မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာရှုထောင့်

အချိန်တိကျခြင်းနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဘာပြောထားသလဲ

အချိန်တိကျခြင်းနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဘာပြောထားသလဲ

နောက်ကျတတ်တဲ့သူတွေတောင်မှ အချိန်တိကျတာဟာ ကောင်းမှန်း သဘောပေါက်ကြတယ်။ အချိန်တိကျတာနဲ့ပတ်သက်ပြီး အကျိုးရှိတဲ့အကြံပြုချက်တွေကို ကျမ်းစာမှာ ဖော်ပြထားတယ်။

အချိန်တိကျဖို့ ဘယ်လောက် အရေးကြီးသလဲ

ဘာကြောင့်အရေးကြီးသလဲ–

ချိန်းထားတာထက် အချိန်စောရောက်သွားတာဟာ စိတ်ဖိစီးမှုလျော့နည်းစေတယ်။ အချိန်တိကျသူဟာ နာမည်ကောင်းရတယ်။ ဘယ်လိုနည်းနဲ့လဲ။

အချိန်တိကျသူဟာ လုပ်ရည်ကိုင်ရည်ရှိသူဖြစ်တယ်။ သင်ဟာ အချိန်တိကျသူဆိုရင် မမျှော်လင့်ထားတဲ့ အခြေအနေတွေကြောင့် နောက်ကျမှာကို ထည့်တွက်စဉ်းစားပြီး အချိန်မီရောက်ဖို့ လုပ်ဆောင်မှာဖြစ်တယ်။

အချိန်တိကျသူဟာ ယုံကြည်စိတ်ချရသူဖြစ်တယ်။ ကတိဖျက်တဲ့သူတွေ၊ ကတိပေးပြီး အလေးမထားတဲ့သူတွေများတဲ့ လောကကြီးမှာ ကတိတည်သူတွေကို တန်ဖိုးထားလေးစားကြတယ်။ ယုံကြည်စိတ်ချရသူကို မိတ်ဆွေတွေနဲ့ မိသားစုက လေးစားတယ်။ အလုပ်ကို အချိန်မှန်ရောက်သူ၊ သတ်မှတ်ထားချိန်မှာ အလုပ်ပြီးသူကို အလုပ်ရှင်တွေ တန်ဖိုးထားတယ်။ ယုံကြည်စိတ်ချရသူဟာ လုပ်ခပိုရနိုင်ပြီး အားကိုးလို့ရသူလည်းဖြစ်တယ်။

သမ္မာကျမ်းစာပြောဆိုရာ–

အချိန်တိကျတာနဲ့ပတ်သက်ပြီး ကျမ်းစာအကြံပြုချက်တွေရှိတယ်။ ဥပမာ၊ “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ၊ စည်းစနစ်တကျ ဖြစ်စေကြလော့” လို့ ကျမ်းစာပြောတယ်။ (၁ ကောရိန္သု ၁၄:၄၀) သတ်မှတ်ထားတဲ့ အချိန်နဲ့နေရာမှာ တွေ့ဆုံဖို့ချိန်းထားရင် အဲဒီအတိုင်း အချိန်တိတိကျကျ ရောက်သင့်တယ်။ “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။ မိုးကောင်းကင်အောက်၌ ကြံစည်သမျှအသီးအသီးတို့ကို ပြုရသောအချိန်ရှိ၏။ . . . စိုက်ပျိုးရသောအချိန်နှင့် စိုက်ပျိုးသောအရာကို နုတ်ရသောအချိန်လည်းရှိ၏” လို့ ကျမ်းစာဆိုတယ်။ (ဒေသနာ ၃:၁၊ ၂) လယ်သမားတွေဟာ စိုက်သင့်တဲ့အချိန်မှာ စိုက်ပျိုးကြရတယ်။ အချိန်မှန်စိုက်ပျိုးမှ အထွက်နှုန်းများမှာဖြစ်တယ်။

အချိန်တိကျဖို့ ပိုကောင်းတဲ့အကြောင်းရင်းတစ်ခုကို ကျမ်းစာပြောသေးတယ်- အချိန်တိကျသူဟာ တခြားသူနဲ့ သူတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်ကို လေးစားတဲ့သူဖြစ်တယ်။ (ဖိလိပ္ပိ ၂:၃၊ ၄) တခြားသူတွေကို စောင့်နေခိုင်းတာဟာ သူတို့ရဲ့အချိန်ကို ခိုးတာနဲ့တူတယ်။

“သင်တို့သည် ကိုယ့်အရေးကိစ္စကိုသာ အာရုံမစိုက်ဘဲ သူတစ်ပါး၏အရေးကိစ္စကိုလည်း အာရုံစိုက်ကြလော့။”ဖိလိပ္ပိ ၂:၄

အချိန်တိကျဖို့ ဘာလုပ်နိုင်သလဲ

သမ္မာကျမ်းစာပြောဆိုရာ–

ကြိုတင်စီစဉ်ထားဖို့ ကျမ်းစာက တိုက်တွန်းတယ်။ (သုတ္တံ ၂၁:၅) နောက်ကျတတ်တဲ့ အကျင့်ရှိတယ်ဆိုရင် လုပ်စရာများလွန်းနေလို့ ဖြစ်နိုင်တယ်။ အရေးမကြီးတာတွေနဲ့ ဘာလို့အချိန်ကုန်နေမလဲ။ အချိန်မီရောက်ဖို့ ကြိုတင်စီစဉ်ပြီး စောစောထွက်ပါ။ အဲဒီလိုစောစောထွက်ရင် ကားပိတ်တာလိုမျိုး မမျှော်လင့်တဲ့ အခြေအနေတွေကြောင့် နောက်ကျတော့မှာမဟုတ်ဘူး။

နှိမ့်ချမှုရှိဖို့လိုတယ်လို့လည်း ကျမ်းစာဆိုတယ်။ (သုတ္တံ ၁၁:၂) ဆိုလိုတာက အရာအားလုံးကို သင် မလုပ်ဆောင်နိုင်ဘူးဆိုတာ အသိအမှတ်ပြုရမယ်။ ကိစ္စတစ်ခုလုပ်ဖို့ ကတိမပေးခင် ကိုယ့်အခြေအနေကို အရင်စဉ်းစားပါ။ မနိုင်ဝန်ထမ်းလိုက်မယ်ဆိုရင် ကိုယ်တိုင်စိတ်ဖိစီးပြီး တခြားသူတွေကိုလည်း စိတ်အနှောင့်အယှက်ပေးရာရောက်မယ်။

အချိန်ကို အကောင်းဆုံးအသုံးပြုဖို့ ကျမ်းစာပြောတယ်။ (ဧဖက် ၅:၁၅၊ ၁၆) အရေးကြီးဆုံးအလုပ်တွေကို ဦးစားပေးလုပ်ပါ။ (ဖိလိပ္ပိ ၁:၁၀) အချိန်ကို အကျိုးရှိရှိ အသုံးချတဲ့အနေနဲ့ ကား၊ ရထားစီးချိန်၊ တခြားသူတွေကို စောင့်နေချိန်မှာ စာဖတ်တာမျိုး၊ တစ်နေ့တာအစီအစဉ်ဆွဲတာမျိုးလုပ်ပါ။

‘လုံ့လဝီရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်းနှင့် ဆိုင်ပေ၏။’သုတ္တံ ၂၁:၅