မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခန်း တစ်

ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားက ဘာလဲ

ဘုရားသခင်နဲ့ပတ်သက်တဲ့ အမှန်တရားက ဘာလဲ
  • ဘုရားသခင် သင့်ကို တကယ် ဂရုစိုက်သလား။

  • ဘုရားသခင်က ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ ဘုရားသခင်မှာ နာမည်ရှိသလား။

  • ဘုရားသခင်နဲ့ ရင်းနှီးနိုင်သလား။

၁။ ကလေးတွေ ဘာလုပ်တတ်ကြသလဲ။

ကလေးတွေမှာ စူးစမ်းလိုစိတ်ရှိတာကို သင်သတိပြုမိသလား။ ကလေးတွေက စကားစပြောတတ်တာနဲ့ ဒါကဘလဲ၊ ဟိုဟာကဘလဲ ဆိုပြီး မေးခွန်းတွေ မေးလေ့ရှိတယ်။ သင် အတတ်နိုင်ဆုံး အဖြေပေးပေမဲ့ အမြဲတော့မလွယ်ဘူး။ အတတ်နိုင်ဆုံး အဖြေပေးလိုက်ရင်တောင် “ဘာဖြစ်လို့လဲ” လို့ထပ်မေးမှာဖြစ်တယ်။

၂။ လူကြီးတွေလည်း ဘာကြောင့် စူးစမ်းလေ့လာနေဖို့လိုသလဲ။

ကလေးတွေပဲ စူးစမ်းချင်စိတ်ရှိတာမဟုတ်ဘူး။ ကျွန်ုပ်တို့အားလုံးလည်း အသက်ကြီးလာတာနဲ့အမျှ ဘဝမှာအောင်မြင်မှုရဖို့ ဘာလုပ်ရမလဲ၊ အန္တရာယ်ကို ဘယ်လိုရှောင်မလဲ၊ ဉာဏ်ပညာရဖို့ ဘာလုပ်ရမလဲဆိုတာ စူးစမ်းဖို့လိုတယ်။ ဒါပေမဲ့ လူတွေက ဒီအကြောင်းတွေကိုသိဖို့ မဖြစ်နိုင်ဘူးဆိုပြီး စိတ်ပျက်လာကြတယ်။ တချို့ကျတော့ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး မေးရမှာရှက်ကြတယ်။

၃။ ကျွန်ုပ်တို့လေ့လာသင်ယူဖို့လိုတဲ့ အရေးကြီးဆုံး အကြောင်းအရာတချို့က ဘာတွေလဲ။

ပျော်ရွှင်တဲ့မိသားစုဘဝဖြစ်ဖို့ ဘာလုပ်ရမလဲ၊ ဆင်းရဲဒုက္ခတွေ ဘာကြောင့်ဖြစ်ရတာလဲ၊ ကျွန်ုပ်တို့ သေဆုံးသွားတဲ့အခါ ဘာဖြစ်သွားသလဲဆိုတဲ့ စာမျက်နှာ ၆ မှာပါတဲ့မေးခွန်းတွေက ဘဝနဲ့ပတ်သက်တဲ့ အရေးကြီးဆုံးမေးခွန်းတချို့ဖြစ်တယ်။ ဒါတွေက သင် လေ့လာသင်ယူနိုင်တဲ့ အရေးကြီးဆုံး အကြောင်းအရာတချို့ဖြစ်တယ်။ ဒါဆိုရင် သင် ဘယ်လို လေ့လာသင်ယူနိုင်သလဲ။

၄။ ဘဝရဲ့ အရေးကြီးဆုံးအကြောင်းအရာတွေကို ဘယ်မှာ လေ့လာသင်ယူနိုင်သလဲ။

သင်ဟာ သမ္မာကျမ်းစာဖတ်ခြင်းအားဖြင့် ဘဝရဲ့အရေးကြီးဆုံး အကြောင်းအရာတွေကို လေ့လာသင်ယူနိုင်ပါတယ်။ သင် ကျမ်းစာကို မြင်ဖူးသလား၊ ဒါမှမဟုတ် ဖတ်ဖူးသလား။ တချို့လူတွေက သမ္မာကျမ်းစာဆိုတာ ခရစ်ယာန်တွေအတွက်ပဲလို့ ထင်ကြတယ်။ တချို့ကျတော့ ကျမ်းစာက နားလည်ရခက်လွန်းလို့ ဘာသာရေးခေါင်းဆောင်တွေ၊ ဆရာတွေပဲ နားလည်နိုင်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ကျမ်းစာထဲမှာ နာမည်အကြီးဆုံးဆရာဖြစ်တဲ့ ယေရှုခရစ်က ဒီလိုပြောခဲ့တယ်– “တောင်းမြဲတောင်းကြလော့။ တောင်းလျှင် ရလိမ့်မည်။ ရှာမြဲရှာကြလော့။ ရှာလျှင် တွေ့လိမ့်မည်။ ခေါက်မြဲခေါက်ကြလော့။ ခေါက်လျှင် တံခါးဖွင့်ပေးလိမ့်မည်။” (မဿဲ ၇:၇) ယေရှု ဘာကို ဆိုလိုတာလဲ။

၅။ (က) “ရှာမြဲရှာ” လို့ပြောတဲ့အခါ ယေရှု ဘာကို ဆိုလိုတာလဲ။ (ခ) သမ္မာကျမ်းစာကို လေ့လာခြင်းကနေ သင် ဘယ်လိုအကျိုးကျေးဇူး ရနိုင်သလဲ။

