​ရှင်ဘုရင်” ကို​ရည်ညွှန်း​ရေးသား​ထား​သည့် ယင်း​စကား​တွင် “သစ္စာတရား​၌ မတည်​မနေ​သော” မူရင်း​သစ္စာဖောက်​စာတန်​နှင့် တုရု​မင်းဆက်​အတွက် အံကိုက်​ဖြစ်သော အကြောင်း​များ​ပါရှိ​သည်။ (ယေဇကျေလ ၂၈:၁၂; ယောဟန် ၈:၄၄) တစ်ချိန်က ယေဟောဝါ​၏​ကောင်းကင်သား​များ​ဖြင့်​ဖွဲ့စည်းထား​သော အဖွဲ့အစည်း​တွင် စာတန်​သည် သစ္စာရှိ​ဝိညာဉ်​သတ္တဝါ​တစ်ပါး​ဖြစ်​ခဲ့​၏။ တုရု​မင်းဆက်​နှင့်​စာတန်​တို့အား သစ္စာ​သွေဖည်​သွား​စေသည့် အကြောင်းရင်းကို ယေဇကျေလ​မှ​တစ်ဆင့် ယေဟောဝါ ဤသို့​ညွှန်ပြ​ခဲ့​သည်–

၁၁ “ဧဒင်​အရပ် ဘုရားသခင်​၏​ဥယျာဉ်တော်​၌​နေပြီ။ သင်၏​ခေါင်း​ပေါ်မှာ . . . ကျောက်​မြတ်​အမျိုးမျိုး​တို့ကို ဆောင်း​လေ​၏။ . . . သင်သည် ဖြန့်​၍​လွှမ်းမိုး​သော ခေရုဗိမ်​ဖြစ် . . . ၏။ ဖွား​သော​နေ့​မှ​စ၍ သင့်​အပြစ်​ထင်ရှားသော​နေ့​တိုင်အောင် ပြုလေရာရာ​၌ စုံလင်​လျက်​ရှိ၏။ သို့ရာတွင် ကုန်သွယ်​ခြင်း​များပြား​သော​အားဖြင့် မကောင်းမှု​တို့​နှင့်​ပြည့်စုံ​၍ ပြစ်မှား​သော​အပြစ်ရောက်​လေ​ပြီ။ ထို့​ကြောင့် ဆိုးယုတ်​သော​သူ​ကဲ့သို့ သင့်ကို . . . ငါ​နှင်ထုတ်​မည်။ အို​လွှမ်းမိုး​သော​ခေရုဗိမ် . . . သင်သည် ကိုယ်​၌​တင့်တယ်ခြင်း​အသရေ​ကြောင့် ဝါကြွား​သော​စိတ်​ရှိ​လျက် ဂုဏ်​ထွန်းတောက်​သောကြောင့် သင်၏​ပညာ​သည် ဖောက်ပြန်​လျက်​ရှိ​လေ​ပြီ။” (ယေဇကျေလ ၂၈:၁၃-၁၇) တုရု​မင်း​များသည် ထောင်လွှား​သော​စိတ်​ကြောင့် ယေဟောဝါ​၏​လူမျိုးတော်ကို တိုက်ခိုက်​ခဲ့​သည်။ တုရု​မြို့​သည် ကုန်သွယ်​ရေး​ဗဟို​ဒေသ​ဖြစ်သော​ကြောင့် ကျိကျိတက်​ချမ်းသာ​လာပြီး ၎င်း​၏​လှပသော​ထွက်ကုန်​များ​ကြောင့် ကျော်ကြား​သည်။ (ဟေရှာယ ၂၃:၈၊ ၉) သို့​နှင့် တုရု​မင်း​များသည် အလွန်​မာန်​တတ်လာ​ကြ​ကာ ဘုရားသခင်​၏​လူမျိုးတော်ကို ဖိနှိပ်​စ​ပြု​လေ​သည်။

၁၂။ အဘယ်အရာက စာတန်​ကို သစ္စာမဲ့​လမ်းစဉ်​ပေါ် ရောက်သွား​စေ​သနည်း။ သို့​နှင့် အဘယ်အရာ သူ​ဆက်​လုပ်ဆောင်​သနည်း။

