မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံး​အကြောင်းအရာ | မြင်းစီးသူရဲ​လေးဦး—သူတို့ရဲ့​စီးနင်း​မှုက သင့်ကို အကျိုးသက်ရောက်​ပုံ

မြင်းစီးသူရဲလေးဦး​—သူတို့ဟာ ဘယ်သူတွေလဲ

မြင်းစီးသူရဲလေးဦး​—သူတို့ဟာ ဘယ်သူတွေလဲ

မြင်းစီးသူရဲ​လေးဦး​ဟာ ပဟေဠိဆန်​ပြီး ထိတ်လန့်စရာ​ဖြစ်​ပုံ​ရတယ်။ ဒါပေ​မဲ့ အဲဒီလို ဖြစ်စ​ရာ​မလိုဘူး။ ဘာကြောင့်လဲ။ မြင်းစီးသူရဲ​တစ်ဦးစီ​ဟာ ဘာကို ပုံဆောင်​တယ်ဆိုတာ ကျမ်းစာနဲ့ မျက်မှောက်ခေတ်​သမိုင်းဝင် ဖြစ်ရပ်​တွေ​က သိရှိ​စေ​လို့ပဲ။ သူတို့ရဲ့​စီးနင်း​မှုက ကမ္ဘာပေါ်မှာ​ဖြစ်​မယ့် ဘေးဆိုး​တွေကို အချက်ပြ​ပေ​မဲ့ သင်​နဲ့ သင့်​မိသားစု​အတွက် သတင်းကောင်း​လည်း ဖြစ်နိုင်တယ်။ ဘယ်လိုနည်းနဲ့​လဲ။ ဦးဆုံး၊ မြင်းစီးသူရဲ​တစ်ဦး​စီ​ဟာ ဘာကို ပုံဆောင်​တယ်ဆိုတာ လေ့လာ​ကြစို့။

မြင်းဖြူ​စီး​သူ

စိတ်အာရုံ​မှာ ဒီလို​ဖော်ပြထားတယ်– “ကျွန်တော် ကြည့်​လိုက်​တော့ မြင်းဖြူ​တစ်စီး မြင်​တယ်။ မြင်းစီးသူရဲ​ဟာ လေး​ကို ကိုင်​ထားတယ်။ ဘုရား​သခင်​က သူ့ကို သရဖူ​ပေးတယ်။ သူက ရန်သူ​တွေကို အောင်ပွဲခံ​ရင်း အပြီးသတ်​အောင်ပွဲခံ​ဖို့ ထွက်သွား​တယ်။”—ဗျာဒိတ် ၆:၂

မြင်းဖြူ​စီး​သူဟာ ဘယ်သူ​လဲ။ သူ ဘယ်သူ​လဲ​ဆိုတာ​ကို ဗျာဒိတ်​ကျမ်း​မှာပဲ ဖော်ပြထားတယ်။ ကောင်းကင်​ပေါ်​က အဲဒီ​မြင်းစီးသူရဲ​ကို “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်” လို့ခေါ်​ထားတယ်။ (ဗျာဒိတ် ၁၉:၁၁-၁၃) နှုတ်ကပတ်တော်​ဆိုတဲ့​ဘွဲ့​ကို ယေရှုခရစ် ရရှိ​ထားတယ်။ ယေရှုဟာ ဘုရားသခင်ရဲ့ ပြောရေးဆိုခွင့်​ရှိသူ ဖြစ်လို့​ပဲ။ (ယောဟန် ၁:၁၊ ၁၄) သူ့ကို “ဘုရင်တကာ​တို့ရဲ့ ဘုရင်၊ သခင်​တကာ​တို့ရဲ့ သခင်၊”​ “သစ္စာရှိသူ၊ အမှန်အတိုင်း​ပြောတဲ့​သူ” လို့လည်း ခေါ်တယ်။ (ဗျာဒိတ် ၁၉:၁၁၊ ၁၆) သူဟာ တိုက်ပွဲဝင်​နေတဲ့​ဘုရင်အဖြစ် အခွင့်အာဏာ ရထား​ပေ​မဲ့ အာဏာ​ကို အလွဲသုံးစား မလုပ်​ဘူး။ ဒါပေမဲ့ မေးခွန်း​တချို့​ ပေါ် လာတယ်။

