မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အီလက်ထရွန်နစ်ဂိမ်းတွေကို ငါကစားသင့်သလား

အီလက်ထရွန်နစ်ဂိမ်းတွေကို ငါကစားသင့်သလား

လူငယ်များအမေး

အီလက်ထရွန်နစ်ဂိမ်းတွေကို ငါကစားသင့်သလား

အီလက်ထရွန်နစ်ဂိမ်းများသည် အဆင့်မြင့်နည်းပညာ ဖျော်ဖြေမှုမျှသာ မဟုတ်ချေ။ ယင်းတို့သည် သင်၏အရည်အချင်းကို စမ်းသပ်ပြီး အပျင်းလည်းပြေစေသည်။ သို့သော် ယင်းတို့သည် ထိုထက်မက လုပ်ဆောင်သည်။ အီလက်ထရွန်နစ်ဂိမ်းများသည် သင်၏ အလိုအလျောက်တုံ့ ပြန်နိုင်စွမ်းကို တိုးတက်စေနိုင်ရာ ယင်းဂိမ်းများကိုကစားခြင်းက စက္ခုအာရုံကို တိုးတက်စေနိုင်သည်ဟု လေ့လာမှုများက ဖော်ပြ၏။ ဂိမ်းတချို့သည် သင်၏ အတွက်အချက်နှင့် စာဖတ်စွမ်းရည်များကိုပင် တိုးတက်စေနိုင်သည်။ ထို့ ပြင် နောက်ဆုံးပေါ် အီလက်ထရွန်နစ်ဂိမ်းသည် စာသင်ကျောင်းများ၌ ကျောင်းသားလူငယ်များ စကားဖောင်ဖွဲ့ပြောရာတွင် ရေပန်းစားသောအကြောင်းအရာ ဖြစ်နိုင်ဖွယ်ရှိသည်။ သင်သည် ဂိမ်းကစားဖူးပါက သင့်ရွယ်တူချင်းများနှင့် ပြောစရာတစ်ခုခု သင်၌ရှိပေမည်။

အီလက်ထရွန်နစ်ဂိမ်းများကို သင် ကစားခွင့်ရှိမရှိဆိုသည်မှာ သင့်မိဘများအပေါ်တွင် မူတည်သည်။ (ကောလောသဲ ၃:၂၀) မိဘများက ခွင့်ပြုသည်ဆိုလျှင် ပျော်စရာကောင်းသည့်အပြင် ကျင့်ဝတ်တရားနှင့်လည်းညီသော ဂိမ်းတစ်ခုကို သင်ရှာဖွေသင့်သည်။ သို့သော် အဘယ်ကြောင့် အထူးသတိပြုဖို့ လိုအပ်သနည်း။

ယင်းတို့၏ဆိုးကျိုးများ

အသက်တစ်ဆယ့်ခြောက်နှစ်အရွယ် ဘရိုင်ယန်က “ကွန်ပျူတာဂိမ်းတွေက ပျော်စရာလည်းကောင်း၊ မိုက်လည်းအပြတ်မိုက်တယ်” ဟုဆို၏။ သို့သော် သင်သိရှိထားသည့်အတိုင်း ဂိမ်းအားလုံး ဘေးကင်းသည်မဟုတ်။ ဘရိုင်ယန်က “ပြောရရင် လက်တွေ့ဘဝမှာ ဘယ်တော့မှ လုပ်မှာမဟုတ်တဲ့အရာတွေကို ပြဿနာအကြီးအကျယ်မတက်စေဘဲ ဂိမ်းထဲမှာလုပ်နိုင်တယ်” ဟုဝန်ခံသည်။ ဂိမ်းများသည် အဘယ်အပြုအမူမျိုးကို အားပေးအားမြှောက်ပြုသနည်း။

