အလုပ်အကိုင်ဆိုင်ရာ အကျပ်ရိုက်မှုများ
အလုပ်အကိုင်ဆိုင်ရာ အကျပ်ရိုက်မှုများ
“အလုပ်လုပ်ရန်—အလုပ်လုပ်ရန်! ကျွန်ုပ်တို့၌ လုပ်စရာများ ရှိသေးသည်ကို သိရခြင်းသည် အလွန်ကြည်နူးဖွယ်ကောင်း၏။”—ကက်သရင်း မဲန်းစဖီးလ်၊ စာရေးဆရာမ (၁၈၈၈-၁၉၂၃)။
အလုပ်လုပ်ခြင်းအပေါ် အဆိုပါအတွေးအမြင်ကို သင်သဘောတူပါသလော။ သင်ကိုယ်တိုင်ကော အလုပ်ကို မည်သို့ရှုမြင်သနည်း။ အလုပ်ဟူသည် သင့်အတွက် ရက်သတ္တပတ်အဆုံးပိုင်း အားလပ်ရက်များကြားမှ ရှည်လျားမှောင်မဲသည့်လိုဏ်ခေါင်းပမာဖြစ်သလော။ သို့တည်းမဟုတ် အလုပ်ကို စွဲလမ်းလွန်းရာ အလုပ်သရဲဖြစ်လုနီးပြီလော။
လူအများစုသည် သူတို့၏အချိန် အားလုံးနီးပါးကို အလုပ်တွင် မြှုပ်နှံထားကြသည်။ ကျွန်ုပ်တို့၏အလုပ်အကိုင်သည် ကျွန်ုပ်တို့နေထိုင်ရာနေရာနှင့် ဘဝပုံစံကို ဆုံးဖြတ်ပေးပေမည်။ လူလားမြောက်ချိန်မှ အငြိမ်းစားယူချိန်အထိ အလုပ်အကိုင်သည် လူအများကို ဩဇာအလွှမ်းဆုံးဖြစ်ကြောင်း တွေ့ရှိကြရသည်။ အချို့သည် မိမိတို့၏အလုပ်အကိုင်မှ အားရကျေနပ်မှုများစွာ ရရှိကြ၏။ အခြားသူတို့မူ ဝင်ငွေ သို့မဟုတ် ဂုဏ်ဒြပ်ဖြင့် အလုပ်အကိုင်၏တန်ဖိုးကို အကဲဖြတ်တတ်ကြသကဲ့သို့ အလုပ်ကို အချိန်ကုန်စေသော သို့မဟုတ် အချိန်ဖြုန်းစေသောအရာဟု ရှုမြင်ကြသူများလည်းရှိသည်။
အသက်ဆက်ဖို့ အလုပ်လုပ်သူများရှိသကဲ့သို့ အလုပ်လုပ်ဖို့ အသက်ဆက်ကြသူများရှိ၏; အခြားသူတို့မှာမူ အလုပ်အကိုင်ကြောင့် သေဆုံးသွားကြရ၏။ ဥပမာ၊ မကြာမီကကုလသမဂ္ဂထုတ်ပြန်သည့် သတင်းတစ်ပုဒ်အရ “စစ်ပွဲများ သို့မဟုတ် မူးယစ်ဆေးနှင့် အရက်သေစာအလွဲသုံးခြင်းတို့ထက်” အလုပ်သည် ပိုမိုအနာတရဖြစ်စေပြီး သေစေသည်။ ယင်းနှင့်ပတ်သက်၍ လန်ဒန်မြို့၏သည်ဂါးဒီးယန်း သတင်းစာက ဤသို့ဆိုသည်– “အလုပ်တွင် မတော်တဆဖြစ်မှုများနှင့် အလုပ်ကြောင့်ရောဂါဖြစ်ခြင်းတို့အတွက် နှစ်စဉ် လူနှစ်သန်းကျော် သေဆုံးကြသည်။ . . . ဖုန်၊ ဓာတုပစ္စည်းများ၊ အသံဗလံနှင့် ဓာတ်ရောင်ခြည် ထိတွေ့မှုများခြင်းတို့က ကင်ဆာ၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ကိုဖြစ်စေသည်။” လက်ရှိလုပ်ငန်းခွင်အခြေအနေ၏ အကျည်းတန်ဖြစ်ရပ်နှစ်ခုမှာ ကလေးအလုပ်သမားရှိခြင်းနှင့် အတင်းအကျပ်စေခိုင်းမှုတို့ဖြစ်သည်။
ထို့အပြင် “ဆူပါနိုဗာချုံးချုံးကျမှု” ဟု စိတ်ပညာရှင် စတီဗင် ဗားကလပ်စ်ခေါ်ဆိုခဲ့ရာလည်း ရှိသေးသည်။ သူက အလုပ်အကိုင်တွင် အထွတ်အထိပ်ရောက်သွားသော လုံ့လရှိလုပ်သားတစ်ဦးသည် “ရုန်းမထွက်နိုင်သည့်အပြင် စိတ်ပိုင်းအရ အားရကျေနပ်မှုလည်းမရသော အလုပ်အကိုင်တစ်ခု သို့မဟုတ် လုပ်ငန်းစဉ်တစ်ခုတွင် ညှပ်ပိတ်မိနေသည်ဟု ယူမှတ်သောကြောင့် တာရှည်စိုးရိမ်ပူပန်မှု၊ စိတ်ဆင်းရဲမှု၊ စိတ်ပျက်အားလျော့မှု” တို့ကိုသာ ခံစားရသည့်အဖြစ်ကို ရှင်းပြသည်။
အလုပ်ကြိုးစားခြင်းနှင့် အလုပ်သရဲဖြစ်ခြင်း
