မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ—အသက်ရှင်နေထိုင်ရေးအတွက် ပြဋ္ဌာန်းစာအုပ်

သမ္မာကျမ်းစာ—အသက်ရှင်နေထိုင်ရေးအတွက် ပြဋ္ဌာန်းစာအုပ်

သမ္မာကျမ်းစာ—အသက်ရှင်​နေထိုင်​ရေး​အတွက် ပြဋ္ဌာန်း​စာအုပ်

“ဘုရားသခင်​၏​နှုတ် [မြွက်] တရားတော်​သည် အသက်ရှင်ခြင်း၊ တန်ခိုး​နှင့်​ပြုပြင်ခြင်း၊ သန်လျက်​တကာ​တို့​ထက် ထက်​ခြင်း​နှင့်​ပြည့်စုံ​သည်​ဖြစ်၍ . . . စိတ်နှလုံး​အကြံအစည်​များ​ကိုလည်း သိမြင်​တတ်၏။” (ဟေဗြဲ ၄:၁၂) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏​ပြီးမြောက်နိုင်စွမ်း​နှင့်​ပတ်သက်​သည့် ဤ​ဖော်ပြချက်​က သမ္မာကျမ်းစာ​သည် စာအုပ်​ကောင်း​တစ်အုပ်​မျှ​သာမက​ကြောင်း ဖော်ပြ​ပေး​သည်။

“ယင်း​၏​သတင်းတရားသည် ကျွန်ုပ်​တို့​ဘဝ​အတွက် နောက်​ထွက်သက်​ဝင်​သက်​တ​မျှ​အရေးကြီး​သည်” ဟု​ဘာသာရေး​စာရေး​ဆရာ​တစ်ဦး​က လိုရင်းတိုရှင်း​ဖော်ပြ​ခဲ့​၏။ ထို့နောက် သူ​ဤသို့​ဆက်​ပြော​သည်– “ကျွန်ုပ်​တို့၏​တောင့်တ​မှု​နှင့် ယနေ့​ကုစား​ချက်​အတွက်​လိုအပ်မှု​အကြောင်း သင်​သုံးသပ်​၍ ထို​ရှုထောင့်​ဖြင့်​သမ္မာကျမ်းစာ​ကို ဖတ်ရှု​သောအခါ အံ့အားသင့်​ဖွယ်​ကောင်း​သည့်​ရလဒ်များ လိုက်ပါ​လာ​သည်။” တောက်ပ​စွာ​ထွန်းလင်း​သော မီးအိမ်​တစ်လုံး​ကဲ့သို့ သမ္မာကျမ်းစာ​သည် ခေတ်​သစ်​အသက်ရှင်နေ​ထိုင်​မှု​၏ ရှုပ်ထွေး​ပွေလီ​သော​အခက်အခဲ​ပြဿနာ​များစွာကို ရှင်းရှင်းလင်းလင်း​မြင်သာ​စေ​သည်။—ဆာလံ ၁၁၉:၁၀၅

အမှန်​မှာ သမ္မာကျမ်းစာ​၌​ဖော်ပြ​ထားသော ဉာဏ်ပညာ​သည် ကျွန်ုပ်​တို့၏​တွေးခေါ်မှု​ကို ပုံသွင်း​ပေး​ရန်၊ ပြဿနာ​များ​ဖြေရှင်း​ရာ​၌ ကျွန်ုပ်​တို့ကို ကူညီပေး​ရန်၊ ကျွန်ုပ်​တို့​ဘဝ​အသက်တာ​၏​အရည်အသွေးကို တိုးတက်စေ​ရန်​နှင့် ကျွန်ုပ်​တို့​ပြောင်းလဲ​ပစ်​ရန်​မတတ်နိုင်​သော အခြေအနေ​များ​ကို ကျော်လွှား​နိုင်စွမ်း​များ​ဖြင့် ကျွန်ုပ်​တို့အား ထောက်ပံ့​ပေး​ရန် တန်ခိုး​ရှိသည်။ အရေးပါဆုံး​မှာ သမ္မာကျမ်းစာ​သည် ဘုရားသခင်​အား သိရှိ​လာရန်​နှင့် ချစ်​မြတ်နိုး​တတ်လာ​စေရန် ကျွန်ုပ်​တို့ကို ဖြည့်ဆည်း​ပေး​၏။

