မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ယေဟောဝါကိုကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်’

‘ယေဟောဝါကိုကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်’

‘ယေဟောဝါ​ကို​ကြောက်ရွံ့​ခြင်း​သည် ဉာဏ်ပညာ​ဖြစ်’

“အချုပ်အခြာ​စကား​ဟူ​မူ​ကား ဘုရားသခင်​ကို​ကြောက်ရွံ့​၍ ပညတ်တော်​တို့ကို စောင့်ရှောက်​လော့။ ဤ​ရွေ့​ကား လူ​နှင့်​ဆိုင်သော အမှုအရာ​အလုံးစုံ​တို့ကို ချုပ်ခြာ​သတည်း။” (ဒေ. ၁၂:၁၃) ဘုရားသခင့်​မှုတ်သွင်းမှု​ဖြင့် ရှေး​ဣသရေလ​ဘုရင် ရှောလမုန်​ချ​လိုက်​သော ဤ​ကောက်ချက်​သည် ထိုးထွင်း​ပိုင်းခြား​ဉာဏ်​ဖြင့် ပြည့်ဝ​လိုက်​လေ​ခြင်း။ ဘိုးဘေး​ယောဘသည်​လည်း ဘုရားသခင်​အား ကြောက်ရွံ့​ခြင်း​၏​တန်ဖိုး​ကို ပိုင်းခြား​နားလည်ခဲ့​သည်။ ထို့​ကြောင့် သူက ‘ထာဝရ​ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​သည် ပညာ​ဖြစ်​ကြောင်း​နှင့် မကောင်းမှုကို​ရှောင်ခြင်း​သည် ဉာဏ်​ဖြစ်​ကြောင်း’ ဆို​ခဲ့​သည်။—ယောဘ ၂၈:၂၈

ယေဟောဝါ​အား ကြောက်ရွံ့​ခြင်း​သည် အလွန်​အရေးကြီး​သည်​ဟု သမ္မာကျမ်းစာ​က ဆို​ထား​သည်။ ဘုရားသခင်​အား ရိုသေ​ခန့်ညား​စိတ်​ကို မွေးမြူခြင်း​သည် အဘယ်ကြောင့် ပညာရှိ​လမ်းစဉ်​ဖြစ်သနည်း။ ဘုရားသခင်​အား ကြောက်ရွံ့​ခြင်း​သည် ယေဟောဝါ​အား ဝတ်ပြုသူ တစ်ဦးချင်း​နှင့် အုပ်စု​လိုက်​ကို မည်သို့​အကျိုးပြု​သနည်း။ နယပုံပြင်​ အခန်းကြီး ၁၄၊ အခန်းငယ် ၂၆ မှ ၃၅ က​အဖြေပေး​ပါ​သည်။ *

“ခိုင်ခံ့​သော​ကိုးစားရာ” ရင်းမြစ်

‘ထာဝရ​ဘုရားသခင်​ကို ကြောက်ရွံ့​ရိုသေ​သော​သူသည် ခိုင်ခံ့​သော​ကိုးစားရာ​ကို​ရ၏။ သူ၏​သားသမီးတို့​လည်း ခိုလှုံရာ​ကို​ရ​ကြလိမ့်မည်’ ဟု​ရှောလမုန်​ဆို​၏။ (သု. ၁၄:၂၆သမ္မာ) ဘုရားသခင်​ကို​ကြောက်ရွံ့​သူ​တစ်ဦး၏ ယုံကြည်​ကိုးစားရာ ရင်းမြစ်​မှာ သစ္စာစောင့်​တော်​မူ​သော အတိုင်းအဆမဲ့​တန်ခိုးရှင် ယေဟောဝါ​ဘုရားသခင်​မှ​လွဲ​၍ အခြား​မဖြစ်​နိုင်​ပါ။ ထိုသို့​သော​သူသည် ရှေ့တွင် ကြုံတွေ့​ရမည့်​အရာများ​ကို ယုံကြည်​စိတ်ချမှု​အပြည့်​ဖြင့် ရင်ဆိုင်​နိုင်​လိမ့်​မည်။ သူ၏​အနာဂတ်​မှာ တာ​ရှည်​ပြီး ပျော်ရွှင်​ကျေနပ်မှု​ခံစားရ​မည်။