ဂိမ်းများစွာသည် သမ္မာကျမ်းစာက ပြစ်တင်ရှုတ်ချထားသော အကျင့်ယိုယွင်းမှု၊ ရင့်သီးရိုင်းစိုင်းသောပြောဆိုမှုနှင့် အကြမ်းဖက်မှုတို့ကို ဗြောင်ကျကျ အားပေး၏။ (ဆာလံ ၁၁:၅; ဂလာတိ ၅:၁၉-၂၁; ကောလောသဲ ၃:၈) ဂိမ်းတချို့သည် နတ်ဝိဇ္ဇာအတတ်များကို အမွှမ်းတင်၏။ ရေပန်းစားနေသော ဂိမ်းတစ်ခုတွင် “အုပ်စုလိုက်တိုက်ခိုက်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲမှု၊ လိင်အကြောင်း ကွက်ကွက်ကွင်းကွင်း ဖော်ပြထားမှု၊ ညစ်ညမ်းသည့်စကားပြောဆိုမှု၊ ရက်စက်ကြမ်းကြုတ်မှု၊ သွေးထွက်သံယိုမှု” တို့ပါရှိကြောင်း အသက် ၁၈ နှစ်အရွယ်ရှိ အေဒရီယန်က ပြောပြသည်။ ဂိမ်းအသစ်တစ်ခုပေါ်လာတိုင်း ဂိမ်းအဟောင်းသည် ငြီးငွေ့စရာဖြစ်သွား၏။ အသက် ၁၉ နှစ်အရွယ် ဂျိမ်းစ်က ရေပန်းအစားဆုံးဂိမ်းများကို အင်တာနက်ပေါ်တွင် အခြားသူများနှင့် ကစားနိုင်ကြောင်း ပြောပြသည်။ ဗီဒီယိုဂိမ်းများကိုကစားခြင်းသည် လုံးဝအသွင်သစ်တစ်ခု ဖြစ်လာ၏။ “သင့်အိမ်က ကွန်ပျူတာကနေ ကမ္ဘာ့တခြားနေရာမှာရှိတဲ့ လူတွေနဲ့ ယှဉ်ပြိုင်ကစားနိုင်တယ်” ဟုဂျိမ်းစ်ကဆိုသည်။

ဂိမ်းများတွင် ကစားသူကိုယ်တိုင် ပါဝင်သရုပ်ဆောင်နိုင်သည့် ကစားနည်းများလည်း အလွန်ရေပန်းစားလာပြီဖြစ်သည်။ ယင်းဂိမ်းများတွင် ပါဝင်သူများသည် လူ၊ တိရစ္ဆာန် သို့မဟုတ် လူတစ်ပိုင်းတိရစ္ဆာန်တစ်ပိုင်း ပေါင်းစပ်ထားသည့်သတ္တဝါများဖြစ်သော အွန်လိုင်းဇာတ်ကောင်များကို ဖန်တီးကြ၏။ ယင်းဇာတ်ကောင်များသည် ထောင်နှင့်ချီရှိသော အခြားကစားသမားများနေထိုင်ရာ ကွန်ပျူတာဖြင့်ဖန်တီးထားသည့်ကမ္ဘာတွင် နေထိုင်ကြသည်။ ဤအွန်လိုင်းကမ္ဘာတွင် ဈေးဆိုင်များ၊ ကားများ၊ အိမ်များ၊ ကပွဲရုံများ၊ ပြည့်တန်ဆာအိမ်များပါဝင်ပြီး တကယ့်ကမ္ဘာနှင့် တစ်ထေရာတည်းဖြစ်၏။ ယင်းဂိမ်းများကို ကစားသူများသည် ၎င်းတို့၏ ကွန်ပျူတာဖြင့်ဖန်တီးထားသော ဇာတ်ကောင်များအချင်းချင်းကို သတင်းတိုများ အပြန်အလှန်ပေးပို့နိုင်ကြ၏။

