လေ့လာရန် ဆောင်းပါး ၂၅
‘ငါကိုယ်တိုင် ငါ့သိုးတွေကို လိုက်ရှာမယ်’
“ငါကိုယ်တိုင် ငါ့သိုးတွေကို လိုက်ရှာပြီး ဂရုတစိုက် စောင့်ရှောက်မယ်။”—ယေဇ. ၃၄:၁၁။
သီချင်း ၁၀၅ “ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာ”
အကြိုသုံးသပ်ချက် a
၁။ ယေဟောဝါက ကိုယ့်ကိုယ်ကိုယ် နို့တိုက်မိခင်နဲ့ ဘာကြောင့် ခိုင်းနှိုင်းသလဲ။
“မိခင်က နို့စို့ကလေးကို မေ့ထားနိုင်သလား။” ဒါက ပရောဖက် ဟေရှာယခေတ်မှာ ယေဟောဝါ မေးခဲ့တဲ့ မေးခွန်းပါ။ “သူတို့ မေ့နိုင်တယ်ဆိုရင်တောင် ငါကတော့ မင်းကို ဘယ်တော့မှ မမေ့ဘူး” လို့ မိမိလူမျိုးကို ဘုရား ပြောတယ်။ (ဟေရှာ. ၄၉:၁၅) ဘုရားက ကိုယ့်ကိုယ်ကိုယ် မိခင်နဲ့ သိပ်ခိုင်းနှိုင်းလေ့ မရှိပေမဲ့ ဒီတစ်ကြိမ်မှာတော့ ခိုင်းနှိုင်းထားတယ်။ ကျေးကျွန်တွေကို ဘယ်လောက် တွယ်တာကြောင်း ပြဖို့ မိခင်နဲ့ ရင်သွေးကြားက နှောင်ကြိုးကို သုံးခဲ့တယ်။ “ရင်သွေးလေး ရလာတဲ့အခါ တစ်သက်လုံး တည်မြဲမယ့် အထူးနှောင်ကြိုးလေးတစ်ခု ဖြစ်လာတာပဲ” လို့ ပြောခဲ့တဲ့ ဂျက်စမင်ရဲ့ စကားကို မိခင်အများစု သဘောတူပါလိမ့်မယ်။
၂။ သားသမီးတစ်ယောက် မိမိဆီကနေ ဝေးကွာသွားတဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရသလဲ။
၂ သားသမီးတစ်ယောက် အစည်းအဝေး မတက်တော့ဘူး၊ ဟောပြောခြင်းလုပ်ငန်းမှာ မပါဝင်တော့ဘူးဆိုရင်တောင် ယေဟောဝါ သတိပြုမိတယ်။ နှစ်စဉ် မိမိကျေးကျွန် ထောင်ပေါင်းများစွာ မလှုပ်မရှား b ဖြစ်သွားတာ မြင်တဲ့အခါ ဘုရား သိပ်ဝမ်းနည်းမှာပဲ။
၃။ မလှုပ်မရှား ဖြစ်နေသူတွေနဲ့ပတ်သက်ပြီး ယေဟောဝါ ဘာဆန္ဒ ရှိသလဲ။
၃ မလှုပ်မရှား ဖြစ်သွားတဲ့ ညီအစ်ကို/မများစွာ အသင်းတော်ထဲ ပြန်လာကြတယ်။ အသင်းတော်ကလည်း သူတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ ယေဟောဝါလိုပဲ ကျွန်တော်တို့လည်း သူတို့ကို ပြန်လှည့်လာစေချင်တယ်။ (၁ ပေ. ၂:၂၅) သူတို့ကို ဘယ်လို ကူညီပေးနိုင်သလဲ။ ဒီမေးခွန်းကို မဖြေခင် အစည်းအဝေး နဲ့ အမှုဆောင်လုပ်ငန်းမှာ သူတို့ ဘာကြောင့် မပါဝင်တော့ကြောင်း သိဖို့ လိုတယ်။