ရည်ရွယ်ချက်​ပေး​သော စာအုပ်

သမ္မာကျမ်းစာ​၏​အာဘော်ရှင်၊ ယေဟောဝါ​ဘုရားသခင်​သည် ‘ကျွန်ုပ်​တို့၏​နည်းလမ်း​ရှိသမျှကို သိကျွမ်း​တော်​မူ​၏။’ ကိုယ်တော်​သည် ကျွန်ုပ်​တို့၏ ကာယရေး၊ စိတ်​လှုပ်ရှားမှု​နှင့် ဝိညာဉ်​ရေးရာ​လိုအပ်ချက်​များ​ကို ကျွန်ုပ်​တို့​သိ​သည်ထက်​သာ၍​သိတော်မူ​သည်။ (ဆာလံ ၁၃၉:၁-၃သမ္မာ) ထောက်ထား​စာနာ​လျက် ကိုယ်တော်​သည် လူသား​တို့၏​အပြု​အမူ​အတွက် ရှင်းလင်း​သော​ကန့်သတ်ချက်​များ​ကို သတ်မှတ်​ပြဋ္ဌာန်း​ပေး​တော်​မူ​သည်။ (မိက္ခာ ၆:၈) အဆိုပါ​ကန့်သတ်ချက်​များနှင့်​ညွှန်ကြားချက်​များ​ကို သိ​နားလည်​ရန်ရှာ​ကြံ​ကာ ယင်း​တို့​နှင့်​အညီ အသက်ရှင်​နေထိုင်​တတ်​ရန်​သင်ယူခြင်း​သည် ဉာဏ်​အမြော်အမြင်​ရှိရာ​ကျ​သည်။ “[“ယေဟောဝါ၊” က​ဘ] ၏​တရားတော်​၌​မွေ့လျော်” သော​သူတို့သည်​ပျော်ရွှင်​၏​ဟု ဆာလံဆရာ​က​ပြော​သည်။ “ပြု​လေ​သမျှ​တို့​၌​အောင်​လိမ့်​သတည်း။” (ဆာလံ ၁:၁-၃) ယင်း​သို့​သော​အလားအလာ​တစ်ခု​ကို အမှန်ပင် ကျွန်ုပ်​တို့​ဆန်းစစ်​လေ့လာ​ထိုက်​သည်။