သို့သော် ဤ​လောက​နှင့် ယင်း​၏​အစီအစဉ်များ၊ ယင်း​၏​အဖွဲ့အစည်း​များ၊ ယင်း​၏​စိတ်ကူး​စိတ်​သန်း​များနှင့် ယင်း​၏​ပစ္စည်းဥစ္စာ​များ​ကို ယုံကြည်​အားထား​သူတို့၏ အနာဂတ်​ကော မည်သို့​ရှိ​မည်​နည်း။ သူတို့ မည်သို့​ပင် မျှော်လင့်​ထား​ပါစေ၊ သူတို့၏​အနာဂတ် တိုတောင်း​ပါ​လိမ့်​မည်။ အကြောင်း​မှာ ‘လောက​နှင့် လောက​တပ်မက်​ခြင်း​သည် ရွေ့သွား​ကွယ်ပျောက်​တတ်၏။ ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား၊ ထာဝရ​တည်​၏’ ဟု သမ္မာကျမ်းစာ​ဆို​ထားသော​ကြောင့်​ဖြစ်သည်။ (၁ ယောဟန် ၂:၁၇) သို့​ဖြစ်၍ “လောကကို​လည်းကောင်း၊ လောက​၌​ရှိသော​အရာ​တို့ကို​လည်းကောင်း” ကျွန်ုပ်​တို့ “ချစ်” ရန်​အကြောင်း​ရှိပါ​မည်​လော။—၁ ယောဟန် ၂:၁၅

ဘုရားသခင်​အား​ကြောက်ရွံ့​သော မိဘတို့​သည် မိမိတို့​သားသမီး​များ “ခိုလှုံရာ​ကို​ရ” စေဖို့ အဘယ်​သို့​ကြပ်မတ်​လုပ်ဆောင်​နိုင်​သနည်း။ ‘အချင်း​သူငယ်​တို့ လာ​ကြလော့။ ငါ့​စကား​ကို​နားထောင်​ကြလော့။ ထာဝရ​ဘုရားသခင်​ကို ကြောက်ရွံ့​ခြင်း​တရားကို သင်တို့အား​ငါ​သွန်သင်​မည်’ ဟု ဆာလံဆရာ​သီဆို​ခဲ့​သည်။ (ဆာလံ ၃၄:၁၁) မိဘများ​က မိမိတို့၏​သားသမီး​များ​ကို အပြော​နှင့်​သာမက အလုပ်​နှင့်​ပါ သွန်သင်ပေး​သောအခါ သူတို့သည် ယေဟောဝါ​ကို အပြည့်အဝ​ယုံကြည်​ကိုးစား​သော အမျိုးသား၊ အမျိုးသမီးများ​အဖြစ် ကြီးပြင်း​လာဖို့​အကြောင်း​များသည်။—သု. ၂၂:၆