အဆိုပါ ဖန်းတီးထားသောကမ္ဘာတွင် အဘယ်အရာဖြစ်ပျက်နေသနည်း။ “လက်တွေ့ဘဝမှာ ဘယ်တော့မှ လုပ်မှာမဟုတ်တဲ့ ဒါမှမဟုတ် လုပ်နိုင်မှာမဟုတ်တဲ့ လုပ်ဆောင်မှုတွေမှာ သာမန်ပုဂ္ဂိုလ်တွေ မွေ့လျော်နေကြတယ်” ဟုသတင်းစာဆရာတစ်ဦးကဆို၏။ “ပြည့်တန်ဆာမှုလိုပဲ လိင်မှုကိစ္စတွေကလည်း သာမန်ဖြစ်နေတယ်” ဟုသူကထပ်ဆို၏။ ခလုတ်အနည်းငယ်နှိပ်လိုက်ရုံနှင့် ဂိမ်းကစားသူများသည် မိမိတို့၏ဇာတ်ကောင်များကို လိင်မှုကိစ္စများ၌ ပါဝင်စေနိုင်ပြီး တစ်ချိန်တည်းတွင် ဂိမ်းကစားသူများသည် လိင်အကြောင်းများကို သတင်းတိုများပို့ ၍ ပြောဆိုနိုင်ကြ၏။ ထို့ ပြင် အဆိုပါကမ္ဘာတွင် “ရာဇဝတ်မှုများ၊ မာဖီးယားဂိုဏ်းသားများ၊ ပြည့်တန်ဆာခေါင်းများ၊ ခြိမ်းခြောက်ငွေညှစ်သူများ၊ လူလိမ်များ၊ လုပ်ကြံသူများနှင့် ပြည့်နှက်” နေသည်ဟု New Scientist ဂျာနယ်ကဆိုလေသည်။ “ပြည့်တန်ဆာအိမ်တွင် ပြည့်တန်ဆာနှင့် လိင်မှုပျော်ပါးနေခြင်းကဲ့သို့သော တကယ့်ကမ္ဘာတွင် တရားမဝင်သည့် လုပ်ဆောင်မှုများ သို့မဟုတ် ကလေးသူငယ်များနှင့်ဆင်တူသော ဇာတ်ကောင်များကို အသုံးပြု၍ လိင်မှုကိစ္စများ လိုက်စားနေကြသူတို့နှင့်ပတ်သက်၍ ဝေဖန်ရေးသမားများက သတိပေးလာကြပြီ” ဖြစ်ကြောင်း အခြားမဂ္ဂဇင်းတစ်စောင်၌လည်း ဖော်ပြထား၏။

သင်၏ရွေးချယ်မှု အဘယ်ကြောင့်အရေးကြီး

အကြမ်းဖက်သည့် သို့မဟုတ် လိင်နှင့်ပတ်သက်၍ ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသည့်ဂိမ်းများ ကစားသူတို့က “ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး။ အဲဒါက တကယ်မှမဟုတ်တာ။ ကစားနည်းတစ်ခုပဲ” ဟုဆိုကြပေမည်။ သို့သော် အဆိုပါမှားယွင်းသော ဆင်ခြေများ၏ လှည့်ဖြားမှုကို မခံပါနှင့်။

သမ္မာကျမ်းစာက ဤသို့ဆို၏– “သူငယ်သော်လည်း မိမိပြုသောအမှုသည် စင်သည်မစင်သည်၊ မှန်သည် မမှန်သည်ကို မိမိအခြင်းအရာအားဖြင့်ပြ၍ မိမိသဘောကို ထင်ရှားစေ၏။” (သု. ၂၀:၁၁) သင်သည် ကြမ်းတမ်းပြီး အကျင့်ယိုယွင်းစေသော အီလက်ထရွန်နစ်ဂိမ်းများကစားသည့် အကျင့်စွဲနေလျှင် သင်၏စိတ်သဘောသည် စင်ကြယ်ပြီး ဖြောင့်မတ်မှန်ကန်သည်ဟု ဖော်ပြနိုင်မည်လော။ ကြမ်းတမ်းသောဖျော်ဖြေမှုကို ကြည့်ရှုခြင်းသည် ကြည့်ရှုသူတို့ကို ရန်လိုစိတ်ပွားစေကြောင်း လေ့လာမှုများက ထပ်တလဲလဲ ဖော်ပြ၏။ မကြာသေးမီက New Scientist တွင် ဤသို့ဖော်ပြထားသည်– “ဗီဒီယိုဂိမ်းများနှင့် အပြန်အလှန်ဆက်သွယ်ခြင်း၏ အကျိုးသက်ရောက်မှုမှာ တီဗွီထက်ပင် ပို၍ပြင်းထန်၏။”

အကြမ်းဖက်သည့် သို့မဟုတ် အကျင့်ယိုယွင်းသည့် ဂိမ်းများကစားရန် ရွေးချယ်ခြင်းသည် ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းများနှင့်ကစားရန် ရွေးချယ်ခြင်းနှင့်တူ၏။ ယင်း၏ဆိုးကျိုးများမှာ ချက်ချင်း သိသာထင်ရှားမည်မဟုတ်သော်လည်း ရှောင်လွှဲ၍မရနိုင်သောအရာများဖြစ်သည်။ အဘယ်နည်းဖြင့်နည်း။ ရောင်ခြည်များနှင့် အထိအတွေ့များလွန်းခြင်းက အစာအိမ်၏ အတွင်းမျက်နှာပြင်ကို ပျက်စီးစေနိုင်ပြီး အူအတွင်းရှိ ဘက်တီးရီးယားများ သွေးကြောထဲဝင်ရောက်ကာ နာမကျန်းဖြစ်စေနိုင်သည်။ အလားတူ၊ လိင်နှင့် ကြောက်မက်ဖွယ် အကြမ်းဖက်မှုများပါရှိသည့် ဂိမ်းများကို ကစားခြင်းက သင်၏ “အကျင့်သိက္ခာဆိုင်ရာအာရုံ” ကို ထုံထိုင်းစေနိုင်ပြီး သွေးသားဆန္ဒများက သင်၏အတွေးအခေါ်နှင့် လုပ်ရပ်များအပေါ် လွှမ်းမိုးလာနိုင်ပါသည်။—⁠ဧဖက် ၄:၁၉ကဘ; ဂလာတိ ၆:၇၊ ၈