တချို့ ယေဟောဝါကို ဘာကြောင့် ဆက်အမှုမဆောင်ကြတော့တာလဲ
၄။ လောကအလုပ်က လူတချို့အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။
၄ တချို့က လောကအလုပ်မှာပဲ နစ်မြုပ်နေကြတယ်။ အရှေ့တောင်အာရှမှာ နေတဲ့ ညီအစ်ကို ဟွန် c ဒီလိုပြောတယ်– “အလုပ်မှာပဲ စုံးစုံးမြုပ်နေတယ်။ ငါချမ်းသာရင်တော့ ယေဟောဝါကို ပိုကောင်းကောင်း အမှုဆောင်နိုင်မှာပဲလို့ တွေးခဲ့မိတယ်။ ဒါကြောင့် အချိန်ပိုတွေ လုပ်တယ်။ အစည်းအဝေးတွေ တစ်စတစ်စ ပျက်လာပြီး နောက်ဆုံး အသင်းတော်နဲ့ မပေါင်းဖြစ်တော့ဘူး။ ဒီလောကက လူတွေကို ဘုရားဆီကနေ တဖြည်းဖြည်း အဝေးကို ဆွဲခေါ်သွားနေသလိုပဲ။”
၅။ ပြဿနာတွေက ညီအစ်မတစ်ယောက်ကို ဘယ်လို ထိခိုက်စေသလဲ။
၅ ညီအစ်ကို/မတချို့က ပြဿနာတွေနဲ့ ဝန်ပိနေတယ်။ ဗြိတိန်က ညီအစ်မ အန်းဟာ ကလေးငါးယောက် မိခင် ဖြစ်တယ်။ “ကလေးတစ်ယောက်က မွေးရာပါ မသန်စွမ်းလေး။ နောက်တော့ သမီးတစ်ယောက် နှင်ထုတ်ခံရတယ်။ သားတစ်ယောက်လည်း စိတ်ရောဂါ ဖြစ်လာတယ်။ ကျွန်မ စိတ်ဓာတ်ကျလွန်းလို့ အစည်းအဝေး မတက်တော့ဘူး။ ဟောပြောခြင်းမှာလည်း မပါဝင်တော့ဘူး။ ဒီလိုနဲ့ မလှုပ်မရှား ဖြစ်သွားတယ်” လို့ အန်း ပြောတယ်။ အဲဒီလို ပြဿနာတွေ ရင်ဆိုင်နေရတဲ့ ညီအစ်မ အန်းနဲ့ တခြားသူတွေကို ကျွန်တော်တို့ ကိုယ်ချင်းစာပါတယ်။
၆။ ကောလောသဲ ၃:၁၃ ကို လက်တွေ့မကျင့်သုံးရင် ယေဟောဝါရဲ့ လူမျိုးနဲ့ ဘယ်လို ဝေးကွာသွားနိုင်သလဲ။
၆ ကောလောသဲ ၃:၁၃ ကိုဖတ်ပါ။ ယေဟောဝါရဲ့ ကျေးကျွန်တချို့ဟာ ယုံကြည်သူချင်းတွေကြောင့် စိတ်ထိခိုက်သွားကြတယ်။ ညီအစ်ကို/မ “အချင်းချင်း မကျေနပ်စရာ” အကြောင်း ရှိလာနိုင်တယ်ဆိုတာ တမန်တော် ပေါလု အသိအမှတ်ပြုတယ်။ မတရား ဆက်ဆံခံရတာတောင် ဖြစ်နိုင်တယ်။ သတိမထားဘူးဆိုရင် စိတ်နာကြည်းသွားနိုင်တယ်။ နာကြည်းစိတ်က လူတစ်ယောက်ကို ယေဟောဝါရဲ့ လူမျိုးနဲ့ ဝေးကွာသွားစေနိုင်တယ်။ တောင်အမေရိကမှာ နေတဲ့ ညီအစ်ကို ပါဘလိုအကြောင်း စဉ်းစားကြည့်ပါ။ အမှားလုပ်တယ်လို့ စွပ်စွဲခံရပြီး အသင်းတော်မှာ အခွင့်ထူး ဆုံးရှုံးသွားတယ်။ သူ ဘယ်လို ခံစားရသလဲ။ “ကျွန်တော် တအား စိတ်ဆိုးပြီး အသင်းတော်နဲ့ တဖြည်းဖြည်း ဝေးကွာသွားတယ်” လို့ ပြောတယ်။
၇။ အပြစ်ရှိတယ်ဆိုတဲ့ သိစိတ်က လူတစ်ယောက်ကို ဘာဖြစ်စေနိုင်သလဲ။
၇ အပြစ်ရှိတယ်ဆိုတဲ့ သိစိတ်က ဘုရားပညတ် ချိုးဖောက်ခဲ့ဖူးသူ တစ်ယောက်ကို စိတ်ဒုက္ခရောက်စေနိုင်တယ်။ ဘုရားမေတ္တာနဲ့ မထိုက်တန်တော့ဘူးလို့ ခံစားရစေနိုင်တယ်။ နောင်တယူပြီး ကရုဏာ ပြခံရရင်တောင် ဘုရားကျေးကျွန် မဖြစ်ထိုက်ဘူးလို့ ခံစားနေရဆဲ ဖြစ်နိုင်တယ်။ ညီအစ်ကို ဖရန်စစ္စကို အဲဒီလို ခံစားခဲ့ရတယ်။ “လိင်အကျင့် ယိုယွင်းမှုကြောင့် ကျွန်တော် ဆုံးမခံရတယ်။ အစပိုင်းမှာ အစည်းအဝေးတွေ ဆက်တက်ပေမဲ့ စိတ်ဓာတ်ကျလာပြီး ယေဟောဝါရဲ့ ကျေးကျွန် မဖြစ်ထိုက်တော့ဘူးလို့ ခံစားလာရတယ်။ သိစိတ် အနှောင့်အယှက် ပေးနေပြီး ယေဟောဝါ ခွင့်မလွှတ်ဘူးလို့ ခံစားရတယ်။ နောက်တော့ အသင်းတော်နဲ့ မပေါင်းတော့ဘူး” လို့ ဖရန်စစ္စကို ပြောတယ်။ အဲဒီလို ညီအစ်ကို/မတွေနဲ့ပတ်သက်ပြီး သင် ဘယ်လို ခံစားရသလဲ။ သူတို့ကို ကိုယ်ချင်းစာသလား။ ယေဟောဝါကော ဘယ်လို ခံစားရသလဲ။
မိမိသိုးတွေကို ယေဟောဝါ ချစ်မြတ်နိုး
အစ္စရေး သိုးထိန်းတစ်ယောက် ပျောက်တဲ့ သိုးကို ပြန်ရှာတွေ့တဲ့အခါ ဂရုစိုက်နေ (စာပိုဒ် ၈-၉ ကိုကြည့်ပါ) e
၈။ တစ်ချိန်က မိမိကို ဝတ်ပြုခဲ့သူတွေကို ယေဟောဝါ မေ့သွားသလား။ ရှင်းပြပါ။
၈ တစ်ချိန်က မိမိကို ဝတ်ပြုခဲ့ပေမဲ့ ခဏတဖြုတ် မလှုပ်မရှား ဖြစ်နေသူတွေကို ယေဟောဝါ မမေ့ဘူး။ အမှုတော်မှာ သူတို့ လုပ်ဆောင်ခဲ့တာတွေကိုလည်း မမေ့ဘူး။ (ဟီ. ၆:၁၀) မိမိလူမျိုးကို ယေဟောဝါ ဘယ်လို ဂရုစိုက်စောင့်ရှောက်ကြောင်း ဖော်ပြဖို့ သိပ်ကောင်းတဲ့ ဥပမာတစ်ခုကို ပရောဖက် ဟေရှာယ ပြောခဲ့တယ်။ “ဘုရားက သိုးတော်စုကို သိုးထိန်းတစ်ယောက်လို