မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထူးခြားချက် များစွာရှိသော ပင်လယ်သေ

ထူးခြားချက် များစွာရှိသော ပင်လယ်သေ

ထူးခြားချက် များစွာရှိသော ပင်လယ်သေ

အစ္စရေးနိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်

ယင်းသည် ကမ္ဘာပေါ်တွင် အငန်ဆုံး၊ အနိမ့်ဆုံးဖြစ်ပြီး အသေကျေနိုင်ဆုံးဖြစ်ကာ လူတချို့၏အဆိုအရ ကျန်းမာရေးနှင့်အညီညွတ်ဆုံး ပင်လယ်ဖြစ်၏။ ရာစုနှစ်ပေါင်းများတစ်လျှောက် ယင်းကို အနံ့အသက်မကောင်းသောပင်လယ်၊ နတ်ဆိုးပင်လယ်နှင့် နိုင်လွန်ကတ္တရာအိုင်ဟူ၍ ခေါ်ဆိုခဲ့ကြပြီ။ သမ္မာကျမ်းစာတွင် ယင်းကို ဆားငန်ပင်လယ်နှင့် အရာဗာအိုင်ဟု ခေါ်ဆို၏။ (ကမ္ဘာဦး ၁၄:၃ကဘ; ယောရှု ၃:၁၆သမ္မာ) ကျမ်းပညာရှင်များက သောဒုံနှင့်ဂေါမောရမြို့ အပျက်အယွင်းများသည် ယင်းပင်လယ်၏အောက် နက်ရှိုင်းသောအရပ်တွင်ရှိသည်ဟု ယုံကြည်ထားကြ၏။ ထို့ကြောင့် ယင်းကို သောဒုံပင်လယ် သို့မဟုတ် လောတပင်လယ်ဟုလည်း လူသိများကြသည်။ လောတမှာ အဆိုပါမြို့များနှင့်ပတ်သက်သော ရှေးဖြစ်ရပ်များတွင် ပါဝင်ပတ်သက်ခဲ့သူ ကျမ်းစာဇာတ်ကောင်တစ်ဦးဖြစ်၏။—⁠၂ ပေတရု ၂:၆၊ ၇

အဆိုပါအမည်နာမအချို့ကြောင့် ယင်းနေရာသည် လည်ပတ်ကြည့်ရှုချင်စဖွယ်မရှိဟု အတွေးဝင်စေ၏။ သို့သော် နှစ်စဉ် လူထောင်ပေါင်းများစွာသည် ဤထူးခြားသောပင်လယ်သို့ ရောက်ရှိလာကြရာ ယနေ့ဆိုလျှင် ပင်လယ်သေ သို့မဟုတ် ဆားငန်ပင်လယ်ဟူ၍ အများသိဖြစ်နေလေပြီ။ ယင်းသည် အဘယ်ကြောင့် ဤမျှငန်ရသနည်း။ ယင်းသည် အမှန်ပင်သေစေပြီး တစ်ချိန်တည်းတွင် ယင်း၏ရေများက ကျန်းမာရေးနှင့်ညီညွတ်စေပါသလော။

အနိမ့်ဆုံးနှင့် အငန်ဆုံးပင်လယ်

ပင်လယ်သေသည် တောင်ဘက်ယွန်းယွန်းရှိ အရှေ့အာဖရိကအထိ ရှည်လျားသည့် ဂရိတ်ရိဖ်ချိုင့်ဝှမ်း၏ မြောက်ပိုင်းတွင် တည်ရှိသည်။ ယော်ဒန်မြစ်သည် မြောက်ဘက်မှ ကွေ့ကာဝိုက်ကာ စီးဆင်းလာပြီး ပင်လယ်ရေမျက်နှာပြင်အောက် ပေပေါင်း ၁,၃၇၀ နီးပါးရှိသည့် ကမ္ဘာ့အနိမ့်ဆုံးနေရာသို့ ရောက်ရှိလာ၏။ ထိုတွင်ရှိသော ကုန်းတွင်းပင်လယ်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် အနောက်ဘက်၌ ယုဒတောင်ကုန်းများ၊ အရှေ့ဘက်၌ ဂျော်ဒန်နိုင်ငံရှိ မိုးအက်တောင်တန်းများက ကာရံထား၏။