ဘယ်လိုဂိမ်းမျိုးကို ငါ ရွေးချယ်သင့်သလဲ

သင်၏မိဘများသည် သင့်အား မည်သည့်အီလက်ထရွန်နစ်ဂိမ်းကိုမဆို ကစားခွင့်ပြုသည်ဆိုလျှင် အဘယ်အရာကိုရွေးချယ်ရမည်၊ မည်မျှကြာကြာကစားရမည်ကို သင် မည်သို့သိနိုင်သနည်း။ အောက်ပါမေးခွန်းများကို သင့်ကိုယ်သင် မေးကြည့်ပါ–

ငါ့ရဲ့ရွေးချယ်မှုက ယေဟောဝါရဲ့စိတ်တော်ကို ထိခိုက်စေမလား။ သင်ရွေးချယ်သည့် ဂိမ်းအမျိုးအစားက သင်နှင့်ပတ်သက်၍ ဘုရားသခင်ခံစားပုံအပေါ် အကျိုးသက်ရောက်စေနိုင်ပါသည်။ ‘ယေဟောဝါသည် ဖြောင့်မတ်သောသူကို စစ်ဆေးတော်မူ၍ ဆိုးသောသူနှင့် ကြမ်းကြုတ်ခြင်းကို နှစ်သက်သောသူကို မုန်းတော်မူ၏’ ဟုဆာလံ ၁၁:၅ [သမ္မာ] တွင် ဖော်ပြထားသည်။ မှော်အတတ်များတွင် ပါဝင်ပတ်သက်သူတို့နှင့်စပ်လျဉ်း၍ ဘုရားသခင့်နှုတ်မြွက်စကားတော်က ဤသို့ဆို၏– ‘ထိုသို့ ပြုတတ်သောသူအပေါင်းတို့ကို ယေဟောဝါ စက်ဆုပ်ရွံရှာတော်မူ၏။’ (တရားဟောရာ ၁၈:၁၀-၁၂) ကျွန်ုပ်တို့သည် ဘုရားသခင်၏မိတ်ဆွေများဖြစ်လိုလျှင် ဆာလံ ၉၇:၁၀ တွင်ဖော်ပြထားသည့် ‘ယေဟောဝါကိုချစ်သောသူတို့၊ မကောင်းသောအမှုကို ရွံရှာကြလော့’ ဟူသောအကြံပြုချက်ကို လိုက်နာဖို့လိုအပ်သည်။

ဂိမ်းက ငါ့ရဲစဉ်းစားတွေးခေါ်ပုံကို ဘယ်လိုထိခိုက်စေမလဲ။ ‘ဒီဂိမ်းကိုကစားခြင်းက “မတရားမေထုန်ပြုခြင်းကို ဝေးဝေးရှောင်” ဖို့ ပိုလွယ်ကူစေမလား ဒါမှမဟုတ် ပိုခက်ခဲစေမလား’ ဟူ၍ သင့်ကိုယ်သင် မေးကြည့်ပါ။ (၁ ကောရိန္သု ၆:၁၈ကဘ) လိင်စိတ်ကိုနှိုးဆွပေးသည့် ရုပ်ပုံများ သို့မဟုတ် အပြောအဆိုများပါသည့် ဂိမ်းများသည် ဖြောင့်မတ်သောအရာ၊ စင်ကြယ်သောအရာနှင့် မွန်မြတ်သောအရာများကို နှလုံးသွင်းရန် သင့်အား ကူညီပေးမည်မဟုတ်ပေ။ (ဖိလိပ္ပိ ၄:၈) အသက် ၂၂ နှစ်အရွယ် အေမီက ဤသို့ဆို၏– “ဂိမ်းအတော်များများက အကြမ်းဖက်မှု၊ ရုန့်ရင်းကြမ်းတမ်းတဲ့အပြောအဆိုနဲ့ အကျင့်ယိုယွင်းမှုစတဲ့အရာတွေနဲ့ပတ်သက်ပြီး သင့်စိတ်ကိုထုံသွားစေနိုင်တယ်။ တခြားဘဝကဏ္ဍတွေမှာလည်း သွေးဆောင်မှုတွေကို အလွယ်တကူ အလျှော့ပေးလိုက်လျောစေနိုင်တယ်။ ကိုယ်ကစားမယ့်ဂိမ်းကို ရွေးချယ်တဲ့အခါ အရမ်းဂရုစိုက်ဖို့လိုတယ်။”