ကြိုးစားအားထုတ်မယ်ဆိုရင် ဘယ်သူမဆို ကျမ်းစာကို နားလည်နိုင်တယ်လို့ ယေရှု ဆိုလိုနေတာဖြစ်တယ်။ ကျမ်းစာက နားလည်ဖို့ အရမ်းမခက်ပါဘူး။ ယေရှုပြောတဲ့အတိုင်း ကျမ်းစာကို လေ့လာခြင်းအားဖြင့် စစ်မှန်တဲ့ဉာဏ်ပညာကို “ရှာမြဲရှာ” မယ်ဆိုရင် ဘဝရဲ့ အရေးကြီးဆုံးအကြောင်းအရာနဲ့ပတ်သက်တဲ့ အဖြေကို သင် တွေ့မှာဖြစ်တယ်၊ အဲဒီအဖြေက ကျေနပ်စရာကောင်းပြီး ယုံကြည်စိတ်ချရတယ်။ (သုတ္တံ ၂:၂-၅) ကျမ်းစာမှာပါတဲ့ ရိုးရှင်းပြီး နားလည်လွယ်တဲ့ သွန်သင်ချက်တွေကို လေ့လာခြင်းအားဖြင့် သင်ဟာ အခုအချိန်မှာ ကျေနပ်ပျော်ရွှင်တဲ့ဘဝနဲ့ အသက်ရှင်နိုင်ပါတယ်။ ဒါ့အပြင် စစ်မှန်တဲ့ငြိမ်သက်မှုနဲ့ ကျေနပ်ရောင့်ရဲမှုကို ထာဝစဉ်ခံစားရဖို့လည်း မျှော်လင့်နိုင်ပါတယ်။ အခု ဘာသာတရားအားလုံးကလူတွေ နားလည်ရခက်တဲ့ အကြောင်းအရာတစ်ခုကို ကျမ်းစာက ဘယ်လိုသွန်သင်တယ်ဆိုတာ စပြီးလေ့လာကြည့်ကြစို့။

ဘုရားသခင် ဘာကြောင့် ဆင်းရဲဒုက္ခတွေကို ဖြစ်ခွင့်ပြုတာလဲ

၆။ ဘယ်အဖြစ်အပျက်တွေကြောင့် လူတွေက ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ဖြစ်ခွင့်ပြုတာလဲဆိုတာ သိချင်ကြသလဲ။

ဘုရားသခင်မှာ ကြီးမားတဲ့တန်ခိုးနဲ့ ဉာဏ်ပညာရှိတယ်ဆိုရင် ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခမရှိသင့်ဘူးလို့ လူတွေက ပြောကြတယ်။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်းကို ကြည့်လိုက်တဲ့အခါ စစ်ပွဲတွေ၊ မုန်းတီးမှုတွေနဲ့ စိတ်ဆင်းရဲစရာတွေကို တွေ့နေရတယ်။ ကျွန်ုပ်တို့တစ်ဦးစီအနေနဲ့လည်း ဖျားနာကြပြီး ဆင်းရဲဒုက္ခခံစားကြရတယ်၊ ကျွန်ုပ်တို့ချစ်ရသူတွေ သေဆုံးကြရတယ်။ ဒါကြောင့် လူအတော်များများက ‘ဘုရားသခင် ဘာကြောင့် ဆင်းရဲဒုက္ခတွေကို ဖြစ်ခွင့်ပြုတာလဲ’ ဆိုပြီး သိချင်ကြတယ်။

၇။ (က) ဘုရားသခင်ကို အကြင်နာကင်းမဲ့တဲ့ဘုရားလို့ လူတွေထင်မှတ်သွားအောင် ဘာသာရေးအကြောင်း သင်ပေးတဲ့ဆရာတွေက ဘယ်လိုပြောကြသလဲ။ (ခ) ကျွန်ုပ်တို့ခံစားရတဲ့ ဆင်းရဲဒုက္ခတွေက ဘုရားသခင်လုပ်တာလား။ ဒါနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာ ဘယ်လိုသွန်သင်သလဲ။

ပိုဆိုးတာက တစ်ခါတလေမှာ ဘာသာရေးအကြောင်း သင်ပေးတဲ့ဆရာတွေက ဘုရားသခင်ဟာ ရက်စက်တယ်လို့ လူတွေ ထင်မှတ်သွားအောင် လုပ်ကြတယ်။ ဘယ်လိုနည်းနဲ့လဲ။ စစ်ပွဲ၊ ဖျားနာမှု၊ ဆင်းရဲဒုက္ခ၊ သေခြင်းတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဒါတွေက ဘုရားသခင့်အလိုတော်ပဲလို့ ဆရာတွေက ပြောကြတယ်။ သူတို့ အဲဒီလိုပြောတဲ့အတွက် လူတွေက ဘုရားသခင်ကို အပြစ်တင်ကြတယ်။ ဒါ အမှန်ပဲလား။ ကျမ်းစာမှာ ဘယ်လိုပြောထားသလဲ။ ယောဘ ၃၄:၁၂ မှာ “ဘုရားသခင်သည် ဒုစရိုက်ကိုပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် မတရားသဖြင့် စီရင်တော်မမူ” လို့ပြောထားတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာဖြစ်နေတဲ့ ဆင်းရဲဒုက္ခတွေက ဘုရားသခင်လုပ်တာ လုံးဝမဟုတ်ဘူး။ (ယာကုပ် ၁:၁၃) တကယ်တော့ ကိုယ်တော်က ဆိုးသွမ်းမှုတွေကို ဖြစ်ပျက်ခွင့်ပြုထားတာဖြစ်တယ်။ တစ်စုံတစ်ခုကို ဖြစ်ပျက်ခွင့်ပြုတာနဲ့ ဖြစ်အောင်လုပ်တာက မတူဘူး။

