မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမျိုးသမီးများအား အကြမ်းဖက်မှု—ကမ္ဘာချီ ပြဿနာတစ်ရပ်

အမျိုးသမီးများအား အကြမ်းဖက်မှု—ကမ္ဘာချီ ပြဿနာတစ်ရပ်

အမျိုးသမီးများအား အကြမ်းဖက်မှု—ကမ္ဘာချီ ပြဿနာတစ်ရပ်

နိုဝင်ဘာ ၂၅ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအားအကြမ်းဖက်မှု ပပျောက်ရေးနေ့ဖြစ်၏။ အမျိုးသမီးများ၏ ကိုယ်ပိုင်အခွင့်အရေး ချိုးဖောက်ခံနေရမှုကို လူတို့ ပို၍ဂရုပြုလာစေရန် ၁၉၉၉ ခုနှစ်တွင် ကျင်းပခဲ့သော ယူအဲန်အထွေထွေညီလာခံက ယင်းနေ့ကို တရားဝင်အသိအမှတ်ပြုလိုက်၏။ အဘယ်ကြောင့် အဆိုပါနေ့ကို သတ်မှတ်ဖို့ လိုအပ်သည်ဟု ယူဆခဲ့ကြသနည်း။

ယဉ်ကျေးမှုများစွာတွင် အမျိုးသမီးများကို နိမ့်ကျသည့် နိုင်ငံသားများအဖြစ် ရှုမြင်၍ ပြုမူဆက်ဆံခဲ့ကြ၏။ သူတို့အပေါ် စိတ်ကွက်မှုများမှာ အမြစ်တွယ်နေခဲ့သည်။ အမျိုးသမီးများအား အကြမ်းဖက်မှုပုံစံအားလုံးသည် စက်မှုဖွံ့ဖြိုးသောနိုင်ငံများ၌ပင် အဆက်မပြတ်ဖြစ်ပွားနေသော ပြဿနာတစ်ရပ်ဖြစ်၏။ ယူအဲန်အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန်၏အဆိုအရ “အမျိုးသမီးများအား အကြမ်းဖက်မှုသည် ကမ္ဘာချီဖြစ်ပြီး လူမှုအဖွဲ့အစည်းတိုင်း၊ ယဉ်ကျေးမှုတိုင်းတွင် ဖြစ်ပျက်နေ၏။ မည်သည့်လူမျိုး၊ မည်သည့်လူမျိုးစု၊ မည်သည့်လူမှုနောက်ခံ၊ မည်သည့်မျိုးရိုး၊ မည်သည့်အဆင့်အတန်းမှလာသည့် အမျိုးသမီးဖြစ်ပါစေ အကြမ်းဖက်ခံနေရသည်။”

အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၏ ယူအဲန်အထူးစုံစမ်းရေးအရာရှိဟောင်း ရာဒီကာကူမာရာစဝါမီက အမျိုးသမီးများအား အကြမ်းဖက်မှုသည် အမျိုးသမီးအများစုအတွက် “မဆွေးနွေးသင့်သော၊ လူမှုအဖွဲ့အစည်းတွင် လျှို့ဝှက်ထားအပ်သော၊ ရှက်စရာကောင်းသော မလွဲရှောင်သာသည့်ဘဝဖြစ်ရပ်မှန်” ဖြစ်သည်ဟုဆို၏။ အကြမ်းဖက်ခံရသူများ၏ အပြုအမူကို လေ့လာသည့်အဖွဲ့အစည်းတစ်ခုမှ ထုတ်ပြန်သော စာရင်းဇယားများက တောင်အမေရိကနိုင်ငံတစ်နိုင်ငံတွင် အမျိုးသမီး ၂၃ ရာခိုင်နှုန်း သို့မဟုတ် ၄ ဦးလျှင် ၁ ဦးခန့်သည် အိမ်တွင်းအကြမ်းဖက်မှုပုံစံတစ်မျိုးမျိုးကို တွေ့ ကြုံခံစားနေရကြောင်း ဖော်ပြ၏။ အလားတူ ဥရောပကောင်စီကလည်း ဥရောပအမျိုးသမီး ၄ ဦးလျှင် ၁ ဦးသည် ၎င်း၏သက်တမ်းတွင် အိမ်တွင်းအကြမ်းဖက်မှုကို တွေ့ ကြုံခံစားနေရကြောင်း ခန့်မှန်း၏။ ဗြိတိသျှပြည်ထဲရေးဝန်ကြီးရုံး၏အဆိုအရ မကြာသေးမီတစ်နှစ်က အင်္ဂလန်နှင့်ဝေလနယ်တွင် တစ်ပတ်လျှင် ပျမ်းမျှ အမျိုးသမီးနှစ်ဦးသည် လက်ရှိအတူနေအဖော် သို့မဟုတ် အဖော်ဟောင်း၏လက်ချက်ဖြင့် အသက်ဆုံးခဲ့ရသည်။ India Today International မဂ္ဂဇင်းက “အိန္ဒိယနိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသမီးများအတွက် စိုးရိမ်ထိတ်လန့်မှုသည် ထာဝရအဖော်ဖြစ်ပြီး မည်သည့်နေရာကိုပင်သွားသွား သူတို့အချိန်မရွေး တွေ့ကြုံရနိုင်သည့် ကြောက်စရာကောင်းသောသူစိမ်းမှာ မုဒိမ်းသမားများဖြစ်၏” ဟုဖော်ပြသည်။ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းက အမျိုးသမီးများနှင့် မိန်းကလေးများအား အကြမ်းဖက်ခြင်းကို မျက်မှောက်ခေတ်၏ “နေရာအနှံ့တွင် အဖြစ်အများဆုံး လူ့အခွင့်အရေးဆိုင်ရာပြဿနာ” ဟုဖော်ပြသည်။

အထက်ပါသတင်းအချက်အလက်များက အမျိုးသမီးများအပေါ်ထားရှိသော ဘုရားသခင့်စိတ်သဘောတော်ကို ရောင်ပြန်ဟပ်ပါသလော။ ဤမေးခွန်းကို နောက်ဆောင်းပါးတွင် ဆွေးနွေးသုံးသပ်ပါမည်။