မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၁၁၃

ပေါလု ရောမမြို့မှာရှိနေတဲ့အခါ

ပေါလု ရောမမြို့မှာရှိနေတဲ့အခါ

ပေါလုလက်က သံကြိုးကိုကြည့်လိုက်စမ်း။ ရောမစစ်သားတစ်ယောက် သူ့ကိုစောင့်နေတာကိုလည်း ကြည့်ဦး။ ပေါလုဟာ ရောမမြို့မှာ အကျဉ်းသားဖြစ်နေတယ်။ ကဲသာဘုရင်ကြီးဆီကနေ သူ့ကိုဘယ်လိုလုပ်ရမလဲဆိုတဲ့ အဖြေမလာမချင်း စောင့်နေရတယ်လေ။ သူအကျဉ်းကျနေတုန်း လူတွေ သူ့ဆီကိုလာလည်ခွင့်ရှိတယ်။

ပေါလုရောမမြို့ကိုရောက်လို့ သုံးရက်ကြာတော့ ဂျူးခေါင်းဆောင်တွေကို သူ့ဆီလာဖို့စကားမှာလိုက်တယ်။ ဒါနဲ့ ရောမမြို့မှာရှိတဲ့ ဂျူးလူတွေတော်တော်များများ သူ့ဆီလာကြတယ်။ ပေါလုက သူတို့ကို ယေရှုနဲ့ဘုရားသခင်ရဲ့နိုင်ငံတော် အကြောင်းဟောပြောတယ်။ တချို့ကယုံကြည်ပြီး ခရစ်ယာန်တွေဖြစ်လာကြတယ်။ ဒါပေမဲ့ ကျန်တဲ့လူတွေကျတော့ မယုံကြည်ကြဘူး။

သူ့ကိုစောင့်တဲ့စစ်သားတွေကိုလည်း သူဟောပြောတယ်။ သူအဲဒီမှာ ထောင်နှစ်နှစ်ကျတဲ့အချိန်အတွင်းမှာ တတ်နိုင်သလောက် လူတိုင်းကိုဟောပြောခဲ့တယ်။ အဲဒါကြောင့် ကဲသာရဲ့သားချင်းထဲကလူတွေတောင် နိုင်ငံတော်သတင်းကောင်းကြားရပြီး တချို့လည်းခရစ်ယာန်ဖြစ်လာကြတယ်။

ဒါပေမဲ့ ဒီစားပွဲမှာစာရေးနေတဲ့လူကျတော့ ဘယ်သူတုန်း။ မှန်းစမ်း။ အေးဟုတ်တယ်။ တိမောသေပဲ။ တိမောသေလည်း နိုင်ငံတော်အကြောင်းဟောတဲ့အတွက် ထောင်ကျခဲ့ဖူးတယ်။ ဒါပေမဲ့ သူလွတ်လာပြီ။ သူ ပေါလုဆီလာပြီး အကူအညီပေးနေတယ်လေ။ တိမောသေဘာရေးနေသလဲသိလား၊ ကြည့်ရအောင်။

ပုံပြင် ၁၁၀ မှာ ဖိလိပ္ပိ​နဲ့ဧဖက်မြို့တွေအကြောင်း မှတ်မိသေးလား။ အဲဒီမြို့တွေမှာ ပေါလုကခရစ်ယာန်အသင်းတော်ကို ဝိုင်းဝန်းတည်ထောင်ခဲ့တယ်။ ခုပေါလု အကျဉ်းကျနေတဲ့အခါ အဲဒီမှာရှိတဲ့ ခရစ်ယာန်တွေဆီကိုစာရေးတယ်။ အဲဒီစာတွေ ကျမ်းစာထဲမှာပါတယ်။ ဧဖက်နဲ့ဖိလိပ္ပိသြဝါဒစာလို့ခေါ်တယ်။ ခုပေါလုက တိမောသေကို ဖိလိပ္ပိမြို့ကအသိတွေဆီ စာရေးခိုင်းနေတာ။

ဖိလိပ္ပိမြို့သားတွေဟာ ပေါလုအပေါ်မှာ သိပ်စိတ်ရင်းကောင်းခဲ့တယ်။ သူအကျဉ်းကျနေတဲ့အချိန်မှာ လက်ဆောင်တွေပို့လိုက်တယ်။ ဒါကြောင့် ပေါလုက သူတို့ကိုကျေးဇူးတင်စာရေးနေတယ်လေ။ လက်ဆောင်တွေကို ဧပဖြောဒိတ်ဆိုတဲ့လူက ယူလာတယ်လေ။ ဒါပေမဲ့ သူအသည်းအသန်ဖျားလို့ သေလုမြောပါးဖြစ်သွားရှာတယ်။ ခုတော့ ပြန်ကောင်းပြီလေ။ သူ့အိမ်ကို ပြန်သွားတော့မယ်။ ပေါလုနဲ့တိမောသေဆီက အဲဒီစာကိုယူပြီး ဖိလိပ္ပိမြို့ကိုပြန်မယ်ပေါ့။

ပေါလုအကျဉ်းကျနေတဲ့အချိန်အတွင်းမှာ တခြားစာစောင်နှစ်စောင်ကိုလည်း ရေးခဲ့တယ်။ ကျမ်းစာထဲမှာပါတယ်။ တစ်စောင်ကတော့ ကောလောသဲမြို့က ခရစ်ယာန်တွေဆီကိုရေးတာ။ ဘယ်လိုခေါ်သလဲသိလား။ ကောလောသဲသြဝါဒစာလို့ခေါ်တယ်။ နောက်တစ်စောင်ကျတော့ ကောလောသဲမြို့မှာနေတဲ့ ဖိလေမုန်လို့ခေါ်တဲ့သူ့အသိမိတ်ဆွေဆီကိုရေးတဲ့စာပဲ။ စာထဲမှာ ဖိလေမုန်ရဲ့ကျွန် ဩနေသိမ်အကြောင်းရေးထားတယ်။