၁၂ အလားတူ​ပင်၊ စာတန်​ဖြစ်လာ​သော ဝိညာဉ်​သတ္တဝါ​သည် ဘုရားသခင်​ပေး​တာဝန်​ဟူ​သမျှ​ကို ကျေပွန်​စွာ​ထမ်းဆောင်​နိုင်​သည့် ဉာဏ်ပညာ ရှိခဲ့​ဖူး​သည်။ သူသည် ကျေးဇူး​တင်​မည့်​အစား “မာန​နှင့်​ယစ်​မူး​လျက်” ဘုရားသခင်​အုပ်ချုပ်​သော​နည်းလမ်းကို မ​ခန့်​လေးစား​ပြု​ခဲ့​သည်။ (၁ တိမောသေ ၃:၆) အာဒံ​နှင့်​ဧဝ​တို့၏​ဝတ်ပြုမှု​ကို တပ်မက်​သည့်​အထိ မိမိကိုယ်ကို အလွန်အကျွံ​အထင်ကြီး​လာ​သည်။ ယင်း​တပ်မက်​စိတ်​သည် ပဋိသန္ဓေ​ယူ၍ မကောင်းမှုကို​ဖွား​စေ​၏။ (ယာကုပ် ၁:၁၄၊ ၁၅) စာတန်​သည် ဘုရားသခင်​တားမြစ်​ထားသော အပင်​မှ အသီးကို​စားဖို့ ဧဝ​ကို​သွေးဆောင်​ခဲ့​သည်။ ထို့နောက် ထို​အသီးကို အာဒံ​အား​စား​စေရန် ဧဝ​ကို စာတန်​အသုံးပြု​ခဲ့​သည်။ (ကမ္ဘာဦး ၃:၁-၆) သို့​နှင့် ကနဦး​လူသား​မောင်နှံ​သည် ဘုရားသခင်​၏​အုပ်စိုးပိုင်ခွင့်​ကို ငြင်းပယ်​ပြီး စာတန်​ကို ဝတ်ပြုသူ​များ​ဖြစ်လာ​ကြသည်။ စာတန်​၏​မာန​ထောင်လွှား​ခြင်း​သည် ထိန်း​မ​နိုင်​သိမ်း​မရ​ဖြစ်လာ​သည်။ သို့​နှင့် ယေဟောဝါ​၏ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို ငြင်းပယ်​ပြီး မိမိ​အား​ဝတ်ပြု​ကြ​ရန် ယေရှု​အပါအဝင် ကောင်းကင်​နှင့်​မြေကြီးပေါ်​မှ အသိဉာဏ်​ရှိ​သတ္တဝါများ​ကို သွေးဆောင်​လေ​တော့​သည်။—မဿဲ ၄:၈-၁၀; ဗျာ. ၁၂:၃၊ ၄၊

၁၃။ မာန​ထောင်လွှား​ခြင်း​၏​အကျိုးဆက်​ကား အဘယ်နည်း။

၁၃ သို့​ဖြစ်၍ မာန​ထောင်လွှား​ခြင်း​သည် စာတန်​မှ မြစ်ဖျားခံ​ခဲ့​ကြောင်း သင်​တွေ့ရှိ​ပေမည်၊ ယင်းသည် ယနေ့​ကမ္ဘာ​ပေါ်​ရှိ အပြစ်​တရား၊ ဆင်းရဲ​ခက်ခဲ​မှု​နှင့် ဖောက်ပြန်​ယိုယွင်းမှု​တို့ကို ဖြစ်ပေါ်​စေသော အဓိက​အကြောင်းရင်း​ဖြစ်သည်။ ‘ဤ​လောကကို​အစိုးရ​သော​ဘုရားသခင်’ စာတန်​သည် မာန်​တက်​စိတ်၊ မာန​ထောင်လွှား​စိတ် တိုးပွား​စေရန် ဆက်လုပ်​ဆောင်​နေ​၏။ (၂ ကောရိန္သု ၄:၄) မိမိ​အချိန် တစ်ခဏ​သာ​ကျန်ရှိ​တော့​ကြောင်း သူသိ​ထား​ရာ ခရစ်ယာန်စစ်​များ​ကို တိုက်ခိုက်​နေ​၏။ သူ၏​ရည်မှန်းချက်​မှာ လူ​တို့အား ဘုရားသခင်​ထံ​မှ​သွေဖည်​သွား​ရန်၊ မိမိကိုယ်ကို​သာ​ချစ်​ရန်၊ ဝါကြွား​ရန်၊ မာန​ထောင်လွှား​စေရန် ဖြစ်သည်။ ဤ​နောက်ဆုံး​ကာလ​တွင် အဆိုပါ​တစ်ကိုယ်ကောင်း​ဆန်​သည့် စရိုက်​များ​ကို တွေ့မြင်​နေရ​မည်​ဖြစ်​ကြောင်း သမ္မာကျမ်းစာ​က ကြို​ဟောထား​သည်။—၂ တိမောသေ ၃:၁၊ ၂; ဗျာ. ၁၂:၁၂၊ ၁၇

