မာတိကာဆီ ကျော်သွား

ခရစ္စမတ်ပွဲ​နဲ့​ပတ်သက်ပြီး ကျမ်းစာ​အဆို​က ဘာလဲ။

ခရစ္စမတ်ပွဲ​နဲ့​ပတ်သက်ပြီး ကျမ်းစာ​အဆို​က ဘာလဲ။

သမ္မာကျမ်းစာ ဖြေဆို​ရာ

သမ္မာကျမ်းစာမှာ ယေရှု​မွေးဖွား​တဲ့​နေ့ အတိအကျ​ကို မဖော်ပြ​ထားတဲ့​အပြင် ကိုယ်တော်ရဲ့​မွေးနေ့​ပွဲကို ကျင်းပ​သင့်တယ်လို့​လည်း မပြော​ထားပါ​ဘူး။ မက်ကလင်းတော့​နဲ့ စထရောင်း တို့ရဲ့ စွယ်စုံ​ကျမ်းမှာ ဒီလို​ဖော်ပြ​ထားတယ်- “ခရစ္စမတ်ပွဲ ကျင်းပ​ဖို့ ဘုရားသခင် မ​မိန့်မှာ​ထားတဲ့​အပြင် ဓမ္မသစ်ကျမ်း​မှာလည်း မဖော်​ပြ​ထားပါ​ဘူး။”

ခရစ္စမတ်ပွဲ​ရဲ့ သမိုင်းကြောင်းကို လေ့လာ​ဆန်းစစ်​ကြည့်တဲ့အခါ အယူမှား ဘာသာရေး​ဓလေ့ ထုံးတမ်း​တွေ​ကနေ ဆင်းသက်​လာတာကို တွေ့ရှိ​ရတယ်။ ဘုရားသခင် မနှစ်သက်တဲ့​နည်းနဲ့ ကိုယ်တော့်​ကို ဝတ်ပြုဖို့ ကြိုးစားမယ်​ဆိုရင် ကိုယ်တော်​ကို ရှုတ်ချ​ရာ​ရောက်တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြ​ထားတယ်။–ထွက်မြောက်ရာ ၃၂:၅–၇

ခရစ္စမတ် ဓလေ့​ထုံးတမ်း​တွေရဲ့ သမိုင်းကြောင်း

  1. ၁။ ယေရှု​မွေးနေ့ ကျင်းပခြင်း– “အစောပိုင်း​ခရစ်ယာန်တွေဟာ [ယေရှု] မွေးနေ့​ပွဲကို မကျင်းပခဲ့​ကြပါဘူး။ ဘာကြောင့်လဲ​ဆိုတော့ တစ်ဦး​တစ်ယောက်ရဲ့ မွေးနေ့ကို ကျင်းပတာဟာ အယူမှား ဓလေ့​ထုံးစံ ဖြစ်တယ်လို့ သူတို့ ယူဆကြ​လို့​ပါပဲ။”–ကမ္ဘာ့​စာအုပ်​စွယ်စုံကျမ်း။

  2. ၂။ ဒီဇင်ဘာ ၂၅– အဲဒီ​နေ့မှာ ယေရှု​မွေးဖွားခဲ့တယ်​ဆိုတဲ့ အထောက်အထား​မရှိပါဘူး။ ခရစ်ယာန် ဘာသာရေး​ခေါင်းဆောင်တွေ​ဟာ ဆောင်း​ယ​ဉ်​စွန်း​ချိန်မှာ ကျင်းပတဲ့ အယူမှား​ပွဲတော်​နဲ့ တစ်ထပ်တည်း​ကျ​အောင် အဲဒီနေ့ကို ရွေးချယ်​လိုက်တာ ဖြစ်နိုင်တယ်။