ဩနေသိမ်ဟာ ဖိလေမုန်ဆီကထွက်ပြေးပြီး ရောမမြို့ကိုရောက်လာတယ်။ နောက်တော့ တစ်နည်းတစ်ဖုံနဲ့ ဩနေသိမ်ဟာ ပေါလုအဲဒီမြို့မှာ ထောင်ကျနေတဲ့အကြောင်းသိသွားတယ်။ ဒါနဲ့ သူ့ကိုလာတွေ့တယ်။ ပေါလုက ဩနေသိမ်ကိုဟောပြောတာနဲ့ မကြာခင်မှာပဲ ဩနေသိမ်လည်းခရစ်ယာန်တစ်ဦးဖြစ်လာတယ်။ ဩနေသိမ်ဟာ သူ့သခင်ဆီကထွက်ပြေးလာမိတာကို စိတ်မကောင်းဖြစ်လာတယ်။ ဒါကြောင့် ပေါလုက ဖိလေမုန်ဆီ စာရေးတဲ့အခါ ဘာအကြောင်းထည့်ရေးသလဲသိလား။

ပေါလုက ဩနေသိမ်ကိုခွင့်လွှတ်ပါဆိုပြီး ဖိလေမုန်ကိုတောင်းပန်တယ်။ ‘ခင်ဗျားဆီ သူ့ကိုကျွန်တော်ပြန်လွှတ်လိုက်တယ်။ ခုတော့ သူဟာ ခင်ဗျားရဲ့ကျွန်သက်သက်ပဲ မဟုတ်တော့ဘူး။ ကောင်းမွန်တဲ့ ခရစ်ယာန်ညီအစ်ကိုတစ်ယောက်လည်း ဖြစ်နေပြီ’ ဆိုပြီးရေးလိုက်တယ်။ ဩနေသိမ် ကောလောသဲမြို့ကိုပြန်သွားတဲ့အခါ ဒီစာစောင်နှစ်စောင်ကိုယူသွားမှာပဲ။ တစ်စောင်ကတော့ ကောလောသဲခရစ်ယာန်တွေအတွက်၊ နောက်တစ်စောင်ကျတော့ ဖိလေမုန်အတွက်ပေါ့။ သူ့ကျွန်ဟာ ခရစ်ယာန်တစ်ဦးဖြစ်လာပြီးဆိုတာကို ဖိလေမုန်သိရင် ဘယ်လောက်ဝမ်းသာမလဲ။

ပေါလု ဖိလိပ္ပိခရစ်ယာန်များဆီ၊ ပြီးတော့၊ ဖိလေမုန်ဆီ စာရေးတဲ့အခါ တကယ်ဝမ်းသာစရာကောင်းတဲ့သတင်းတွေ ထည့်ရေးလိုက်တယ်။ ‘တိမောသေကို သင်တို့ဆီ လွှတ်လိုက်မယ်၊ ငါမကြာခင်လာခဲ့မယ်’ ဆိုပြီးမှာလိုက်တယ်။ ဖိလေမုန်ကိုကျတော့ ‘ကျွန်တော်တည်းဖို့ နေရာတစ်နေရာအသင့်လုပ်ထားပေးပါ’ ဆိုပြီးရေးလိုက်တယ်။

ပေါလုအကျဉ်းက လွတ်လာတဲ့အခါ နေရာတော်တော်များများမှာရှိတဲ့ ညီအစ်ကိုညီအစ်မတွေဆီကိုသွားလည်တယ်။ ဒါပေမဲ့ ရောမမြို့မှာပဲ ပေါလုနောက်တစ်ချီထောင်ကျပြန်တယ်။ ဒီတစ်ကြိမ်တော့ အသတ်ခံရမှာကို သူနားလည်တယ်။ ဒါကြောင့် မြန်မြန်လာပါဆိုပြီး တိမောသေကိုစာရေးမှာလိုက်တယ်။ ‘ငါဟာ ဘုရားသခင်အပေါ်မှာ သစ္စာစောင့်ခဲ့ပြီ။ ဘုရားသခင်လည်း ငါ့ကိုဆုချမယ်’ ဆိုပြီး တိမောသေကိုပြောတယ်။ နှစ်အနည်းငယ်အလွန်မှာ ပေါလုအသတ်ခံလိုက်ရတယ်။ ယေရုရှလင်မြို့လည်း နောက်တစ်ချီပျက်သွားပြန်တယ်။ ဒီတစ်ချီတော့ ရောမလူတွေရဲ့လက်ချက်နဲ့။

ဒါပေမဲ့ ကျမ်းစာထဲမှာ တခြားစာစောင်တွေအများကြီး ပါသေးတယ်။ ယေဟောဝါဘုရားသခင်ဟာ ဗျာဒိတ်ကျမ်းအပါအဝင် ကျမ်းစာရဲ့နောက်ဆုံးစာစောင်တွေကိုရေးဖို့ ယောဟန်ကိုသုံးခဲ့တယ်။ ဗျာဒိတ်ကျမ်းဟာ အနာဂတ်အကြောင်းပြောပြတယ်။ အနာဂတ်အကြောင်းကိုကြည့်ရအောင်။