အငြိမ်းစား​ကျောင်း​ဆရာ​ဖြစ်သော မော​ရ​စ္စ​သည် သမ္မာကျမ်းစာ​သည် သမိုင်း​ဆိုင်ရာ​နှင့် စာပေ​ဆိုင်ရာ​တို့​ဘက်တွင် အတော်အတန်​တန်ဖိုး​ရှိကြောင်း အမြဲ​ယုံကြည်​ထား​၏။ သို့​တိုင် ယင်းကို ဘုရားသခင်​မှုတ်သွင်း​ထား​သည်​ဆို​သည့်​အချက်​ကို​မူ သူ သံသယဝင်​ခဲ့​သည်။ ဘုရားသခင်​သည် မိမိ၏ ရေးသား​ထားသော​နှုတ်မြွက်​စကားတော်​ကို လူ​တို့အား အဘယ်ကြောင့်​ပေး​ရ​ကြောင်း ရှင်းပြချက်​တစ်ရပ်​ကို မော​ရ​စ္စ​ကြားနာ​လိုက်ပြီး​နောက် သူသည် သမ္မာကျမ်းစာ​ပရောဖက်ပြုချက်​အမျိုးမျိုးကို ဆန်းစစ်​ခဲ့​၏။ အသက်ငယ်​စဉ်​က သူသည် ရှေးခေတ်​သမိုင်း၊ စာပေ၊ သိပ္ပံ​နှင့် ပထဝီ​တို့ကို​လေ့လာ​ခဲ့​၏။ သမ္မာကျမ်းစာ​၏​စစ်မှန်​မှု​ကို​ထောက်ခံ​ပေး​သည့် နမူနာ​များစွာ​ကို​အသိအမှတ်​ပြုခြင်း​သည် မိမိ၏​မျက်စိ​ထဲ​တွင် အလွန်​ဉာဏ်​အမြော်အမြင်​ရှိရာ​ကျ​ကြောင်း သူက​ဝန်ခံခဲ့​သည်။ “ကျွန်တော်​ဟာ အေးအေးလူလူ၊ ချမ်းချမ်းသာသာ​နဲ့ ဘဝရဲ့​ပျော်ရွှင်​ကြည်နူး​စ​ရာတွေ​ရ​ရေး​အတွက် မျက်စိ​စုံ​မှိတ်​ပြေးပွဲ​မှာ အ​ငိုက်​ဖမ်း​ခံ​လိုက်ရတယ်။ အကြောင်း​မလှ​စွာ​နဲ့ ကျွန်တော်​ဟာ ရေးထား​ခဲ့​သမျှ​မှာ အကြီးမြတ်ဆုံး​စာအုပ်​ရဲ့ အလှ​တရား​နဲ့ မှန်ကန်မှု​ကို မသိ​မမြင်​မိ​ဘဲ​ဖြစ်နေ​ခဲ့တယ်။”

ယခု အသက် ၇၀ ကျော်​ပိုင်း​ရောက်နေပြီ​ဖြစ်သော မော​ရ​စ္စ​သည် တမန်​တော်​သောမ​ရှေ့၌ ယေရှု​ကိုယ်ယောင်​ထင်ရှားပြ​သည့် မှတ်တမ်း​ကို​ရည်ညွှန်း​လျက် ကျေးဇူး​တင်​စွာ​ဤသို့​ပြော​ခဲ့​သည်– “ကျွန်တော်​ရဲ့​လက်​ဟာ ‘သွေး​ထွက်​နေသော​ဒဏ်ရာ’ ကို​စမ်း​မိ​ခဲ့​ပြီး သမ္မာကျမ်းစာ​ဟာ အမှန်တရား​ဟုတ်​ပါ့​မလား​ဆို​တဲ့ သံသယစိတ်​မှန်သမျှကို ထာဝရ​ပျောက်ကင်း​သွားစေတယ်။” (ယောဟန် ၂၀:၂၄-၂၉) တမန်​တော်​ပေါလု တော်မှန်​စွာ​ပြောဆို​ခဲ့​သကဲ့သို့ သမ္မာကျမ်းစာ​သည် စိတ်နှလုံး​အကြံအစည်​များ​ကို​ဖော်ပြ​ပေး​ကာ ဘဝကို​အဓိပ္ပာယ်​ရှိစေသည်။ ယင်းသည် အမှန်ပင် အသက်ရှင်​နေထိုင်​ရေး​အတွက် ပြဋ္ဌာန်း​စာအုပ်​ဖြစ်သည်။