အောင်ပွဲခံ​ဖို့ အခွင့်အာဏာ​ကို ဘယ်သူ့​ဆီက ယေရှု ရထား​သလဲ။ (ဗျာဒိတ် ၆:၂) ပရောဖက်​ဒံယေလ​က “လူသား​နဲ့​တူ​တဲ့သူ” မေရှိယ​အကြောင်း စိတ်အာရုံ​တစ်ခု ရခဲ့တယ်။ ယေရှုကို “အုပ်ချုပ်ခွင့်​အာဏာ၊ ဂုဏ်ကျက်သရေ​နဲ့ နိုင်ငံ​တစ်ခု” ပေးအပ်​သူဟာ “အသက်​အကြီးဆုံး​အရှင်” ယေဟောဝါဘုရား​ကလွဲလို့ ဘယ်သူမှ မဖြစ်နိုင်ဘူး။ * (ဒံယေလ ၇:၁၃၊ ၁၄) ဒါကြောင့် အုပ်ချုပ်​ဖို့၊ တရားစီရင်​ဖို့ ယေရှုကို အခွင့်အာဏာ​ပေးအပ်​သူဟာ အနန္တတန်ခိုး​ရှင် ဘုရားသခင်​ပဲ။ မြင်းဖြူ​ဟာ ဘုရားသခင့်​သားတော် တရား​သဖြင့်​ဆင်နွှဲ​မယ့် စစ်ပွဲ​ကို ပုံဆောင်​တာ သင့်လျော်ပါတယ်။ ကျမ်းစာမှာ အဖြူရောင်​ကို ဖြောင့်မတ်ခြင်း​ရဲ့ သင်္ကေတ​အဖြစ် အသုံးပြု​လေ့​ရှိလို့​ပဲ။—ဗျာဒိတ် ၃:၄။ ၇:၉၊ ၁၃၊ ၁၄

မြင်းစီးသူရဲ​တွေဟာ ဘယ်​အချိန်​မှာ စပြီး​စီးနင်း​သလဲ။ ပထမ​မြင်းစီးသူရဲ ယေရှုဟာ သရဖူ​ရတာ​နဲ့ စီးနင်း​တယ်ဆိုတာ သိရတယ်။ (ဗျာဒိတ် ၆:၂) ကောင်းကင်မှာ ဘုရင်အဖြစ် ​ဘယ်​အချိန်​မှာ ယေရှု နန်းတက်​သလဲ။ သေဆုံး​ပြီးနောက် ကောင်းကင် ပြန်​တက်​သွားချိန်မှာ​တော့ မဟုတ်ဘူး။ အချိန်အတော်ကြာ စောင့်ဆိုင်း​ခဲ့ရ​မှန်း ကျမ်းစာ ဖော်ပြတယ်။ (ဟီဘရူး ၁၀:၁၂၊ ၁၃) ကောင်းကင်မှာ သူ ဘယ်​အချိန်​ထိ စောင့်​ရ​မလဲ၊ ဘယ်​အချိန် စ​အုပ်ချုပ်​မလဲဆိုတာ တပည့်​တွေ သိနိုင်တဲ့​နည်း​ကို ပေးခဲ့တယ်။ သူ့​အုပ်ချုပ်မှု စတင်​တဲ့အခါ ကမ္ဘာ့အခြေအနေ​တွေ သိသိသာသာ ဆိုးရွား​သွားမယ်​လို့ ပြောခဲ့တယ်။ စစ်​တွေ၊ အစာခေါင်းပါး​မှုတွေ၊ ကပ်ရောဂါဘေး​တွေ ဖြစ်​လိမ့်မယ်။ (မဿဲ ၂၄:၃၊ ၇။ လုကာ ၂၁:၁၀၊ ၁၁) ၁၉​၁၄ မှာ ပထမ​ကမ္ဘာစစ်​ဖြစ်ပြီး မကြာခင် လူတွေဟာ ဒုက္ခကာလ​ကို စ​ကြုံခဲ့​ရ​မှန်း ထင်ရှားတယ်။ အဲဒါကို ကျမ်းစာမှာ “နောက်ဆုံးကာလ” လို့ ခေါ်ထား​တယ်။—၂ တိမောသေ ၃:၁-၅