‘ထာဝရ​ဘုရားသခင်​ကို​ကြောက်ရွံ့​သော​သဘော​သည် အသေခံ​ရာ​ကျော့ကွင်း​တို့​မှ လွှဲရှောင်​ရာ အသက်​စမ်းရေ​တွင်း​ဖြစ်၏’ ဟု​ရှောလမုန်​ဆက်​ပြော​သည်။ (သု. ၁၄:၂၇) စစ်မှန်သော​ဘုရားသခင်​သည် “အသက်​စမ်းရေ” ရင်းမြစ်​ဖြစ်သော​ကြောင့် ယေဟောဝါ​ကို​ကြောက်ရွံ့​ခြင်း​သည် “အသက်​စမ်းရေ​တွင်း” ဖြစ်၏။ (ယေရမိ ၂:၁၃) ယေဟောဝါ၊ ယေရှု​တို့​နှင့်​ဆိုင်သော အသိပညာကို ကျွန်ုပ်​တို့​ဆည်းပူးခြင်း​က ထာဝရ​အသက်​ရစေ​နိုင်​သည်။ (ယောဟန် ၁၇:၃) ထို့​ပြင် ဘုရားသခင်​ကို ကြောက်ရွံ့​ခြင်း​က အသေခံ​ရာ​ကျော့ကွင်း​များ​မှ လွှဲရှောင်​စေနိုင်​သည်။ မည်သို့​အားဖြင့်​နည်း။ “ပညာရှိ​သော​သူ၏​တရားသည် အသေခံ​ရာ​ကျော့ကွင်း​တို့​မှ လွှဲရှောင်​ရာ​အသက်​စမ်းရေ​တွင်း​ဖြစ်၏” ဟု နယပုံပြင် ၁၃:၁၄ က​ဆို​၏။ ယေဟောဝါ​ကို​ကြောက်ရွံ့​ပြီး ပညတ်တော်​များ​ကို​လိုက်နာ​ကာ ကိုယ်တော့်​စကားတော်​၏ လမ်းညွှန်မှုကို​ခံယူ​သောအခါ အချိန်​မတိုင်မီ သေဆုံး​စေနိုင်​သော အန္တရာယ်​ရှိသည့်​အမူအကျင့်များ​နှင့် စိတ်​လှုပ်ရှားမှုများ​မှ ကျွန်ုပ်​တို့ ကာကွယ်​ခံ​ကြ​ရသည်​မဟုတ်လော။

“ရှင်ဘုရင်​၏​ဘုန်းတော်”

ရှောလမုန်​သည် သူ၏​နန်းစံချိန်​အများစု​အတွင်း ယေဟောဝါ​အား နာခံ​၍ ကိုယ်တော်​အား ကြောက်ရွံ့​ရိုသေ​သော ရှင်ဘုရင်​တစ်ပါး​ဖြစ်​ခဲ့​သည်။ ယင်းက သူ၏​အုပ်ချုပ်ရေး​ကို အောင်မြင်​စေ​ခဲ့​သည်။ ဘုရင်​တစ်ပါး​၏​အုပ်ချုပ်ရေး အောင်မြင်မှု​ရှိမရှိ အဘယ်အရာက အဆုံးအဖြတ်​ပေး​သနည်း။ နယပုံပြင် ၁၄:၂၈ က​ဤသို့​အဖြေပေး​သည်– “ပြည်သား​များပြား​ရာ​၌ ရှင်ဘုရင်​၏​ဘုန်းတော်​တည်​၏။ ပြည်သား​နည်းပါး​ရာ​၌​ကား မင်း​အကျိုး​နည်း​ခြင်း​ရှိ၏။” ဘုရင်​တစ်ပါး​၏​အောင်မြင်မှု​ကို တိုင်းသူပြည်သား​တို့၏ ကောင်းစား​မှု​နှင့် တိုင်းတာ​နိုင်​သည်။ သူ၏​အုပ်စိုးမှု​ကို လက်အောက်ခံ​လို​သော ပြည်သား​များပြား​ပါ​မူ ယင်းက သူ့ကို အုပ်စိုးရှင်​ကောင်း​အဖြစ် ဖော်ပြ​နေခြင်း​ဖြစ်သည်။ ရှောလမုန်​သည် “ပင်လယ်​တစ်ပါး [ပင်လယ်နီ] မှ တစ်ပါး [မြေထဲပင်လယ်] တိုင်အောင်​လည်းကောင်း၊ [ဥဖရတ်]မြစ်​မှ​သည် မြေ​စွန်း​တိုင်အောင် . . . အစိုးရ” ခဲ့​သည်။ (ဆာလံ ၇၂:၆-၈) သူ၏​အုပ်ချုပ်မှု​သည် မကြုံဖူး​သော ငြိမ်သက်​အေးချမ်းမှု​ဖြင့် ထူးခြား​ထင်ရှား​ခဲ့​သည်။ (၃ ဓမ္မ​ရာဇဝင် ၄:၂၄၊ ၂၅) ရှောလမုန်​သည် အောင်မြင်​သော​အုပ်စိုးရှင် ဖြစ်​ခဲ့​သည်။ တစ်ဖက်​တွင်​မူ ရှင်ဘုရင်​ကို လူ​ကြိုက်​နည်း​ခြင်း​က သူ၏​ဘုန်း​အသရေ​ကို ယုတ်လျော့​စေ​၏။

