မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပုံပြင် ၈၁

ဘုရားသခင် မစမှာကို ယုံကြည်အားထားတဲ့အကြောင်း

ဘုရားသခင် မစမှာကို ယုံကြည်အားထားတဲ့အကြောင်း

လူပေါင်းထောင်ချီပြီး ဗာဗုလုန်ကနေ ယေရုရှလင်မြို့ကို ခရီးရှည်ထွက်လာကြတယ်။ ဒါပေမဲ့ သူတို့ရောက်လာကြတဲ့အခါ ယေရုရှလင်မြို့ဟာ အုတ်ပုံကြီး၊ တောချုံကြီးဖြစ်နေတာကိုတွေ့ရတယ်။ လူတစ်ယောက်မှမနေဘူး၊ ဣသရေလလူတွေ ဘာမဆို အစကနေပြီး ပြန်ဆောက်ခဲ့ကြရတယ်။

သူတို့ ဦးဦးဖျားဖျားဆောက်လုပ်လိုက်တဲ့ အရာတွေထဲမှာဆိုရင် ယဇ်ပလ္လင်တစ်ခုပါဝင်တယ်။ ယဇ်ပလ္လင်ဆိုတာ ယေဟောဝါကိုတိရစ္ဆာန်ယဇ်ကောင် ဒါမှမဟုတ် လက်ဆောင်ပူဇော်တဲ့နေရာဖြစ်တယ်။ လပိုင်းလောက်လွန်လာတော့ ဣသရေလလူတွေ ဗိမာန်တော်စဆောက်ကြတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ရန်သူတွေက ဣသရေလလူတွေခုလိုဆောက်လုပ်ကြတာကို မလိုလားကြဘူး။ ဒါကြောင့် ဆက်မဆောက်ရအောင် သူတို့ကိုခြိမ်းခြောက်ကြတယ်။ နောက်ဆုံးတော့ ဒီရန်သူတွေဟာ တက်သစ်စ ပေရသိရှင်ဘုရင်ကိုကုန်းတိုက်ပြီး ဣသရေလလူတွေရဲ့ ဆောက်လုပ်ရေးကိုရပ်ဆိုင်းစေလိုက်တယ်။

နှစ်တွေရာသီတွေကုန်ခဲ့ပြီ။ ဣသရေလလူတွေ ဗာဗုလုန်ကထွက်လာတာ ၁၇ နှစ်တောင်ရှိသွားပြီ။ ယေဟောဝါက ပရောဖက်ဟဂ္ဂဲ​နဲ့ဇာခရိတို့ကိုလွှတ်ပြီး ဗိမာန်တော်ဆောက်လုပ်ရေးကိုဆက်လုပ်ဖို့ လူတွေကိုဆော်သြခိုင်းလိုက်တယ်။ လူတွေလည်း ဘုရားသခင့်မစမှုကိုယုံကြည်အားထားပြီး ပရောဖက်တွေပြောတာကိုနားထောင်ကြတယ်။ မဆောက်ရဘူးလို့ ဥပဒေကတားမြစ်ပေမဲ့ သူတို့ပြန်ဆောက်ကြတယ်။

ဒါကြောင့် တာတနဲဆိုတဲ့ ပေရသိအရာရှိတစ်ယောက်ကလာပြီး ‘ဘယ်သူ့အမိန့်နဲ့ဗိမာန်တော်ကိုဆောက်ကြတာလဲ’ ဆိုပြီးဣသရေလလူတွေကိုမေးတယ်။ ဣသရေလလူတွေက တို့ဗာဗုလုန်မှာရှိနေတုန်းက ကုရုဘုရင်က ‘ယေရုရှလင်မြို့ကိုသွားပြီး မင်းတို့ရဲ့ဘုရားသခင်ယေဟောဝါ ဗိမာန်တော်ကိုဆောက်ချေ’ ဆိုပြီးအမိန့်ထုတ်ခဲ့တယ် ဆိုပြီးပြန်ပြောတယ်။