မငြိမ်း​ချမ်း​သော​ဘဝကို တည်ငြိမ်ခြင်း​တိုးပွား​စေ

မိမိတို့၏​အကျင့်ဆိုး​များ​ဖယ်ရှားပစ်​ရန် သမ္မာကျမ်းစာ​က လူ​တို့ကို​အကူအညီ​ဖြစ်စေ​သည့် ဆုံးမ​စကား​ကိုလည်း​ဖော်ပြ​ပေး​သည်။ ဒယ်နီယယ်​လ်​သည် မသန့်ရှင်း​သော​အကျင့်​ဖြစ်သည့် ဆေးလိပ်​သောက်​ခြင်း​အပြင် အောက်ခြေ​လွတ်​ပါတီပွဲ​တက်ရောက်ခြင်း​နှင့် အရက်​သေ​စာ​အလွဲသုံးစား​ပြုခြင်း​ကို ရပ်စဲ​ပစ်​ရာ​၌ အောင်မြင်မှု​ရရှိရန် စွမ်းဆောင်​နိုင်​ခဲ့​၏။ (ရောမ ၁၃:၁၃; ၂ ကောရိန္သု ၇:၁; ဂလာတိ ၅:၁၉-၂၁) အမှန်​အားဖြင့် ယင်း​ကဲ့သို့​သော​အကျင့်​များ​ကို အမြစ်​မှ​နုတ်​ပစ်​ရန်​နှင့် “လူသစ်​ကို” ယူတင်​ဝတ်ဆောင်​ရန် စုပေါင်း​အားထုတ်မှု​လိုအပ်​သည်။ (ဧဖက် ၄:၂၂-၂၄) “ကျွန်တော်​တို့​ဟာ မစုံလင်​ကြ​လို့ ဒါဟာ တကယ်ပဲ​စိန်ခေါ်ချက်​ဖြစ်​ခဲ့တယ်” ဟု​ဒယ်နီယယ်​လ်​က​ပြော​သည်။ မည်သို့​ပင်​ဖြစ်စေ သူ​အောင်မြင်​ခဲ့​၏။ ယခု ဒယ်နီယယ်​လ်​သည် ဘုရားသခင်​၏​နှုတ်မြွက်တော်​ကို နေ့စဉ်​ဖတ်ရှု​ခဲ့​ပြီး ယင်းက သူ့​အား ယေဟောဝါ​နှင့်​ဆက်လက်​နီးကပ်​စေ​သည်။

ကြီးပြင်း​လာ​သည်​နှင့်​အမျှ ဒယ်နီယယ်​လ်​သည် သမ္မာကျမ်းစာ​အပေါ် အမြဲ​ပင်​နက်နက်ရှိုင်းရှိုင်း​လေးမြတ်မှု​ရှိခဲ့​ပြီး ယင်းကို သူ​ဘယ်တော့​မျှ​မဖတ်​ခဲ့​သော်လည်း ဘုရားသခင်​ထံ ည​တိုင်း​ဆုတောင်း​ခဲ့​သည်။ သို့​တိုင် တစ်ခုခု လို​နေသည်။ ပျော်ရွှင်မှု​က သူ့ကို​ရှောင်ကွင်း​သွား​သည်။ သမ္မာကျမ်းစာ​၌ ဘုရားသခင့်​နာမတော်​ကို ဦးဆုံး​အကြိမ်​တွေ့ရှိ​သောအခါ အလှည့်အပြောင်း​ဖြစ်သွား​လေ​တော့​သည်။ (ထွက်မြောက်ရာ ၆:၃; ဆာလံ ၈၃:၁၈) ထို​နောက်​တွင် သူ​ဆုတောင်း​သောအခါ ယေဟောဝါ​၏​နာမတော်​ကို အသုံးပြု​လာ​ခဲ့​ပြီး သူ၏​ဆုတောင်းချက်​များသည် သာ၍​နှစ်​ကိုယ်​ချင်း​ဆန်​လာ​ခဲ့​သည်။ “ယေဟောဝါ​ဟာ ကျွန်တော့်​ရဲ့​အရင်းနှီးဆုံး​ပုဂ္ဂိုလ်​ဖြစ်လာ​ခဲ့​ပြီး ကိုယ်တော်​ဟာ ကျွန်တော်​ရဲ့​အရင်းနှီးဆုံး​မိတ်ဆွေ​ဖြစ်​ဆဲ​ပါ​ပဲ။”