ဤ​ကိစ္စ​တွင် သာ၍​ကြီးမြတ်သော​ရှောလမုန်​ဖြစ်သည့် မေရှိယ​ဘုရင် ယေရှု​ခရစ်​၏​ဘုန်း​အသရေ​နှင့်​ပတ်သက်​၍ အဘယ်​ဆို​စ​ရာ​ရှိ​သနည်း။ ယနေ့​ပင် ကိုယ်တော်​အား လက်အောက်ခံ​နေကြ​သူများ​အကြောင်း စဉ်းစား​ကြည့်​ပါ။ ကမ္ဘာ​တစ်ဝန်း​တွင် ဘုရားသခင်​ကို​ကြောက်ရွံ့​ပြီး ခရစ်တော်​၏​အုပ်ချုပ်မှု​ကို လက်အောက်ခံ​ရန် ဆုံးဖြတ်ထား​သော​အမျိုးသား၊ အမျိုးသမီး ခြောက်​သန်း​ကျော်​ရှိသည်။ သူတို့သည် ယေရှုကို ယုံကြည်​ကြ​ပြီး အသက်ရှင်​တော်​မူ​သော​ဘုရားသခင်​ကို စည်းလုံးစွာ ဝတ်ပြု​နေကြ​သည်။ (ယောဟန် ၁၄:၁) အနှစ်​တစ်ထောင်​အုပ်ချုပ်မှု အကုန်​တွင် ဘုရားသခင့် မှတ်ဉာဏ်​ထဲ​ရှိသူ​အားလုံး​တို့သည် ရှင်ပြန်ထမြောက်​လာ​ကြ​မည်။ ထို​အခါ မြေကြီး​ပရဒိသု​တွင် မိမိတို့​ဘုရင်​ကို ကျေးဇူး​တင်​ကြောင်း ဖော်ပြ​သည့် ပျော်ရွှင်သော ဖြောင့်မတ်​သူများ​နှင့် ပြည့်နေ​ပါ​လိမ့်​မည်။ ယင်းက ခရစ်တော်​၏​အုပ်ချုပ်မှု အောင်မြင်​ကြောင်း​ဖော်ပြ​သည့် အကောင်းဆုံး​အထောက်အထား​တစ်ခု ဖြစ်ပါ​လိမ့်​မည်။ ထူးမြတ်​လှ​သည့် ဘုရားသခင့်​နိုင်ငံတော်​မျှော်လင့်ချက်ကို ဆက်၍​စွဲကိုင်​ထား​ကြပါစို့။