၈၊ ၉။ (က) ဆိုးသွမ်းမှုကို ဖြစ်ပျက်ခွင့်ပြုတာနဲ့ ဆိုးသွမ်းမှုဖြစ်ပွားအောင်လုပ်တာက မတူဘူးဆိုတာ သင် ဘယ်လိုရှင်းပြမလဲ။ (ခ) လူသားတွေ ထင်ရာစိုင်းလမ်းစဉ်လိုက်တာကို မတားတဲ့အတွက် ဘုရားသခင်ကိုအပြစ်တင်တာက ဘာကြောင့် မတရားသလဲ။

ဥပမာ၊ အရွယ်ရောက်နေပြီဖြစ်တဲ့သားက ပညာရှိပြီး မေတ္တာပြည့်ဝတဲ့အဖေနဲ့အတူ နေတယ်ဆိုပါစို့။ သားဖြစ်သူက အဖေ့ရဲ့ဆုံးမစကားကို နားမထောင်ဘဲ အိမ်ကထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကို အဖေက မတားဘူး။ သားဖြစ်သူ လမ်းမှားရောက်ပြီး ဒုက္ခတွေ့သွားတယ်။ သားဒုက္ခရောက်အောင် အဖေ လုပ်တာလား။ မဟုတ်ပါဘူး။ (လုကာ ၁၅:၁၁-၁၃) အဲဒီလိုပဲ လူသားတွေ ဆိုးသွမ်းတဲ့လမ်းကို စလိုက်ဖို့ ရွေးချယ်ခဲ့ချိန်မှာ ဘုရားသခင် သူတို့ကိုမတားဆီးခဲ့ဘူး၊ အဲဒီဆိုးသွမ်းတဲ့လမ်းစဉ်ကြောင့် ဆင်းရဲဒုက္ခတွေဖြစ်လာတယ်၊ ဒါပေမဲ့ ဒီဆင်းရဲဒုက္ခတွေက ဘုရားသခင် လုပ်တာမဟုတ်ဘူး။ ဒါကြောင့် လူသားတွေခံစားနေရတဲ့ ဆင်းရဲဒုက္ခအတွက် ဘုရားသခင်ကို အပြစ်တင်မယ်ဆိုရင် တရားနည်းလမ်းမကျဘူး။

လူသားတွေ ဆိုးသွမ်းတဲ့လမ်းစဉ်လိုက်တာကို ဘုရားသခင်မတားတဲ့ အကြောင်းရင်းရှိတယ်။ ပညာရှိပြီးတန်ခိုးကြီးတဲ့ ဖန်ဆင်းရှင်အနေနဲ့ ဒီအကြောင်းရင်းကို ရှင်းပြစရာမလိုဘူး။ ဒါပေမဲ့ ဘုရားသခင်က မေတ္တာရှိတဲ့အတွက် အဲဒီအကြောင်းရင်းတွေကို ရှင်းပြပေးတယ်။ ဒီအကြောင်းရင်းတွေကို အခန်း ၁၁ မှာ ပိုသိရမှာဖြစ်တယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ ကြုံတွေ့နေရတဲ့ ဒုက္ခပြဿနာတွေအတွက် ဘုရားသခင်မှာ တာဝန်မရှိတာ သေချာတယ်။ ကိုယ်တော့်မှာတာဝန်မရှိပေမဲ့ ဖြေရှင်းနည်းအတွက် တစ်ခုတည်းသောမျှော်လင့်ချက်ကို ပေးထားတယ်။—ဟေရှာယ ၃၃:၂

၁၀။ ဘုရားသခင်က မကောင်းမှုမှန်သမျှကိုဖယ်ရှားပြီး အကောင်းအတိုင်းဖြစ်အောင် ပြန်လုပ်ပေးမယ်လို့ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။

၁၀ ဘုရားသခင်က သန့်ရှင်းတယ်။ (ဟေရှာယ ၆:၃) ဒါက ကိုယ်တော်ဟာ စင်ကြယ်တယ်၊ အညစ်အကြေးနဲ့ကင်းစင်တယ် ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်။ ကိုယ်တော့်မှာ မကောင်းမှုဆိုတာ လုံးဝမရှိဘူး။ ဒါကြောင့် ကိုယ်တော့်ကို ကျွန်ုပ်တို့ အပြည့်အဝ ယုံကြည်စိတ်ချနိုင်တယ်။ ယိုယွင်းဖောက်ပြန်တတ်တဲ့ လူသားတွေကိုတော့ အပြည့်အဝယုံကြည်စိတ်ချလို့ မရဘူး။ အရမ်းရိုးသားတဲ့ အခွင့်အာဏာရှိသူတွေတောင် လူဆိုးတွေကြောင့်ဖြစ်တဲ့ ထိခိုက်ပျက်စီးမှုတွေကို အကောင်းပကတိပြန်ဖြစ်အောင် မလုပ်ပေးနိုင်ကြဘူး။ ဒါပေမဲ့ ဘုရားသခင်မှာတော့ တန်ခိုးအပြည့်အဝရှိတယ်။ လူသားတွေခံစားနေရတဲ့ ဆင်းရဲဒုက္ခမှန်သမျှကို ဖယ်ရှားပြီး အကောင်းအတိုင်းပြန်ဖြစ်အောင် ကိုယ်တော် လုပ်နိုင်တယ်၊ လုပ်လည်းလုပ်ပေးပါလိမ့်မယ်။ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ အမေတစ်ယောက်က သပ်သပ်ရပ်ရပ်၊ သန့်သန့်ရှင်းရှင်း နေတာကိုကြိုက်တယ်။ သူ့အခန်းကိုလည်း အမြဲ သန့်ရှင်းအောင်ထားတယ်။ သူ့ကလေးတွေက အခန်းကိုရှုပ်ပွနေအောင် လုပ်ထားတယ်ဆိုရင် သူ ဒီအတိုင်းထားမလား။ ထားမှာမဟုတ်ဘူး။ ရှုပ်ပွနေတာကိုရှင်းပြီး အခန်းကို သန့်သန့်ရှင်းရှင်းဖြစ်အောင် လုပ်မှာပဲ။ ဒီလိုပဲ ယေဟောဝါက သန့်ရှင်းတဲ့ဘုရားသခင်ဖြစ်တဲ့အတွက် ကမ္ဘာပေါ်မှာရှိတဲ့ မကောင်းမှုတွေကို ဒီအတိုင်းထားမှာမဟုတ်ဘူးဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။ ဘုရားသခင်က မကောင်းမှုတွေ နောက်ထပ်မဖြစ်ပွားတော့အောင် လုပ်ဆောင်မှာဖြစ်တယ်။ဆာလံ ၃၇:၉-၁၁ ကိုဖတ်ပါ။