ဂရုစိုက်လိမ့်မယ်။ သိုးကလေးတွေကို ပွေ့ပိုက်ပြီး ရင်ခွင်ထဲ ချီပိုက်ထားလိမ့်မယ်။” (ဟေရှာ. ၄၀:၁၁) သိုးအုပ်ထဲက သိုးတစ်ကောင် လမ်းလွဲသွားတဲ့အခါ သိုးထိန်းကြီး ယေဟောဝါ ဘယ်လို ခံစားရသလဲ။ ယေဟောဝါရဲ့ ခံစားချက်ကို ယေရှု ဒီလိုပြောတယ်– “ခင်ဗျားတို့ ဘယ်လို ထင်သလဲ။ လူတစ်ယောက်မှာ သိုးအကောင် ၁၀၀ ရှိတဲ့အထဲက တစ်ကောင် လမ်းလွဲသွားတယ် ဆိုပါစို့။ ၉၉ ကောင်ကို တောင်ပေါ်မှာ ထားခဲ့ပြီး လမ်းလွဲသွားတဲ့ သိုးတစ်ကောင်ကို သူ ထွက်ရှာမယ် မဟုတ်လား။ ရှာတွေ့တဲ့အခါ လမ်းမလွဲတဲ့ သိုး ၉၉ ကောင်ထက် ပြန်တွေ့တဲ့ သိုးတစ်ကောင်အတွက် ပိုပြီး ဝမ်းသာနေမယ်ဆိုတာ ကျွန်တော် တပ်အပ်ပြောနိုင်တယ်။”—မ. ၁၈:၁၂၊ ၁၃။
၉။ ကျမ်းစာခေတ်က သိုးထိန်းကောင်းတွေဟာ သိုးတွေကို ဘယ်လို ဂရုတစိုက် စောင့်ရှောက်သလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၉ ယေဟောဝါကို သိုးထိန်းနဲ့ ခိုင်းနှိုင်းတာ ဘာကြောင့် သင့်တော်သလဲ။ ကျမ်းစာခေတ်က သိုးထိန်းကောင်းဟာ သိုးတွေကို သိပ်ဂရုစိုက်တယ်။ ဥပမာ၊ ဒါဝိဒ်ဟာ မိမိသိုးအုပ်ကို ကာကွယ်ဖို့ ခြင်္သေ့နဲ့ ဝက်ဝံကို တိုက်ခိုက်ခဲ့တယ်။ (၁ ရှ. ၁၇:၃၄၊ ၃၅) သိုးထိန်းကောင်းဟာ သိုးတစ်ကောင် ပျောက်နေရင်တောင် သိတယ်။ (ယော. ၁၀:၃၊ ၁၄) သိုး ၉၉ ကောင်ကို လုံခြုံစိတ်ချရတဲ့ သိုးခြံမှာဖြစ်ဖြစ်၊ တခြားသိုးထိန်းတွေ လက်ထဲမှာဖြစ်ဖြစ် အပ်ခဲ့ပြီး ပျောက်နေတဲ့ သိုးကို လိုက်ရှာတယ်။ အဲဒီဥပမာကို သုံးပြီး ဒီအရေးကြီး အမှန်တရားကို ယေရှု သင်ပေးတယ်– “ကောင်းကင်မှာ စံမြန်းတဲ့ အဖဘုရားက ကလေးငယ်နဲ့ တူတဲ့ ဟောဒီလူတွေကို တစ်ယောက်မှ မပျက်စီးစေချင်ဘူး။”—မ. ၁၈:၁၄။
အစ္စရေး သိုးထိန်းတစ်ယောက် ပျောက်တဲ့ သိုးကို ပြန်ရှာတွေ့တဲ့အခါ ဂရုစိုက်နေ (စာပိုဒ် ၉ ကိုကြည့်ပါ)
မိမိသိုးတွေကို ယေဟောဝါ လိုက်ရှာ
၁၀။ ယေဇကျေလ ၃၄:၁၁-၁၆ အရ ပျောက်တဲ့ သိုးနဲ့ပတ်သက်ပြီး ဘာလုပ်မယ်လို့ ယေဟောဝါ ကတိပေးသလဲ။