ဝိညာဉ်​ရေး​နှင့် ကာယရေး​အကျိုးကျေးဇူးများ

ဘုရားသခင်​အား ရိုသေ​ခန့်ညား​ခြင်း​သည် ကျွန်ုပ်​တို့၏​စိတ်နှလုံး​ကို အေးချမ်း​စေနိုင်​သည်။ ထိုသို့​ဖြစ်​ရသည့်​အကြောင်း​မှာ ဉာဏ်ပညာ​၏​အရည်အသွေးများ​တွင် ကောင်းစွာ​ချင့်ချိန်​သုံးသပ်နိုင်စွမ်း​နှင့် ပိုင်းခြား​သိမြင်နိုင်စွမ်း​တို့ ပါဝင်သော​ကြောင့်​ဖြစ်၏။ “အမျက်ထွက်​နှေး​သော​သူသည် ဉာဏ်ပညာ​ကြွယ်ဝ​၏။ စိတ်​တို​သော​သူ​မူ​ကား မိုက်မဲခြင်း​ကို​မြှောက်ပင့်​ပေး​၏” ဟု နယပုံပြင် ၁၄:၂၉ [က​ဘ] က​ဆို​၏။ ဒေါသ​မချုပ်တည်း​ခြင်း​သည် ဝိညာဉ်​ရေး​ကို ဆိုးကျိုး​သက်ရောက်​စေ​ကြောင်း ပိုင်းခြား​သိမြင်နိုင်စွမ်း​က နားလည်စေ​သည်။ ‘ဘုရားသခင့်​နိုင်ငံတော်​ကို အမွေ’ မခံရ​စေနိုင်​သော အကျင့်​များ​တွင် “ရန်​တွေ့​ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း” တို့​ပါဝင်​သည်။ (ဂလာတိ ၅:၁၉-၂၁) တော်​သင့်​မှန်ကန်သော အမျက်​ဒေါသကို​ပင် မ​သိုထား​ဖို့ ကျွန်ုပ်​တို့ကို အကြံပြု​ထား​သည်။ (ဧဖက် ၄:၂၆၊ ၂၇) စိတ်​တို​ခြင်း​သည် နောင်တ​ရ​စ​ရာ အပြု​အမူ၊ အပြောအဆို​မျိုးကို မဆင်မခြင်​ပြု​မိ​စေနိုင်​သည်။

အမျက်​ဒေါသ​၏ ကာယ​ဆိုးကျိုး​များ​ကို​ဖော်ပြ​ရာ​တွင် ဣသရေလ​ရှင်ဘုရင်​က ဤသို့​ဆို​သည်– “ငြိမ်သက်​သော​စိတ်​သည် ကာယ​အသက်ရှင်​ရာ​အကြောင်း၊ စိတ်​ပြင်းထန်​အားကြီးခြင်း​မူ​ကား အရိုးများ​ဆွေးမြေ့​ရာ​အကြောင်း​ဖြစ်၏။” (သု. ၁၄:၃၀သမ္မာ) အမျက်ထွက်ခြင်း​နှင့် ဒေါသကြီး​ခြင်း​ကြောင့်​ဖြစ်သည့် ရောဂါ​များ​တွင် အသက်ရှူ​လမ်းကြောင်း​ရောဂါ​များ၊ သွေး​တိုး​ခြင်း၊ အသည်း​ရောဂါ​များနှင့် ပန်ကရိယ​ထိခိုက်​ခြင်း​တို့​ပါဝင်​သည်။ ဆရာဝန်​များ​က အမျက်ထွက်ခြင်း​နှင့် ဒေါသကြီး​ခြင်း​ကို အနာခွက်​များ၊ အင်​ပျဉ်​များ၊ ပန်း​နာ​ရင်​ကျပ်၊ အရေပြား​ရောဂါ​များနှင့် အစာ​မ​ကြေ​ရောဂါ​များ​ကို​ပင် ဖြစ်စေ​သည့် ဆိုးဝါး​ပြင်းထန်သော စိတ်​လှုပ်ရှားမှု​စာရင်း​တွင် ထည့်​ထား​ကြသည်။ တစ်ဖက်​တွင်​မူ “ငြိမ်သက်​သော​စိတ်​သည် ကာယ​အသက်ရှင်​ရာ​အကြောင်း” ဖြစ်၏။ (သု. ၁၄:၃၀သမ္မာ) သို့​ဖြစ်၍ “ငြိမ်သက်ခြင်း​နှင့်​လည်းကောင်း၊ အချင်းချင်း​တည်ဆောက်​ခြင်း​နှင့်​လည်းကောင်း ယှဉ်​သော​အရာ​တို့ကို မီအောင်လိုက်” ခြင်း​သည် ပညာရှိရာ​ရောက်​၏။—ရောမ ၁၄:၁၉

