မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၈၅

ယေရှု နွားတင်းကုပ်ထဲ မွေးလာတဲ့အကြောင်း

ယေရှု နွားတင်းကုပ်ထဲ မွေးလာတဲ့အကြောင်း

ဒီကလေးလေး ဘယ်သူလဲသိကြလား။ ဟုတ်တယ်၊ ယေရှုပဲ။ ခုလေးတင်နွားတင်းကုပ်ထဲမှာ မွေးလာတယ်။ နွားတင်းကုပ်ဆိုတာ တိရစ္ဆာန်တွေထားတဲ့နေရာကိုပြောတာ။ မာရိကယေရှုကို နွားစားခွက်ထဲထည့်နေတယ်လေ။ နွားစားခွက်ဆိုတာ နွားတို့တိရစ္ဆာန်တို့အစာစားတဲ့ခွက်ကိုပြောတာ။ ယောသပ်နဲ့မာရိ ဘာဖြစ်လို့တိရစ္ဆာန်တွေကြားထဲ ရောက်နေရတာတုန်း။ ဒီလိုနေရာမှာ ကလေးမွေးဖို့မှမဟုတ်တာကြီး။

မဟုတ်တာတော့ မဟုတ်ဘူးကွဲ့။ သူတို့ဒီကိုရောက်လာပုံက ဒီလိုကွဲ့။ ရောမရှင်ဘုရင် ကဲသာသြဂုတ္တုက လူတိုင်းမွေးရပ်ကိုပြန်ပြီး မှတ်ပုံတင်ရမယ်ဆိုတဲ့အမိန့်ထုတ်ခဲ့တယ်။ ယောသပ်က ဗက်လင်မြို့ဖြစ်တဲ့ ဒီနေရာမှာမွေးတာကိုး။ ဒါပေမဲ့ သူနဲ့မာရိနှစ်ယောက်သား ဒီမြို့ကိုရောက်လာတဲ့အခါ သူတို့တည်းခိုဖို့နေရာကို မရှိတော့ဘူး။ ဒါကြောင့်တိရစ္ဆာန်ကြားထဲကို ရောက်လာကြတာပေါ့။ ဖြစ်လည်းဖြစ်တတ်တယ်။ အဲဒီနေ့မှာပဲ မာရိက ယေရှုကိုမွေးတယ်။ ဒါပေမဲ့ တွေ့တဲ့အတိုင်း ယေရှုလေးဟာကျန်းကျန်းမာမာပဲ။

သိုးထိန်းတွေ ယေရှုဆီလာနေကြတာတွေ့လား။ သူတို့ဟာ ညအချိန်မှာ သိုးတွေကိုကျောင်းနေကြတယ်လေ။ အဲဒီအခါ တောက်ပြောင်တဲ့အလင်း သူတို့ပတ်ဝန်းကျင်ကိုထွန်းလင်းလိုက်တယ်။ ကောင်းကင်တမန်တစ်ပါး ရောက်လာလို့ပဲ။ သိုးထိန်းတွေအရမ်းလန့်သွားကြတယ်။ ဒါပေမဲ့ ကောင်းကင်တမန်က ‘မကြောက်ကြနဲ့၊ မင်းတို့အတွက် သတင်းကောင်းပါတယ်။ ဒီကနေ့ဗက်လင်မြို့မှာ ခရစ်တော်သခင်ဖွားမြင်ခြင်းခံတော်မူပြီ။ သူဟာလူတွေကိုကယ်တင်မယ်။ အဝတ်နဲ့ပတ်ရစ်ပြီး နွားစားခွက်ထဲထည့်ထားတာကို မင်းတို့တွေ့ရလိမ့်မယ်’ ဆိုပြီးပြောတယ်။ အဲဒီနောက် ချက်ချင်းပဲ ကောင်းကင်တမန်အများကြီးရောက်လာပြီး ဘုရားသခင့်ဂုဏ်တော်ကို ချီးကျူးပြီးသီဆိုကြတယ်။ ဒါနဲ့ ဒီသိုးထိန်းတွေက အချိန်ဖြုန်းမနေတော့ဘဲ ယေရှုကိုသွားရှာကြတော့တာပေါ့။ ကြည့်လေ၊ သူတို့ယေရှုကို တွေ့သွားကြပြီ။

ယေရှု ဘာကြောင့်ဒီလောက်ထူးခြားရသလဲ သိကြလား။ သူဟာ တကယ်တမ်း ဆိုရင် ဘယ်သူလဲသိကြလား။ မှတ်မိရဲ့လား၊ ဒီစာအုပ်ရဲ့ ပထမပုံပြင်ထဲမှာ ဘုရားသခင်ရဲ့သားဦးအကြောင်း တို့ပြောခဲ့တယ်လေ။ ဒီသားတော်ဟာ ယေဟောဝါနဲ့တွဲဖက်ပြီး ကောင်းကင်မြေကြီးနဲ့ရှိရှိသမျှအရာဝတ္တုတွေကို ဖန်ဆင်းခဲ့တယ်လေ။ အေး၊ ယေရှုဟာသူပဲပေါ့။

ဟုတ်တယ်၊ ယေဟောဝါဟာ သူ့သားတော်ရဲ့အသက်ကို ကောင်းကင်ကယူပြီး မာရိဗိုက်ထဲထည့်ပေးလိုက်တယ်။ ချက်ချင်းပဲ မာရိဗိုက်ထဲမှာ ကလေးလေးတစ်ယောက်ဖြစ်လာတယ်၊ ကျန်တဲ့ကလေးတွေ အမေဗိုက်ထဲကြီးလာကြသလိုပေါ့။ ဒါပေမဲ့ ဒီကလေးကျတော့ ဘုရားသခင်ရဲ့သားတော်ဖြစ်တယ်။ နောက်ဆုံးမှာ ယေရှုဟာဗက်လင်မြို့ရဲ့ တင်းကုပ်တစ်ခုထဲမှာ ခုလိုမွေးဖွားလာတယ်။ လူတွေကို ယေရှုမွေးလာပြီဆိုတဲ့သတင်းပြောရတဲ့အတွက် ကောင်းကင်တမန်တွေ ဘာဖြစ်လို့ဒီလောက်တောင်ပျော်ကြရသလဲဆိုတာ သဘောပေါက်ပြီလား။