၁၉​၁၄ မှာ ယေရှု နန်းတက်​ပြီ​ဆိုရင် အခြေအနေ​တွေ ပို​ကောင်း​မလာ​ဘဲ ဘာကြောင့် ပိုဆိုး​လာ​သလဲ။ အဲဒီအချိန်​မှာ ယေရှုဟာ ဒီ​ကမ္ဘာပေါ်မှာ​မဟုတ်ဘဲ ကောင်းကင်မှာ စတင်​အုပ်ချုပ်​နေလို့​ပဲ။ ကောင်းကင်မှာ စစ်​ဖြစ်တယ်၊ မိက္ခေလ​လို့ နာမည်​ရတဲ့ နန်းတက်စ​ဘုရင် ယေရှုဟာ စာတန်​နဲ့ နတ်ဆိုး​တွေကို မြေကြီး​ပေါ် ပစ်ချ​လိုက်တယ်။ (ဗျာဒိတ် ၁၂:၇-၉၊ ၁၂) နယ်မြေ​ကန့်သတ်​ခံ​ထားရတဲ့ စာတန်​ဟာ သူ​နေရ​မယ့်​အချိန်​ သိပ်​မကျန်​တော့မှန်း​သိ​လို့ ဒေါသူပုန်​ထ​နေတယ်။ စာတန်​ကို ဘုရားသခင် ဖျက်ဆီး​ပြီး ကမ္ဘာပေါ်မှာ အလိုတော် ပြည့်စုံ​စေမယ့်​အချိန် သိပ်​နီး​နေ​ပြီ။ (မဿဲ ၆:၁၀) ဒုက္ခများ​တဲ့ “နောက်ဆုံးကာလ” မှာ ကျွန်တော်တို့ အသက်ရှင်နေ​ရ​မှန်း ကျန်​တဲ့ မြင်းစီးသူရဲ​သုံးဦး​က ဘယ်လိုနည်းနဲ့ ပို​သေချာ​စေတယ်​ဆိုတာ ကြည့်ရ​အောင်။ မြင်းစီးသူရဲ​သုံးဦး​ဟာ ပထမ​မြင်းစီးသူရဲ​လို လူတစ်ဦး​ကို အတိအကျ ပုံဆောင်​တာ မဟုတ်ဘူး။ သူတို့ဟာ လူ့အဖွဲ့အစည်း​ကို အကြီးအကျယ် ရိုက်ခတ်​သွားတဲ့ ကမ္ဘာ့အခြေအနေ​တွေကို ပုံဆောင်​တယ်။

မြင်း​နီ​စီး​သူ

“အဲဒီနောက် မြင်း​နီ​တစ်စီး ထွက်လာ​တယ်။ မြင်းစီးသူရဲ​က လူ​လူ​ချင်း​ သတ်ဖြတ်​စေဖို့ ကမ္ဘာ​ပေါ်ကနေ ငြိမ်သက်ခြင်း​ကို ရုပ်သိမ်း​ပိုင်ခွင့်ရ​တယ်။ သူက ဓား​ကြီး​တစ်လက်​ကို ရတယ်။”—ဗျာဒိတ် ၆:၄

မြင်း​နီ​စီး​သူဟာ စစ်ပွဲ​ကို ပုံဆောင်​တယ်။ နိုင်ငံ​အနည်းငယ်​က​မဟုတ်ဘဲ တစ်​ကမ္ဘာလုံး​က ငြိမ်သက်ခြင်း​ကို ရုပ်သိမ်း​တယ်လို့ ပြောထားတယ်။ လူ့သမိုင်း​မှာ ပထမဆုံး​အနေနဲ့ ၁၉​၁၄ မှာ ကမ္ဘာချီ​စစ်ပွဲ ဖြစ်ပွား​ခဲ့တယ်။ အဲဒီနောက် အဖျက်​စွမ်းအား ပိုကြီး​တဲ့ ဒုတိယ​ကမ္ဘာစစ် လိုက်ပါ​လာတယ်။ ၁၉​၁၄ ကစပြီး​ဖြစ်တဲ့ စစ်ပွဲတွေ၊ လက်နက်ကိုင်​ပဋိပက္ခ​တွေကြောင့် သေဆုံး​သူ သန်း ၁၀၀ ကျော်သွား​ပြီ​လို့ တချို့ ခန့်မှန်း​ကြ​တယ်။ အကြီးအကျယ် ထိခိုက်ဒဏ်ရာ​ရသူ​တွေလည်း အများကြီး​ရှိတယ်။

