မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်စမ်းသပ်မှုမျိုးကိုမဆို ကျွန်ုပ်တို့ဖြေရှင်းနိုင်!

အဘယ်စမ်းသပ်မှုမျိုးကိုမဆို ကျွန်ုပ်တို့ဖြေရှင်းနိုင်!

အဘယ်​စမ်းသပ်မှု​မျိုးကို​မဆို ကျွန်ုပ်​တို့​ဖြေရှင်း​နိုင်!

သင်သည် လောလောဆယ် စမ်းသပ်ခံ​နေရ​ပါသလော။ ဖြေမဆည်​နိုင်​လောက်​အောင် စိတ်ပျက်​နေပါသလော။ သင့်​ပြဿနာ​သည် ကြီးမား​လွန်း​၍ မဖြေရှင်း​နိုင်​တော့​ဟု​ပင် တစ်ခါတစ်ရံ စိုးရိမ်​နေပါသလော။ သို့​ဆိုလျှင် အားယူပါ​လေ! အဘယ်​စမ်းသပ်မှု​မျိုးကို​မဆို ရင်ဆိုင်​ရ​ပါစေ၊ ယင်း​တို့ကို ဘုရားသခင်​ဖြေရှင်း​ပေး​နိုင်​ကြောင်း သမ္မာကျမ်းစာ​က စိတ်ချ​စေ​သည်။

ဘုရားသခင်​၏​ကျေးကျွန်​များသည် “အထူးထူး​အပြားပြား စုံစမ်း​နှောင့်ယှက်ခြင်း​နှင့် တွေ့ကြုံ” ရမည်ဟု သမ္မာကျမ်းစာ​က ဆို​ထား​သည်။ (ယာကုပ် ၁:၂၊ ၃) “အထူးထူး​အပြားပြား” (ဂရိ​လို ပိုင်​ကီ​လို့​စ်) ဟူ​သည့်​စကားလုံး​ကို သတိပြုပါ။ ရှေးခေတ်​အသုံးအနှုန်း​အရ မူရင်း​စကားလုံး​၏​အဓိပ္ပာယ်​မှာ “အမျိုးမျိုး” သို့​မဟုတ် “အရောင်အသွေး​စုံ” ဖြစ်​ပြီး “စမ်းသပ်မှု​အမျိုးမျိုး​အဖုံဖုံ​ရှိ​ခြင်း” ကို​အလေးပေး​ဖော်ပြ​သည်။ ထို့​ကြောင့် ပုံဆောင်​စကား​အရ “အထူးထူး​အပြားပြား စုံစမ်း​နှောင့်ယှက်ခြင်း” ဟူသည် အရောင်အသွေး​မျိုးစုံ​ရှိသော စမ်းသပ်မှု​များ​ဖြစ်သည်။ သို့​ဖြစ်စေ​ကာ​မူ ယင်း​တို့​တစ်ခုစီ​ကို ကျွန်ုပ်​တို့​ဖြေရှင်း​နိုင်​ရန် ယေဟောဝါ​ထောက်မ​ပေး​နေကြောင်း အဘယ်ကြောင့် စိတ်ချ​နိုင်​သနည်း။

‘ဘုရားသခင်​၏ မခံစားထိုက်သော​ကြင်နာ​မှု​ကို နည်း​မျိုးစုံ​ဖြင့် ထင်ရှားပြ’

