မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

အကြမ်းဖက်​ကွန်ပျူတာ​ဂိမ်း ကစား​ခြင်း​သည် ယေဟောဝါ​နှင့် ဆက်ဆံ​ရေး​ကို ထိခိုက်​နိုင်​သလော။

‘ထာဝရ​ဘုရားသခင်​သည် ဖြောင့်မတ်​သော​သူကို စစ်ဆေး​တော်​မူ​၍ ဆိုးသော​သူနှင့် ကြမ်းကြုတ်ခြင်း​နှစ်သက်သော​သူကို [“အလွန်၊” က​ဘ] မုန်းတော်မူ​၏’ ဟု ရှေး​ဣသရေလ​ဘုရင်​ဒါဝိဒ် ရေးသားခဲ့​သည်။ (ဆာလံ ၁၁:၅သမ္မာ) “မုန်းတော်မူ​၏” ဟု​ပြန်ဆို​ထားသော မူရင်း​ဟေဗြဲ​စကားလုံး​သည် “ရန်သူ​တစ်ယောက်” ဖြစ်​ခြင်း​ဟု အဓိပ္ပာယ်ဆောင်​သည်။ ထို့​ကြောင့် အကြမ်းဖက်မှုကို နှစ်သက်သူ​မည်သူ​မဆို ဘုရားသခင့်​ရန်သူ ဖြစ်သွား​သည်။ သို့​ဖြစ်၍ ကျွန်ုပ်​တို့​သုံးသပ်​ရမည့်​မေးခွန်း​မှာ ကွန်ပျူတာ​ဂိမ်း​အချို့​သည် အကြမ်းဖက်မှု နှစ်သက်​သည့်​စိတ်​ကို ကြီးထွား​စေနိုင်​သလော ဟူ၍​ဖြစ်သည်။

အကြမ်းဖက်​ကွန်ပျူတာ​ဂိမ်း​များသည် စစ်​လက်နက်​အသုံးပြုခြင်း​ကို အမွှမ်းတင်​သည်။ အဆိုပါ​ဂိမ်း​များသည် ကစား​သူကို စစ်​အတတ်ပညာ သင်ပေး​လေ့​ရှိ၏။ သည်​အီ​ကော်​နော​မ​စ်​မဂ္ဂဇင်းက ဤသို့​ဖော်ပြ​သည်– “အမေရိကန်​နိုင်ငံ​၏​စစ်တပ်​သည် ကွန်ပျူတာ​ဂိမ်း​များ​ကို လေ့ကျင့်ရေး​ကိရိယာ​များ​အဖြစ် အလွန်အမင်း​အားထား​လျက်​ရှိ၏။ သူတို့​အသုံးပြု​နေသော ဂိမ်း​အချို့​မှာ လက်ရှိ​ဈေးကွက်​တွင် ရောင်းချ​နေသော ဂိမ်း​များ​ဖြစ်သည်။”

အကြမ်းဖက်​ကွန်ပျူတာ​ဂိမ်း ကစား​သူများ​သည် ပကတိ​လူကို အန္တရာယ်​မပြု​သည်​တော့ မှန်ပါသည်။ သို့သော် ဤ​ဖျော်ဖြေမှု​ကို နှစ်သက်ခြင်း​က သူတို့၏​နှလုံး​အခြေအနေ မည်သို့​ရှိကြောင်း ဖော်ပြ​သနည်း။ (မဿဲ ၅:၂၁၊ ၂၂; လုကာ ၆:၄၅) စိတ်ကူး​ထဲ​မှ​လူတစ်ယောက်ကို ဓား​နှင့်​ထိုး​ခြင်း၊ သေနတ်​နှင့်​ပစ်​ခြင်း၊ ကိုယ်​အင်္ဂါ​ချို့ယွင်း​စေခြင်း၊ သတ်ပစ်​ခြင်း​တို့​၌ ပျော်​ပိုက်​သူ​တစ်ဦး​ကို အသင် မည်သို့​ယူဆ​မည်​နည်း။ ထို​သူသည် စိတ်ကူးယဉ်​အကြမ်းဖက်​ဂိမ်း​များ​ကို အပတ်စဉ် နာရီ​ပေါင်း​များစွာ မက်မက်မောမော ကစား​နေပြီး အဆိုပါ​ဂိမ်း​များ​ကို စွဲ​လု​နီးပါး​ဖြစ်လာ​လျှင်​ကော။ ညစ်ညမ်း​ဇာတ်​ကား ကြည့်​သူ​တစ်ဦး​သည် ကိုယ်ကျင့်တရား​ပျက်ပြား​လို​စိတ်​ကို ကြီးထွား​စေ​သကဲ့သို့ ထို​သူသည် အကြမ်းဖက်မှုကို နှစ်သက်​သည့်​စိတ် ကြီးထွား​စေ​နေခြင်း​ဖြစ်သည်ဟု ယု​တ်စွ​အဆုံး သင်​ကောက်ချက်​ချ​ပေမည်။—မဿဲ ၅:၂၇-၂၉