မတရားမှုတွေနဲ့ပတ်သက်ပြီး ဘုရားသခင် ဘယ်လိုခံစားရသလဲ

၁၁။ (က) မတရားမှုနဲ့ပတ်သက်ပြီး ဘုရားသခင် ဘယ်လိုခံစားရသလဲ။ (ခ) သင်ကြုံတွေ့နေရတဲ့ဆင်းရဲခက်ခဲမှုနဲ့ ပတ်သက်ပြီး ဘုရားသခင် ဘယ်လိုခံစားရသလဲ။

၁၁ လက်ရှိကမ္ဘာမှာ ဖြစ်ပျက်နေတာတွေ၊ သင့်အသက်တာမှာ ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး ဘုရားသခင် ဘယ်လိုခံစားရသလဲ။ သမ္မာကျမ်းစာမှာ “ထာဝရဘုရားသည် တရားကိုနှစ်သက်တော်မူ၏” လို့သွန်သင်ထားတယ်။ (ဆာလံ ၃၇:၂၈) ဒါကြောင့် ဘုရားသခင်က လူတွေကို မျှမျှတတ၊ မှန်မှန်ကန်ကန် လုပ်ကိုင်သူတွေ ဖြစ်စေချင်တယ်။ ဒါက ဘုရားသခင်အတွက် အလွန်အရေးကြီးတယ်။ ကိုယ်တော်က မတရားမှုမှန်သမျှကို မုန်းတယ်။ အရင်တုန်းက ကမ္ဘာပေါ်မှာ မကောင်းမှုတွေနဲ့ပြည့်နေတဲ့ ခေတ်တစ်ခေတ်ရှိခဲ့ဖူးတယ်။ အဲဒါကိုကြည့်ပြီး ဘုရားသခင် “နှလုံးတော်ပူပန်” တယ်လို့ သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၆:၅၊ ၆) ဘုရားသခင်က မပြောင်းလဲဘူး။ (မာလခိ ၃:၆) အခုလည်း ကမ္ဘာတစ်ဝန်းမှာ လူတွေဆင်းရဲခက်ခဲနေတာကို ကိုယ်တော် မတွေ့မြင်ချင်ဘူး။ လူသားတွေ ဆင်းရဲခက်ခဲနေတာကို ကိုယ်တော်မနှစ်သက်ဘူး။ ဘုရားသခင် “သင်တို့ကို ဂရုစိုက်” တယ်လို့သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။၁ ပေတရု ၅:၇ ကိုဖတ်ပါ။

ယေဟောဝါဟာ မေတ္တာရှိတဲ့ စကြဝဠာဖန်ဆင်းရှင်ဖြစ်တယ်လို့ ကျမ်းစာကသွန်သင်

၁၂၊ ၁၃။ (က) ကျွန်ုပ်တို့မှာ ဘာကြောင့် ချစ်ခြင်းမေတ္တာလို ကောင်းမွန်တဲ့ အရည်အသွေးတွေ ရှိတာလဲ။ ကျွန်ုပ်တို့မှာ ချစ်ခြင်းမေတ္တာရှိတဲ့အတွက် မတရားမှုတွေကို မြင်တွေ့ရတဲ့အခါ ဘယ်လိုခံစားရသလဲ။ (ခ) ကမ္ဘာ့ပြဿနာတွေကို ဘုရားသခင် ဖြေရှင်းပေးမယ်ဆိုတာ ကျွန်ုပ်တို့ ဘာကြောင့်ယုံကြည်စိတ်ချနိုင်သလဲ။

၁၂ ဘုရားသခင်က ဆင်းရဲခက်ခဲမှုတွေကို မတွေ့မြင်ချင်ဘူးဆိုတာ ကျွန်ုပ်တို့ ဘယ်လိုသိနိုင်သလဲ။ နောက်ထပ်အထောက်အထားတစ်ခု ရှိပါသေးတယ်။ လူကို ဘုရားသခင်ရဲ့ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းထားတယ်လို့ သမ္မာကျမ်းစာက သွန်သင်တယ်။ (ကမ္ဘာဦး ၁:၂၆) ဘုရားသခင်မှာ ကောင်းမွန်တဲ့အရည်အသွေးတွေရှိတယ်၊ ဒါကြောင့် ကျွန်ုပ်တို့မှာလည်း ကောင်းမွန်တဲ့အရည်အသွေးတွေရှိတယ်။ ဥပမာ၊ အပြစ်မဲ့သူတွေ မတရားခံနေရတာကို မြင်ရတဲ့အခါ သင် စိတ်အနှောင့်အယှက်ဖြစ်တယ်မဟုတ်လား။ မတရားမှုတွေကို သင်သတိပြုမိတယ်ဆိုရင် ဘုရားသခင်က ပိုပြီး သတိပြုမိတယ်ဆိုတာ ယုံကြည်စိတ်ချပါ။