သမ္မာကျမ်းစာ​ကို​မသိ​ရှိ​မီ အနာဂတ်​နှင့်​ပတ်သက်​၍ ဒယ်နီယယ်​လ်​၏​ရှုမြင်ချက်​မှာ မျှော်လင့်ချက်မဲ့​နေ​၏။ သူက “ကမ္ဘာ​ပေါ်မှာ ဘာတွေ​ဖြစ်နေ​တယ်​ဆိုတာ သိရှိဖို့ ဉာဏ်​သိပ်​ကောင်း​ဖို့​မလိုပါဘူး။ ကျွန်တော်​ဟာ ထိတ်​ထိတ်လန့်​လန့်​နဲ့​ဖြစ်နေ​ပြီး အဲ့ဒီ​ထိတ်လန့်​မှု​တွေ​ကို စိတ်ထဲ​က​ပျောက်​သွား​စေဖို့ အလုပ်မှာ​ပဲ ကြိုးစား​ပြီး​နှစ်​ထား​တယ်” ဟု​ဆို​၏။ ထို့နောက် ဘုရားသခင်​သည် သန့်စင်​ထားသော​ကမ္ဘာ​မြေ​တွင် လူတိုင်း​အတွက် တရား​မျှတခြင်း​ကို အခြေချ​ပေး​မည်​ဖြစ်​ပြီး ထို​တွင် နာခံမှု​ရှိသော​လူသားများ​သည် ထာဝစဉ်​ငြိမ်သက်ခြင်း​နှင့် ပျော်ရွှင်မှု​ကို မွေ့လျော်​နိုင်​ကြ​ကြောင်း သူသိ​ရှိလာ​ခဲ့​သည်။ (ဆာလံ ၃၇:၁၀၊ ၁၁; ဒံယေလ ၂:၄၄၊ ၄၅; ဗျာဒိတ် ၂၁:၃၊ ၄) ဒယ်နီယယ်​လ်​၌ ယခု​သေချာ​သော​မျှော်လင့်ချက် ရှိနေပြီ။ သမ္မာကျမ်းစာ​၏ ဤ​တည်တံ့​မြဲမြံ​သော​လွှမ်းမိုးမှု​က သူ့​အား ဘဝကို အပြု​သဘောဖြင့် ဆက်​ရှုမြင်​ရန်ဖြစ်​စေ​သည်။

စိတ်​လှုပ်ရှားမှု​ဆိုင်ရာ​ပြဿနာ​များ​ကို ကျော်လွှား​ရာ​၌ ကူညီပေး

ဂျော့ခ်ျ​သည် မိမိ၏​မိခင်​ဖြစ်သူ ဆုံးပါး​သွားစဉ်​က အသက်​ခု​နစ်​နှစ်​သာ​ရှိသေး​သည်။ နောက်​တစ်နေ့​နံနက်​တွင် သူ​နိုးထ​လာ၊ မလာ​ကို​မသိ​ရ​၍ ညအိပ်​ရာ​ဝင်​ရမည်ကို သူ​စိုးရိမ်​ထိတ်လန့်​ခဲ့​၏။ ထို​နောက်​တွင် သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း​နှင့်​ပတ်သက်​သည့် ယေရှု​ဤ​မိန့်တော်မူချက်​ကို သူ​ဖတ်​မိ​ခဲ့​သည်– “သင်္ချိုင်း​များ​မှာ​ရှိသောသူ​အပေါင်းတို့သည် သားတော် [ယေရှု] ၏​စကားသံ​ကို​ကြား​၍၊ ထွက်​ရမည့်​အချိန်ကာလ​ရောက်​လတ္တံ့။” ယေရှု၏ ဤ​စကား​များ​က​လည်း သူ၏​စိတ်နှလုံး​ကို​ထိမိ​ခဲ့​သည်– “ငါသည်​ထမြောက်ခြင်း​အကြောင်း၊ အသက်ရှင်ခြင်း​အကြောင်း​ဖြစ်၏။ ငါ့ကို​ယုံကြည်​သော​သူသည် သေလွန်​သော်လည်း​ရှင်​လိမ့်​မည်။” (ယောဟန် ၅:၂၈၊ ၂၉; ၁၁:၂၅) ထိုသို့​သော​အယူအဆ​များသည် ယုတ္တိတန်​သည်၊ ဆင်ခြင်တုံ​တရား​နှင့်​ညီ​ကာ စိတ်အားတက်​စေ​သည်။ ဂျော့ခ်ျ​က “ဒီ​အမှန်တရားဟာ စိတ်အာရုံ​ကို​စွဲ​ဆောင်​ရုံ​မ​က စိတ်နှလုံး​ကိုလည်း​ထိမိ​စေတယ်” ဟု​ပြော​သည်။