သို့သော် အဘယ်အရာက ပင်လယ်သေအား ဤမျှငန်စေသနည်း။ အဓိကအားဖြင့် မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်နှင့် ကယ်လစီယမ်ကလိုရိုက်တို့ပါဝင်သော ဆားများသည် ယော်ဒန်မြစ်နှင့် အခြားမြစ်ချောင်းများ၊ ရေပူစမ်းများမှစီးဆင်းလာသော ရေနှင့်အတူပါလာပြီး ပင်လယ်သေထဲသို့ စီးဝင်သွား၏။ ယော်ဒန်မြစ်တစ်စင်းတည်းကပင် နှစ်စဉ် ဆားတန်ချိန်ပေါင်း ၈၅၀,၀၀၀ ကို အနည်ထိုင်စေကြောင်း ခန့်မှန်းရသည်။ အဆိုပါပင်လယ်သည် မြေနိမ့်ပိုင်းတွင်ရှိသောကြောင့် ရေများမှာ ယင်းထက်နိမ့်သောအရပ်သို့ မစီးဆင်းနိုင်တော့ချေ။ စီးထွက်ရန်တစ်ခုတည်းသောနည်းလမ်းမှာ အငွေ့ပျံခြင်းအားဖြင့်ဖြစ်သည်။ ပူပြင်းသောနွေရာသီတွင် တစ်ရက်လျှင် တန်ချိန်ခုနစ်သန်းရှိသောရေများ အငွေ့ပျံကုန်သည့်အတွက် ယင်းအိုင်၏ရေထုမှာ အဘယ်ကြောင့် မတိုးလာရကြောင်းကို ရှင်းပြနိုင်ပေသည်။ ရေများသည် အငွေ့ပျံကုန်သော်လည်း ဆားများနှင့် ဓာတ်သတ္တုများမှာ ကျန်ရစ်ခဲ့၏။ ယင်းကြောင့် ကမ္ဘာပေါ်တွင် အငန်ဆုံးပင်လယ်ဖြစ်လာကာ ဆားဓာတ်ပါဝင်မှု ၃၀ ရာခိုင်နှုန်းခန့်ရှိပြီး သမုဒ္ဒရာများထက် အဆပေါင်းများစွာ ငန်လေသည်။

ရှေးကတည်းက လူတို့သည် ပင်လယ်သေ၏ထူးခြားသောအင်္ဂါရပ်များကြောင့် စိတ်ဝင်စားလာခဲ့ကြသည်။ ဂရိအတွေးအခေါ်ပညာရှင် အရစ္စတိုတယ်က ယင်းပင်လယ်သည် “အလွန်ခါးပြီး ငန်သောကြောင့် မည်သည့်ငါးမျှ အသက်မရှင်နိုင်” ကြောင်း ကြားသိခဲ့ရ၏။ ဆားဓာတ်ပါဝင်မှုမှာ ထူးထူးခြားခြား မြင့်မားသည့်အတွက် သဘာဝအလျောက် ပေါလောပေါ်စေနိုင်သော ဂုဏ်သတ္တိကိုတိုးစေရာ ရေမကူးတတ်သူများပင် ရေမနစ်ဘဲ ပေါလောပေါ်နိုင်ပေသည်။ ရောမဗိုလ်ချုပ် ဗက်စပေရှီယန်သည် ယင်းဖြစ်စဉ်ကို စမ်းသပ်သည့်အနေနှင့် စစ်သုံ့ပန်းများကို ရေထဲသို့ ပစ်ချခဲ့သည်ဟု ဂျူးသမိုင်းပညာရှင် ဖလေးဗီးယက်စ် ဂျိုစီဖတ်စ်က ဆို၏။