၁၄။ ယေဟောဝါ​သည် အသိဉာဏ်​ရှိ​သတ္တဝါများ​ကို အဘယ်​စည်းမျဉ်း​ဖြင့် ဆက်ဆံ​တော်​မူ​သနည်း။

၁၄ ယေရှု​ခရစ်​မူ စာတန်​၏​မာန​ထောင်လွှား​မှု​ကြောင့် ဖြစ်ပေါ်​လာ​သည့် ဆိုးကျိုး​များ​ကို သတ္တိရှိရှိ ဖော်ထုတ်​တော်​မူ​သည်။ ယေရှုသည် လူသား​တို့​နှင့် ယေဟောဝါ​ဆက်ဆံ​သော ဤ​စည်းမျဉ်း​ကို မိမိကိုယ်ကို​ဖြောင့်မတ်​သည်​ဟု​ယူမှတ်​သော ရန်သူ​တို့​ရှေ့မှောက်​တွင်​အပါအဝင် အနည်းဆုံး​သုံးကြိမ် မိန့်ဆိုခဲ့သည်– “ကိုယ်ကို​ကိုယ်​ချီးမြှောက်​သော​သူ​မည်​သည်​ကား နှိမ့်ချ​ခြင်း​သို့​ရောက်​လတ္တံ့။ ကိုယ်ကို​ကိုယ်​နှိမ့်ချသော​သူ​မည်​သည်​ကား ချီးမြှောက်​ခြင်း​သို့ ရောက်​လတ္တံ့။”—လုကာ ၁၄:၁၁; ၁၈:၁၄; မဿဲ ၂၃:၁၂

မာန​ထောင်လွှား​စိတ်​မရှိ​ရန် သင့်​နှလုံးကို စောင့်ရှောက်​ပါ

၁၅၊ ၁၆။ ဟာဂရ​ကို အဘယ်အရာက မာန​ထောင်လွှား​စေ​ခဲ့​သနည်း။

၁၅ အထက်ပါ မာန​ထောင်လွှား​သော​ပုံ​နမူနာ​များသည် ထင်ပေါ်​ကျော်ကြား​သူတို့နှင့်​ပတ်သက်​ကြောင်း သင်​သတိပြုမိ​ပေမည်။ ယင်းကြောင့် သာမန်​လူများ​သည် မာန​ထောင်လွှား​စိတ်​မရှိ​နိုင်​ဟု ဆိုလို​နေ​သလော။ လုံးဝ​မဆိုလို​ပါ။ အာဗြဟံ​၏​အိမ်ထောင်တွင် ပေါ်ပေါက်​ခဲ့​သော ဖြစ်ရပ်​တစ်ခု​ကို သုံးသပ်ကြည့်​ပါ။ ဘိုးဘေး​အာဗြဟံ​၌ အမွေဆက်ခံ​မည့်​သား​မရှိ၊ ဇနီး​စာရာ​မှာလည်း သားဖွား​မည့်​အရွယ် လွန်​နေပြီ​ဖြစ်သည်။ အာဗြဟံ​၏​အနေအထား​မျိုး​ရှိ အမျိုးသား​တစ်ဦး​အနေ​နှင့် မယားငယ်​ယူပြီး သားသမီး​ယူ​နိုင်​သည့် ထုံးစံ​ရှိသည်။ ထိုသို့​အိမ်ထောင်ပြုခြင်း​ကို ဘုရားသခင်​ခွင့်ပြု​ရခြင်း​မှာ စစ်မှန်သော​ဝတ်ပြုသူ​များ​ကြား မူလ​အိမ်ထောင်ရေး​အစီအစဉ်ကို ပြန်လည်​အတည်ပြု​ပေး​ရန် အချိန်မတန်​သေး​သောကြောင့်​ဖြစ်၏။—မဿဲ ၁၉:၃-၉