ခရစ်ယာန်​များသည် “အထူးထူး​အပြားပြား​သော စုံစမ်း​နှောင့်ယှက်ခြင်း​ကို ခံရ” ကြောင်း တမန်​တော်​ပေတရု ဖော်ပြ​၏။ (၁ ပေတရု ၁:၇) နောက်ပိုင်း​တွင် သူ၏​မှုတ်သွင်းခံစာ​စောင်​၌ ‘ဘုရားသခင်​၏​မခံစားထိုက်သော​ကြင်နာ​မှု’ ကို ‘နည်း​မျိုးစုံ​ဖြင့် ထင်ရှားပြ​သည်’ ဟု​ဖော်ပြ​ခဲ့​သည်။ (၁ ပေတရု ၄:၁၀က​ဘ) “နည်း​မျိုးစုံ​ဖြင့်” ဟူသော​စကားစု​သည် မူရင်း​ဂရိ​စကားလုံး​ပုံစံ​နှင့် ဆင်တူ​၏။ ဤ​အသုံးအနှုန်း​နှင့်​ပတ်သက်​၍ ကျမ်း​ပညာရှင်​တစ်ဦး ဤသို့​မှတ်ချက်ချ​၏– “တကယ့်ကို မယုံနိုင်​စ​ရာ အယူအဆ​ပဲ။ . . . ဘုရားသခင်​ရဲ့​ကျေးဇူးတော် [တစ်နည်း​အားဖြင့် မခံစားထိုက်သော​ကြင်နာ​မှု] ကို ပိုင်​ကီ​လို့​စ်​ဖြစ်တယ်​လို့ ဆို​တဲ့​အတွက် ဘုရားသခင့်​ကျေးဇူးတော် မဖြေရှင်း​ပေး​နိုင်​တဲ့ အခြေအနေ​မျိုး​မရှိဘူးလို့ ဆို​နေတာပဲ။ ဘုရားသခင့်​ကျေးဇူးတော် မဖြေရှင်း​နိုင်​တဲ့၊ ဘုရားသခင့်​ကျေးဇူးတော် အနိုင်​မယူ​နိုင်​တဲ့ အခြေအနေ၊ အကျပ်အတည်း၊ အရေးပေါ်​အခြေအနေ ဒါမှ​မဟုတ် လိုအပ်ချက်​ရ​ယ်​လို့ မရှိပါဘူး။ ဘဝမှာ ဘုရားသခင့်​ကျေးဇူးတော် မဖြေရှင်း​နိုင်​တဲ့​အရာ မရှိဘူး။ ဒါ​ကြောင့် ကွင်းကွင်းကွက်ကွက်​ပေါ်လွင်​တဲ့ ပိုင်​ကီ​လို့​စ်​ဆို​တဲ့ ဒီ​စကားလုံး​ဟာ အရာရာကို​တတ်နိုင်​တဲ့ အရောင်အသွေး​မျိုးစုံ​ရှိတဲ့ ဘုရားသခင့်​ကျေးဇူးတော်​ကိုပဲ တန်း​ပြီး​အမှတ်​ရစေတယ်။”

စမ်းသပ်မှု​များနှင့်​လိုက်ဖက်​သော ကြင်နာ​မှု

ပေတရု​၏​အဆို​အရ မခံစားထိုက်သော​ကြင်နာ​မှု​ကို ဘုရားသခင်​ထင်ရှားပြ​သော နည်း​တစ်နည်း​မှာ ခရစ်ယာန်​အသင်းတော်ကို ဖွဲ့စည်းထား​သည့် လူ​အသီးသီး​တို့အား​ဖြင့်​ဖြစ်၏။ (၁ ပေတရု ၄:၁၁) ဘုရားသခင့်​ကျေးကျွန်​တစ်ဦးစီ​သည် စမ်းသပ်ခံ​နေရသူ​များ​အတွက် အားပေးမှု​ရင်းမြစ်​ဖြစ်​နိုင်​သည့် ဝိညာဉ်​ဆုကျေးဇူး သို့​မဟုတ် စွမ်းရည်​များ ပိုင်ဆိုင်​ထား​ကြသည်။ (ရောမ ၁၂:၆-၈) သာဓက​အနေ​နှင့် အသင်းတော်​သား​တချို့​သည် ကျမ်းစာ​သွန်သင်ပေး​ရာ​တွင် ထူးချွန်​ကြသည်။ ၎င်းတို့၏ ထိုးထွင်း​သိမြင်မှု​ရှိသော စကား​များ​က အခြား​သူများကို ခံနိုင်ရည်​ရှိ​ရန် လှုံ့ဆော်ပေး​သည်။ (နေဟမိ ၈:၁-၄၊ ၈၊ ၁၂) အခြားသူ​တို့​မူ အကူအညီ​လိုအပ်​နေ​သူများ​၏ အိမ်​သို့ မှန်မှန်​လည်ပတ်​ကြသည်။ ထိုသို့​သော လည်ပတ်မှုများ​သည် “စိတ်နှလုံး​သက်သာ​စေ” ၍​အားရှိစေ​၏။ (ကောလောသဲ ၂:၂) ကြီးကြပ်မှူး​များသည် ထိုသို့ ယုံကြည်ခြင်း​ခိုင်ခံ့​စေသော လည်ပတ်မှုများ​ပြုလုပ်​သည့်​အခါ ဝိညာဉ်​ဆုကျေးဇူး ပေးကမ်း​ကြ​၏။ (ယောဟန် ၂၁:၁၆) စမ်းသပ်မှု​များ​ကြောင့် ဝမ်းနည်းပူဆွေး​နေသော ယုံကြည်သူချင်း​တို့ကို လှိုက်လှဲ​ကြင်နာ​စွာ၊ နူးညံ့​သိမ်မွေ့စွာ ဆက်ဆံ​တတ်​သူများ​အဖြစ် လူသိ​များ​သူတချို့​လည်း အသင်းတော်တွင်​ရှိ၏။ (တမန်​တော် ၄:၃၆; ရောမ ၁၂:၁၀; ကောလောသဲ ၃:၁၀) ထိုသို့​မေတ္တာပြည့်​ဝ​သော ညီအစ်ကို/မများ​၏ စာနာမှု​နှင့် အားတက်သရော​ကူညီ​မစမှု​တို့သည် ဘုရားသခင့်​မခံစားထိုက်သော​ကြင်နာ​မှု​၏ ထူးခြားချက် သို့​မဟုတ် “အရောင်အသွေး” ဖြစ်သည်။—သု. ၁၂:၂၅; ၁၇:၁၇