အစောပိုင်း​၌​ဖော်ပြ​ခဲ့​သော ဒယ်နီယယ်​လ်​သည်လည်း စိုးရိမ်​ကြောက်ရွံ့​ခဲ့​သည်။ သူ၏​မိခင်​သည် သူ့ကို​ကျွေးမွေး​စောင့်ရှောက်ခြင်း​ငှာ​မတတ်နိုင်​သဖြင့် သူသည် မွေးစား​အိမ်များ​စွာ​တွင်​နေထိုင်ခဲ့​ရ၏။ အမြဲ​ပင် အပြင်လူ​တစ်ဦး​အဖြစ်​ခံစား​ရပြီး မေတ္တာပါ​သော​မိသားစုဝင်​၏​လုံခြုံမှု​ကို သူ​တမ်းတ​ခဲ့​သည်။ နောက်ဆုံး​တွင် သမ္မာကျမ်းစာ​ကို လေ့လာ​ခဲ့​ခြင်း​မှ​တစ်ဆင့် မိမိ​ရှာဖွေ​နေသော​အရာ​ကို သူ​တွေ့ရှိ​ခဲ့​သည်။ ဒယ်နီယယ်​လ်​သည် ယေဟောဝါသက်သေ​တို့၏​ခရစ်ယာန်​အသင်းတော်​နှင့် ပေါင်းသင်းလာ​ခဲ့​ပြီး ဝိညာဉ်​ရေးရာ​မိသားစု​၏ အစိတ်အပိုင်း​ဖြစ်လာ​ကာ အခြားသူများ​၏ လက်ခံမှု​နှင့် မေတ္တာ​တို့ကို​ခံစားရ​လေ​သည်။ အမှန်​မှာ သမ္မာကျမ်းစာ​သည် လက်တွေ့​နည်းဖြင့်​လည်းကောင်း၊ စိတ်​လှုပ်ရှားမှု​ပိုင်း​၌ ကျေနပ်မှု​ရသည့်​နည်းဖြင့်​လည်းကောင်း အကျိုးပြု​သည်။

ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​စိတ်​တွင်​ရှိရာ​နှင့် ကျွန်ုပ်​တို့​ဘာကို​ရှာဖွေ​နေကြောင်း သိတော်မူ​သည်ကို သတိရပါ။ ဘုရားသခင်​သည် “စိတ်နှလုံး​တို့ကို​ချိန်​တော်​မူ” ၍ “လူ​အသီးအသီး​တို့အား မိမိတို့​အကျင့်​အတိုင်း” ပေး​တော်​မူ​သည်။—သု. ၂၁:၂; ယေရမိ ၁၇:၁၀