သို့ဖြစ်၍ ပင်လယ်က မည်သို့မည်ပုံသေကျေစေနိုင်ပြီး တစ်ချိန်တည်းတွင် ကျန်းမာရေးနှင့်လည်း မည်သို့ညီညွတ်စေနိုင်သနည်းဟု သင်တွေးတောနေပေမည်။

ကျန်းမာရေးနှင့်အညီညွတ်ဆုံး ပင်လယ်လော

အလယ်ခေတ် ခရီးသည်များ၏အဆိုအရ ပင်လယ်သေ၌ ကျေးငှက်များ၊ ငါးများ၊ သစ်ပင်မြက်ပင်များမရှိဟု သိရှိရသည်။ အဆိုပါ ရေငန်အိုင်မှ ထွက်ရှိသည့် အနံ့ဆိုးသောအခိုးအငွေ့များမှာ သေကျေစေနိုင်သည်ဟုပင် ယူမှတ်ခဲ့ကြ၏။ ယင်းကြောင့် အနံ့အသက်မကောင်းသော ပင်လယ်သေဟူသည့်အယူအဆ ပျံ့နှံ့သွားလေသည်။ ဆားဓာတ်ပါဝင်မှု မြင့်မားခြင်း၊ ဒူပေနာပေခံ ဘက်တီးရီးယားပိုးများကဲ့သို့သော ဇီဝသက်ရှိများသာ ယင်းတွင် အသက်ရှင်နေနိုင်ခြင်းနှင့် အကြောင်းမလှသော မည်သည့်ငါးမဆို ယင်းပင်လယ်သို့ရောက်ရှိလာပါက ချက်ချင်းသေဆုံးသွားခြင်းတို့ကြောင့် ယင်းသည် ပင်လယ်သေအမှန်ပင်ဖြစ်၏။

အဆိုပါပင်လယ်သည် သက်ရှိများကို မထောက်ပံ့နိုင်သော်လည်း ယင်း၏ဝန်းကျင်ဒေသကိုမူ ထိုသို့မဆိုနိုင်ပေ။ ဒေသအများစုမှာ မြေရိုင်းဖြစ်သော်လည်း ရေတံခွန်များနှင့် အပူပိုင်းဒေသပေါက်ပင်များဖြင့် စိမ်းလန်းစိုပြည်နေသော နေရာဒေသတချို့ရှိပါသည်။ ထို့ ပြင် ယင်းဒေသသည် သားရိုင်းတိရစ္ဆာန်တို့ မှီတင်းနေထိုင်ရာအရပ်အဖြစ်လည်း အသိအမှတ်ပြုခံရသည်။ ပင်လယ်သေအနီးဝန်းကျင်တွင် ကန္တာရနေကြောင်တစ်မျိုး၊ အာရေဗျဝံပုလွေနှင့် ရှားပါးသော တောင်ဆိတ်တစ်မျိုးအပါအဝင် နို့တိုက်သတ္တဝါမျိုးစိတ် ၂၄ မျိုးရှိ၏။ ရေချိုစမ်းရေတွင်းများရှိသော ယင်းဒေသသည် ကုန်းနေရေနေသတ္တဝါများ၊ တွားသွားသတ္တဝါများနှင့် ငါးများ မှီတင်းနေထိုင်ရာအရပ်ဖြစ်သည်။ ပင်လယ်သေသည် ငှက်များနေရာပြောင်းရွှေ့သည့် အဓိကလမ်းကြောင်းပေါ်တွင် တည်ရှိသောကြောင့် ငှက်ကျားမည်းနှင့် ငှက်ကျားဖြူအစရှိသည့် ငှက်မျိုးစိတ် ၉၀ ကျော်တို့ကို ဤနေရာတွင် ခွဲခြားသိရှိခဲ့ရသည်။ တောင်ပံနှင့်အမြီးတွင် အနက်ရောင်ရှိသည့် လင်းတကြီးနှင့် အီဂျစ်လင်းတကြီးများကိုလည်း ဤနေရာတွင် တွေ့နိုင်ပေသည်။