ဘုရားသခင်​အား​ကြောက်ရွံ့​ခြင်း​က မျက်နှာမလိုက်​ရန် ကူညီပေး

‘ဆင်းရဲသူ​ကို ညှဉ်းဆဲ​သော​သူသည် ဖန်ဆင်း​တော်​မူ​သော​အရှင်ကို​ကဲ့ရဲ့​ရာ၊ နွမ်းပါး​သူကို သနားသော​သူ​မူ​ကား ဘုရားသခင်​ကို ရိုသေ​ရာ​ရောက်​၏” ဟု​ရှောလမုန်​ဆို​၏။ (သု. ၁၄:၃၁သမ္မာ) ဘုရားသခင်​အား ကြောက်ရွံ့​သူ​တစ်ဦး​သည် တစ်ပါး​တည်း​သော​ဖန်ဆင်း​ရှင် ယေဟောဝါ​ဘုရားသခင်​က လူသား​အားလုံး​ကို ဖန်ဆင်း​ထား​သည်​ဟု အသိအမှတ်ပြု​သည်။ နွမ်းပါး​သူသည်​လည်း လူ​လူ​ချင်း​အတူတူ​ဖြစ်​ရာ ထို​သူအား ဆက်ဆံပုံ​က ဖန်ဆင်း​ရှင်​အား ဂယက်ရိုက်​သည်။ ဘုရားသခင်​အား ဂုဏ်တင်​ရန် ကျွန်ုပ်​တို့သည် အခြား​သူများကို မျက်နှာမလိုက်​ဘဲ မျှမျှတတ​ဆက်ဆံ​ကြ​ရမည်။ ဆင်းရဲ​နွမ်းပါး​သော​ခရစ်ယာန်​ကို ဝိညာဉ်​ရေး​အရ ဘက်မလိုက်​တမ်း အာရုံစိုက်​ပေး​သင့်​သည်။ ကျွန်ုပ်​တို့သည် ဆင်းရဲ​ချမ်းသာ​မရွေး လူအားလုံးကို ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟော​ကြ​ရမည်။

ဘုရားသခင်​အား ကြောက်ရွံ့​ခြင်း​၏ အကျိုးကျေးဇူး​နောက်တစ်ခု​ကို ပညာရှိ​ဘုရင်​က ဤသို့​ဆို​၏– “ဆိုးသော​သူသည် မိမိ​ပြုသော​အဆိုး​အားဖြင့် လှဲ​ခြင်း​ကို​ခံရ​၏။ ဖြောင့်မတ်​သော​သူ​မူ​ကား အကျင့်​စုံလင်ခြင်း [“သမာဓိ​စောင့်သိ​ခြင်း၊” က​ဘ] အားဖြင့် ခိုလှုံရာ​ကို​ရ၏။” (သု. ၁၄:၃၂သမ္မာ) ဆိုးသော​သူသည် မည်သို့​လှဲ​ခြင်း​ကို​ခံရ​သနည်း။ ထို​သူ ဘေး​တွေ့သော​အခါ နာလန်ထူ​နိုင်စွမ်း လုံးလုံး​မရှိခြင်း​ဖြစ်သည်ဟု ဆို​ကြ​၏။ ဘုရားသခင်​ကို ကြောက်ရွံ့​သူ​မူ​ကား ဘေး​တွေ့သော​အခါ ဘုရားသခင်​အပေါ် သမာဓိ​စောင့်သိ​ခြင်း​အားဖြင့် ခိုလှုံရာ​ကို​ရ၏။ သူသည် ယေဟောဝါ​အား သေ​သည့်​တိုင်အောင် အကြွင်းမဲ့ယုံ​ကြည်​ကိုးစား​သည်​ဖြစ်​ရာ ယောဘ​ကဲ့သို့ “ငါသည် သေ​သည့်​တိုင်အောင် ငါ့​သမာဓိကို​မစွန့်​လွှတ်” ဟု စိတ်ပိုင်းဖြတ်​ထား​ပါ​လိမ့်​မည်။—ယောဘ ၂၇: ၅က​ဘ။