အလုပ်ကို နာရီပေါင်းများစွာ တပင်တပန်းလုပ်ကိုင်ရသော ဤလောကတွင် အလုပ်ကြိုးစားလုပ်သူများနှင့် အလုပ်သရဲများကို ခွဲခြားသိမြင်တတ်ဖို့လိုသည်။ အလုပ်သရဲများစွာသည် အန္တရာယ်ထူပြော၍ စိတ်မချရသော ဤလောကတွင် လုပ်ငန်းခွင်ကို လုံခြုံသည့်နေရာဟု ရှုမြင်ကြ၏; ဝီရိယရှိသူများကမူ အလုပ်ကို မလုပ်၍မဖြစ်ကြောင်း၊ တစ်ခါတစ်ရံ ကျေနပ်မှုပေးသောတာဝန်တစ်ခုအဖြစ်ပင် ယူမှတ်ကြကြောင်း တွေ့ရှိရသည်။ အလုပ်စွဲလွန်းသူ အလုပ်သရဲများသည် အလုပ်မှအပ အခြားဘဝကဏ္ဍအသီးသီးကို အရေးမပေးကြချေ; အလုပ်ကြိုးစားသူများမူ ကွန်ပျူတာပိတ်ပြီး အာရုံပြောင်းရမည့်အချိန်ကိုသိသည်၊ မိမိတို့၏မင်္ဂလာနှစ်ပတ်လည်ပွဲ ကျင်းပချိန်တွင် ရောက်ရှိနေကြဖို့ သတိရသည်။ အလုပ်သရဲတို့သည် မနိုင်မကန်လုပ်ကိုင်ခြင်းကို ကျေနပ်အားရကြပြီး စိတ်လှုပ်ရှားတက်ကြွနေတတ်ကြသည်; အလုပ်ကြိုးစားလုပ်ကိုင်သူများမူ ထိုသို့မခံစားကြရပေ။
ခေတ်သစ်လူ့ဘောင်သည် မနိုင်မကန်အလုပ်လုပ်ခြင်းကို စွဲမက်စရာဖြစ်စေသဖြင့် ယင်းတို့နှစ်ခုကို ရောထွေးစေသည်။ မိုဒမ်များ၊ ဆဲလ်ဖုန်းများနှင့် ပေဂျာများကြောင့် အလုပ်ခွင်နှင့် အိမ်ကို ခွဲမရအောင်ဖြစ်စေပေမည်။ နေရာတိုင်းက အလုပ်ခွင်၊ အချိန်တိုင်းက အလုပ်ချိန် ဖြစ်နေနိုင်ရာ အချို့သူတို့သည် သေလုမတတ် အလုပ်လုပ်လေ့ရှိသည်။
ထိုသို့သော အကျိုးမပြုသည့် သဘောထားမျိုးကို အချို့ မည်သို့တုံ့ပြန်ကြသနည်း။ မနိုင်မကန်အလုပ်လုပ်၍ အလုပ်ပိသည့်ဒဏ် ခံနေရသူတို့သည် လုပ်ငန်းခွင်သို့ ဝိညာဉ်ရေးသွင်းပြီး ဘာသာရေးနှင့် အသက်မွေးဝမ်းကျောင်းအလုပ်ကို ပေါင်းစပ်ခြင်း ခေတ်စားနေကြောင်း လူမှုရေးပညာရှင်များ သတိပြုမိခဲ့ကြသည်။ “ဝိညာဉ်ရေးရာကို အလုပ်နှင့် ပေါင်းစပ်ခြင်းသည် အများသိအံ့ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်လာပြီ” ဟုဆန်ဖရန်စစ္စကို အက်ဇမ်မနာသတင်းစာက ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုရှိ အဆင့်မြင့်နည်းပညာ တီထွင်မှုဗဟိုဌာနတစ်ခုဖြစ်သော ဆီလီကွန်တောင်ကြားနှင့်ပတ်သက်၍ မကြာသေးမီက သတင်းတစ်ပုဒ်တွင် ဤသို့ဆိုသည်– “ဝန်ထမ်းများကိုဆက်လျှော့နေရာ ယာဉ်ရပ်နားရာ နေရာလွတ်များ များလာသည်ကို အလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ရှိနေကြစဉ် ညနေခင်းကျမ်းစာသင်တန်းများတွင်မူ ကားရပ်ဖို့နေရာလွတ် မရှိသလောက်ဖြစ်သည်။” ယင်းက မည်သည့်အဓိပ္ပာယ်ပင် သက်ရောက်နေပါစေ အလုပ်အကိုင်အပေါ် အပြုသဘောရှိစေပြီး ပို၍ဟန်ချက်ညီစွာ အသက်ရှင်စေရန် သမ္မာကျမ်းစာက ဩဇာညောင်းကြောင်း ကမ္ဘာတစ်ဝန်းမှ လူအများတွေ့ရှိနေကြသည်။
အလုပ်အကိုင်အပေါ် မျှတသောအမြင်ရှိရန် သမ္မာကျမ်းစာက မည်သို့ထောက်ကူပေးနိုင်သနည်း။ ယခုခေတ်အလုပ်ခွင်ရှိ စိန်ခေါ်ချက်များကို အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းစေနိုင်သော ကျမ်းစာမူ တစ်စုံတစ်ရာရှိပါသလော။ ဤမေးခွန်းများကို နောက်ဆောင်းပါးက ဆွေးနွေးသုံးသပ်ပါလိမ့်မည်။