ဂိမ်းကို ငါဘယ်လောက်ကြာကြာ ကစားရမလဲ။ အသက် ၁၈ နှစ်အရွယ် ဒက်ဘရာက ဤသို့ဆိုသည်– “ကွန်ပျူတာဂိမ်းအားလုံး မကောင်းဘူးလို့ ကျွန်မ မယူဆဘူး။ ဒါပေမဲ့ အဲဒါတွေက အချိန်အရမ်းစားတယ်၊ စွဲလည်းစွဲစေနိုင်တယ်။” ဘေးကင်းသည့် အီလက်ထရွန်နစ်ဂိမ်းများပင် အချိန်စား၏။ ထို့ကြောင့် ဂိမ်းကစားခြင်းတွင် အသုံးပြုလိုက်သောအချိန်ကို မှတ်သားထားကာ ယင်းနောက် အကျိုးရှိသော အခြားလုပ်ဆောင်မှုများတွင် မိမိအသုံးပြုလိုက်သည့်အချိန်နှင့် နှိုင်းယှဉ်ကြည့်ပါ။ ဤသို့လုပ်ဆောင်ခြင်းက သာ၍အရေးကြီးသောအရာများကို ဦးစားထားရန် သင့်အား ကူညီပေးပါလိမ့်မည်။—⁠ဧဖက် ၅:၁၅၊ ၁၆

သင့်ဘဝတစ်ခုလုံးကို လေ့လာခြင်း သို့မဟုတ် အလုပ်လုပ်ခြင်းတွင် အသုံးပြုရန် သမ္မာကျမ်းစာက မတောင်းဆိုပါ။ ယင်းက “ရယ်ရသောအချိန် . . . နှင့် ကခုန်ရသောအချိန်” ရှိသည်ဟု ကျွန်ုပ်တို့အား သတိပေးထား၏။ (ဒေ. ၃:၄) “ကခုန်” ခြင်းဟူသော အသုံးအနှုန်းက ကစားခြင်းကိုသာမက ကိုယ်ကာယလှုပ်ရှားမှုကိုလည်း ဆိုလိုကြောင်း မှတ်သားထိုက်ပေသည်။ ထို့ကြောင့် သင်၏အားလပ်ချိန်တချို့ကို ကွန်ပျူတာဖန်သားပြင်ရှေ့တွင် အသုံးပြုလိုက်မည့်အစား ကိုယ်ခန္ဓာကို လှုပ်ရှားတက်ကြွစေသော ကစားနည်းများ ကစားခြင်းတွင် အသုံးပြုလျှင် မကောင်းပေလော။

ပညာရှိရှိ ရွေးချယ်ပါ

အီလက်ထရွန်နစ်ဂိမ်းများကို ကစားခြင်းက ပျော်ရွှင်စေနိုင်ပါသည်၊ အထူးသဖြင့် ကျွမ်းကျင်လျှင်ဖြစ်၏။ ယင်းသည် ဂိမ်းများကို ပညာရှိရှိ သင် ရွေးချယ်ရသည့် အဓိကအကြောင်းရင်းဖြစ်သည်။ ‘ကျောင်းမှာ ဘယ်ဘာသာရပ်ကို ငါအလိုက်နိုင်ဆုံးလဲ’ ဟုသင့်ကိုယ်သင် မေးကြည့်ပါ။ အများအားဖြင့် ယင်းတို့သည် သင်နှစ်သက်ရာများလော။ အမှန်ဆိုရလျှင် ဘာသာရပ်တစ်ခုကို သင်နှစ်သက်လေ ယင်းကို သင် ပို၍စွဲမှတ်လေဖြစ်၏။ ယခု ‘ဘယ်အီလက်ထရွန်နစ်ဂိမ်းကို ငါအနှစ်သက်ဆုံးလဲ။ ဒီဂိမ်းက ကိုယ်ကျင့်တရားနဲ့ဆိုင်တဲ့ ဘယ်လိုသင်ခန်းစာတွေ ပေးသလဲ’ ဟု သင့်ကိုယ်သင် မေးကြည့်ပါ။