သို့သော် ပင်လယ်သေသည် အဘယ်နည်းဖြင့် ကျန်းမာရေးနှင့်အညီညွတ်ဆုံးဖြစ်သနည်း။ ရှေးအချိန်က လူတို့သည် အနာရောဂါကင်းပျောက်စေနိုင်သည့် ဂုဏ်သတ္တိများရှိသည်ဟူ၍ ယုံကြည်ကာ ယင်းပင်လယ်ရေကို သောက်သုံးကြသည်ဟု ဆိုခဲ့ကြ၏။ ယနေ့ခေတ်တွင်မူ ယင်းသို့ပြုလုပ်ရန် ထောက်ခံချက်မရှိသည်မှာ ထင်ရှားသည်။ ဆားငန်ရေတွင် ရေချိုးခြင်းက ကိုယ်ခန္ဓာကို သန့်ရှင်းစင်ကြယ်စေသည်ဟု ဆိုခြင်းမှာမူ ပို၍ကျိုးကြောင်းဆီလျော်၏။ ဒေသတစ်ခုလုံးတွင် ဆေးစွမ်းထက်သည့်အရာများ ရှိသောကြောင့်လည်း နာမည်ကြီးသည်။ ပင်လယ်ရေမျက်နှာပြင်ထက် နိမ့်သောကြောင့် လေထုမှာ သဘာဝအလျောက် အောက်ဆီဂျင်ဓာတ်ပြည့်ဝနေသည်။ လေထုထဲတွင် ဘရိုမိုက်ဒြပ်ပေါင်းပါဝင်မှု မြင့်မားခြင်းက အကြောအခြင်ကို ပြေစေနိုင်စွမ်းရှိသည်ဟုဆို၏။ ဓာတ်သတ္တုများဖြင့်ပြည့်ဝနေသော အမည်းရောင်ရွှံ့မြေနှင့် ကမ်းခြေတစ်လျှောက်ရှိ ဆာလဖာဓာတ်ပါဝင်သော ရေပူစမ်းများသည် အရေပြားရောဂါအတော်များများနှင့် အဆစ်အမြစ်ရောင်ရောဂါများကို ကုသရာတွင် အသုံးဝင်လှ၏။ ထို့ ပြင် ယင်းဒေသတွင် တစ်ချိန်ကစိုက်ပျိုးခဲ့သည့် ဗာလ်ဆမ်သစ်မွှေးပင်များသည် အမြဲတန်ဖိုးထားခံရပြီး ယင်းကို အလှကုန်များနှင့် ဆေးဖက်ဝင်ပစ္စည်းများအနေနှင့် အသုံးပြုခဲ့ကြသည်။