အကြမ်းဖက်မှုကို နှစ်သက်သူ​တစ်ဦး​အား ယေဟောဝါ မည်မျှ​တိုင် မုန်းတော်မူ​သနည်း။ ထို​သူကို ယေဟောဝါ ‘အလွန်​မုန်း’ သည်​ဟု ဒါဝိဒ်​ပြော​ခဲ့​သည်။ အကြမ်းဖက်မှုကို နှစ်သက်သူ​များ​အား မည်မျှ​ခါးခါးသီးသီး​မုန်းတော်မူ​ကြောင်း နောဧ​ခေတ်တွင် ယေဟောဝါ​တင်ပြ​ခဲ့​သည်။ နောဧ​ကို ယေဟောဝါ​ဤသို့​မိန့်တော်မူ၏– “သတ္တဝါ​အပေါင်း​တို့၏​အဆုံး​သည် ငါ့​မျက်မှောက်တွင်​ပေါ်လာ​ပြီ။ သူတို့​ကြောင့် မြေကြီး​သည် [အကြမ်းဖက်]မှု​နှင့်​ပြည့်စုံ​လေ​၏။ အကယ်စင်စစ် မြေကြီး​နှင့်​တကွ သူတို့ကို​ငါ​ဖျက်ဆီး​မည်။” (ကမ္ဘာဦး ၆:၁၃) စစ်မှန်သော​ဘုရားသခင်​သည် သူတို့၏​အကြမ်းဖက်​လုပ်ရပ်များ​ကြောင့် လူ့​လောက​တစ်ခုလုံး​ကို ဖျက်ဆီး​ပစ်​ခဲ့​သည်။ အကြမ်းဖက်မှုကို မနှစ်သက်​သူ ရှစ်ဦး​ဖြစ်သည့် နောဧ​နှင့် သူ့​မိသားစုကို​သာ ကိုယ်တော် စောင့်ရှောက်​ကာကွယ်​ခဲ့​သည်။—၂ ပေတရု ၂:၅

ယေဟောဝါ​၏​မိတ်ဆွေ​ဖြစ်​လို​သူတို့သည် “သူတို့​ဓား​လက်နက်များ​ကို ထွန်သွား​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း၊ လှံ​များ​ကို တံစဉ်​ဖြစ်စေ​ခြင်း​ငှာ​လည်းကောင်း ထုလုပ်​ကြ” သည်။ အကြမ်းဖက်မှုကို နှစ်သက်​သည့်​စိတ် ဖြစ်ပေါ်​စေ​မည့်​အစား သူတို့သည် “စစ်​အတတ်ကို​လည်း နောက်​တစ်ဖန်​မသင်” ယူ​ကြ​ချေ။ (ဟေရှာယ ၂:၄) ဘုရားသခင့်​ရန်သူ​ဖြစ်လာ​ရန်​ထက် ကိုယ်တော်​၏​မိတ်ဆွေ​အဖြစ် ဆက်လက်​ရပ်တည်​နေနိုင်​ရန် ကျွန်ုပ်​တို့သည် ‘မကောင်းမှုကို​လွှဲရှောင်​၍ ကောင်းမှု​ကို​ပြု’ ကြ​ရမည်။ “သူတစ်ပါး​နှင့်​အသင့်အတင့်​နေခြင်း​ကို​ရှာ၍ မီအောင်လိုက်” ဖို့​လို​သည်။—၁ ပေတရု ၃:၁၁

ကျွန်ုပ်​တို့သည် အကြမ်းဖက်​ဗီဒီယို​ဂိမ်း​များ ကစား​သည့်​အကျင့် ရှိ​နေလျှင်​ကော။ သို့​ဖြစ်​လျှင် ယေဟောဝါ​မုန်းတော်မူ​သော​အရာများ ပြုကျင့်​နေခြင်း​ကို ရပ်​တန်း​က​ရပ်​ခြင်း​ဖြင့် ကိုယ်တော့်​စိတ်တော်နှင့်​တွေ့​ရန် အခိုင်အမာ​သန္နိ​ဋ္ဌာန်​ချဖို့​လို​သည်။ ဝိညာဉ်​ရေး​ကို ထိခိုက်​စေ​တတ်သော ဤ​အကျင့်ကို​ဖြတ်​ရန် ဘုရားသခင်​၏ သန့်ရှင်းသော​ဝိညာဉ်​တော် အကူအညီ​ရဖို့ မပျက်​မ​ကွက် ဆုတောင်း​သင့်​သည်။ ကျွန်ုပ်​တို့၏​အသက်တာကို ဘုရားသခင့်​အလိုတော်နှင့် ပို​၍​ညီ​ညွှတ်​စေဖို့ ငြိမ်သက်ခြင်း၊ ကောင်းမြတ်​ခြင်း​နှင့် စိတ်​ချုပ်တည်း​ခြင်း​စ​သည့် အရည်အသွေးများ​ကို ကျင့်သုံး​မည်​ဆိုလျှင် ထို​အကျင့်ကို ဖြတ်​နိုင်​ပါ​သည်။—လုကာ ၁၁:၁၃; ဂလာတိ ၅:၂၂၊ ၂၃