မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးဆောင်းပါး | ရောဂါမကူးစက်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းများ

ရောဂါမကူးစက်အောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ

ရောဂါမကူးစက်အောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ

ရှေးဟောင်းမြို့အတော်များများမှာ ကြီးမားခိုင်ခံ့တဲ့ မြို့ရိုးတွေရှိတယ်။ မြို့ရိုးရဲ့တစ်နေရာလေးကို ရန်သူတွေ ဖျက်ဆီးနိုင်ရင် တစ်မြို့လုံး အန္တရာယ်ရှိနေပြီ။ လူ့ကိုယ်ခန္ဓာဟာ မြို့ရိုးကာထားတဲ့ မြို့နဲ့တူတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လေ ကျန်းမာရေးကောင်းလေပဲ။ ရောဂါကူးစက်နိုင်တဲ့ အခြေအနေငါးရပ်နဲ့ ကာကွယ်နိုင်တဲ့နည်းတွေအကြောင်း သုံးသပ်ကြရအောင်။

၁ ရေ

အန္တရာယ်– မသန့်ရှင်းတဲ့ရေကတစ်ဆင့် ရောဂါဖြစ်စေတဲ့ပိုးမွှားတွေဟာ သင့်ခန္ဓာကိုယ်ထဲ ရောက်သွားနိုင်တယ်။

ကာကွယ်နည်း– သန့်ရှင်းတဲ့ရေအသုံးပြုခြင်းက အကောင်းဆုံးကာကွယ်နည်းပဲ။ ရေမသန့်ဘူးလို့ သံသယရှိနေရင် ရေသန့်ဖြစ်အောင် လုပ်ပေးပါ။ * ရေသိုလှောင်တဲ့အခါ ဖုံးအုပ်ထားပါ။ အဲဒီရေကို ရေပိုက်ခေါင်းနဲ့ ဒါမှမဟုတ် သန့်ရှင်းတဲ့ခွက်နဲ့ အသုံးပြုပါ။ ရေသန့်ထဲ လက်မနှိုက်ပါနဲ့။ ရေသိုလှောင်တဲ့နေရာအနီးတဝိုက်မှာ အိမ်သာ မဆောက်ပါနဲ့။

၂ အစားအစာ

အန္တရာယ်– သင့်အစားအစာထဲမှာ ရောဂါရစေနိုင်တဲ့ ပိုးမွှားတွေ ရှိနိုင်တယ်။

ကာကွယ်နည်း– မသန့်ရှင်းတဲ့အစားအစာဟာ လတ်ဆတ်ပြီး အာဟာရရှိပုံပေါက်နေနိုင်တယ်။ ဒါကြောင့် အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို သေချာဆေးကြောသင့်တယ်။ ချက်ပြုတ်တဲ့အခါ၊ စားသောက်ဖို့ပြင်ဆင်တဲ့အခါ အိုးခွက်ပန်းကန်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ လက်တွေ သန့်ရှင်းနေရမယ်။ တချို့အစားအစာတွေဟာ ရောဂါရစေတဲ့ ပိုးမွှားတွေ ရှိနိုင်လို့ အချိန်ကြာကြာ ချက်ဖို့လိုတယ်။ အနံ့အရသာ၊ အရောင်အဆင်းပြောင်းနေတဲ့ အစားအစာတွေဟာ မစားသင့်တော့တဲ့ လက္ခဏာပါပဲ။ စားပြီးပိုနေတဲ့အစားအစာတွေကို ရေခဲသေတ္တာထဲထည့်ပါ။ ဖျားနာချိန်မှာ တခြားသူတွေကို ချက်ပြုတ်မကျွေးပါနဲ့။ *

၃ အင်းဆက်ပိုးမွှားများ

အန္တရာယ်– အင်းဆက်ပိုးမွှားတွေဆီကနေ ရောဂါရနိုင်တယ်။

ကာကွယ်နည်း– ခြင်ထွက်များတဲ့အချိန်မှာ အိမ်ထဲမှာနေပါ ဒါမှမဟုတ် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ထားပါ။ ဆေးစိမ်ထားတဲ့ ခြင်ထောင်နဲ့အိပ်ပါ။ ခြင်ဆေးလိမ်းပါ။ ခြင်မပေါက်ပွားဖို့ ရေဝပ်တဲ့နေရာတွေကို ရှင်းလင်းပါ။ *

၄ တိရစ္ဆာန်များ

အန္တရာယ်– တိရစ္ဆာန်တွေရဲ့ ကိုယ်ခန္ဓာပေါ်မှာ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ ပိုးမွှားတွေရှိတယ်။ တိရစ္ဆာန်တစ်ကောင် ကိုက်ရင်၊ ကုတ်ခြစ်ရင်၊ သူ့အညစ်အကြေးတွေ ကိုင်တွယ်မိရင် အန္တရာယ်ရှိတယ်။