၁၃ လူတွေမှာရှိတဲ့ အကောင်းဆုံးအရည်အသွေးတစ်ခုက ချစ်ခြင်းမေတ္တာဖြစ်တယ်။ ဒါကလည်း ဘုရားသခင်မှာရှိတဲ့ အရည်အသွေးကိုတုပ၊ တင်ပြခြင်းဖြစ်တယ်။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” လို့ သမ္မာကျမ်းစာမှာသွန်သင်ထားတယ်။ (၁ ယောဟန် ၄:၈) ဘုရားသခင်က ချစ်တတ်လို့ ဘုရားသခင့်ပုံသဏ္ဌာန်နဲ့ဖန်ဆင်းခံရတဲ့ ကျွန်ုပ်တို့လည်း ချစ်တတ်ကြတယ်။ ယနေ့ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခနဲ့ မတရားမှုတွေ အများကြီးတွေ့နေရတယ်။ သင့်မှာ တန်ခိုးရှိမယ်ဆိုရင် ဒါတွေအားလုံးကို ဖယ်ရှားပစ်မယ်မဟုတ်လား။ လူတွေကို သင်ချစ်တဲ့အတွက်ကြောင့် ဒါတွေကို ဖယ်ရှားပစ်မှာ သေချာတယ်။ ကျွန်ုပ်တို့က ဒီပြဿနာတွေကို ဖြေရှင်းပေးချင်တယ်ဆိုရင် ဘုရားသခင်က ပိုပြီးတော့ ဖြေရှင်းပေးချင်မှာပဲ။ ဘုရားသခင်က ဆင်းရဲခက်ခဲမှုနဲ့ မတရားမှုတွေကို ဖယ်ရှားပစ်မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ ဒီစာအုပ်ရဲ့နိဒါန်းမှာဖော်ပြထားတဲ့ ကတိတွေက စိတ်ကူးယဉ်အိပ်မက်၊ အခြေအမြစ်မရှိတဲ့မျှော်လင့်ချက် မဟုတ်ဘူး။ ဘုရားသခင့်ကတိတော်တွေက သေချာပေါက်ပြည့်စုံလာမယ်။ ဒါပေမဲ့ အဲဒီကတိတွေ တကယ်ပြည့်စုံလာမယ်ဆိုတာကို ယုံကြည်ဖို့ဆိုရင် ဒီကတိတွေပေးတဲ့ ဘုရားသခင်အကြောင်း ပိုသိဖို့လိုတယ်။

ဘုရားသခင်က သင့်ကို သူ့အကြောင်း သိစေချင်တယ်

တစ်ယောက်ယောက်ကို သင့်အကြောင်း သိစေချင်တယ်ဆိုရင် သင့်နာမည်ကို အရင်ပြောပြတယ်မဟုတ်လား။ ဘုရားသခင်က မိမိရဲ့နာမည်ကို ကျမ်းစာမှာဖော်ပြပေး

၁၄။ ဘုရားသခင့်နာမည် ဘယ်လိုခေါ်သလဲ၊ ဒါကို ဘာကြောင့် အသုံးပြုသင့်သလဲ။

၁၄ တစ်ယောက်ယောက်ကို သင့်အကြောင်း သိစေချင်တယ်ဆိုရင် သင် အရင်ဆုံး ဘာလုပ်သလဲ။ သင့်နာမည်ကို ပြောပြမယ်မဟုတ်လား။ အဲဒီလိုပဲ ဘုရားသခင်အကြောင်း သိဖို့ဆိုရင် ကိုယ်တော့်နာမည်ကို သိဖို့လိုတယ်။ ဘုရားသခင်မှာ နာမည်ရှိသလား။ ဘာသာတရားအတော်များများကတော့ ကိုယ်တော့်နာမည်က “ဘုရားသခင်” ဒါမှမဟုတ် “သခင်” ဖြစ်တယ်ဆိုပြီး သင်ပေးတယ်၊ ဒါပေမဲ့ ဒါက နာမည်မဟုတ်ဘူး။ ဒါက “ဘုရင်၊” “သမ္မတ” ဆိုတဲ့အသုံးအနှုန်းတွေလို ဂုဏ်ပုဒ်တွေသာဖြစ်တယ်။ သမ္မာကျမ်းစာက ဘုရားသခင်မှာ ဂုဏ်ပုဒ်များစွာရှိတယ်လို့ သွန်သင်တယ်။ အဲဒီ ဂုဏ်ပုဒ်တွေထဲမှာ “ဘုရားသခင်” နဲ့ “သခင်” ဆိုတာလည်းပါတယ်။ ဒါပေမဲ့ ဘုရားသခင်မှာ နာမည်တစ်ခုရှိတယ်လို့ သမ္မာကျမ်းစာမှာ သွန်သင်တယ်၊ အဲဒီနာမည်က ယေဟောဝါဖြစ်တယ်။ ယေရမိ ၃၃:၂ မှာ “ဤအမှုကိုပြုသောဘုရား၊ ဤအမှုကို ဖန်ဆင်းစီရင်သောဘုရား ယေဟောဝါအမည်ရှိသော ထာဝရဘုရား” လို့ ဖော်ပြထားတယ်။ သင့်ကျမ်းစာထဲမှာ အဲဒီနာမည်မရှိဘူးဆိုရင် ဘာကြောင့် မရှိသလဲဆိုတာသိရဖို့ ဒီစာအုပ်ရဲ့ နောက်ဆက်တွဲ “ဘုရားသခင့်နာမတော်—ယင်းကိုအသုံးပြုခြင်းနဲ့ အဓိပ္ပာယ်” ကို လေ့လာပါ။ အမှန်တော့ ကျမ်းစာရှေးလက်ရေးစာမူတွေမှာ ဘုရားသခင့်နာမည် အကြိမ်ပေါင်း ၇,၀၀၀ လောက်ပါတယ်။ ယေဟောဝါက သင့်ကို သူ့ရဲ့နာမည် သိစေချင်တယ်၊ ပြီးတော့ အသုံးပြုစေချင်တယ်။ နောက်တစ်မျိုးပြောရရင် ကိုယ်တော်က သူ့ကိုယ်သူမိတ်ဆက်ဖို့ သမ္မာကျမ်းစာကို အသုံးပြုတယ်။