၁၆ အာဗြဟံ​သည် ဇနီး​စာရာ​၏​တိုက်တွန်းမှု​ကြောင့် အီဂျစ်​ကျွန်မ ဟာဂရ​အားဖြင့် အမွေဆက်ခံ​မည့်​သူ မွေးဖွား​ရန် သဘောတူ​လိုက်​သည်။ သို့​နှင့် အာဗြဟံ​၏​ဒုတိယ​ဇနီး ဟာဂရ​သည် ကိုယ်ဝန်​ရှိလာ​လေ​သည်။ ဤသို့​ချီးမြှောက်ခံ​ရခြင်း​ကို ဟာဂရ အလွန်​ကျေးဇူး​တင်​သင့်​ပေ​သည်။ သို့သော် သူ​မာန​ထောင်လွှား​ခဲ့​လေ​သည်။ ‘ဟာဂရ​သည် မိမိ​တွင် ပဋိသန္ဓေ​စွဲ​နေကြောင်း​ကို​သိလျှင် မိမိ​သခင်မ​ကို မထီမဲ့မြင်​ပြု​လေ​၏’ ဟု​ကျမ်းစာ​က​ဆို​သည်။ ယင်းကြောင့် အာဗြဟံ​၏​အိမ်ထောင်တွင် ခိုက်ရန်​ဖြစ်ပွား​ခဲ့​ရာ စာရာ​သည် ဟာဂရ​ကို နှင်ထုတ်​လိုက်ရ​သည်။ သို့သော် ထို​ပြဿနာ​ကို​ဖြေရှင်းရန် ဘုရားသခင့်​ကောင်းကင်တမန်​က ဟာဂရ​အား “သင်၏​သခင်မ​ထံ​သို့​ပြန်၍ သူ၏​အုပ်စိုးခြင်း​ကို​ခံ​လော့” ဟု​ဆုံးမ​ခဲ့​သည်။ (ကမ္ဘာဦး ၁၆:၄၊) ဤ​ဆုံးမ​စကား​ကို ဟာဂရ​လိုက်နာ​ပြီး စာရာ​အပေါ် သူ၏ သဘောထား ပြုပြင်​ပြောင်းလဲ​ခဲ့​ရာ လူမျိုး​ကြီး​တစ်မျိုး​၏​ဘေးမ ဖြစ်လာ​သည်။

၁၇၊ ၁၈။ ကျွန်ုပ်​တို့အားလုံး မာန​ထောင်လွှား​ခြင်း​ကို အဘယ်ကြောင့် သတိပြု​ရှောင်ရှား​ရမည်​နည်း။

၁၇ လူတစ်ဦး​သည် အဆင့်မြင့်​လာ​သည့်​အခါ အောက်ခြေ​လွတ်​တတ်​ကြောင်း ဟာဂရ​၏​အဖြစ်​မှ သိရှိ​ရသည်။ ထို့​ကြောင့် ကျွန်ုပ်​တို့​ရသည့်​သင်ခန်းစာ​မှာ စိတ်ထားမှန်​နှင့် ဘုရားသခင်​ကို​ဝတ်ပြု​နေ​သူ ခရစ်ယာန်​တစ်ဦး​ပင်​လျှင် ကြွယ်ဝ​ချမ်းသာ​လာ​သည့်​အခါ သို့​မဟုတ် အာဏာ​ရှိလာ​သည့်​အခါ မောက်မာ​တတ်​ခြင်း​ဖြစ်သည်။ မိမိ၏​တတ်မြောက်​မှုများ ချီးမွမ်း​ခံရ​လျှင်​လည်း ယင်း​စိတ်ထား ပေါ်လာ​နိုင်​သည်။ ယင်းကြောင့် ခရစ်ယာန်​တစ်ဦး​သည် ထောင်လွှား​စိတ်​ပေါ်​မလာ​စေရန် အမြဲ​သတိထား​သင့်​သည်။ အထူးသဖြင့် အောင်မြင်​လာ​မည်၊ သို့​မဟုတ် တာဝန်​ပို​ရလာ​မည်​ဆိုလျှင် သတိထား​သင့်​သည်။