ပင်လယ်ထွက် နိုင်လွန်ကတ္တရာ

ပင်လယ်သေ၏ အထူးဆန်းဆုံးသောအရာတစ်ခုမှာ ယင်းမှထွက်ရှိသည့် ရေနံကတ္တရာ (နိုင်လွန်ကတ္တရာ) ဖြစ်ပြီး ရံဖန်ရံခါ အစိုင်အခဲလေးများအဖြစ် ရေမျက်နှာပြင်ပေါ် ပေါလောပေါ်နေသည်ကို တွေ့ရှိရသည်။ * ၁၈၃၄ ခုနှစ်က ကမ်းခြေပေါ်၌ ပေါလောပေါ်ခဲ့သော ရေနံကတ္တရာတုံးကြီးတစ်တုံးသည် အလေးချိန်ပေါင် ၆,၀၀၀ ခန့်ရှိသည်ဟု ၁၉၀၅ ခုနှစ်၊ The Biblical World လစဉ်ထုတ်ကဆိုခဲ့သည်။ ရေနံကတ္တရာများကို “လူသားမျိုးနွယ်တို့ အသုံးပြုဖူးခဲ့သမျှတွင် ပထမဆုံးသော ရေနံထွက်ပစ္စည်း” အဖြစ် သတ်မှတ်ခဲ့၏။ (Saudi Aramco World, နိုဝင်ဘာ/ဒီဇင်ဘာ ၁၉၈၄) မြေငလျင်များကြောင့် ကတ္တရာတုံးကြီးများသည် ပင်လယ်သေကြမ်းပြင်မှ ပြတ်ထွက်လာပြီး ရေမျက်နှာပြင်ပေါ်သို့ ပေါလောပေါ်လာကြသည်ဟု လူတချို့က ထင်မှတ်လေ့ရှိသည်။ ကတ္တရာများသည် လိပ်ခုံးသဏ္ဌာန်ရှိကျောက်ထုကြီးများ သို့မဟုတ် အက်ကွဲကြောင်းများမှတစ်ဆင့် ပင်လယ်ကြမ်းပြင်ပေါ်သို့စိမ့်ထွက်လာပြီး ဆားတုံးများတွင် တွယ်ကပ်လာဖို့အကြောင်း ပိုများပါသည်။ ထို့နောက် ဆားတုံးများ အရည်ပျော်သွားသောအခါ ကတ္တရာတုံးများသာ ရေမျက်နှာပြင်သို့ ပေါ်လာသည်။

ရာစုနှစ်များတစ်လျှောက် ရေနံကတ္တရာကို လှေများတွင် ရေလုံစေရန်လည်းကောင်း၊ ဆောက်လုပ်ရေးများတွင်လည်းကောင်း၊ ပိုးမွှားနှိမ်ဆေးများတွင်လည်းကောင်း အမျိုးမျိုးအသုံးပြုခဲ့ကြသည်။ ဘီစီ လေးရာစုအလယ်ခန့်တွင် အီဂျစ်လူမျိုးများသည် ရုပ်အလောင်းကိုဆေးစိမ်ရန် ရေနံကတ္တရာကို အမြောက်အမြားအသုံးပြုခဲ့သည်ဟု ယူဆရ၏။ သို့သော် ယင်းအယူအဆကို ပညာရှင်အချို့က စောဒကတက်နေကြသည်။ ပင်လယ်သေအနီးတစ်ဝိုက်တွင် အခြေချနေထိုင်ခဲ့သော ရှေးခြေသလုံးအိမ်တိုင် လှည့်လည်သွားလာသူတို့သည် အဆိုပါဒေသရှိ ကတ္တရာလုပ်ငန်းကို လက်ဝါးကြီးအုပ်ခဲ့ကြသည်။ သူတို့သည် ရေနံကတ္တရာများကို ကမ်းပေါ်သို့ ဆယ်ယူခဲ့ကြကာ ဖြတ်တောက်ပြီး အီဂျစ်နိုင်ငံသို့ ယူဆောင်သွားခဲ့၏။

ပင်လယ်သေသည် အမှန်ပင် ထူးခြားချက်များစွာရှိသည့် ပင်လယ်တစ်စင်းဖြစ်၏။ ယင်းပင်လယ်ကို အငန်ဆုံး၊ အနိမ့်ဆုံးနှင့် အသေကျေနိုင်ဆုံးဖြစ်သော်လည်း ကျန်းမာရေးနှင့်အညီညွတ်ဆုံး ပင်လယ်အဖြစ် ဖော်ပြခြင်းက ချဲ့ကားပြောဆိုနေခြင်းမဟုတ်ပေ။ ယင်းသည် ကမ္ဘာပေါ်တွင် စိတ်ဝင်စားစရာအကောင်းဆုံး ပင်လယ်တစ်စင်း အမှန်ပင်ဖြစ်၏။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 15 ရေနံမှရရှိသော ကတ္တရာကို နိုင်လွန်ကတ္တရာဟုလည်းခေါ်ဆိုသည်။ သို့သော် နိုင်ငံများစွာတွင် နိုင်လွန်ကတ္တရာဟုဆိုရာ၌ သဲ သို့မဟုတ် ကျောက်စရစ်များအစရှိသည့် တွင်းထွက်ပစ္စည်းများ ရောနှောနေသော ရေနံကတ္တရာကို ရည်ညွှန်းပြီး လမ်းများခင်းရာတွင် အသုံးပြုလေ့ရှိ၏။ ဤဆောင်းပါးတွင်မူ သဘာဝကုန်ကြမ်းများကို ရည်ညွှန်းရန် ရေနံကတ္တရာနှင့် နိုင်လွန်ကတ္တရာကို အပြန်အလှန် လဲလှယ်အသုံးပြုထားပါသည်။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ဆားငန်ရေတွင် မပျက်မစီးဘဲ တည်ရှိနေခဲ့