မိသားစု​ဘဝတွင် လက်တွေ့ကျ​သော​ဆုံးမ​စကား

လူသားချင်း​ဆက်ဆံ​ရေး​ကိစ္စ​များနှင့်​ပတ်သက်​လာ​လျှင် သမ္မာကျမ်းစာ​က လက်တွေ့ကျ​သော​ဆုံးမ​စကား​များ​ကို ပေး​ထား​သည်။ ဂျော့ခ်ျ​က ဤသို့​ပြော​သည်– “ပုဂ္ဂိုလ်ရေး​ပဋိပက္ခ​များ ဒါမှ​မဟုတ် နားလည်မှု​လွဲမှား​မှုများ​ဟာ ဘဝမှာ ဖိစီးမှု​အပြင်းထန်ဆုံး​အခြေအနေ​တွေ​ပါ​ပဲ။” ယင်း​တို့ကို သူ​မည်သို့​ဖြေရှင်း​ခဲ့​သနည်း။ “တစ်စုံ​တစ်ယောက်​ဟာ တစ်ခုခု​မှာ ကျွန်တော်​နဲ့ သဘောထား​ချင်း​ဆန့်ကျင်​နေတယ်လို့ ခံစား​မိရင် မဿဲ ၅:၂၃၊ ၃၄ မှာပါတဲ့ ‘သင်၏​ညီအစ်ကို​နှင့်​သင့်တင့်​အောင် ပြုလုပ်​ပါ’ ဆို​တဲ့​ဆုံးမ​စကား​ကို ကျွန်တော် လက်တွေ့​ကျင့်သုံး​တယ်။ ပဋိပက္ခ​ဖြစ်မှု​ကို ကျွန်တော်​ဖွင့်ပြော​လိုက်​နိုင်​ခြင်း​ကြောင့် အကျိုး​ရလဒ်​တွေ​ရရှိတယ်။ သမ္မာကျမ်းစာ​မှာ​ဖော်ပြ​ထား​တဲ့ ဘုရားသခင့်​ရေးရာ​ငြိမ်သက်မှု​ကို ကျွန်တော်​ခံစား​နိုင်တယ်။ ဒီ​သွန်သင်ချက်​ဟာ အလုပ်​ဖြစ်တယ်။ တော်​တော့်​ကို လက်တွေ့ကျပါ​တယ်။”—ဖိလိပ္ပိ ၄:၆၊ ၇

ခင်ပွန်း​နှင့် ဇနီး​သဘောထား​ကွဲလွဲ​သောအခါ နှစ်ဦးစလုံး​သည် “နား​ကြား​ခြင်း​ငှာ​လျင်မြန်​ကြ​စေ။ စကားပြော​ခြင်း​ငှာ​လည်းကောင်း၊ အမျက်ထွက်ခြင်း​ငှာ​လည်းကောင်း နှေး​ကြ” ရန်လို​သည်။ (ယာကုပ် ၁:၁၉) ယင်း​သို့​သော​အကြံပေး​ချက်​က ဆက်ဆံ​ရေး​ကို​တိုးတက်စေ​သည်။ ဂျော့ခ်ျ​က ဤသို့​ဆက်​ပြော​သည်– “ချစ်​မြတ်နိုး​ဖို့နဲ့ မိမိကိုယ်ကို​ဆက်ဆံ​သလို ဇနီးသည်​ကို​ပြုမူ​ဆက်ဆံ​ဖို့ ဆုံးမ​စကား​ကို ကျွန်တော်​ကျင့်သုံး​တဲ့​အခါ ချက်ချင်းပဲ​အကျိုး​ရလဒ်​တွေ​ကို တွေ့ရ​တယ်။ ကျွန်တော့်​ကို ရိုသေ​လေးစားဖို့ သူ့​အတွက် ပို​ပြီး​လွယ်ကူစေတယ်။” (ဧဖက် ၅:၂၈-၃၃) မှန်ပါသည်၊ သမ္မာကျမ်းစာ​သည် ကျွန်ုပ်​တို့၏​ကိုယ်တိုင်​မစုံလင်မှု​များ​ကို မည်သို့​အသိအမှတ်ပြု​ပုံ​နှင့် ကိုင်တွယ်​ဖြေရှင်းပုံ​သာမက အခြား​သူတို့၏​မစုံလင်မှု​များ​ကို နိုင်​နိုင်နင်း​နင်း​ကိုင်တွယ်​ပုံ​တို့ကို​ပါ သွန်သင်ပေး​သည်။

ခံနိုင်ရည်​ရှိစေ​သည့် ဆုံးမ​စကား

ပညာရှိ​ရှောလမုန်က ဤသို့​ဆို​သည်– “ထာဝရ​ဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​လော့။ ကိုယ်​ဉာဏ်​ကို​အ​မှီ​မပြု​နှင့်။ သွား​လေ​ရာ​ရာ​၌ ထာဝရ​ဘုရား​ကို​မျက်မှောက်ပြု​လော့။ သို့ပြုလျှင် သင်၏​လမ်းခရီး​တို့ကို ပဲ့ပြင်​တော်​မူ​မည်။” (သု. ၃:၅၊ ၆) ထိုစကား​များသည် အလွန်​ရိုးရှင်း​သော်​ငြား​လည်း အလွန်​နက်ရှိုင်း​လှ​ပေ​သည်!