၁၅။ ယေဟောဝါဆိုတဲ့နာမည်က ဘာအဓိပ္ပာယ်ရှိသလဲ။

၁၅ ဘုရားသခင်က သူ့ကိုယ်သူ တကယ်အဓိပ္ပာယ်ရှိတဲ့နာမည် မှည့်ထားတာဖြစ်တယ်။ ယေဟောဝါဆိုတဲ့နာမည်က ကိုယ်တော်ပေးခဲ့တဲ့ ကတိမှန်သမျှကို ပြည့်စုံစေနိုင်ပြီး ကိုယ်တော်ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်မှန်သမျှကို ဖြစ်မြောက်အောင်လုပ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ * ဘုရားသခင့်နာမည်က ထူးခြားတယ်။ ဒီနာမည်ကို ကိုယ်တော်တစ်ပါးတည်းသာ ပိုင်ဆိုင်တယ်။ ယေဟောဝါဟာ တခြားနည်းတွေနဲ့လည်း ပြိုင်ဘက်ကင်းပြီး ထူးခြားတယ်။ ဘယ်လိုနည်းတွေနဲ့လဲ။

၁၆၊ ၁၇။ (က) “အနန္တတန်ခိုးရှင်၊” (ခ) “ထာဝရဘုရင်၊” (ဂ) “ဖန်ဆင်းရှင်” စတဲ့ဂုဏ်ပုဒ်တွေက ယေဟောဝါအကြောင်း ဘာဖော်ပြသလဲ။

၁၆ ဆာလံ ၈၃:၁၈ (ကဘ) မှာ “ယေဟောဝါလို့အမည်ရှိတဲ့ ကိုယ်တော် တစ်ပါးတည်းသာ မြေကြီးတစ်ပြင်လုံးပေါ်မှာ အမြင့်ဆုံးအရှင်ဖြစ်တယ်” လို့ဖော်ပြထားတယ်။ အလားတူပဲ ယေဟောဝါတစ်ပါးတည်းကိုပဲ “အနန္တတန်ခိုးရှင်” အဖြစ်ဖော်ပြတယ်။ ဗျာဒိတ် ၁၅:၃ မှာ “အနန္တတန်ခိုးရှင် ယေဟောဝါဘုရားသခင်၊ ကိုယ်တော်၏အမှုတော်တို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ ထာဝရဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍ ဟုတ်မှန်ပါ၏” လို့ပြောတယ်။ “အနန္တတန်ခိုးရှင်” ဆိုတဲ့ဂုဏ်ပုဒ်က ယေဟောဝါဟာ တန်ခိုးအကြီးဆုံးဖြစ်ကြောင်း ဖော်ပြတယ်။ ကိုယ်တော်ရဲ့တန်ခိုးက ပြိုင်ဘက်ကင်းပြီး အကြီးမြတ်ဆုံးဖြစ်တယ်။ “ထာဝရဘုရင်” ဆိုတဲ့ ဂုဏ်ပုဒ်က ယေဟောဝါဟာ နောက်နည်းတစ်နည်းနဲ့လည်း ပြိုင်ဘက်ကင်းကြောင်း ဖော်ပြတယ်။ ကိုယ်တော်တစ်ပါးတည်းသာ အစဉ်အမြဲတည်ရှိကြောင်း ဖော်ပြတယ်။ ဆာလံ ၉၀:၂ မှာ “ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှစ၍ နောက်ကမ္ဘာအဆက်ဆက်တိုင်အောင် [သို့မဟုတ်၊ ထာဝရ] ဘုရားသခင်ဖြစ်တော်မူ၏” လို့ပြောထားတယ်။ ဒါတကယ် အံ့သြဖို့ကောင်းတယ်မဟုတ်လား။

၁၇ ယေဟောဝါတစ်ပါးတည်းသာ ဖန်ဆင်းရှင်ဖြစ်တဲ့အတွက်ကြောင့်လည်း ကိုယ်တော်ဟာ ပြိုင်ဘက်ကင်းတယ်။ ဗျာဒိတ် ၄:၁၁ မှာ ဒီလိုပြောတယ်– “ကျွန်ုပ်တို့၏ဘုရားသခင် ယေဟောဝါ၊ ကိုယ်တော်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ၍ ကိုယ်တော်၏အလိုတော်ကြောင့် ဖန်ဆင်းခံရပြီး တည်ရှိသည့်အတွက် ဘုန်းတော်၊ ဂုဏ်တော်၊ တန်ခိုးတော်ကို ရထိုက်တော်မူသည်။” ကောင်းကင်မှာရှိတဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ နာမ်ဝိညာဉ်သတ္တဝါတွေကအစ ညကောင်းကင်ယံမှာ တွေ့ရတဲ့ကြယ်တွေ၊ သစ်ပင်တွေနဲ့ ပင်လယ်သမုဒ္ဒရာမှာရှိတဲ့ ငါးတွေအဆုံး အားလုံးက ယေဟောဝါ ဖန်ဆင်းထားတာတွေဖြစ်တယ်။