အတိတ်က ပင်လယ်သေသည် ပျားပန်းခတ် စည်ကားခဲ့သော ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ခဲ့သည်ဟု သမိုင်းပညာရှင်များကဆို၏။ မကြာသေးမီက သစ်သားဖြင့်ပြုလုပ်ထားသော ကျောက်ဆူးနှစ်ခုကို ရှာဖွေတွေ့ ရှိခဲ့ခြင်းက ယင်းအဆိုမှန်ကန်ကြောင်း အတည်ပြုခဲ့သည်။

အဆိုပါကျောက်ဆူးများကို တစ်ချိန်က ရှေးအင်္ဂေဒိဆိပ်ကမ်း တည်ရှိခဲ့သောနေရာအနီး၊ ပင်လယ်သေ၏ ပြိုကျနေသောကမ်းပါးတွင် တွေ့ ရှိခဲ့ကြသည်။ ကျောက်ဆူးတစ်ခုကို နှစ်ပေါင်း ၂,၅၀၀ ခန့်သက်တမ်းရှိသည်ဟု ယူဆခဲ့ရာ ပင်လယ်သေဒေသတွင် တွေ့ ရှိခဲ့သမျှ၌ ရှေးအကျဆုံးကျောက်ဆူးဖြစ်သည်။ ဒုတိယကျောက်ဆူးကို နှစ်ပေါင်း ၂,၀၀၀ ခန့်သက်တမ်းရှိသည်ဟု ယူဆကြပြီး ထိုစဉ်က အကောင်းဆုံးရောမနည်းပညာဖြင့် ပြုလုပ်ခဲ့သည့်လက်ရာဖြစ်သည်ဟု ယူဆရသည်။

အများအားဖြင့် သစ်သားဖြင့်ပြုလုပ်ထားသော ကျောက်ဆူးများသည် သာမန်ပင်လယ်ရေတွင် ပျက်စီးသွားပြီး သတ္တုဖြင့်ပြုလုပ်ထားသောကျောက်ဆူးများသာလျှင် မပျက်စီးဘဲ အထားခံသည်။ သို့သော် ပင်လယ်သေတွင် အောက်ဆီဂျင်မရှိသည့်အပြင် ဆားဓာတ်လွန်ကဲမှုကြောင့် သစ်သားနှင့် ယင်းနှင့်တွဲလျက်ရှိနေသော ကြိုးများ မပျက်စီးခဲ့ချေ။ ယင်းတို့သည် ထူးထူးခြားခြားပင် အကောင်းပကတိရှိနေကြ၏။

[ရုပ်ပုံ]

ဘီစီ ၇ ရာစုနှင့် ၅ ရာစုအကြားရှိ သစ်သားကျောက်ဆူး

[Credit Line]

Photograph © Israel Museum, Courtesy of Israel Antiquities Authority

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ရေပူစမ်း ရေတံခွန်များ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

တောင်ဆိတ်ထီး

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ပေါလောမျောလျက် သတင်းစာဖတ်နေခြင်း