“သက်သာခြင်း​အမျိုးမျိုး​တို့၏​အရှင်”

ထို့​ထက်​ကား ယေဟောဝါ​သည် စိတ်နှလုံး​ကို သက်သာ​စေတော်မူ​၏။ ကိုယ်တော်​သည် “သက်သာခြင်း​အမျိုးမျိုး​တို့၏ အရှင်​တည်း​ဟူသော . . . ဆင်းရဲခြင်း​အမျိုးမျိုး​တို့​၌ . . . ငါ​တို့အား သက်သာ​စေ” သူ​ဖြစ်​တော်​မူ​၏။ (၂ ကောရိန္သု ၁:၃၊ ၄) သမ္မာ​ကျမ်းစာ​ပါ​ဉာဏ်ပညာ​နှင့် သန့်ရှင်းသော​ဝိညာဉ်​တော်​မှ​ရသော ခွန်အား​တို့​က ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို ယေဟောဝါ​ဖြေကြား​နေသည့် အဓိက​နည်းလမ်းများ​ဖြစ်သည်။ (ဟေရှာယ ၃၀:၁၈၊ ၂၁; လုကာ ၁၁:၁၃; ယောဟန် ၁၄:၁၆) တမန်​တော်​ပေါလု​ပေး​ခဲ့​သော မှုတ်သွင်းခံ​ကတိတော်​က ကျွန်ုပ်​တို့ကို အားတက်စေ​နိုင်​သည်။ သူ​ဤသို့​ဆို​၏– “သစ္စာ​နှင့်​ပြည့်စုံ​တော်​မူ​သည်​ဖြစ်၍ သင်တို့​မခံနိုင်​သော စုံစမ်း​နှောင့်ယှက်ခြင်း​ကို သင်တို့၌ ရောက်​စိမ့်​သော​ငှာ အခွင့်ပေး​တော်​မ​မူ၊ သင်တို့သည် ခံနိုင်​မည်​အကြောင်း စုံစမ်း​နှောင့်ယှက်ခြင်း​အရာ​နှင့်​တကွ ထွက်မြောက်​သော​လမ်းကို​လည်း စီရင်​ပြုပြင်​တော်​မူ​လိမ့်​မည်။”—၁ ကောရိန္သု ၁၀:၁၃

မှန်ပါသည်၊ ကျွန်ုပ်​တို့​ခံရ​သော​စမ်းသပ်မှု​သည် မည်သည့် “အရောင်အသွေး၊” မည်သည့်​သဘောသဘာဝ​ပင်​ရှိပါစေ၊ ယင်း​နှင့်​လိုက်ဖက်​သော ဘုရားသခင်​၏ မခံစားထိုက်သော​ကြင်နာ​မှု “အရောင်အသွေး” သို့​မဟုတ် ထင်ရှား​ဖော်ပြချက် အမြဲ​ရှိပါ​လိမ့်​မည်။ (ယာကုပ် ၁:၁၇) သွေးဆောင်မှုများ​နှင့် စိန်ခေါ်ချက်​များ မည်မျှ​ပင်​အမျိုးစုံ​ပါစေ၊ ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​များ​အတွက် သင့်တော်​သော​ကူညီ​မစမှု​ကို အချိန်ကိုက်​ပေး​တော်​မူ​ခြင်း​က “ဘုရားသခင်​၏​အထူးထူး​အပြားပြား​သော ပညာတော်” သာဓက​တစ်ခုမျှသာ​ဖြစ်သည်။ (ဧဖက် ၃:၁၁သမ္မာ) အသင် သဘောမတူ​ပေ​လော။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံများ]

ကျွန်ုပ်​တို့၏​စမ်းသပ်မှု​များ​ကို ယေဟောဝါ ကူညီ​ဖြေရှင်း​ပေး