ဒါနဲ့တာတနဲက ဗာဗုလုန်ကိုစာရေးပြီး ခုသေသွားပြီဖြစ်တဲ့ ကုရုမင်းကြီးဟာ တကယ်ပဲသူတို့ပြောသလို အမိန့်ပေးခဲ့ဘူးသလားဆိုတာ စုံစမ်းမေးမြန်းတာပေါ့။ မကြာခင်မှာပဲ ပေရသိဘုရင်သစ်ဆီကပြန်စာရောက်လာတယ်။ ကုရုမင်းတကယ်ပဲပြောခဲ့တယ်ဆိုပြီး ပြန်ကြားထားတယ်။ ဒါတင်မကဘူး ဘုရင်က ‘ဣသရေလလူတွေ သူတို့ဘုရားသခင်ရဲ့ဗိမာန်တော်ကို သူတို့ဆောက်ကြပါစေ။ သူတို့ကိုကူညီပါ။ ငါကိုယ်တော်မြတ် အမိန့်ထုတ်တယ် ’ ဆိုပြီးရေးလိုက်သေးတယ်။ ဒါနဲ့ လေးနှစ်လောက်ကြာတော့ ဗိမာန်တော်ပြီးစီးသွားတယ်။ ဣသရေလလူတွေလည်း သိပ်ပျော်ကြတာပေါ့။

နှစ်၊ လ၊ ရာသီတွေ အလီလီကုန်ခဲ့ပြန်တယ်။ ဗိမာန်တော်ဆောက်လို့ပြီးတာ အနှစ် ၄၈ နှစ်တောင်ရှိခဲ့ပြီ။ ယေရုရှလင်မြို့မှာနေကြတဲ့လူတွေဟာ ဆင်းရဲကြတယ်။ ဒါကြောင့် မြို့တော်နဲ့ဘုရားသခင့်ဗိမာန်တော်ဟာ မခမ်းနားမတင့်တယ်လှဘူး။ ဘုရားသခင့်ဗိမာန်တော်ကိုမွမ်းမံစီချယ်ဖို့ လိုနေတဲ့အကြောင်း ဣသရေလလူမျိုး ဧဇရကသိသွားတယ်။ ဒါနဲ့ သူဘာလုပ်သလဲသိလား။

ဧဇရဟာ ပေရသိရှင်ဘုရင် အာတဇေရဇ်ဆီဝင်ပြီး ခစားတယ်။ ဒီမင်းကောင်းဟာ ယေရုရှလင်မြို့ကိုယူသွားဖို့ လက်ဆောင်တွေအများကြီး ဧဇရကိုပေးလိုက်တယ်။ ဧဇရက ဒီလက်ဆောင်တွေ ယေရုရှလင်ကိုသယ်ယူသွားဖို့ ဗာဗုလုန်မြို့မှာရှိတဲ့ ဣသရေလလူတွေဆီမှာ အကူအညီတောင်းတယ်။ လူပေါင်း ၆,၀၀၀ ကလိုက်မယ်ဆိုပြီးပြောတယ်။ သူတို့မှာ သယ်သွားဖို့ရွှေတွေ ငွေတွေ အဖိုးတန်ပစ္စည်းတွေအများကြီးပဲ။

ဧဇရကစိတ်ပူတယ်။ လမ်းခရီးမှာ လူဆိုးတွေရှိတယ်မဟုတ်လား။ သူတို့ရဲ့ရွှေတွေ ငွေတွေကိုဓားပြတိုက်ပြီး သူတို့ကိုပါသတ်သွားမှာ။ ဒါကြောင့် ဧဇရက ဒီပုံမှာတွေ့ရတဲ့အတိုင်း လူတွေကိုစုလိုက်တယ်။ ပြီးတော့ ယေရုရှလင်အသွားခရီးမှာကာကွယ်ပေးဖို့ ယေဟောဝါဆီမှာဆုတောင်းကြတယ်။

ယေဟောဝါသူတို့ကိုတကယ်ပဲ ကာကွယ်ခဲ့တယ်။ လေးလလောက်ခရီးသွားတဲ့အခါ ယေရုရှလင်မြို့ကို ချောချောမောမောရောက်သွားကြတယ်။ ယေဟောဝါကိုအားထားတဲ့လူတွေကို ယေဟောဝါတကယ်ပဲကာကွယ်နိုင်တယ်ဆိုတာ မပြပေဘူးလား။

ဧဇရအခန်းကြီး ၂ မှ ၈။