လက်ရှိအချိန်​မှာ စစ်ပွဲတွေ​ဟာ ဘယ်​အတိုင်းအတာ​အထိ ထူးခြား​နေ​သလဲ။ သမိုင်း​တစ်လျှောက် တစ်ခါ​နဲ့​မှ​မတူ​အောင် လူ့အသက်​အားလုံးကို ခြွေယူ​နိုင်စွမ်း ရှိ​ပုံ​ပေါက်​နေတယ်။ ကုလသမဂ္ဂ​လို ငြိမ်းချမ်းရေး​ထိန်းသိမ်း​တဲ့ အဖွဲ့အစည်း​တွေတောင် မြင်း​နီ​စီး​သူ​ကို မတားဆီး​ပေးနိုင်​ဘူး။

မြင်း​နက်​စီး​သူ

“ကြည့်​လိုက်​တော့ မြင်း​နက်​တစ်စီး​ကို မြင်​တယ်။ မြင်းစီးသူရဲ​က ချိန်ခွင်​တစ်လက် ကိုင်​ထားတယ်။ သတ္တဝါ​လေးပါး​ရဲ့ အလယ်​က​နေ ထွက်လာ​ပုံ​ရတဲ့ အသံတစ်သံ​က ‘ဂျုံ​တစ်ခွက်​အတွက် ဒေနာရိ​တစ်ပြား၊ မုယော​သုံး​ခွက်​အတွက် ဒေနာရိ​တစ်ပြား ပေး​ရတယ်။ သံလွင်ဆီ​နဲ့ စပျစ်ဝိုင်​ကို မပြတ်​စေ​နဲ့’ လို့ပြော​တာ​ကို ကျွန်တော်​ကြားတယ်။”—ဗျာဒိတ် ၆:၅၊ ၆

မြင်း​နက်​စီး​သူဟာ အစာခေါင်းပါး​မှုကို ပုံဆောင်​တယ်။ ဂျုံ​တစ်ခွက်​အတွက် ပထမရာစု​ရဲ့ တစ်ရက်​လုပ်အားခ​ဖြစ်တဲ့ ဒေနာရိ​တစ်ပြား ပေးရ​တဲ့​အထိ အစာ​ရှား​လွန်း​တာ​ကို ရုပ်ပုံ​မှာ တွေ့နိုင်တယ်။ (မဿဲ ၂၀:၂) ဂျုံ​ထက်​ညံ့​တဲ့ မုယော​ဆိုရင်တော့ အဲဒီ​ငွေ​နဲ့ သုံး​ခွက် ဝယ်​နိုင်တယ်။ မိသားစုကြီး​ဆိုရင် ဘယ်လို စား​လို့​လောက်​မလဲ။ အဲဒီ​ခေတ်အခါ​က နေ့စဉ် အဓိက​စား​ကုန်​ဖြစ်တဲ့ သံလွင်ဆီ​နဲ့ ဝိုင်ကို ခြိုးခြံချွေတာ​ဖို့ သတိပေး​ထားတယ်။

မြင်း​နက်​စီး​သူဟာ ၁၉​၁၄ ကစပြီး စတင်​စီးနင်း​နေတဲ့ အထောက်အထား​ကို ကျွန်တော်တို့ တွေ့​နေရ​ပြီ​လား။ တွေ့​နေရ​ပြီ။ ၂၀ ရာစုအတွင်း​မှာ အစာခေါင်းပါး​မှုကြောင့် သေဆုံး​သူ သန်း ၇၀ လောက်​ရှိတယ်။​ “၂၀၁၂-၂၀၁၄ ခုနှစ်​အတွင်းမှာ လူ ၈၀၅ သန်း​ဟာ အကြီးအကျယ် အာဟာရချို့တဲ့​နေတယ်။ အဲဒါဟာ ကမ္ဘာ့​လူဦးရေ ကိုးယောက်​မှာ တစ်ယောက်​နှုန်း​ဖြစ်တယ်” လို့ သတင်း​တစ်ပုဒ်​က ခန့်မှန်း​တယ်။ “နှစ်စဉ် အေအိုင်ဒီအက်စ်၊ ငှက်ဖျား​နဲ့ တီဘီ​ရောဂါ​ကြောင့် သေ​တာ​ထက် ငတ်​ပြီး​သေ​တဲ့သူ​က ပိုများ​တယ်” လို့ နောက်​သတင်း​တစ်ပုဒ်​က ဆိုတယ်။ အစာ​ငတ်ပြတ်​သူတွေကို ကျွေးမွေး​ဖို့ ကြိုးစားလုပ်ဆောင်​နေတာ​တောင် မြင်း​နက်​စီး​သူဟာ စီးနင်း​နေတုန်းပဲ။