  3. ၃။ လက်ဆောင်​ပေးခြင်း၊ စားသောက်ပွဲ၊ ပါတီပွဲ– အမေရိကားနား​စွယ်စုံ​ကျမ်းမှာ ဒီလို​ဖော်ပြ​ထားတယ်- “ခရစ္စမတ်ပွဲ​ရဲ့ ပျော်ပွဲရွှင်ပွဲ ဓလေ့​ထုံးစံ တော်​တော်​များများ​ဟာ ဒီဇင်ဘာလ​လယ်​မှာ ကျင်းပတဲ့ ဆက်တန်နေလီယာ​လို့​ခေါ်တဲ့ ရောမ​ပွဲတော်​ကနေ ဆင်းသက်​လာတယ်။ ဥပမာ၊ စားသောက်ပွဲ တခမ်းတနား​ကျင်းပတာ၊ လက်ဆောင်​ပေးတာ၊ ဖယောင်းတိုင်​ထွန်း​တာ​တွေ​က အဲဒီ​ပွဲ​ကနေ ဆင်းသက်လာ​တာ​ဖြစ်တယ်။” အဲဒီ​ရောမ​ပွဲတော်​အတွင်း “အလုပ်တွေ၊ စီးပွားရေး​လုပ်ငန်းတွေကို ခေတ္တ​ရပ်ဆိုင်း​ထား​ကြတယ်” ဆိုပြီး ဗြိတိန်နီကာ​စွယ်စုံ​ကျမ်းမှာ ဖော်ပြ​ထားတယ်။

  4. ၄။ ခရစ္စမတ်​မီးထွန်း​ခြင်း– ဘာသာရေးဆိုင်ရာ​စွယ်စုံကျမ်း​အရ ဥရောပ​သားတွေဟာ ဆောင်း​ယ​ဉ်​စွန်း​ချိန်​ကို ဆင်နွှဲ​ဖို့နဲ့ နတ်ဆိုးတွေကို မောင်းထုတ်​ဖို့ သူတို့ရဲ့ နေအိမ်​တွေ​မှာ “မီး​တွေ၊ အမြဲစိမ်းပင် မျိုးစုံ” နဲ့ အလှဆင်​ထား​ကြတယ်။

  5. ၅။ ကျီးပေါင်းပင်​နဲ့ ဟော်လီ​ပင်– “ကျီးပေါင်းပင်​မှာ ထူးခြား​ဆန်းကြယ်​တဲ့ ဂုဏ်​သတ္တိ​တွေ ရှိတယ်လို့ ဆဲလ်​တစ်​ဘုန်းတော်ကြီး​တွေ ယူမှတ်ခဲ့​ကြတယ်။ နေ​မင်း ပြန်လာ​မယ့် အထိမ်းအမှတ်​အနေနဲ့ ဟော်လီ​လို့​ခေါ်တဲ့ အမြဲစိမ်းပင်​ကို ကိုးကွယ်​ကြတယ်။”–အမေရိကားနား​စွယ်စုံကျမ်း။

  6. ၆။ ခရစ္စမတ်​သစ်ပင်– “အယူမှား ဥရောပ​သားတွေ ခရစ်ယာန်​ဘာသာ​ထဲ ပြောင်း​ဝင်လာ​ပြီး​တဲ့ နောက်ပိုင်းမှာ သစ်ပင်​ကိုးကွယ်မှု​က ဆက်​တည်ရှိ​နေတုန်းပဲ။” သစ်ပင်​ကိုးကွယ်မှု​ထဲမှာ က​နေ့​ထက်​ထိ ဆက်​တည်ရှိ​နေတဲ့ ဓလေ့​တစ်ခုကတော့ “ဆောင်း​လယ်​မှာ​ကျင်းပတဲ့ ပွဲနေ့​တွေ​အတွင်း အိမ်ပေါက်ဝ​မှာ ဒါမှမဟုတ် အိမ်ထဲမှာ ခရစ္စမတ်​သစ်ပင်​ထား” တဲ့​ဓလေ့​ဖြစ်တယ်။–ဗြိတိန်နီကာ​စွယ်စုံကျမ်း။