ပညာရှိရှိရွေးချယ်နိုင်ရန် သင်ကစားလိုသော ဂိမ်းတစ်ခုစီကို အကျဉ်းသုံးသပ်ပြီး ဂိမ်းတစ်ခုစီ၏ပန်းတိုင်နှင့် ယင်းပန်းတိုင်ကိုမီစေသည့် နည်းလမ်းများကိုလည်း အကြမ်းဖော်ပြလျှင် မကောင်းပေလော။ သင်၏သုံးသပ်ချက်ကို ဤဆောင်းပါးတွင်ဖော်ပြထားသည့် ကျမ်းစာမူများနှင့် နှိုင်းယှဉ်ကြည့်ပြီး ကစားသင့်သည့်ဂိမ်းဟုတ်မဟုတ် သတ်မှတ်ပါ။

သင်၏ရွယ်တူချင်းများက ကစားသည့်အတွက် သင်ပါ လိုက်ကစားမည့်အစား မိမိဘာသာ ပညာရှိရှိ ရွေးချယ်ဖို့ အခိုင်အမာ ဆုံးဖြတ်ထားပါ။ အရေးကြီးဆုံးကား “သခင်လက်ခံနိုင်ဖွယ်သောအရာသည် အဘယ်အရာဖြစ်ကြောင်းကို ဆန်းစစ်လျက်နေ” ပါဟူသော သမ္မာကျမ်းစာ၏ အကြံပေးစကားကို ကျင့်သုံးခြင်းဖြစ်သည်။—⁠ဧဖက် ၅:၁၀ကဘ။

“လူငယ်များအမေး” အခန်းဆက်များမှ ထပ်ဆင့်ဆောင်းပါး များကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်

ချင့်တွေးစရာ

▪ သူငယ်ချင်းတစ်ဦးက ကြမ်းတမ်းသည့် သို့မဟုတ် အကျင့်ယိုယွင်းသည့် အီလက်ထရွန်နစ်ဂိမ်းကစားဖို့ ခေါ်လျှင် သင် မည်သို့ပြောဆိုမည်နည်း။

▪ အီလက်ထရွန်နစ်ဂိမ်းများကစားခြင်းသည် သာ၍အရေးကြီးသောလုပ်ဆောင်မှုများအတွက် အနှောင့်အယှက် မဖြစ်စေကြောင်း သင် မည်သို့သေချာစေနိုင်သနည်း။

[စာမျက်နှာ ၁၃ ပါ အကျဉ်းဖော်ပြချက်]

အကြမ်းဖက်သည့် သို့မဟုတ် အကျင့်ယိုယွင်းသည့် ဂိမ်းများကစားရန် ရွေးချယ်ခြင်းသည် ရေဒီယိုသတ္တိကြွ စွန့်ပစ်ပစ္စည်းများနှင့်ကစားရန် ရွေးချယ်ခြင်းနှင့်တူ၏။ ယင်း၏ဆိုးကျိုးများမှာ ချက်ချင်း သိသာ ထင်ရှားမည်မဟုတ်သော်လည်း ရှောင်လွှဲ၍မရနိုင်သောအရာများဖြစ်

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်]

အီလက်ထရွန်နစ်ဂိမ်းများကို သင် အကြိမ်မည်မျှ ကစားသနည်း။

□ တစ်ခါတလေ

□ တစ်ပတ်လျှင် တစ်ကြိမ်

□ နေ့တိုင်း

သင်ဂိမ်းကစားသည့်အခါ အချိန်မည်မျှကြာသနည်း။

□ မိနစ်အနည်းငယ်

□ တစ်နာရီဝန်းကျင်

□ နှစ်နာရီကျော်

မည်သည့်ဂိမ်းအမျိုးအစားကို သင် အနှစ်သက်ဆုံးနည်း။

□ ကားမောင်းပြိုင်ခြင်း

□ အားကစား

□ သေနတ်ပစ်ခြင်း

□ အခြား

ဤနေရာတွင် သင့်အတွက် ကစားရန်သင့်တော်ဟု သင်သိရှိထားသော အီလက်ထရွန်နစ်ဂိမ်းတစ်ခု၏အမည်ကို ဖော်ပြပါ။