သမာဓိ​စောင့်သိ​နေနိုင်​ရန် ဘုရားသခင်​အား​ကြောက်ရွံ့​ခြင်း​နှင့် ဉာဏ်ပညာ​ရှိဖို့လို​သည်။ ဉာဏ်ပညာ​ကို အဘယ်တွင် ရှာတွေ့နိုင်​သနည်း။ နယပုံပြင် ၁၄:၃၃ က ဤသို့​အဖြေပေး​သည်– “ဉာဏ်​ရှိသောသူ​၏​နှလုံး​၌ ပညာ​ကျိန်းဝပ်​တတ်၏။ မိုက်​သော​သူတို့၏ အထဲ​၌​ရှိသော​အရာ​မူ​ကား ထင်ရှား​တတ်၏။” မှန်ပါသည်၊ အသိဉာဏ်​ရှိသူ​၏​နှလုံး​၌ ဉာဏ်ပညာ​ကို ရှာတွေ့နိုင်​ပါ​သည်။ သို့သော် မိုက်​သော​သူတို့၏ အတွင်းသဘော​သည် အဘယ်​နည်းဖြင့် ထင်ရှား​လာ​သနည်း။ အကိုးအကား​စာအုပ်​တစ်အုပ်​အရ “မိုက်​သော​သူသည် ပညာရှိ​ဟု အထင်​ခံ​လို​စိတ်​ပြင်းပြ​နေရာ ပညာ​စကား​ဟု သူ​ယူမှတ်​ရာ​ကို လွှတ်​ခ​နဲ ပြောတတ်​သည်။ သို့သော် ယင်းက ပညာ​မရှိ၊ မိုက်မဲ​ကြောင်းကို​သာ ထင်ရှားပြ​၏။”

“ပြည်သား​တို့ကို​ချီးမြှောက်”