မြင်း​မွဲ​စီး​သူ

“ကြည့်​လိုက်​တော့ မြင်း​မွဲ​တစ်စီး​ကို မြင်ရ​တယ်။ မြင်းစီးသူရဲ​နာမည်က သေ​မင်း​လို့ ခေါ်တယ်။ သင်္ချိုင်း​လည်း သူ့​နောက်ကနေ ကပ်​လိုက်​လာတယ်။ သူတို့က ကမ္ဘာမြေ​ရဲ့ လေး​ပုံ​တစ်​ပုံ​မှာရှိတဲ့ လူတွေကို ဓား​ဘေး၊ အစာခေါင်းပါး​ဘေး၊ ကပ်ရောဂါဘေး၊ မြေသား​ရဲ​ဘေး​တွေနဲ့ သတ်​နိုင်တဲ့ အခွင့်အာဏာ ရထား​တယ်။”—ဗျာဒိတ် ၆:၈

စတုတ္ထ​မြင်းစီးသူ​ဟာ ကပ်ရောဂါ​နဲ့ တခြား​ဘေး​တွေကြောင့် သေဆုံး​ရတာ​ကို ပုံဆောင်​တယ်။ ၁၉​၁၄ နောက်ပိုင်း မကြာခင်​မှာ စပိန်​တုပ်ကွေး​ကြောင့် လူတွေ သန်းနဲ့​ချီ​သေဆုံး​ရတယ်။ သန်း ၅၀၀ လောက်​ဟာ ရောဂါ​ကူးစက်​ခံရပြီး ၃ ယော​က်​မှာ ၁ ယော​က်​ပဲ အသက်ရှင်​တယ်။

စပိန်​တုပ်ကွေး​ဟာ အစ​ပဲ​ရှိသေးတယ်။ ၂၀ ရာစုအတွင်း ရေကျောက်​ပေါက်​လို့ လူသန်း ၃၀၀ ကျော် သေဆုံးခဲ့တယ်​လို့ ခန့်မှန်း​ကြတယ်။ အခုချိန်မှာ ဆေးပညာ အကြီးအကျယ် ထွန်းကား​နေတဲ့​ကြား​က အေအိုင်​ဒီအက်စ်၊ ငှက်ဖျား​နဲ့ တီဘီ​ရောဂါ​ကြောင့် သန်းနဲ့​ချီ သေဆုံး​နေ​ရ​တယ်။

စစ်၊ အငတ်ဘေး၊ ကပ်ရောဂါ ဘာကြောင့်​ပဲ​ဖြစ်ပါ​စေ သေခြင်း​မှာ ဇာတ်သိမ်း​ကြရတယ်။ သင်္ချိုင်း​ဟာ ဘာ​မျှော်လင့်ချက်​မှ မပေး​ဘဲ လူ့အသက်​တွေကို မနားတမ်း ခြွေယူ​နေတယ်။

ကောင်းမွန်​တဲ့​အနာဂတ် လက်တစ်ကမ်း​မှာ​ရှိ

လက်ရှိ​ဒုက္ခကာလ​ဟာ ကုန်ဆုံး​တော့မယ်။ ယေရှုဟာ ၁၉​၁၄ မှာ ‘အောင်ပွဲခံ​ရင်း ထွက်သွား​တယ်၊’ စာတန်​ကို မြေကြီး​ပေါ် နှင်ချ​လိုက်​ပေ​မဲ့ အပြီးသတ်​အောင်ပွဲ မခံ​ရ​သေး​ဘူးဆို​တာ သတိရပါ။ (ဗျာဒိတ် ၆:၂။ ၁၂:၉၊ ၁၂) မကြာခင် အာမဂေဒုန်​မှာ ​ယေရှုဟာ စာတန်ရဲ့ ဩဇာ​လွှမ်းမိုးမှုကို ဖယ်ရှားပစ်​မယ်၊ သူ့​နောက်လိုက်​တွေကို ဖျက်ဆီး​ပစ်​မယ်။ (ဗျာဒိတ် ၂၀:၁-၃) မြင်းစီးသူရဲ​သုံးဦး​ရဲ့ စီးနင်း​မှုကို အဆုံးသတ်​ပစ်​ရုံမက သူတို့ရဲ့​စီးနင်း​မှုကြောင့် ပျက်စီးဆုံးၡုံး​ခဲ့တာ​တွေကို နဂို​အတိုင်း ပြန်​ဖြစ်စေ​မယ်။ ဘယ်လိုနည်းနဲ့​လဲ။ ကျမ်းစာမှာ ဘယ်လို ကတိပေး​ထားတယ်​ဆိုတာ လေ့လာ​ကြည့်ပါ။