၁၀ သိုးအုပ်ထဲကနေ လမ်းလွဲသွားသူတွေ အပါအဝင် ကျွန်တော်တို့ ယောက်တိုင်းကို ယေဟောဝါ ချစ်တယ်။ ပျောက်နေတဲ့ သိုးကို လိုက်ရှာမယ်၊ မိမိနဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် ကူညီမယ်လို့ ပရောဖက် ယေဇကျေလ ကတစ်ဆင့် ဘုရား ကတိပေးတယ်။ သူတို့ကို ကယ်တင်ဖို့ ယေဟောဝါ ဘာတွေ လုပ်မယ်ဆိုတာကိုလည်း အတိအကျ ပြောထားတယ်။ အစ္စရေးသိုးထိန်းတွေလည်း ပျောက်နေတဲ့ သိုးကို ရှာဖို့ အဲဒီလိုပဲ လုပ်တယ်။ (ယေဇကျေလ ၃၄:၁၁-၁၆ ကိုဖတ်ပါ။) ပထမ၊ အချိန်နဲ့ ခွန်အား စိုက်ထုတ်ပြီး သိုးကို လိုက်ရှာမယ်။ ရှာတွေ့ပြီဆိုတာနဲ့ သိုးအုပ်ဆီ ပြန်ခေါ်လာမယ်။ သိုးက ဒဏ်ရာ ရနေတယ်ဆိုရင် ပတ်တီးစည်းပေးမယ်၊ ချီပွေ့လာမယ်။ ဆာလောင်နေတယ်ဆိုရင် ကျွေးမွေးမယ်။ ဒီနည်းအားဖြင့် သိုးထိန်းက အားနည်းတဲ့ သိုးကို မေတ္တာပါပါ ကူညီပေးမှာ ဖြစ်တယ်။ “ဘုရားသခင့် သိုးတော်စု” ရဲ့ သိုးထိန်းတွေ ဖြစ်တဲ့ အကြီးအကဲတွေလည်း အသင်းတော်ကနေ လမ်းလွဲသွားသူတွေကို အဲဒီအဆင့်တွေအတိုင်း ကူညီပေးဖို့ လိုတယ်။ (၁ ပေ. ၅:၂၊ ၃) အကြီးအကဲတွေက သူတို့ကို လိုက်ရှာတယ်။ သိုးတော်စုဆီ ပြန်လာဖို့ ကူညီပေးတယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းလာဖို့ လိုအပ်သလို ထောက်မပေးပြီး မေတ္တာပြတယ်။ d
၁၁။ သိုးထိန်းကောင်းဟာ ဘာကို နားလည်သလဲ။
၁၁ သိုးထိန်းကောင်းဟာ သိုးတွေ ပျောက်သွားနိုင်တယ်ဆိုတာ နားလည်တယ်။ သိုးအုပ်ထဲကနေ လမ်းလွဲသွားတဲ့ သိုးကို ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံဘူး။ ခဏတဖြုတ် လမ်းလွဲသွားတဲ့ ကျေးကျွန်တချို့ကို ကူညီပေးတဲ့ ဘုရားရဲ့ ပုံသက်သေကို စဉ်းစားကြည့်ပါ။
၁၂။ ယောနကို ယေဟောဝါ ဘယ်လို ဆက်ဆံခဲ့သလဲ။