ဘုရားသခင်​ကို​ကြောက်ရွံ့​ခြင်း​သည် တစ်ဦးချင်း​စီ​အပေါ်​အကျိုး​သက်ရောက်​ပုံ​မှ လူမျိုးတစ်မျိုး​လုံး​အပေါ် အကျိုး​သက်ရောက်​ပုံ​ကို ပြောင်းလဲ​အာရုံစိုက်​စေ​ရာ​တွင် ဣသရေလ​ရှင်ဘုရင်​က ဤသို့​ဆို​၏– “ဖြောင့်မတ်ခြင်း​တရားသည် ပြည်သား​တို့ကို​ချီးမြှောက်​တတ်၏။ . . . အပြစ်​မူ​ကား ပြည်သား​များ​တို့ကို ရှုတ်ချ​တတ်၏။” (သု. ၁၄:၃၄) အဆိုပါ​မူ​သည် ဣသရေလ​လူမျိုး၏ အဖြစ်အပျက်​တွင် ပေါ်လွင်​ထင်ရှား​ခဲ့​သည်။ ဘုရားသခင်​၏​မြင့်မားသော​စံနှုန်း​များ​ကို စွဲစွဲမြဲမြဲ​လိုက်နာခြင်း​ကြောင့် ဣသရေလ​နိုင်ငံ​သည် အိမ်နီးချင်း​နိုင်ငံ​များ​ထက် ချီးမြှောက်ခံ​ခဲ့​ရသည်။ သို့သော် မနာခံ​သည့်​လုပ်ရပ်များ​ကို ထပ်တလဲလဲ​ပြုကျင့်ခြင်း​က အရှက်တကွဲ​အကျိုး​နည်း​ဖြစ်စေ​ပြီး အဆုံး​တွင် ယေဟောဝါ​၏​ငြင်းပယ်​ခြင်း​ကို ခံ​ခဲ့​ရသည်။ ဤ​မူ​သည် မျက်မှောက်ခေတ် ဘုရားသခင့်​လူမျိုးတော်​နှင့်​လည်း သက်ဆိုင်​သည်။ ခရစ်ယာန်​အသင်းတော်သည် ဘုရားသခင်​၏​ဖြောင့်မတ်​သော​မူများ​ကို စွဲစွဲမြဲမြဲ​လိုက်နာ​သောကြောင့် ဤ​လောက​နှင့် ခြားနား​သည်။ သို့သော် အဆိုပါ​မြင့်မားသော​အခြေအနေ​ကို ဆက်​ထိန်းသိမ်း​နိုင်​ရန် ကျွန်ုပ်​တို့​တစ်ဦးချင်း​သည် စင်ကြယ်သော​အသက်တာဖြင့် နေထိုင်​ရ​ကြ​မည်။ အပြစ်ပြု​ကျင့်​ခြင်း​က ကျွန်ုပ်​တို့​ကိုယ်တိုင်​ကို အရှက်ရ​စေသည့်​အပြင် အသင်းတော်​နှင့် ဘုရားသခင်​ကို​ပါ ကဲ့ရဲ့​ရှုတ်ချ​စ​ရာ ဖြစ်စေ​သည်။

ရှင်ဘုရင်​ကို နှစ်သက်စေ​သော​အရာ​နှင့်​ပတ်သက်​၍ ရှောလမုန်က “ပညာ​ရှိသော​ကျွန်​အား ရှင်ဘုရင်​သည် ကျေးဇူးပြု​တတ်၏။ အရှက်ခွဲ​တတ်သော​ကျွန်​မူ​ကား အမျက်တော်ကို​ခံရ​မည်” ဟု​ဆို​၏။ နယပုံပြင် ၁၆:၁၃ က​လည်း ဤသို့​ဖော်ပြ​သည်– “ဖြောင့်မတ်​သော​နှုတ်ခမ်း​တို့သည် ရှင်ဘုရင်​နှစ်သက်ရာ​ဖြစ်၏။ မှန်ကန်​စွာ​ပြော​သော​သူကို ရှင်ဘုရင်​ချစ်တတ်​၏။” ကျွန်ုပ်​တို့သည် ဖြောင့်မတ်​စွာ​နှင့် ထိုးထွင်း​သိမြင်မှု​ရှိ​ရှိ ပြုမူ​ကျင့်ကြံ​ပြီး ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​တွင် ကျွန်ုပ်​တို့၏​နှုတ်ခမ်း​ကို အသုံးပြု​သောအခါ ကျွန်ုပ်​တို့၏​ခေါင်းဆောင်​နှင့် ဘုရင်​ဖြစ်​တော်​မူ​သော ယေရှု​ခရစ် အလွန်​နှစ်သက်​တော်​မူ​၏။ သို့​ဖြစ်၍ စစ်မှန်သော​ဘုရားသခင်​အား ကြောက်ရွံ့​ခြင်း​မှ​ရသော ကောင်းချီး​များ​ကို​ခံစား​ရင်း အဆိုပါ​လုပ်ငန်း​၌ အလုပ်များ​နေကြပါ​စို့။

[အောက်ခြေမှတ်ချက်]

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဘုရားသခင်​အား ကြောက်ရွံ့​ခြင်း​ကို သင်ယူ​နိုင်