၁၈ မာန​ထောင်လွှား​ခြင်း​ကို ချိုးနှိမ်​သင့်​သည့် အ​ခိုင်လုံ​ဆုံး​အကြောင်းရင်း​မှာ ယင်း​နှင့်​ပတ်သက်​သည့် ဘုရားသခင့်​အမြင်​ဖြစ်သည်။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “ထောင်လွှား​သော​မျက်နှာ၊ မာန​ကြီးသော​နှလုံး၊ မတရားသော​သူတို့၏ အလင်း​သော်လည်း အပြစ်​ပါ​၏။” (သု. ၂၁:၄) စိတ်ဝင်စားစရာ​မှာ အထူးသဖြင့် “ဤ​ဘဝ​၌​ငွေ​ရ​တတ်သော” ခရစ်ယာန်​များ​ကို “မာန​စိတ်” သို့​မဟုတ် “မာန​ထောင်လွှား​ခြင်း” မရှိ​ရန် သမ္မာကျမ်းစာ သတိပေး​ထား​သည်။ (၁ တိမောသေ ၆:၁၇; တရားဟောရာ ၈:၁၁-၁၇) တစ်ချိန်တည်း​တွင် မ​ချမ်းသာ​သော ခရစ်ယာန်​များသည် “ငြူစူ​ခြင်း” ကို​ရှောင်သင့်​၏။ အကြောင်း​မှာ ဆင်းရဲ​ချမ်းသာ​မရွေး စိတ်​ကြီး​ဝင်လာ​နိုင်သော​ကြောင့်​ဖြစ်သည်။—မာကု ၇:၂၁-၂၃; ယာကုပ် ၄:၅

၁၉။ ဩဇိ​သည် အဘယ်​နည်းဖြင့် နာမည်​ကောင်း​ဆုံးရှုံး​ခဲ့​သနည်း။

၁၉ မာန​ထောင်လွှား​ခြင်း​နှင့်အတူ အခြား​ဉာဉ်ဆိုး​များသည် ယေဟောဝါ​နှင့် ကောင်းသော​ဆက်ဆံ​ရေး​ရှိ​ခြင်း​ကို ပြတ်တောက်​သွား​စေနိုင်​သည်။ ဥပမာ၊ ဩဇိ​မင်း​နန်းစံချိန် အစပိုင်း​ကို သုံးသပ်ကြည့်​ပါ၊ ‘ထို​မင်း​သည် ထာဝရ​ဘုရားသခင်​ရှေ့တော်၌ တရားသော​အမှုကိုပြု​၏။ . . . ဘုရားသခင်​ကို​ဆည်းကပ်​၏။ ထာဝရ​ဘုရားသခင်​ကို ဆည်းကပ်​သော​ကာလပတ်လုံး ဘုရားသခင်​သည် အကြံ​ထမြောက်​ရသော​အခွင့်​ကို ပေး​တော်​မူ​၏။’ (၂ ရာဇဝင်ချုပ် ၂၆:၄၊ ၅) သို့သော် ဝမ်းနည်းစရာမှာ ဘုရင်​သြဇိ​သည် “ကိုယ်​အကျိုး​နည်း​အောင် ထောင်လွှား​သော​စိတ်” ရှိသောကြောင့် နာမည်​ကောင်း ဆုံးရှုံး​ခဲ့​ရ၏။ သူသည် စိတ်​ကြီး​ဝင်လာ​သဖြင့် နံ့သာပေါင်း​ကို​မီးရှို့​ရန် ဗိမာန်တော်​ထဲ​သို့​ဝင်​လေ​၏။ ဤသို့​ရောင့်တက်​သည့်​လုပ်ရပ်​ကို မပြုမိ​ရန် ယဇ်ပုရောဟိတ်​တို့ ဆီးတား​ကြသောအခါ ‘ဩဇိ​မင်း ဒေါသ​ထွက်’ လေ​သည်။ ယင်းကြောင့် ယေဟောဝါ​သည် သူ့ကို​နူနာ​စွဲ​စေ​ရာ သူသည် ဘုရားသခင့်​မျက်နှာသာ​မရဘဲ သေဆုံး​ခဲ့​သည်။—၂ ရာဇဝင်ချုပ် ၂၆:၁၆-၂၁

၂၀။ (က) ဘုရင်​ဟေဇကိ​သည် အဘယ်​နည်းဖြင့် နာမည်​ကောင်း​ဆုံးရှုံး​လု​နီးပါး​ဖြစ်​ခဲ့​သနည်း။ (ခ) နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်းအရာကို သုံးသပ်ကြ​မည်​နည်း။