သင် ဘုရားသခင်နဲ့ ရင်းနှီးနိုင်သလား

၁၈။ ဘုရားသခင်နဲ့ရင်းနှီးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ တချို့သူတွေ ဘာကြောင့်ခံစားကြရသလဲ။ ဒါပေမဲ့ ကျမ်းစာက ဘယ်လိုသွန်သင်သလဲ။

၁၈ တချို့သူတွေက ယေဟောဝါရဲ့ အံ့ဩစရာကောင်းတဲ့ ဂုဏ်ရည်တော်တွေအကြောင်း သိလာတဲ့အခါ ကိုယ့်ကိုယ်ကို သိမ်ငယ်တယ်လို့ ခံစားကြရတယ်။ ဘုရားသခင်က မြင့်မြတ်လွန်းလို့ ဘုရားသခင်နဲ့ ရင်းနှီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဒါမှမဟုတ် မြင့်မြတ်လွန်းတဲ့ ဘုရားသခင်အတွက် လူသားတွေက အရေးမပါဘူးလို့ ခံစားကြရတယ်။ ဒါပေမဲ့ အဲဒီလိုယူဆတာ မှန်သလား။ ကျမ်းစာသွန်သင်ချက်ကတော့ အဲဒီလိုမဟုတ်ဘူး။ “ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်” လို့ ကျမ်းစာက သွန်သင်တယ်။ (တမန်တော် ၁၇:၂၇) သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်” ဆိုပြီး တိုက်တွန်းတယ်။— ယာကုပ် ၄:၈

၁၉။ (က) ဘုရားသခင်နဲ့ရင်းနှီးအောင် ကျွန်ုပ်တို့ ဘယ်လို စတင်လုပ်ဆောင်နိုင်သလဲ။ အဲဒီလိုလုပ်မယ်ဆိုရင် ဘာအကျိုးရမလဲ။ (ခ) ဘုရားသခင်ရဲ့ ဘယ်အရည်အသွေးတွေကို သင်အနှစ်သက်ဆုံးလဲ။

၁၉ ဘုရားသခင်နဲ့ ရင်းနှီးအောင် သင် ဘယ်လိုလုပ်နိုင်သလဲ။ ဦးဆုံးလုပ်ရမှာက အခုလိုပဲ ဘုရားသခင်အကြောင်း ဆက်သင်ယူဖို့ဖြစ်တယ်။ ယေရှု ဒီလိုပြောခဲ့တယ်– “ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်။” (ယောဟန် ၁၇:၃) ယေဟောဝါနဲ့ ယေရှုအကြောင်း သင်ယူခြင်းက “ထာဝရအသက်” ရစေတယ်လို့ ကျမ်းစာကသွန်သင်တယ်။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” လို့ အထက်မှာဖော်ပြခဲ့တယ်။ (၁ ယောဟန် ၄:၁၆) ယေဟောဝါမှာ နှစ်သက်ဖွယ်ကောင်းတဲ့ တခြားအရည်အသွေးတွေလည်း အများကြီးရှိတယ်။ ဥပမာ၊ ယေဟောဝါဟာ “ချစ်သနားခြင်းမေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝ” တဲ့ဘုရားသခင်ဖြစ်တယ်လို့ သမ္မာကျမ်းစာက ဆိုတယ်။ (ထွက်မြောက်ရာ ၃၄:၆) ကိုယ်တော်ဟာ “ကောင်းသောသဘော၊ သည်းခံတတ်သောသဘောနှင့်ပြည့်စုံ” တယ်။ (ဆာလံ ၈၆:၅) သမ္မာကျမ်းစာကို ပိုဖတ်ရှုလေ့လာတာနဲ့အမျှ ယေဟောဝါဟာ အဲဒီအရည်အသွေးတွေနဲ့ နှစ်သက်ဖွယ်ကောင်းတဲ့ တခြားအရည်အသွေးတွေကို ဘယ်လိုပြသတယ်ဆိုတာ သိလာရမယ်။

၂၀-၂၂။ (က) ဘုရားသခင်ကို ကျွန်ုပ်တို့မမြင်ရတဲ့အတွက် ကိုယ်တော်နဲ့ ရင်းနှီးဖို့ခက်သလား။ ရှင်းပြပါ။ (ခ) တချို့က သင့်ကို သဘောရိုးနဲ့ ဘယ်လိုပြောနိုင်သလဲ၊ ဒါပေမဲ့ သင် ဘာလုပ်သင့်သလဲ။

၂၀ ဘုရားသခင်ဟာ ကျွန်ုပ်တို့လို သွေးသားခန္ဓာနဲ့မဟုတ်လို့ ကိုယ်တော့်ကို မမြင်နိုင်ဘူးဆိုတာ မှန်ပါတယ်။ (ယောဟန် ၁:၁၈; ၄:၂၄; ၁ တိမောသေ ၁:၁၇) ဒါပေမဲ့ ဘုရားသခင်အကြောင်းကို သမ္မာကျမ်းစာမှာ သင်ယူလေ့လာခြင်းအားဖြင့် ကိုယ်တော့်ကို တကယ်တည်ရှိတဲ့ပုဂ္ဂိုလ်တစ်ပါးအဖြစ် သိရှိလာနိုင်တယ်။ ဆာလံဆရာပြောခဲ့သလိုပဲ သင်ဟာ “ထာဝရဘုရား၏တင့်တယ်ခြင်း အသရေတော်ကို ဖူးမြင်” နိုင်ပါတယ်။ (ဆာလံ ၂၇:၄; ရောမ ၁:၂၀) ယေဟောဝါအကြောင်း သင် ပိုပြီး သင်ယူလေ့လာမယ်ဆိုရင် ကိုယ်တော်ဟာ သင့်အတွက် တကယ့်ပုဂ္ဂိုလ်တစ်ပါးဖြစ်လာမယ်၊ ကိုယ်တော့်ကို ပိုချစ်မြတ်နိုးလာပြီး ကိုယ်တော်နဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။