ကာကွယ်နည်း– တိရစ္ဆာန်တွေကို အိမ်ပြင်မှာထားပြီး မွေးတာကောင်းတယ်။ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ပွတ်သပ်ကိုင်တွယ်ပြီးသွားရင် လက်ကို ဆေးပါ။ မယဉ်ပါးတဲ့တိရစ္ဆာန်တွေကို မပွတ်သပ်ပါနဲ့။ တိရစ္ဆာန်တစ်ကောင် ကိုက်လို့၊ ကုတ်ခြစ်လို့ ဒဏ်ရာရရင် သေချာဆေးကြောပြီး ဆရာဝန်ဆီသွားပြသင့်တယ်။ *

၅ လူတွေ

အန္တရာယ်– နှာချေ၊ ချောင်းဆိုးတာကနေ ရောဂါကူးနိုင်တယ်။ ပွေ့ဖက်တာ၊ လက်ဆွဲနှုတ်ဆက်တာကနေလည်း ကူးနိုင်တယ်။ တံခါးလက်ကိုင်၊ လက်ရန်း၊ တယ်လီဖုန်း၊ ရီမုတ် (အဝေးထိန်းခလုတ်)၊ ကွန်ပျူတာမျက်နှာပြင်နဲ့ ကီးဘုတ်တွေမှာလည်း ရောဂါပိုးမွှားတွေ တွယ်ကပ်နေနိုင်တယ်။

ကာကွယ်နည်း– တခြားသူရဲ့ မုတ်ဆိတ်ရိတ်ဓား၊ သွားတိုက်တံ၊ မျက်နှာသုတ်ပုဝါတွေကို မသုံးပါနဲ့။ တိရစ္ဆာန်နဲ့ လူတွေရဲ့ ကိုယ်ခန္ဓာကထွက်တဲ့ သွေးချွေးအပါအဝင် အရည်မှန်သမျှနဲ့ မထိပါနဲ့။ လက်ကို အကြိမ်ကြိမ် သေချာဆေးကြောတာက အကျိုးရှိတယ်။ အဲဒါက ရောဂါပျံ့နှံ့တာကို ထိန်းချုပ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းဖြစ်လို့ပါ။

ဖျားတဲ့အခါ ဖြစ်နိုင်ရင် အိမ်မှာပဲအနားယူပါ။ နှာချေ၊ ချောင်းဆိုးတဲ့အခါ လက်နဲ့မကာဘဲ တစ်ရှူး ဒါမှမဟုတ် အင်္ကျီလက်နဲ့ကာဖို့ အမေရိကန်၊ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး စင်တာက အကြံပေးတယ်။

ရှေးကတည်းက ကျမ်းစာမှာ အခုလိုဆိုတယ်- “သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍ ပုန်းနေတတ်၏။” (သုတ္တံ ၂၂:၃) ဒီစကားတွေဟာ ကူးစက်နိုင်တဲ့ရောဂါတွေ ပျံ့နှံ့နေတဲ့ အခုအချိန်အတွက် တကယ်သင့်တော်တယ်။ နေထိုင်မကောင်းရင် ဆေးခန်းသွားပါ။ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပါ။ ကိုယ်ခံအားကောင်းအောင်လုပ်ပြီး ရောဂါမကူးစက်ရအောင် နေထိုင်ပါ။

^ စာပိုဒ်၊ 6 ရေသန့်ရဖို့ ကလိုရင်းခပ်တာ၊ နေရောင်ခြည်နဲ့ သန့်စေတာ၊ ရေကို စစ်သုံးတာ၊ ကျိုချက်သောက်တာတွေ လုပ်ပါလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြံပြုတယ်။

^ စာပိုဒ်၊ 9 အစားအစာကြောင့် ရောဂါမဖြစ်ရအောင် နောက်ထပ်သိနိုင်ဖို့ ၂၀၁၂၊ ဇွန်လထုတ် နိုးလော့! စာမျက်နှာ ၃-၉ ကိုကြည့်ပါ။

^ စာပိုဒ်၊ 12 ငှက်ဖျားရောဂါကာကွယ်နည်းအကြောင်း သိနိုင်ဖို့ ၂၀၁၅၊ ဇူလိုင်လထုတ် နိုးလော့! စာမျက်နှာ ၁၄-၁၅ ကိုကြည့်ပါ။

^ စာပိုဒ်၊ 15 အဆိပ်ရှိတဲ့အကောင် ကိုက်လို့ ဒဏ်ရာရတယ်ဆိုရင် အမြန်ဆုံးဆေးခန်းသွားသင့်တယ်။