၁၂ ပရောဖက် ယောနဟာ ရထားတဲ့ တာဝန်ကို မထမ်းဆောင်ဘဲ ထွက်ပြေးခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါ လွယ်လွယ်နဲ့ လက်မလျှော့ဘူး။ သိုးထိန်းကောင်းလိုပဲ သူ့ကို ကယ်တင်တယ်။ တာဝန် ထမ်းဆောင်နိုင်ဖို့ လိုအပ်တဲ့ အစွမ်းခွန်အား ပေးတယ်။ (ယောန ၂:၇။ ၃:၁၊ ၂) လူတစ်ယောက်ချင်းစီရဲ့ အသက် ဘယ်လောက် တန်ဖိုးရှိကြောင်း ယောန နားလည်ဖို့ ဘူးပင်ကို သုံးပြီး သင်ပေးတယ်။ (ယောန ၄:၁၀၊ ၁၁) ဘာသင်ခန်းစာ ရသလဲ။ မလှုပ်မရှား ဖြစ်သွားသူတွေကို အကြီးအကဲတွေ လွယ်လွယ်နဲ့ လက်မလျှော့သင့်ဘူး။ လမ်းလွဲသွားရတဲ့ အကြောင်းရင်းကို နားလည်ဖို့ ကြိုးစားရမယ်။ ယေဟောဝါဆီ သူတို့ ပြန်လာတဲ့အခါ မေတ္တာဆက်ပြပြီး ဂရုစိုက်ရမယ်။
၁၃။ ဆာလံ ၇၃ ကျမ်းရေးသူကို ယေဟောဝါ ဆက်ဆံပုံကနေ ဘာသင်ယူနိုင်သလဲ။
၁၃ ဆာလံ ၇၃ ကို ရေးသားသူဟာ လူဆိုးတွေ ကြီးပွားနေတာ မြင်တဲ့အခါ စိတ်အနှောင့်အယှက် ဖြစ်ပြီး ဘုရားအလိုဆောင်တာ အကျိုးရှိရဲ့လားလို့ တွေးခဲ့တယ်။ (ဆာ. ၇၃:၁၂၊ ၁၃၊ ၁၆) ယေဟောဝါ ဘယ်လို တုံ့ပြန်သလဲ။ အပြစ်မတင်တဲ့အပြင် သူ့စကားတွေကို ကျမ်းစာမှာ မှတ်တမ်းတင်ခွင့် ပြုခဲ့တယ်။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိခြင်းဟာ ဘယ်အရာထက်မဆို တန်ဖိုးရှိကြောင်း နောက်ပိုင်းမှာ ဆာလံဆရာ သဘောပေါက်သွားတယ်။ (ဆာ. ၇၃:၂၃၊ ၂၄၊ ၂၆၊ ၂၈) ဘာသင်ခန်းစာ ရသလဲ။ ယေဟောဝါကို အမှုဆောင်တာ အကျိုးရှိရဲ့လားလို့ သံသယ စဝင်လာသူတွေကို အကြီးအကဲတွေ ချက်ချင်း အပြစ်မတင်သင့်ဘူး။ အဲဒီအစား သူတို့ ပြောရ၊ လုပ်ရတဲ့ အကြောင်းရင်းကို နားလည်ဖို့ ကြိုးစားရမယ်။ ဒါမှ ကျမ်းစာ သုံးပြီး လိုအပ်သလို အားပေးနိုင်မယ်။
၁၄။ ဧလိယ ဘာကြောင့် အကူအညီ လိုအပ်သလဲ။ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။
၁၄ ပရောဖက် ဧလိယဟာ မိဖုရား ယေဇဗေလ ရန်ကနေ ထွက်ပြေးလာတယ်။ (၁ ဘု. ၁၉:၁-၃) ယေဟောဝါရဲ့ ပရောဖက် တစ်ယောက်မှ မကျန်တော့ဘူး၊ လုပ်ခဲ့သမျှ သဲထဲရေသွန် ဖြစ်ပြီလို့ ဧလိယ တွေးပြီး သေချင်စိတ် ပေါက်တဲ့အထိ စိတ်ဓာတ်ကျခဲ့တယ်။ (၁ ဘု. ၁၉:၄၊ ၁၀) ဧလိယကို ယေဟောဝါ အပြစ်တင်မယ့်အစား သူ တစ်ယောက်တည်း မဟုတ်ကြောင်း၊ ဘုရားရဲ့ တန်ခိုးကို အားကိုးနိုင်ကြောင်း၊ လုပ်ဆောင်စရာ များစွာ ရှိသေးကြောင်း စိတ်ချစေတယ်။ ဧလိယရဲ့ စိုးရိမ်မှုတွေကို ကြင်နာစွာ နားထောင် ပေးတယ်။ တာဝန်အသစ်တွေ ပေးတယ်။ (၁ ဘု. ၁၉:၁၁-၁၆၊ ၁၈) ဘာသင်ခန်းစာ ရသလဲ။ ကျွန်တော်တို့အားလုံး၊ အထူးသဖြင့် အကြီးအကဲတွေဟာ ယေဟောဝါရဲ့ သိုးတွေကို ကြင်ကြင်နာနာ ဆက်ဆံသင့်တယ်။ စိတ်နာကြည်းနေသူဖြစ်စေ၊ ယေဟောဝါရဲ့ ကရုဏာ မခံစားထိုက်ဘူးလို့ ယူဆနေသူဖြစ်စေ ရင်ဖွင့်ပြောလာတဲ့အခါ အကြီးအကဲတွေ နားထောင်ပေးရမယ်။ ပျောက်တဲ့ သိုးကို ယေဟောဝါ တန်ဖိုးထားကြောင်း စိတ်ချစေရမယ်။
ပျောက်တဲ့ သိုးတွေကို ဘယ်လို သဘောထားသင့်သလဲ
၁၅။ ယောဟန် ၆:၃၉ အရ ဖခင်ရဲ့ သိုးတွေကို ယေရှု ဘယ်လို သဘောထားသလဲ။
၁၅ ပျောက်တဲ့ သိုးတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို သဘောထားစေချင်သလဲ။ ယေရှု ပုံသက်သေ ပြခဲ့တယ်။ သိုးအားလုံး ယေဟောဝါအတွက် တန်ဖိုးရှိတယ်ဆိုတာ သိလို့ “အစ္စရေးအမျိုးထဲက ပျောက်နေတဲ့ သိုးတွေ” ယေဟောဝါဆီ ပြန်လာဖို့ အတတ်နိုင်ဆုံး ကူညီပေးတယ်။ (မ. ၁၅:၂၄။ လု. ၁၉:၉၊ ၁၀) ယေရှုဟာ သိုးထိန်းကောင်းအနေနဲ့ ယေဟောဝါရဲ့ သိုးတစ်ကောင်မှ မပျောက်ဆုံးစေဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်။—ယောဟန် ၆:၃၉ ကိုဖတ်ပါ။
၁၆-၁၇။ လမ်းလွဲသွားသူတွေကို ကူညီပေးခြင်းနဲ့ပတ်သက်ပြီး အကြီးအကဲတွေ ဘယ်လို သဘောထားသင့်သလဲ။ (“ ပျောက်တဲ့ သိုးရဲ့ ခံစားချက်” လေးထောင့်ကွက်ကို ကြည့်ပါ။)
၁၆ ယေရှုရဲ့ ပုံသက်သေကို တုပဖို့ ဧဖက်အသင်းတော်က အကြီးအကဲတွေကို တမန်တော် ပေါလု တိုက်တွန်းတယ်။ ‘အားနည်းသူတွေကို ထောက်မပေးရမယ်၊ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်” ဆိုတဲ့ သခင်ယေရှုရဲ့ စကားကို အမြဲ အမှတ်ရနေရမယ်။’ (တ. ၂၀:၁၇၊ ၃၅) အဲဒီကိစ္စမှာ ဒီနေ့ခေတ် အကြီးအကဲတွေ အထူးတာဝန် ရှိတယ်။ “ပျောက်တဲ့ သိုးတွေကို ယေဟောဝါ ဘယ်လောက် ဂရုစိုက်ကြောင်း စဉ်းစားမိတဲ့အခါ သူတို့ကို အတတ်နိုင်ဆုံး ကူညီပေးချင်စိတ် ပေါ်လာတယ်။ သိုးတွေကို ယေဟောဝါ ဂရုစိုက်စေချင်မှန်း ကျွန်တော် သိတယ်” လို့ စပိန်နိုင်ငံက အကြီးအကဲ ဆာဗေးဒေါ ပြောတယ်။