သားသမီးတွေအပေါ်ထားရှိတဲ့ ဖခင်ကောင်း တစ်ယောက်ရဲ့မေတ္တာက ကျွန်ုပ်တို့အပေါ်ထားတဲ့ ကောင်းကင်ဖခင်ရဲ့ ကြီးမြတ်တဲ့မေတ္တာကို တင်ပြခြင်းဖြစ်

၂၁ ယေဟောဝါကို ကျွန်ုပ်တို့ရဲ့ဖခင်လို သဘောထားဖို့ ကျမ်းစာက ဘာကြောင့် သွန်သင်ပေးတယ်ဆိုတာ သင်သဘောပေါက်လာမယ်။ (မဿဲ ၆:၉) ကိုယ်တော်က ကျွန်ုပ်တို့ကို အသက်ပေးထားရုံသာမက ကျွန်ုပ်တို့ကို ကောင်းကောင်းမွန်မွန် အသက်ရှင်စေချင်တယ်၊ ဒါက မေတ္တာရှိတဲ့အဖေတိုင်း သားသမီးတွေအပေါ်ထားတဲ့ စေတနာဖြစ်တယ်။ (ဆာလံ ၃၆:၉) လူသားတွေဟာ ယေဟောဝါရဲ့မိတ်ဆွေဖြစ်နိုင်တယ်လို့လည်း ကျမ်းစာကသွန်သင်ပေးတယ်။ (ယာကုပ် ၂:၂၃) သင်ဟာ စကြဝဠာဖန်ဆင်းရှင်ရဲ့ မိတ်ဆွေဖြစ်လာနိုင်တယ်လို့ စဉ်းစားကြည့်ပါ။

၂၂ သင် သမ္မာကျမ်းစာအကြောင်း ပိုလေ့လာသိရှိလာတဲ့အခါ တချို့က သင့်ကို ကျမ်းစာဆက်မလေ့လာဖို့ သဘောရိုးနဲ့ပြောကြမယ်။ သင် ဘာသာပြောင်းသွားမှာကို သူတို့ စိုးရိမ်လို့ဖြစ်မယ်။ ဒါပေမဲ့ အကောင်းဆုံးမိတ်ဖွဲ့မှုဖြစ်တဲ့ ဘုရားသခင်နဲ့မိတ်ဆွေဖွဲ့ခြင်းကို ဘယ်သူ့ကြောင့်မှ မရပ်တန့်လိုက်ပါနဲ့။

၂၃၊ ၂၄။ (က) သင် လေ့လာနေတာတွေနဲ့ပတ်သက်ပြီး ဘာကြောင့် မေးခွန်းတွေဆက်မေးသင့်သလဲ။ (ခ) နောက်အခန်းမှာ ဘယ်အကြောင်းအရာကို လေ့လာကြမလဲ။

၂၃ အစပိုင်းမှာတော့ သင်နားမလည်တဲ့ အချက်တွေရှိနိုင်တယ်။ ရှင်းပြပေးဖို့အကူအညီတောင်းရာမှာ နှိမ့်ချမှုလိုပါလိမ့်မယ်၊ ဒါပေမဲ့ ရှက်တယ်ဆိုပြီး မမေးဘဲမနေပါနဲ့။ ကလေးငယ်လို နှိမ့်ချမှုရှိတာက ကောင်းတယ်လို့ ယေရှုပြောခဲ့တယ်။ (မဿဲ ၁၈:၂-၄) ကျွန်ုပ်တို့သိတဲ့အတိုင်း ကလေးတွေက မေးခွန်းတွေမေးကြတယ်။ ဘုရားသခင်က သင့်ကို အဖြေရှာတွေ့စေချင်တယ်။ ဘုရားသခင်အကြောင်း သင်ယူချင်စိတ်ပြင်းပြသူတချို့ကို ကျမ်းစာမှာ ချီးမွမ်းထားတယ်။ အဲဒီလူတွေဟာ သူတို့ကြားသိခဲ့တာတွေက အမှန်တရားဟုတ်မဟုတ်ဆိုတာ သေချာအောင်လို့ သမ္မာကျမ်းစာနဲ့ အသေအချာ တိုက်ကြည့်ခဲ့ကြတယ်။—တမန်တော် ၁၇:၁၁ ကိုဖတ်ပါ

၂၄ ယေဟောဝါဘုရားသခင်အကြောင်း သင်ယူဖို့ အကောင်းဆုံးနည်းက သမ္မာကျမ်းစာလေ့လာခြင်းဖြစ်တယ်။ ကျမ်းစာက တခြားစာအုပ်တွေနဲ့မတူဘူး။ ဘယ်လို မတူတာလဲ။ ဒီအကြောင်းအရာကို နောက်ဆောင်းပါးမှာ လေ့လာကြမယ်။

^ စာပိုဒ်၊ 15 နောက်ဆက်တွဲ “ဘုရားသခင့်နာမတော်—ယင်းကိုအသုံးပြုခြင်းနဲ့ အဓိပ္ပာယ်” မှာ ဘုရားသခင့်နာမည်ရဲ့အဓိပ္ပာယ်၊ အသံထွက်နဲ့ပတ်သက်တဲ့ ထပ်ဆင့်အချက်အလက်တွေ ပါရှိတယ်။