․․․․․

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

မိဘများ သတိချပ်စရာ

ရှေ့ဆောင်းပါးကို ဖတ်ရှုပြီးသည့်နောက် အီလက်ထရွန်နစ်ဂိမ်းများသည် သင် ဆယ်ကျော်သက်အရွယ်ကတည်းက များစွာပြောင်းလဲသွားပြီဟု သင်ကောက်ချက်ချပေမည်။ မိဘတစ်ဦးအနေနှင့် သင့်ကလေးအား ဖြစ်နိုင်ဖွယ်အန္တရာယ်များကို ခွဲခြားသိမြင်စေပြီး ယင်းတို့ကို ရှောင်ကြဉ်ရန် မည်သို့ကူညီပေးနိုင်သနည်း။

အီလက်ထရွန်နစ်ဂိမ်းအားလုံးကို ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် ယင်းတို့သည် အချိန်ဖြုန်းခြင်းသက်သက်ဟု တစ်ဖက်သတ်ပြောဆိုမည်ဆိုလျှင် ထိရောက်မည်မဟုတ်ချေ။ ဂိမ်းအားလုံး ထိခိုက်စေသည်မဟုတ်ကြောင်း သတိရပါ။ သို့သော် ယင်းတို့သည် စွဲစေနိုင်ပြီး အချိန်စားနိုင်ပါသည်။ ထို့ကြောင့် သင့်ကလေး၏ ဂိမ်းကစားချိန်များကို အချိန်ယူ၍ လေ့လာဆန်းစစ်ပါ။ ထို့ ပြင် မည်သည့်ဂိမ်းများကို သင့်ကလေး နှစ်သက်ကြောင်း အချိန်ယူ လေ့လာဆန်းစစ်ပါ။ ဤကဲ့သို့သောမေးခွန်းများကို သင့်ကလေးအား မေးမြန်းနိုင်ပါသည်–

မင်းရဲ့အတန်းဖော်တွေကြားမှာ ဘယ်ဂိမ်းက ရေပန်းအစားဆုံးလဲ။

ဂိမ်းထဲမှာ ဘာတွေပါသလဲ။

ဒီဂိမ်းက အရမ်းရေပန်းစားတယ်လို့ မင်း ဘာကြောင့်ယူဆသလဲ။

အီလက်ထရွန်နစ်ဂိမ်းများအကြောင်းကို သင်ထင်သည်ထက် သင့်ကလေးက ပို၍သိနေကြောင်း တွေ့ ရှိရပေမည်။ သင့်ကလေးသည် သင်မနှစ်သက်သည့် ဂိမ်းများကိုပင် ကစားခဲ့ပေမည်။ ထိုသို့ ဖြစ်မည်ဆိုလျှင် ထိတ်လန့်မသွားပါနှင့်။ ယင်းသည် သင့်ကလေး၏ ပိုင်းခြားသိမြင်နိုင်စွမ်းကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးနိုင်သည့် အခွင့်အရေးတစ်ခုဖြစ်သည်။—⁠ဟေဗြဲ ၅:၁၄

နှစ်သက်ဖွယ်မကောင်းသော ဂိမ်းများကို နှစ်သက်စွဲလမ်းရသည့် အကြောင်းရင်း ကို သင့်ကလေး သိရှိနိုင်စေရန် မေးခွန်းများမေးပါ။ ဥပမာ၊ ဤကဲ့သို့သောမေးခွန်းမျိုး သင်မေးနိုင်ပါသည်–

အဲဒီဂိမ်းကို ကစားခွင့်မရတဲ့အတွက် အပေါင်းအသင်းမဝင်ဆံ့ဘူးလို့ ခံစားရသလား။

ပူးတွဲပါဆောင်းပါး၏ ပထမစာမျက်နှာတွင် ဖော်ပြထားသည့်အတိုင်း လူငယ်များသည် မိမိတို့၏အပေါင်းအသင်းများနှင့် ပြောစရာအကြောင်းတစ်ခုခု ရှိစေရန် တစ်စုံတစ်ရာသောဂိမ်းကို ကစားကြပေမည်။ သင့်ကလေးသည် ယင်းအကြောင်းကြောင့် ကစားနေသည်ဆိုလျှင် သွေးထွက်သံယိုမှုများသော အကြမ်းဖက်မှု သို့မဟုတ် လိင်အငွေ့အသက်များပါသော ဂိမ်းများကို စွဲနေသည့် ကလေးအား ကိုင်တွယ်မည့်ပုံစံအတိုင်း ကိုင်တွယ်လိုမည်မဟုတ်ချေ။—⁠ကောလောသဲ ၄:၆

သို့သော် သင့်ကလေးသည် ဘေးဖြစ်စေနိုင်သည့်အရာများပါရှိသောဂိမ်းကို စွဲနေသည်ဆိုလျှင်ကော အသို့နည်း။ ကွန်ပျူတာဖြင့်ဖန်တီးထားသော သွေးထွက်သံယိုမှုက မိမိတို့ကို မထိခိုက်ကြောင်း လူငယ်အချို့က အလျင်အမြန် ပြောဆိုကြပေမည်။ “ဘာကြောင့်လဲဆိုတော့ ကွန်ပျူတာထဲမှာ ကျွန်တော်တို့လုပ်နေတာက အပြင်မှာ တကယ်လုပ်လိမ့်မယ်လို့ မဆိုလိုပါဘူး” ဟုဆင်ခြေတက်ကြသည်။ သင့်ကလေးလည်း အလားတူရှုမြင်သည်ဆိုလျှင် ပူးတွဲပါဆောင်းပါး၏စာမျက်နှာ ၁၄ တွင် ကိုးကားထားသည့် ဆာလံ ၁၁:၅ ကို သင့်ကလေးအား အာရုံစိုက်စေပါ။ ကျမ်းစာသားများက ရှင်းပြထားသည့်အတိုင်း အကြမ်းဖက်ခြင်းကသာမဟုတ်ဘဲ အကြမ်းဖက်မှုကို နှစ်သက်ခြင်းကလည်း ဘုရားသခင့်မျက်နှာသာတော်ကို ဆုံးရှုံးစေပါသည်။ အဆိုပါမူသည် ဘုရားသခင့်နှုတ်မြွက်တော်က ပြစ်တင်ရှုတ်ချထားသည့် လိင်အကျင့်ယိုယွင်းမှု သို့မဟုတ် အခြားသောအမူအကျင့်ဆိုးတို့နှင့်လည်း သက်ဆိုင်ပါသည်။—⁠ဆာလံ ၉၇:၁၀

အောက်ပါအချက်များကို ပညာရှင်တချို့က ထောက်ခံကြ၏–

အီလက်ထရွန်နစ်ဂိမ်းများကို အိပ်ခန်းကဲ့သို့သော ဆိတ်ကွယ်ရာအရပ်တွင် ကစားခွင့်မပြုပါနှင့်။

အခြေခံစည်းကမ်းများ ချမှတ်ပါ (ဥပမာ၊ အိမ်စာ သို့မဟုတ် ညစာ သို့မဟုတ် အခြားအရေးကြီးသည့် လုပ်ဆောင်မှုမပြီးမီ ဂိမ်းမကစားရ)။

ခွန်အားစိုက်ထုတ်ရသည့် လုပ်ဆောင်မှုတစ်မျိုးမျိုး၏ တန်ဖိုးကို အလေးထားပါ။

သင့်သားသမီးများ အီလက်ထရွန်နစ်ဂိမ်းကစားနေသည်ကို စောင့်ကြည့်ပါ၊ ပို၍ကောင်းသည်မှာ အခါအားလျော်စွာ သူတို့နှင့်အတူ ကစားပါ။

ဖျော်ဖြေရေးကိစ္စတွင် သင့်သားသမီးများကို လမ်းညွှန်ပေးရာ၌ မိမိကိုယ်နှိုက်က စံနမူနာကောင်းပြမှသာလျှင် သူတို့လေးများကို လွတ်လပ်စွာပြောဆိုဆုံးမနိုင်မည်။ သို့ဖြစ်၍ ‘ဘယ်လိုတီဗွီဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေကို ငါကြည့်ရှုနေသလဲ’ ဟု သင့်ကိုသင် မေးပါ။ သင်သည် နှစ်ဘဝစံဖြစ်နေလျှင် ကိုယ့်ကိုယ်ကို မလှည့်စားပါနှင့်။ ယင်းကို သင့်သားသမီးများ သိရှိပါလိမ့်မည်။