မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၃၇

ဝတ်ပြုရာတဲတော်အကြောင်း

ဝတ်ပြုရာတဲတော်အကြောင်း

ဒီအဆောက်အအုံဟာ ဘာလဲသိလား။ ယေဟောဝါကိုဝတ်ပြုဖို့ အထူးဆောက်လုပ်ထားတဲ့ တဲပဲကွဲ့။ ဝတ်ပြုရာတဲတော် လို့လည်းခေါ်တယ်။ အီဂျစ်ပြည်ကထွက်လာတဲ့ နောက်တစ်နှစ်အကြာမှာ အဲဒါကိုပြီးအောင် ဆောက်လုပ်ခဲ့ကြတယ်။ ဘယ်သူက ဆောက်ခိုင်းလိုက်သလဲ သိလား။

ယေဟောဝါ ဆောက်လုပ်ခိုင်းလိုက်တာ။ မောရှေသိနာတောင်ပေါ်မှာရှိတုန်းက ဘယ်လိုဆောက်ရမယ်ဆိုတာကို ယေဟောဝါသူ့ကို ညွှန်ကြားခဲ့တယ်။ တစ်စစီဖြုတ်လို့လွယ်အောင် ဆောက်ခိုင်းတယ်။ အဲဒါမှလည်း အပိုင်းအစတွေကို တခြားနေရာကို ပြောင်းရရွှေ့ရလွယ်မယ်ပေါ့။ လိုချင်တဲ့အခါ ပြန်ဆင်နိုင်တယ်။ ဒါကြောင့်ဣသရေလလူတွေ တောထဲမှာတစ်နေရာက တစ်နေရာကိုအသွား တဲတော်ကိုအမြဲသယ်သွားကြတယ်။

တဲတော်အစွန်းတစ်ဖက် အခန်းကျဉ်းကျဉ်းလေးထဲကို ကြည့်လိုက်ရင်၊ သေတ္တာတစ်လုံးကို တွေ့နိုင်တယ်။ အဲဒါကို ပဋိညာဉ်သေတ္တာလို့ခေါ်တယ်။ သေတ္တာအစွန်းတစ်ဖက်စီမှာ ရွှေနဲ့လုပ်ထားတဲ့ကောင်းကင်တမန် ဒါမှမဟုတ် ခေရုဗိမ်နှစ်ပါးရှိတယ်။ ပထမကျောက်ပြားနှစ်ချပ်ကို မောရှေပေါက်ခွဲပစ်လိုက်တဲ့အတွက် ဘုရားသခင်ကပညတ်တော်ဆယ်ပါးကျောက်ပြားနှစ်ချပ် ထပ်ရေးပြန်တယ်။ အဲဒီကျောက်ပြားနှစ်ချပ်ကို ပဋိညာဉ်သေတ္တာထဲမှာထည့်ထားတယ်။ ပြီးတော့မန္နမုန့်ပါတဲ့ ကရားတစ်ခုကိုလည်းထည့်ထားတယ်။ မန္နမုန့်ဆိုတာဘာလဲ မှတ်မိကြသေးလား။

မောရှေရဲ့အစ်ကို အာရုန်ကိုပေါ့၊ ယေဟောဝါကရွေးကောက်ပြီး ယဇ်ပုရောဟိတ်မင်းကြီးလုပ်ခိုင်းတယ်။ သူကယေဟောဝါကိုကိုးကွယ်တဲ့နေရာမှာ လူတွေကိုဦးဆောင်ရတယ်။ သူ့သားတွေလည်း ယဇ်ပုရောဟိတ်တွေလုပ်ကြတယ်။

တဲတော်ရဲ့အခန်းကြီးကို ကြည့်လိုက်စမ်း။ အခန်းကျဉ်းရဲ့နှစ်ဆရှိတယ်။ မီးခိုးထွက်နေတဲ့ သေတ္တာလေးကိုတွေ့လား။ ဒီမှာပေါ့၊ ယဇ်ပုရောဟိတ်တွေက နံ့သာပေါင်းလို့ခေါ်တဲ့ အမွှေးအကြိုင်တွေကိုမီးရှို့ ကြတယ်။ ပြီးတော့မီးတိုင်ခုနစ်တိုင်ပါတဲ့ မီးခွက်လည်းရှိတယ်။ အခန်းထဲမှာရှိတဲ့ တတိယပစ္စည်းကတော့ စားပွဲပဲ။ အဲဒီအပေါ်မှာ မုန့် ၁၂ လုံးတင်ထားတယ်။

တဲတော်ရှိတဲ့ဝင်းထဲမှာ ရေဖြည့်ထားတဲ့ရေအင်တုံကြီးတစ်ခုရှိတယ်။ ယဇ်ပုရောဟိတ်တွေက ဆေးကြောရေးအတွက် အဲဒါကိုသုံးကြတယ်။ ယဇ်ပလ္လင်ကြီးတစ်ခုလည်းရှိသေးတယ်။ အဲဒီပေါ်မှာ သတ်ထားတဲ့တိရစ္ဆာန်တွေကို ယေဟောဝါအတွက်ပူဇော်ကြတယ်။ တဲတော်ဟာတပ်စခန်းရဲ့ အလယ်တည့်တည့်မှာထိုးထားတယ်။ ဣသရေလလူတွေလည်း တဲတော်ကိုဝိုင်းရံပြီးနေကြတယ်။