စစ်ပွဲတွေ မရှိတော့​ဘဲ ငြိမ်သက်​အေးချမ်း​လာမယ်။ ယေဟောဝါက “မြေ​တစ်ခွင်​လုံးမှာ စစ်မှု​ကို ငြိမ်း​စေတယ်။ လေး​တွေကို ချိုး​ပြီး လှံ​တွေကို အပိုင်း​ပိုင်းဖြတ်​ပစ်​တယ်။” (ဆာလံ ၄၆:၉) ငြိမ်သက်ခြင်း​ကို မြတ်နိုးသူ​တွေကတော့ “များပြား​လှတဲ့ ငြိမ်သက်ခြင်း​ကြောင့် ပျော်ရွှင်​ကြည်နူး​ရ​လိမ့်မယ်။”—ဆာလံ ၃၇:၁၁

အစာခေါင်းပါး​မှု မရှိတော့​ဘဲ အစားအစာ ပေါများကြွယ်ဝ​လာမယ်။ “ကောက်နှံ​တွေဟာ မြေပေါ်​မှာ တောင်​ပုံ​ရာ​ပုံ ရှိနေ​လိမ့်မယ်။ တောင်ပေါ်​မှာ ဖွေးဖွေးလှုပ်​နေ​လိမ့်မယ်။”—ဆာလံ ၇၂:၁၆

ယေရှုဟာ မြင်းစီးသူရဲသုံးဦးရဲ့ စီးနင်းမှုကြောင့် ပျက်စီးဆုံးၡုံးခဲ့တာတွေကို နဂိုအတိုင်း ပြန်ဖြစ်စေတော့မယ်

ကပ်ရောဂါ​နဲ့ သေခြင်းမရှိတော့​ဘဲ လူအားလုံး ဒေါင်​ဒေါင်​မြည်​ ကျန်းမာ​ပြီး ထာဝစဉ်​ အသက်ရှင်​ရမယ်။ “ဘုရားသခင်​က သူတို့ရဲ့ မျက်ရည်​ရှိသမျှ​ကို သုတ်​ပေး​လိမ့်မယ်။ သေခြင်း​ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်း​တာ၊ အော်ဟစ်​တာ၊ နာကျင်​တာ​တွေလည်း ရှိတော့မှာ မဟုတ်ဘူး။”—ဗျာဒိတ် ၂၁:၄

မြေကြီး​ပေါ် ရှိခဲ့​စဉ်​က ယေရှုဟာ အနာဂတ်မှာ သူ​အုပ်ချုပ်​တဲ့အခါ ဘယ်လို​အခြေအနေ​မျိုး​ရှိမယ်​ဆိုတာ ကြိုတင်​ဖော်ပြ​ခဲ့တယ်။ ငြိမ်သက်မှု​ရှိအောင် လုပ်ဆောင်​ခဲ့တယ်။ ထောင်နဲ့​ချီတဲ့​လူတွေကို အံ့ဖွယ်နည်း​နဲ့ ကျွေးမွေး​ခဲ့တယ်။ ဖျားနာသူ​တွေကို ကုသ​ပေးတယ်။ သေလွန်သူ​တွေကို​တောင် အသက် ပြန်ရှင်​စေခဲ့တယ်။—မဿဲ ၁၂:၁၅။ ၁၄:၁၉-၂၁။ ၂၆:၅၂။ ယောဟန် ၁၁:၄၃၊ ၄၄

အဲဒီ​မြင်းစီးသူရဲ​တွေရဲ့ စီးနင်း​မှု ပြီးဆုံး​တဲ့အခါ ဘယ်လို အသင့်ရှိ​နေနိုင်​တယ်​ဆိုတဲ့​အကြောင်း ယေဟောဝါသက်သေ​တွေ​က သင့်ကို ကျမ်းစာ​ထဲက​နေ ပြ​ပေးချင်​ပါတယ်။ ဒီထက်မက လေ့လာ​ကြည့်ဖို့ ဖိတ်ခေါ်ပါ​တယ်။

^ စာပိုဒ်၊ 7 ယေဟောဝါ​ဆိုတာ ကျမ်းစာမှာ​ပါတဲ့ ဘုရားသခင့်နာမည် ဖြစ်တယ်။