၂၀ ဘုရင်​ဟေဇကိ​မှာ​မူ ဩဇိ​နှင့်​မတူ​ပေ။ တစ်ခါ​က ထို​ဘုရင်​သည် “ထောင်လွှား​သော​စိတ်” ရှိလာ​သောကြောင့် နာမည်​ကောင်း​ဆုံးရှုံး​လု​နီးပါး ဖြစ်​ခဲ့​သည်။ ဝမ်းသာစရာ​မှာ “ဟေဇကိ​သည် မိမိ​စိတ်​ထောင်လွှား​သော​အပြစ်​ကြောင့် . . . ကိုယ်တိုင် ကိုယ်ကို​နှိမ့်ချ” ခဲ့​ပြီး ဘုရားသခင်​၏​မျက်နှာသာ ပြန်​ရရှိခဲ့သည်။ (၂ ရာဇဝင်ချုပ် ၃၂:၂၅၊ ၂၆) ဟေဇကိ​၏​မာန​ထောင်လွှား​မှု​သည် နှိမ့်ချသော​စိတ်​ကြောင့် ပပျောက်​သွားခဲ့​ကြောင်း သတိပြုပါ။ နှိမ့်ချ​ခြင်း​သည် ထောင်လွှား​ခြင်း​နှင့် ဆန့်ကျင်​သည်။ ထို့​ကြောင့် ခရစ်ယာန်​တို့သည် နှိမ့်ချ​စိတ်​ကို မည်သို့​မွေးမြူ​ပြီး ထိန်းသိမ်း​ထား​နိုင်​ကြောင်း နောက်​ဆောင်းပါး​တွင် သုံးသပ်ကြ​ပါ​လိမ့်​မည်။

၂၁။ စိတ်​နှိမ့်ချသော​ခရစ်ယာန်​များသည် အဘယ်အရာကို စောင့်မျှော်​နိုင်​ကြ​သနည်း။

၂၁ သို့​ဖြစ်၍ ထောင်လွှား​ခြင်း​ကြောင့်​ဖြစ်ပေါ်​လာ​သည့် ဆိုးကျိုး​များ​ကို မမေ့​ကြ​စို့​နှင့်။ “ထောင်လွှား​စော်ကား​သော​သူတို့ကို ဘုရားသခင်​ဆီးတား​တော်​မူ” သောကြောင့် မာနစိတ်ကို​ချိုးနှိမ်​ရန် စိတ်ပိုင်းဖြတ်​ထား​ကြပါစို့။ စိတ်​နှိမ့်ချသော ခရစ်ယာန်​တစ်ဦး​ဖြစ်အောင် ကျွန်ုပ်​တို့​ကြိုးစား​ကြ​မည်​ဆိုလျှင် ထောင်လွှား​သူများ​နှင့် ယင်း​၏​ဆိုးကျိုး​များ​ကို ကမ္ဘာ​ပေါ်​မှ ဖယ်ရှားပစ်​မည့်​အချိန်​ဖြစ်သော ဘုရားသခင့်​နေ့ကြီး​တွင် ကပ်ကျော်​ရန် စောင့်မျှော်​နိုင်​ပါ​သည်။ ထို​အခါ “ထို​ကာလ​၌ လူတို့၏​မာန​ကို​ရှုတ်ချ​၍ လူတို့၏​စိတ်​မြင့်သော​သဘောကို နှိမ့်​ရမည်။ ယေဟောဝါ​တစ်ပါး​တည်း​သာ ချီးမြှောက်​ခြင်း​သို့ ရောက်တော်မူ​လိမ့်​မည်။”—ဟေရှာယ ၂:၁၇က​ဘ။

တွေးတော​ဆင်ခြင်​ရန် အချက်များ

• မာန​ထောင်လွှား​သူ​တစ်ဦး​ကို သင်​မည်သို့​ဖော်ပြ​မည်​နည်း။

• မာန​ထောင်လွှား​ခြင်း​၏ ဇာစ်​မြစ်​ကား အဘယ်နည်း။

• အဘယ်အရာက လူတစ်ဦးကို မာန​ထောင်လွှား​စေနိုင်​သနည်း။

• မာန​ထောင်လွှား​ခြင်း​ကို အဘယ်ကြောင့် သတိပြု​ရှောင်ရှား​ရမည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဖာရော​သည်​မာန​ထောင်လွှား​သောကြောင့်​အရှက်ကွဲ​ခဲ့

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

အဆင့်မြင့်​လာ​ခြင်း​ကြောင့် ဟာဂရ မာန​ထောင်လွှား

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ဟေဇကိ​သည် နှိမ့်ချမှု​ပြ​ခဲ့​ရာ ဘုရားသခင့်​မျက်နှာသာ​ကို ပြန်​ရရှိ