သမ္မာကျမ်းစာ​သည် ကောင်းမှု​ပြု​ရန် တွန်းအား​ဖြစ်သည်။ ယင်းသည် ဘုရားသခင်​အား ချစ်​မြတ်နိုးသူ​များ​အား သူတို့၏​အသက်တာကို ကိုယ်တော်​၏​အလိုတော်နှင့်​အညီ​ဖြစ်စေ​ရန်​နှင့် ‘ယေဟောဝါ​၏​တရားလမ်း​၌​လိုက်လျှောက်’ ကြ​ရာ​တွင် ပျော်ရွှင်မှု​ရှိစေရန် စွမ်းဆောင်​ပေး​နိုင်၏။ (ဆာလံ ၁၁၉:၁) ကျွန်ုပ်​တို့၏​အခြေအနေ​များ​မှာ မည်သို့​ပင်​ရှိပါစေ ကျွန်ုပ်​တို့​လိုအပ်​သည့် ညွှန်ကြားချက်​နှင့် သွန်သင်ချက်​တို့ သမ္မာကျမ်းစာ​တွင် ပါရှိ​သည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ယင်းကို နေ့စဉ်​ဖတ်ရှု​၍ သင်​ဖတ်ရှု​သော​အရာ​ကို စဉ်းစား​ဆင်ခြင်​ကာ ယင်းကို လက်တွေ့​ကျင့်သုံး​ပါ။ သင်၏​စိတ်နှလုံး​ကို ယင်းက ဆက်လက်​ကြည်လင်​စေ​လိမ့်​မည်​ဖြစ်​ပြီး စင်ကြယ်​၍​ကျန်း​ခံ့​သော​အရာများ​ကို ဆက်လက်​အာရုံစိုက်​စေမည်။ (ဖိလိပ္ပိ ၄:၈၊ ၉) ဘဝတွင် သင်​မည်သို့​နေထိုင် ပျော်မွေ့​မည်​ကို​သာမက အသက်​၏​ဖန်ဆင်း​ရှင်​အား ချစ်​မြတ်နိုး​တတ်​ရန် သင်​သိလာ​ပေ​လိမ့်​မည်။

ယင်း​သို့​သော​လမ်းစဉ်​ကို သင်​လိုက်လျှောက်ခြင်း​ဖြင့် သမ္မာကျမ်းစာ​သည် အခြား​သန်းပေါင်း​များစွာ​တို့အတွက် စာအုပ်​ကောင်း​တစ်အုပ်​မျှ​ထက်မက ဖြစ်​သကဲ့သို့ သင့်အတွက်​လည်း​ဖြစ်လာ​လိမ့်​မည်။ ယင်းက အသက်ရှင်​နေထိုင်​ရေး​အတွက် ပြဋ္ဌာန်း​စာအုပ်​အမှန်​ဖြစ်​ကြောင်း ထင်ရှားပြ​မည်​တည်း!

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

အကျိုး​ပျက်​စေသော​အကျင့်​များ​ကို အနိုင်ယူ​ရန် သင်၏​အခိုင်အမာ​ဆုံးဖြတ်​မှု​ကို သမ္မာကျမ်းစာ​က ခွန်အား​ပေး​နိုင်

[စာမျက်နှာ ၇ ပါ ရပ်​ပုံ]

ဘုရားသခင်​ထံ သင်​မည်သို့​ချဉ်းကပ်​နိုင်​ပုံ​ကို သမ္မာကျမ်းစာ​က​သွန်သင်ပေး