၁၇ ဒီဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ လမ်းလွဲသွားသူအားလုံး ယေဟောဝါဆီ ပြန်လှည့်လာဖို့ အကူအညီ ရခဲ့ကြတယ်။ အခုချိန်မှာ အဲဒီလို ပြန်လှည့်လာချင်သူတွေ အများကြီး ရှိသေးတယ်။ ယေဟောဝါဆီ သူတို့ ပြန်လှည့်လာဖို့ ကူညီပေးနိုင်တဲ့ နောက်ထပ် အသေးစိတ် အချက်တွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။
သီချင်း ၁၃၉ မြင်ယောင်ကြည့်ပါ၊ ကမ္ဘာသစ်မှာ
a နှစ်ပေါင်းများစွာ ယေဟောဝါကို သစ္စာရှိရှိ အမှုဆောင်ခဲ့သူတချို့ အသင်းတော်နဲ့ ဘာကြောင့် ဝေးကွာသွားသလဲ။ သူတို့နဲ့ပတ်သက်ပြီး ဘုရား ဘယ်လို ခံစားရသလဲ။ ဒီဆောင်းပါးမှာ အဲဒီမေးခွန်းတွေရဲ့ အဖြေကို သုံးသပ်သွားပါမယ်။ ရှေးအချိန်တုန်းက မိမိဆီကနေ ခဏတဖြုတ် ဝေးကွာသွားသူတချို့ကို ယေဟောဝါ ကူညီပေးခဲ့ပုံကနေ ဘာသင်ယူနိုင်ကြောင်းကိုလည်း ဆွေးနွေးပါမယ်။
b စကားလုံး ရှင်းလင်းချက်– မလှုပ်မရှား ဖြစ်နေတဲ့ ကြေညာသူဆိုတာ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း လုပ်ငန်းမှာ ခြောက်လ ဒါမှမဟုတ် ခြောက်လကျော် မှတ်တမ်းမသွင်းတဲ့သူကို ဆိုလိုတယ်။ မလှုပ်မရှား ဖြစ်နေသူတွေဟာ ကျွန်တော်တို့ရဲ့ ညီအစ်ကို/မ ဖြစ်နေဆဲပဲ။ သူတို့ကို ကျွန်တော်တို့ ချစ်ကြတယ်။
c အမည်လွှဲများ။
d ဒီအဆင့်တွေအတိုင်း အကြီးအကဲတွေ ဘယ်လို လုပ်ဆောင်နိုင်ကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။
e ပုံအညွှန်း– အစ္စရေး သိုးထိန်းတစ်ယောက်က ပျောက်သွားတဲ့ သိုးကို လိုက်ရှာပြီး သိုးအုပ်ဆီ ပြန်ခေါ်လာ။ အသင်းတော်မှာရှိတဲ့ ဒီနေ့ခေတ် သိုးထိန်းတွေလည်း အဲဒီလို လုပ်နေကြ။
f ပုံအညွှန်း– မလှုပ်မရှား ဖြစ်နေတဲ့ ညီအစ်မတစ်ယောက် ကားထွက်မယ့်အချိန်ကို စောင့်နေ။ အများရှေ့ သက်သေခံခြင်းမှာ ပါဝင်နေတဲ့ သက်သေခံနှစ်ယောက်ကို ကြည့်နေ။